ကွန်ဖူးစူပါစတားနှင့်ပြိုင်ဆိုင်ခြင်း
Vol. 3 Ch. 33
သရုပ်ဆောင်ရခြင်းမှာ ယဲ့ချန်း၏ဝါသနာစစ်စစ်ပင်။ ယခင်ဘဝတုန်းက သူ့အိပ်မက်မှာ ရုပ်ရှင်စတားတစ်ယောက်ဖြစ်ရန်ပင်။
ကံဆိုးချင်တော့ သူ့အစွမ်းအစက မလုံလောက်ခဲ့ပေ။ သို့သော် ယခုတော့ စနစ်၏အကူအညီဖြင့် သူ့အိပ်မက်ကို ဖြည့်ဆည်းချင်မိသည်။
နောက်တစ်နေ့တွင် ယဲ့ချန်းလည်း ကျန်းမော့နှင့်အတူ ဟယ်တျန့်ရှိ အခြားရိုက်ကူးရေးတစ်ခုသို့ လိုက်သွားခဲ့သည်။
"လောင်ရွှီ.. ငါ မင်းအတွက် သရုပ်ဆောင်စကေးကျွမ်းတဲ့ လူတစ်ယောက်ကို ခေါ်လာခဲ့တယ်။ မင်း သူ့ကို ဒီဇာတ်ကောင်အတွက် စမ်းကြည့်ခိုင်းလိုက်ပါလား"
ကျန်းမော့က အခန်းထဲရှိ ပုဂ္ဂိုလ်ကို ပြုံးပြုံးလေး ပြောလိုက်လေသည်။
ယဲ့ချန်းလည်း အခန်းထဲကို လှမ်းကြည့်လိုက်လေရာ လူသုံးယောက်ထိုင်နေသည်ကို မြင်လိုက်ရ၏။
တစ်ယောက်က သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က တက်တက်ကြွကြွရှိသော လူငယ်အမျိုးသားတစ်ယောက်ပင်။ နောက်ဆုံးတစ်ယောက်မှာ မိန်းမလှလေးတစ်ဦးပင်။
ရုပ်ရည်ချောမောပြီး ဖျတ်လတ်သည့်မျက်ဝန်းတစ်စုံဖြင့် လီလျန်ကျဲကို ယဲ့ချန်း ချက်ချင်းမှတ်မိလိုက်သည်။ ကျန်အလှလေးမှာမူ ခေါင်းဆောင်မင်းသမီးပင် ဖြစ်ရပေမည်။
ရွှီခယ်က သူတို့သုံးယောက်အား ဇာတ်ကွက်အကြောင်း ရှင်းပြနေခြင်းပင်။ ယဲ့ချန်းကိုမြင်သောအခါ သူ တဒင်္ဂမျှတုံ့ခနဲဖြစ်သွားသည်။
ထို့နောက် ကျန်းမော့ကို အနားသို့ဆွဲခေါ်လိုက်၏။
"ဒါရိုက်တာကျန်း.. ဒီဇာတ်ကောင်က ကျုပ်ရုပ်ရှင်အတွက် အရမ်းအရေးကြီးတယ်နော်။ ခင်ဗျား ဘာလို့ ကျုပ်ဆီကို လူသစ်တစ်ယောက်ခေါ်လာရတာလဲ"
ဤဇာတ်ကောင်မှာ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ကြမ်းတမ်းခက်ထန်မှုမျိုး လိုအပ်သော လူသတ်သမားတစ်ယောက်ပင်။
ဤဇာတ်ကောင်၏ မူလသရုပ်ဆောင်က ရုပ်ရှင်ရိုက်ရင်း ဒဏ်ရာရသွားသဖြင့် နှုတ်ထွက်သွားခဲ့သည်ဖြစ်ရာ ရွှီခယ်လည်း သူ့မိတ်ဆွေဟောင်းကျန်းမော့ကို အစားထိုးတစ်ယောက် ရှာခိုင်းခဲ့ခြင်းဖြစ်၏။
ယဲ့ချန်းက ရုပ်ရည်ချောမောသော်ငြား လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ အရှိန်အဝါမျိုး မရှိပေ။
"လူသစ်တဲ့လား? လောင်ရွှီ.. ငါပြောမယ်။ သူက ငါမြင်ဖူးသမျှထဲမှာ အတော်ဆုံးသရုပ်ဆောင်တစ်ယောက်ပဲ။ မင်း ယုံလား"
ကျန်းမော့မှာ ရွှီခယ်၏တုံ့ပြန်မှုကို ကြိုတင်မှန်းဆမိပြီးသားပင်။
"မယုံဘူး။ သူ့သရုပ်ဆောင်ချက်က လီလျန်ကျဲထက် ပိုကောင်းလို့လား"
ရွှီခယ်က အထင်အမြင်သေးဟန်ဖြင့် ပြန်ဖြေလေသည်။
ကျန်းမော့ကတော့ တဟားဟားရယ်နေလေတော့သည်။
"မင်း သူ့ကို သရုပ်ဆောင်ကြည့်ခိုင်းလိုက်ရင် သိပါလိမ့်မယ်"
ရွှီခယ်လည်း ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ။ သူ့ကို ဇာတ်ကွက်တစ်ခုလောက် သရုပ်ဆောင်ခိုင်းလိုက်ရအောင်။ လောင်ကျန်း.. မင်း ငါ့ရဲ့သတ်မှတ်ချက်စံနှုန်းကို သိတယ်နော်။ သူသာ အဲဒီစံနှုန်းနဲ့ မကိုက်ညီရင် ငါ သူ့ကိုသုံးမှာမဟုတ်ဘူး"
ကျန်းမော့ကလည်း ပြန်ပြောလိုက်သည်။
"တအားခေါင်းမာမနေစမ်းပါနဲ့။ ယဲ့ချန်းက ငါ့အတွက်တော့ ရတနာတစ်ပါးပဲ။ ငါ့ရုပ်ရှင် ပြီးတော့မှာမို့လို့သာမဟုတ်ရင် ဒီရတနာကို မင်းဆီ ငှားပေးပါ့မလား"
……
ထိုအချိန် အခန်းထဲတွင် လီလျန်ကျဲက ယဲ့ချန်းနှင့် စကားပြောနေပေသည်။ လီလျန်ကျဲက ကွန်ဖူးအကျော်အမော်တစ်ယောက် ဖြစ်သော်ငြား ဟိတ်ဟန်မရှိသောကြောင့် ယဲ့ချန်း အံ့အားသင့်မိသည်။
"ငါ့ညီ.. အရင်က ရုပ်ရှင်ရိုက်ဖူးလား"
"တစ်ခုပဲ ရိုက်ရသေးတယ်။ ဒါက ဒုတိယမြောက်ပေါ့"
"ဒုတိယမြောက်ရုပ်ရှင်လား?"
လီလျန်ကျဲခမျာ အံ့အားသင့်သွားလေသည်။
"မင်း အရင်က ကွန်ဖူးရုပ်ရှင်တွေရိုက်ဖူးလား"
လီလျန်ကျဲ ဆက်မေးကြည့်လိုက်ပြန်သည်။
"ဟင့်အင်း။ ကွန်ဖူးရုပ်ရှင်ကို အခုမှ ပထမဆုံးအကြိမ်ရိုက်မှာပါ။ ဆရာလီ ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်"
"ဪ"
လီလျန်ကျဲ၏မျက်လုံးထဲ၌ စိတ်ပျက်သွားလေဟန် အရိပ်အယောင်များက အထင်းသားပင်။
အံ့ဩစရာတော့ မရှိပေ။ လီလျန်ကျဲသည် စူပါစတားတစ်ယောက်ဖြစ်သောကြောင့် ထိပ်တန်းသရုပ်ဆောင်တချို့နှင့် အလုပ်တွဲလုပ်ဖူးသည်။ သူ့အနေနှင့် လူသစ်များကို အထင်သေးနေခြင်းမျိုး မဟုတ်သော်ငြား ဤရုပ်ရှင်၏အရည်အသွေးကို ထိခိုက်သွားမှာစိုးရိမ်မိသည်။
အလှပဂေးလေးကတော့ စကားမပြောလာချေ။ သို့သော် သူ(မ)၏မျက်ဝန်းလှလှလေးက ယဲ့ချန်းကို အဆက်မပြတ်လေ့လာအကဲခတ်နေသည်။
"ဒီမောင်လေးက အရမ်းချောတာပဲ"
"လျန်ကျဲလည်း ချောတော့ချောပေမဲ့ ယဲ့ချန်းရဲ့ဘေးကိုရောက်သွားတော့ နည်းနည်းမှိန်သွားတယ်"
"တွေ့ရတာဝမ်းသာပါတယ် လူချောလေး.. ကျွန်မနာမည်က ကျုံးလီလီပါ"
"မင်္ဂလာပါ အစ်မလီလီ…"
ယဲ့ချန်း အပြုံးတစ်ပွင့်ဆင်မြန်းရင်း နှုတ်ဆက်လိုက်သည်။
"ဟားဟား ကံကောင်းပါစေ။ မင်းနဲ့အတူ အလုပ်တွဲလုပ်ရဖို့ မျှော်လင့်နေမယ်"
ကျုံးလီလီက ရယ်မောလိုက်သည်။
"အင်း"
ယဲ့ချန်း ခေါင်းသာညိတ်ပြလိုက်သည်။
ထိုအချိန်မှာပင် ကျန်းမော့နှင့် ရွှီခယ်တို့က အခန်းထဲသို့ ဝင်လာသည်
ရွှီခယ်က ပြုံးလျက်…
"လျန်ကျဲ… ဒီညီလေးနဲ့ လက်ရည်ချင်းယှဉ်ကြည့်လိုက်ပါဦး။ ဖြည်းဖြည်းသာသာလုပ်နော်"
"ဟုတ်ကဲ့"
လီလျန်ကျဲ မတ်တတ်ထရပ်လိုက်သည်။
ရွှီခယ်၏ရည်ရွယ်ချက်ကား သိသာလှသည်။ လီလျန်ကျဲကို ယဲ့ချန်းနှင့် လက်ရည်ယှဉ်ခိုင်းလိုက်ခြင်းဖြစ်သဖြင့် အဆင်မပြေခဲ့လျှင်လည်း ကျန်းမော့အနေနှင့် မျက်နှာပျက်စရာမလိုတော့ပေ။
"ယဲ့ချန်း… ဒီရုပ်ရှင်ထဲမှာ မင်းက လုပ်ကြံရေးသမားနေရာက သရုပ်ဆောင်ရမှာ။ လျန်ကျဲကတော့ ဘော်ဒီဂတ်တစ်ယောက်"
ရွှီခယ်က ဇာတ်ကွက်အကြောင်း ယဲ့ချန်းကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။
ယဲ့ချန်း တဒင်္ဂမျှကြက်သေသေသွားရသည်။ ဤသည်မှာ ယခင်ဘဝတုန်းက "ဟွားနိုင်ငံဘော်ဒီဂတ်"ဆိုသည့် ဇာတ်လမ်းမဟုတ်လား?
ဇာတ်ညွှန်းကို ခပ်မြန်မြန်စစ်ဆေးကြည့်လိုက်သောအခါ အမှန်တကယ်ပင် ထိုနာမည်ဖြစ်နေကြောင်း သိလိုက်ရသည်။
"နားလည်ပါပြီ"
"ဆရာလီ… ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး"
ယဲ့ချန်းက လက်နှစ်ဖက်ကိုယှက်လျက် ပြုံးလိုက်လေသည်။
"မင်းက တအားယဉ်ကျေးနေပါပြီကွာ"
လီလျန်ကျဲကလည်း နှိမ့်ချစွာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
"တင်! လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ရဲ့ အရှိန်အဝါကို အသက်သွင်းလိုက်ပါပြီ +9999"
"တင်! အက်ရှင်ဘုရင် +9999"
လီလျန်ကျဲ ယဲ့ချန်းကိုကြည့်လိုက်မိချိန်ဝယ် သူ့အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားရသည်။ အစောပိုင်းတုန်းက ယဲ့ချန်းတွင် ညင်သာသိမ်မွေ့သော အမူအရာမျိုး ရှိနေခဲ့သော်ငြား ယခုတော့ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
သူ့ရှေ့တွင်ရပ်ရင်း လီလျန်ကျဲခမျာ ကြက်သီးတဖြန်းဖြန်းထသွားရသည်။
လီလျန်ကျဲသာမက ရွှီခယ်နှင့် ကျန်းမော့တို့၏ အမူအရာလည်း ပြောင်းလဲသွားသည်။ အထူးသဖြင့် ကျန်းမော့ဆိုလျှင် ထိတ်လန့်သွားရသည်အထိပင်။
သရုပ်ဆောင်တော်တော်များများတွင် ကိုယ်စီအားသာချက်များရှိကြသည်။ တချို့က ဧကရာဇ်ဇာတ်ရုပ်နှင့် လိုက်ဖက်ပြီး တချို့ကတော့ ကြီးစိုးခြယ်လှယ်တတ်သော စီအီးအိုဇာတ်ရုပ်နှင့် လိုက်ဖက်ကာ တချို့ကတော့ ဗီလိန်ဇာတ်ရုပ်နှင့် လိုက်ဖက်ကြသည်။
ယဲ့ချန်းအနေနှင့် လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ကို သဘာဝကျကျ ပုံဖော်နိုင်လိမ့်မည်ဟာ ကျန်းမော့ ထင်မထားပေ။
ရွှီခယ်၏မျက်ဝန်းများမှာ ဝင်းပသွားလေတော့သည်။ ထိပ်တန်းဒါရိုက်တာတစ်ယောက်အနေနှင့် သူ့အကဲဖြတ်ချက်မှာ ပြတ်သားလှသည်။
တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ယဲ့ချန်း၏သရုပ်ဆောင်ချက်က လူသစ်အဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း အတပ်ပြောနိုင်သည်။
"ဆရာလီ သတိထားနော်"
ယဲ့ချန်းက စကားအဆုံးမှာပင် လက်ကိုဆန့်တန်းလိုက်ပြီးနောက် လီလျန်ကျဲ၏ညာဘက်ပခုံးကို ဆုပ်ကိုင်လိုက်သည်။
လီလျန်ကျဲ၏မျက်ဝန်းအစုံမှာ စူးရှသွားပြီးနောက် ယဲ့ချန်း၏လက်မောင်းကို သူ့ညာလက်ဖြင့် ပိတ်ကာပြီး လမ်းကြောင်းလွှဲလိုက်ရသည်။
ဖြောင်း ဖြောင်း ဖြောင်း!
ပုံရိပ်နှစ်ခုမှာ အတူရောယှက်သွားချေသည်။
လီလျန်ကျဲက ဖန်သားပြင်ပေါ်တွင် ထူးချွန်လှသော သိုင်းပညာကြောင့် နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အမူအရာနှင့် သရုပ်ဆောင်ချက်တို့က မိန်းကလေးများကို ဖမ်းစားထားလေသည်။
သို့သော် ယဲ့ချန်း၏တင်ဆက်မှုကလည်း လီလျန်ကျဲနှင့် ယှဉ်နိုင်ပေသည်။ သူ့လက်သီးချက်များက လျှပ်စီးအလား မြန်ဆန်ပြီး ကန်ချက်များကလည်း သေသပ်ပိရိလှသည်။
လီလျန်ကျဲ၏တိုက်ခိုက်မှုမှာ ပြင်းထန်သော်ငြား ယဲ့ချန်းကတော့ ခုခံကာကွယ်ရင်း တန်ပြန်တိုက်ခိုက်ပြီး သူ့လှုပ်ရှားမှုများကို ကျွမ်းကျွမ်းကျင်ကျင်နှင့် လှလှပပ ပြသသွားသည်။
တည်ငြိမ်အေးဆေးလှသော သူ့အမူအရာများကြောင့် ကျုံးလီလီလည်း ချက်ချင်းဆိုသလို ညှို့ယူဖမ်းစားခံလိုက်ရသည်။
ကျန်းမော့လည်း မှင်တက်နေချေသည်။ ယဲ့ချန်း၏သိုင်းပညာက ဤမျှအထင်ကြီးဖို့ကောင်းနေလိမ့်မည်ဟု လုံးဝထင်မထားပေ။
ယဲ့ချန်း၏တိုက်ကွက်များမှာ သေသပ်ပြီး လှပသည်။ သိုင်းပညာအခြေခံမရှိထားပါက လီလျန်ကျဲနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော လက်ရည်ယှဉ်ပွဲတစ်ခုကို ဖန်တီးဖို့ မဖြစ်နိုင်ပေ။
ရွှီခယ်၏မျက်လုံးထဲဝယ် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေချေသည်။
ဤသည်မှာ သူလိုချင်နေသော ခံစားချက်မျိုးပင်။ ယဲ့ချန်း၏မျက်လုံးထဲတွင် ကြမ်းတမ်းခက်ထန်မှုတို့ ကိန်းအောင်းနေပြီး သတ်ဖြတ်လိုသောအရှိန်အဝါတစ်ခုလည်း သယ်ဆောင်ထားသည်။ အံ့မခန်းသရုပ်ဆောင်စွမ်းရည်မျိုးသာ မရှိပါက ဤခံစားချက်ကို သရုပ်ဖော်ရန် အလွန်ခက်ခဲလှသည်။
ပိုလေးစားဖို့ကောင်းသည်မှာ ယဲ့ချန်း၏သရုပ်ဆောင်စွမ်းရည်က လီလျန်ကျဲနှင့်ပင် ယှဉ်နိုင်နေခြင်းပင်။
"ရပ်လိုက်"
ရွှီခယ်၏ညွှန်ကြားချက်ကြောင့် ယဲ့ချန်းနှင့် လီလျန်ကျဲတို့လည်း သူတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။
"လမ်းညွှန်သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာလီ.."
ယဲ့ချန်းက လက်နှစ်ဖက်ကိုယှက်၍ လီလျန်ကျဲကို ဦးညွှတ်လိုက်လေသည်။
လီလျန်ကျဲကလည်း သူ့အား ချီးကျူးစကားပြောလိုက်သည်။
"ရှောင်ယဲ့.. မင်းရဲ့ကွန်ဖူးသိုင်းက အရမ်းကောင်းတာပဲ"
ကျုံးလီလီကလည်း စိတ်လှုပ်ရှားစွာ ဝင်ပြောလာသည်။
"ယဲ့ချန်း.. ခုနတုန်းက ရှင့်ရဲ့လှုပ်ရှားမှုက အရမ်းကြည့်ကောင်းတယ်နော်။ အစ်ကိုလျန်ကျဲက သူများရဲ့ကွန်ဖူးသိုင်းကို ချီးကျူးခဲတယ်"
ယနေ့ခေတ်လူငယ်များမှာ အခက်အခဲများကို သည်းခံကျော်လွှားနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် သိုင်းဇာတ်ကွက်တော်တော်များများတွင် အစားထိုးသရုပ်ဆောင်များနှင့် အထူးသက်ရောက်မှုများကိုသာ အားကိုးရသည်။
တကယ်တမ်းတိုက်ခိုက်နိုင်သော သရုပ်ဆောင်ဟူ၍ ရှားလွန်းလှသည်။
ရွှီခယ်က မတ်တတ်ထရပ်လိုက်သည်။
"မဆိုးဘူး ယဲ့ချန်း… ဒါက ငါလိုချင်တဲ့ပုံစံပဲ။ ဒီဇာတ်ကောင်က မင်းအပိုင်ဖြစ်သွားပြီ"
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာရွှီ"
ယဲ့ချန်းလည်း ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။
လီလျန်ကျဲက ပြုံး၏။
"ရှောင်ချန်း.. ငါတို့ရဲ့ဇာတ်ကွက်ကို လေ့လာပြီး ဒီနေ့ပဲ ရိုက်လိုက်ရအောင်"
"ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဆရာလီ.. ခင်ဗျားရဲ့ညာဘက်ပခုံးမှာ ဒဏ်ရာရထားတာလား"
ယဲ့ချန်း ရုတ်တရက်ကြီးမေးလိုက်သည်။
လီလျန်ကျဲလည်း ခဏမျှကြက်သေသေသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ တလောတုန်းက ရုပ်ရှင်ရိုက်ရင်း ညာဘက်လက်မောင်းထိသွားတာ။ အဲဒါကြောင့် အားအများကြီးမထုတ်ရဲဘူး"
ယဲ့ချန်းက ပြောလိုက်လေသည်။
"ကျွန်တော် နှိပ်နယ်နည်းတချို့ကို သိတယ်ဗျ။ အဲဒီဒဏ်ကို နှိပ်နယ်ပြီး ဖြေလျှော့ပေးလို့ရပါတယ်"
"တကယ်လား"
သူ့ညာဘက်ပခုံးရှိ ဒဏ်ရာက သူ့အား အတော်ကြာကြာ ဒုက္ခပေးနေခဲ့သော်လည်း ရိုက်ကူးရေးအတွက် သည်းခံထားရုံသာ တတ်နိုင်ခဲ့သည်။
ယဲ့ချန်းက လီလျန်ကျဲကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ကျန်းကျင်းနှင့် ထျန်းကျုံးအပ်စိုက်အမှတ်များပေါ်သို့ လက်တင်၍ စတင်နှိပ်နယ်ပါတော့သည်။
လီလျန်ကျဲ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
"ရှောင်ယဲ့.. မင်းရဲ့နှိပ်နယ်နည်းက မိုက်လိုက်တာ။ အခု ငါ့ညာဘက်ပခုံးက ဘာနာကျင်မှုမှမရှိတော့ဘူး"
လီလျန်ကျဲခမျာ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်မိသည်။
"ဟားဟား.. အဆင်ပြေတယ်ဆိုရင် ရိုက်ကူးရေးလုပ်ရင်း ကျွန်တော် အကောင်းဆုံးနှိပ်နယ်ပေးပါ့မယ်"
အနုပညာလောကထဲရှိ လီလျန်ကျဲ၏အဆင့်အတန်းကို ယဲ့ချန်း နားလည်သဘောပေါက်ထားသည်ဖြစ်ရာ သူ့လို လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ထားလိုက်လျှင် အကျိုးအမြတ်များစွာရရှိနိုင်သည်။
**************