ဝိုင်ခွက်ချင်းတိုက်ခြင်း
Vol. 3 Ch. 32
တစ်နာရီကြာပြီးနောက် ပါတီလည်း ပြီးဆုံးသွားခဲ့သည်။ ယဲ့ချန်းတို့လည်း ဘားထဲမှ ထွက်လာခဲ့ကြသည်။
ယဲ့ချန်းက ဒရင်းမ်ဘား၏ နာမည်ကြီးပိုင်ရှင်ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
အစောကပင် သူတို့ ယဲ့ချန်းကို လှောင်ပြောင်နေခဲ့ကြသည်ဖြစ်ရာ ယခုတော့ ရှက်နေရလေပြီ။
ဖီလာအားဖြင့် ယဲ့ချန်းကတော့ အစမှ အဆုံးထိတိုင် နှိမ့်နှိမ့်ချချပင် နေခဲ့သည်။ မောက်မာခြင်းလည်းမရှိသလို စိတ်ဆိုးဒေါသထွက်နေခြင်းမျိုးလည်း မရှိပေ။ ဤသည်မှာ ဘော့စ်စစ်စစ်တစ်ယောက်၏ ဟန်ပန်ပင်။
ဤသည်ကပင် သူ့အား အပြတ်အသတ်သာသွားစေသည်။
လီထျန်းလည်း ယဲ့ချန်းရှေ့တွင်နေရမည်ကို ရှက်သဖြင့် သူ့အား အလျင်အမြန်နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။
ထိုအချိန်တွင် ဟူလိလိက ယဲ့ချန်းအား မူလနှင့်မတူသော အမူအရာမျိုးနှင့် ကြည့်နေလေသည်။
သူ(မ)က ရှက်တက်တက်မျက်နှာပေးဖြင့် ယဲ့ချန်း၏ဘေးနားမှ ကပ်လိုက်ရင်း ပြောလိုက်၏။
"ယဲ့ချန်း... ရှင်က ဒီဘားပိုင်ရှင်ဖြစ်နေလိမ့်မယ်လို့ ကျွန်မထင်မထားဘူး။ ရှင်ကလေ အရမ်းနှိမ့်ချတတ်တာပဲ။ ကျွန်မတို့ကို ဘာလို့ ပြောမပြခဲ့တာလဲ"
ယဲ့ချန်း ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။
"ဟားဟား ဘားပိုင်ရှင်အဆင့်ပဲ ရှိတာပါ။ မပြောပလောက်ပါဘူး"
လီထျန်းအတွက် ဘားလုပ်ငန်းဆိုသည်မှာ အရေးမပါလှသော်ငြား ဟူလိလိအတွက်တော့ သူ ကြွားနေသလို ခံစားရသည်။
ဟူလိလိခမျာ ရှက်ရဲရဲဖြင့် မေးလိုက်သည်။
"ယဲ့ချန်း.. ကျွန်မ ရှင့်ကားနဲ့ လိုက်ခဲ့လို့ရမလား"
"မရဘူး!"
ဟူလိလိ : "..."
ယဲ့ချန်းက ပြောလိုက်သည်။
"ကျွန်တော် အရက်သောက်ထားလို့ ကားမောင်းလို့မရဘူး"
"ဪ ဒါဆို ကျွန်မတို့ အတူကားငှားကြမလား"
"မလိုပါဘူး။ ခင်ဗျားဘာသာ တစ်ယောက်တည်းပဲငှားလိုက်ပါ"
ထိုအချိန်မှာပင် လူချောလေးတစ်ယောက်က အပြင်ဘက်သို့ထွက်လာလေသည်။
"ဝိုး ဝိုင်နတ်ဘုရားပဲ"
ယဲ့ချန်းက ဝိုင်နတ်ဘုရားထံသို့ ကားသော့ပစ်ပေးလိုက်ပြီး ပြောလိုက်၏။
"ရှောင်ကျူး… ငါနဲ့ရှောင်ယာကို တော်ဝင်မြို့တော်ထဲက တော်ဝင်မင်းသားစံအိမ်ကို လိုက်ပို့ပေးပါဦး"
ဟူလိလိခမျာ ဘေးနားမှ အံ့ဩမှင်တက်သွားလေသည်။
ဘာ? ယဲ့ချန်း၏အိမ်က တော်ဝင်မင်းသားအိမ်တော်လား? ဘုရားရေ.. ယဲ့ချန်းက ဘယ်လောက်တောင်ချမ်းသာတာလဲ?
လီနာလည်း လုံးဝလန့်ဖျပ်သွားသည်။
အစကတော့ သုန်းရှောင်ယာကို ဒုတိယမျိုးဆက်လူကုံထံလီထျန်းနှင့် အထင်ကြီးအောင်လုပ်ပြနိုင်ခဲ့ပြီဟု သူ(မ) ထင်ခဲ့မိသည်။
ယခုတော့ လီထျန်းနှင့် ယဲ့ချန်းကြားရှိ ကြီးမားလှသော ကွာခြားချက်ကို သူ(မ) သဘောပေါက်လိုက်လေပြီ။
တော်ဝင်မြို့တော်ထဲရှိ အိမ်ရာဝင်းများမှာ အဖိုးမဖြတ်နိုင်ပေ။ သို့သော် သူကတော့ တော်ဝင်မင်းသားစံအိမ်ကိုပင် ပိုင်ထားလေသည်။ အထင်ကြီးလောက်ဖွယ်ရာပင်။
ယဲ့ချန်းနှင့် သုန်းရှောင်ယာတို့လည်း တော်ဝင်မင်းသားစံအိမ်သို့ အတူပြန်လာခဲ့လိုက်ကြသည်။
ချန်ကျူးက ကားကို ဝင်ပေါက်တွင် ထိုးရပ်ပြီးနောက် ကားငှား၍ ပြန်သွားလေသည်။
"ယဲ့ချန်း.. ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"
သုန်းရှောင်ယာ ယနေ့ ပါတီပွဲကိုတက်ပြီးသွားခါမှ သူ(မ)၏အပေါင်းအသင်းဟောင်းများက ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုနေရာတွင် ယဲ့ချန်းသာ ရှိမနေခဲ့ပါက သူ(မ) သေချာပေါက်အရှက်ကွဲလိမ့်မည်သာ။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မလိုပါဘူး။ ငါ့တက္ကစီကို မကြာမကြာငှားဖို့သာ မမေ့နဲ့ပေါ့"
ယဲ့ချန်းလည်း သူ့အခန်းထဲသို့ ပြန်လာပြီးနောက် ရေမိုးချိုးလိုက်သည်။ သူ အိပ်ရာဝင်တော့မည့်ဆဲဆဲမှာပင် ဝီချက်မှတစ်ဆင့် သူငယ်ချင်းလာအပ်သည့် အကြောင်းကြားစာတစ်စောင် ရောက်လာသည်။
ပရိုဖိုင်းဓာတ်ပုံကို ကြည့်လိုက်သည့်အခါ ဟူလိလိဖြစ်နေပေသည်။
သေချာစဉ်းစားကြည့်လိုက်သောအခါ သူ(မ)က သုန်းရှောင်ယာ၏သူငယ်ချင်းဖြစ်နေသည့်အတွက် ယဲ့ချန်းလည်း တောင်းဆိုမှုကို လက်ခံလိုက်သည်။
ကြယ်ငါးပွင့်ဟိုတယ်ထဲရှိ ဟူလိလိမှာ ယဲ့ချန်းနှင့် သူငယ်ချင်းများဖြစ်သွားသည့်အတွက် စိတ်လှုပ်ရှားနေလေတော့သည်။
ယဲ့ချန်းက သုန်းရှောင်ယာရဲ့ကောင်လေးဆိုတော့ရော ဘာဖြစ်လဲ? သူ(မ)ကလည်း သုန်းရှောင်ယာထက်တော့ မနိမ့်ဘူးမလား။ သူ(မ)လည်း သူ့ကိုအမိဖမ်းနိုင်သည်။
သူငယ်ချင်းဆိုတာတွေက ဘာများအရေးကြီးလို့လဲ။ အချစ်ဆုံးသူငယ်ချင်း၏ရည်းစားက လုယူရန်အတွက်ပင်။
ယဲ့ချန်းက အလွန်ချောမောပြီး ဇိမ်ခံကားများကို စီးနိုင်ကာ နှစ်စဉ်အမြတ်ငွေဘီလီယံပေါင်းများစွာဝင်သော ဘားတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ပြင် တော်ဝင်မြို့တော်ထဲရှိ တော်ဝင်မင်းသားစံအိမ်တော်ကိုလည်း ပိုင်ထားသေးသည်။
သူ(မ)သာ ထိုလူနှင့် လက်ထပ်လိုက်ပါက တစ်သက်လုံး ဇိမ်ကျကျဖြတ်သန်းသွားရုံသာ။ သူ(မ)၏ဘဝဖြောင့်ဖြူးရေးနှင့် ယှဉ်ကြည့်မည်ဆိုပါက အချစ်ဆုံးသူငယ်ချင်းဆိုသည်မှာ အရေးမပါပေ။
ဟူလိလိတစ်ယောက် စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် သူ(မ)၏ဖုန်းကိုပွေ့ဖက်ကာ ပြောလိုက်လေသည်။
"ယဲ့ချန်း.. ရှင်က တော်ဝင်မင်းသားစံအိမ်တော်ကို ပိုင်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး။ အရမ်းအံ့ဩဖို့ကောင်းတာပဲ"
"ဒီနေ့ အဲဒီမိန်းမတွေက ရှင့်ကို ဝံပုလွေချောင်းချောင်းနေကြတာ။ သူတို့တွေက ရှင့်ကို စားချင်နေကြတာလေ"
"စကားမစပ်.. တက္ကစီဒရိုင်ဘာလုပ်ရတာက ဘဝအတွေ့အကြုံကို ခံစားကြည့်ချင်တဲ့ ရှင့်ဝါသနာကြောင့်လား"
"ဪ ရှင် ရှောင်ယာကိုသိတာ ဘယ်လောက်ကြာပြီလဲ။ ကျွန်မမှာရော အခွင့်အရေးရှိသေးရဲ့လား"
….
အသက်တစ်ရှူတစ်ရှိုက်စာမှာတင် ဟူလိလိ ဝီချက်မက်ဆေ့ချ်ဆယ်စောင်ကျော် ပို့လိုက်၏။
သို့သော် ခုတင်ပေါ်တွင် နာရီဝက်လောက် ထိုင်စောင့်နေခဲ့ရသည့်တိုင် ဖော်ရွေပျူငှာမှုမရှိသော ပြန်စာတစ်စောင်ကိုသာ ရလိုက်သည်။
"ငါ အိပ်တော့မလို့"
ဟူလိလိခမျာ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။
ဤမြင်ကွင်းမျိုးမှာ ရင်းနှီးနေလေသည်။ သူ(မ)ကိုလိုက်ပိုးခဲ့သူများကိုလည်း သူ(မ) ဤပုံစံအတိုင်းသာ ခါချခဲ့သည်။
ရပါတယ်။ ငါ ဒီနေ့ သူ့အပေါ် ကောင်းကောင်းမဆက်ဆံခဲ့မိလို့နေမှာပါ။ မနက်ဖြန်ကျမှ ရှင်းပြလိုက်တော့မယ်…
"ဟုတ်သားပဲ။ ရှင် တစ်နေကုန်အလုပ်များနေတာဆိုတော့ ပင်ပန်းနေမှာပဲ။ စောစောနားနော်"
"မနက်ဖြန်တွေ့ရဖို့ကို မျှော်လင့်နေမိပြီ"
"စကားမစပ်.. အေးတယ်နော်။ စောင်ခြုံဖို့ မမေ့နဲ့ဦး"
ချိုချိုသာသာစကားလေးများ ပြောပြီးနောက် ဟူလိလိလည်း အိပ်မက်လှလှလေးမြင်မက်ရင်း အိပ်မောကျသွားလေတော့သည်။
နောက်တစ်နေ့ ဟူလိလိ နိုးလာသောအခါ ခွန်အားအပြည့်ဖြင့် ယဲ့ချန်းကို အီစီကလီလုပ်ဖို့ အဆင်သင့်ဖြစ်နေချေသည်။
"လူချောလေး မနိုးသေးဘူးလား"
သို့သော် သူ(မ)ကို စောင့်ဆိုင်းနေသော ပြန်စာမှာ…
"စာတိုပေးပို့ထားပေမဲ့ လက်ခံသူမှ ငြင်းပယ်လိုက်ပါတယ်"
ဘလော့ထားခြင်းပင်။
နောက်တစ်နေ့၌ ရိုက်ကူးရေးနေရာသို့ ယဲ့ချန်း ရောက်လာခဲ့သည်။ ရုပ်ရှင်ကို ဆက်လက်ရိုက်ကူးခဲ့ကြသည်။ ယဲ့ချန်း၏ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်ကြောင်း တစ်ခေါက်တည်သာ ရိုက်ရသည်။
ဤအဖြစ်ကြောင့် ပရော်ဖက်ရှင်နယ်သရုပ်ဆောင်များမှာ အံ့ဩမှင်တက်ကုန်ကြသည်။
သူ ပထမဆုံးအကြိမ်သရုပ်ဆောင်တာတော့ မဖြစ်နိုင်ဘူးမလား?
နောက်နေခြင်းပင် ဖြစ်ရမည်။ ဝါရင့်သရုပ်ဆောင်များပင် ဤမျှကောင်းအောင် သရုပ်မဆောင်နိုင်ပေ။
သို့သော် သေချာစဉ်းစားကြည့်လိုက်လျှင် ယဲ့ချန်းကို ဘယ်ရုပ်ရှင်ထဲမှာမှ မမြင်ဖူးပေ။ ဤသည်မှာ ပါရမီဟုဆိုလျှင် စင်စစ်အံ့ဩဖွယ်ရာပင်။
ယနေ့အတွက် ရိုက်ကူးရေးကတော့ လျင်မြန်စွာအဆုံးသတ်သွားခဲ့သည်။
သုန်းရှောင်ယာက ပွဲတက်စရာရှိသောကြောင့် လက်ထောက်၏ကားဖြင့် လိုက်သွားလေသည်။ ယဲ့ချန်းလည်း ပြန်တော့မည်အပြု ကျန်းမော့က သူ့အား တားလိုက်၏။
"ယဲ့ချန်း ငါ မင်းနဲ့လိုက်ခဲ့လို့ရမလား"
"ဟားဟား ရတာပေါ့"
ယဲ့ချန်း ရယ်လိုက်လေသည်။
ကျန်းမော့ကလည်း တခစ်ခစ်ရယ်၏။
"မင်းနဲ့ ကားကြုံလိုက်စီးရင် ကြယ်ငါးပွင့်ရီဗျူးပေးဖို့လိုတယ်လို့ ငါ ရှောင်ယာဆီက ကြားထားတယ်"
ယဲ့ချန်းလည်း ကိုးရိုးကားရားပြုံးပြလိုက်မိသည်။
"ကျွန်တော်က ဘဝအတွေ့အကြုံကို ခံစားကြည့်ချင်ရုံပါ"
ကျန်းမော့မှာမူ ခေါင်းတညိတ်ညိတ်။
"ဟုတ်တာပေါ့။ ဘဝရဲ့အကွေ့အကောက်တွေကို ခံစားနိုင်တာက ကျင့်ကြံခြင်းတစ်မျိုးပဲလေ"
ယဲ့ချန်းက လိပ်စာကို သေချာစစ်ဆေးလိုက်သည်။ တည်နေရာကား ကျိုတိုမြို့ရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုပင်။
"ယဲ့ချန်း… မင်းရဲ့အရည်အချင်းက အရမ်းပြောင်မြောက်တယ်။ မင်းလို ပါရမီရှင်သရုပ်ဆောင်တစ်ယောက်ကို ငါ လုံးဝမမြင်ဖူးဘူး"
"ဟားဟား ဒါရိုက်တာကျန်း.. ကျွန်တော့်ကိုမမြှောက်ပါနဲ့ဗျာ။ ကျွန်တော်က အခုမှတက်သစ်စပါ"
"တက်သစ်စတဲ့လား"
ကျန်းမော့ကတော့ တခစ်ခစ်ရယ်နေပြန်သည်။
ဒါကသာ တက်သစ်စဆိုရင် သရုပ်ဆောင်ပေါက်စလေးတွေကို ဘယ်လိုခေါ်ကြမလဲ?
ယဲ့ချန်း၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်း၊ အကြည့်တစ်ချက်ချင်းစီတိုင်းက ကျွမ်းကျင်အဆင့်ဖြစ်နေခြင်းပင်။
သိပ်မကြာခင်၌ ကားက ဟိုတယ်ရှေ့သို့ ရောက်လာခဲ့သည်။ ထိုအခါမှသာ ကျန်းမော့လည်း တစ်စုံတစ်ခုကို ရုတ်တရက်အမှတ်ရလိုက်သည်။
"ယဲ့ချန်း… ငါ့မိတ်ဆွေတစ်ယောက်က ရုပ်ရှင်တစ်ကားရိုက်ချင်လို့တဲ့။ မင်း စိတ်ဝင်စားလား။ ဒီပရောဂျက်ရဲ့ ဇာတ်လိုက်က ကမ္ဘာကျော်စူပါစတားလီလျန်ကျဲတဲ့"
"လီလျန်ကျဲလား"
ထိုနာမည်ကို ကြားလိုက်ရသောအခါ ယဲ့ချန်း၏မျက်ဝန်းအစုံ တောက်ပသွားရလေသည်။ လီလျန်ကျဲဆိုသည်မှာ ဟွားနိုင်ငံရှိ နာမည်ကျော်အက်ရှင်စတားတစ်ယောက်ဖြစ်ပြီး ယဲ့ချန်း လေးစားရသူတစ်ယောက်လည်း ဖြစ်၏။
သူသာ ထိုလူနှင့်အတူ အလုပ်တွဲလုပ်နိုင်ခဲ့ပါက သူ့အိပ်မက်များလည်း ပြည့်မြောက်သွားရလိမ့်မည်။
ကျန်းမော့ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဒီရုပ်ရှင်က အက်ရှင်ဇာတ်လမ်းတစ်ခုဆိုတော့ မင်းအတွက် နည်းနည်းခက်ခဲလိမ့်မယ်"
"အက်ရှင်ဇာတ်လမ်းလား"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ယဲ့ချန်းတွင် နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည် ရှိနေပါသော်ငြား သိုင်းပညာကိုတော့ သူမတတ်ကျွမ်းပေ။ ထိုကဲ့သို့သော ဇာတ်လမ်းမျိုးမှာ ယဲ့ချန်း၏အစွမ်းအစနှင့် ဝေးကွာလှပေသည်။
ကျန်းမော့ကတော့ ယဲ့ချန်းကို ငွေရှင်းပြီး ကြယ်ငါးပွင့်ရီဗျူးပေးလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ် : အက်ရှင်ဘုရင်]
အက်ရှင်ဘုရင်တဲ့လား?
နောက်ထပ်စွမ်းရည်တစ်ခု!
ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို ယဲ့ချန်း ခံစားလိုက်ရသည်။ သူ့ကြွက်သားများက ချက်ချင်းဖုဖောင်းလာသဖြင့် အဝတ်အစားများပင် နည်းနည်းပိုကျပ်သွားသလို ခံစားလိုက်ရသည်။
ကျန်းမော့က ပြုံးလိုက်၏။
"သိုင်းရုပ်ရှင်တွေက မင်းအတွက် ခက်ခဲနိုင်တယ်ဆိုပေမဲ့ နောက်ပိုင်းကျရင် ငါ မင်းအတွက် ဇာတ်ရုပ်တွေကို ခပ်များများညွှန်းပေးပါ့မယ်"
ယဲ့ချန်းလည်း အလျင်အမြန်ပြောလိုက်၏။
"ကိစ္စမရှိပါဘူးဗျ။ ကျွန်တော်လည်း လီလျန်ကျဲနဲ့အတူတွဲပြီး အလုပ်လုပ်ချင်နေတာ။ ကြိုးစားကြည့်လို့ရပါတယ်"
"မင်းက သိုင်းတတ်တာလား"
ကျန်းမော့ ယဲ့ချန်းကို တအံ့တဩကြည့်လိုက်မိသည်။
************