ပရဟိတလေလံပွဲ
Vol. 3 Ch. 35
ယဲ့ချန်းလည်း ဒဏ်ရာပျောက်ဆေးကို လီလျန်ကျဲအား ပေးလိုက်သည်။
"အစ်ကိုလီ.. ဒီဒဏ်ရာပျောက်ဆေးက တရုတ်ရိုးရာသမားတော်တစ်ယောက်ကပေးထားတဲ့ လျို့ဝှက်ဆေးနည်းတစ်ခုလေ။ လိမ်းကြည့်လိုက်ပါ"
"ကျေးဇူးပဲ"
လီလျန်ကျဲလည်း ဆေးကိုလှမ်းယူ၍ သူ့ကိုယ်ပေါ်ကို လိမ်းလိုက်သောအခါ သူ့နာကျင်မှုများအားလုံး ချက်ချင်းပျောက်သွားသလို ခံစားလိုက်ရသည်။
"ဘုရားရေ..ဒါက အရမ်းမှော်ဆန်တာပဲ"
လီလျန်ကျဲမှာ နှစ်ပေါင်းများစွာ ရုပ်ရှင်ရိုက်ကူးလာခဲ့ရင် မကြာခဏဒဏ်ရာရတတ်သည်။ ဆေးတွေအများကြီးသုံးကြည့်ခဲ့ပါသော်ငြား တစ်ခုမှ အကျိုးမရှိချေ။
ထိုအချိန်တွင် ရွှီခယ်က အနားသို့လျှောက်လာပြီး ပြုံးပြုံးလေး ပြောလာလေသည်။
"ရှောင်ယဲ့.. ရိုက်ကူးရေးက အဆင်ပြေပြေပဲပြီးသွားတယ်။ ဒါနဲ့.. မင်းက အရင်က ဘာအလုပ်လုပ်တာလဲ"
လူတိုင်း၏မျက်လုံးများက ယဲ့ချန်းဆီသို့ ရောက်လာသည်။ သူတို့အားလုံး သိချင်မိသည်။
ဤမျှကျွမ်းကျင်ပြောင်မြောက်လှသော အစွမ်းအစမျိုးနှင့် သရုပ်ဆောင်စွမ်းရည်မျိုး ပိုင်ဆိုင်ထားသူတစ်ယောက်မှာ သရုပ်ဆောင်တစ်ယောက်မဟုတ်လျှင်ပင် သက်ဆိုင်ရာအလုပ်အကိုင်နယ်ပယ်တစ်ခုခုတွင် ကျင်လည်နေသူဖြစ်ရမည်။
"ကျွန်တော် တက္ကစီမောင်းတာပါ"
"တက္ကစီ?"
အားလုံး ကြောင်အကုန်ကြလေသည်။
"တက္ကစီဒရိုင်ဘာလား။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘာလို့ ဒီလောက်တောင် သရုပ်ဆောင်ကောင်းနေရတာလဲ"
"အခုခေတ် တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင်အစွမ်းအစရှိနေပြီလား"
"ဒီလိုသရုပ်ဆောင်စွမ်းရည်မျိုးနဲ့ သိုင်းပညာစကေးမျိုးရှိရက်နဲ့ တက္ကစီမောင်းနေတာက အရည်အချင်းဖြုန်းတီးမှုကြီးတစ်ခုပဲ"
ယဲ့ချန်း၏အဖြေကြောင့် လူတိုင်း ကြက်သေသေသွားလေသည်။
ရွှီခယ်ကတော့ ယဲ့ချန်း၏ပခုံးကို ပုတ်လိုက်သည်။
"မင်း အရင်က ဘာအလုပ်လုပ်ခဲ့လဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမဲ့ အခုကစပြီး မင်း တက္ကစီမောင်းစရာမလိုတော့ပါဘူးကွာ"
ယဲ့ချန်း၏ရုပ်ရည်၊ သရုပ်ဆောင်စွမ်းရည်နှင့် သိုင်းပညာကျွမ်းကျင်မှုဖြင့်သာဆိုလျှင် ယဲ့ချန်းတစ်ယောက် နာမည်ကြီးလာလိမ့်မည်ဖြစ်ကြောင်း ရွှီခယ် အသာလေးခန့်မှန်းကြည့်နိုင်သည်။
အခြားလူများမှာ မနာလိုအားကျသော အမူအရာများကို ပြသလာသည်။
ဒါရိုက်တာရွှီထံမှ သတိပြုခံလိုက်ရပြီဖြစ်ရာ ယဲ့ချန်းအဖို့ နောင်အနာဂတ်တွင် နာမည်မကြီးလာစရာ အကြောင်းမရှိတော့ပေ။
"မဖြစ်ဘူး။ တက္ကစီမောင်းတာက ကျွန်တော့်အလုပ်လေ။ သရုပ်ဆောင်တာက ဝါသနာသက်သက်ပါ"
ယဲ့ချန်းကမူ လေးလေးနက်နက်ပြောလိုက်၏။
"သောက်ကျိုးနည်း?"
"တက္ကစီမောင်းတာက အဓိကအလုပ်.. သရုပ်ဆောင်တာက ဝါသနာတဲ့လား"
အခြားအရာများကို မဆိုထားနှင့်။ ပရိသတ်ပေါင်းဘီလီယံနှင့်ချီ၍ရှိသော သရုပ်ဆောင်တစ်ယောက်မှာ နေ့တိုင်းနေ့တိုင်း မီးရောင်အောက်တွင် နေရပြီး ရုပ်ရှင်တစ်ကားတည်းနှင့်လည်း ပိုက်ဆံသန်းပေါင်းများစွာဝင်သည်။ ဤသည်မှာ မည်မျှဂုဏ်ရှိလိုက်လေသလဲ။
အလွန်ဆုံးရှိမှ တက္ကစီဒရိုင်ဘာတစ်ယောက်က လူ့အလွှာ၏အောက်ဆုံးအဆင့်တွင် မနည်းရုန်းကန်နေရသော အလုပ်တစ်ခုဖြစ်၏။ တစ်နှစ်ကို ဝင်ငွေဘယ်လောက်များဝင်မှာမို့လို့လဲ?
"ယဲ့ချန်း.. ရှင်က အရမ်းရယ်ရတာပဲ"
ကျုံးလီလီက ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။ လီလျန်ကျဲလည်း တခစ်ခစ်ရယ်လိုက်လေရာ လူတော်တော်များများက ယဲ့ချန်း၏စကားကို ဟာသလုပ်နေသည်ဟုသာ မှတ်ယူလိုက်ကြသည်။
"စကားမစပ်.. ယဲ့ချန်း ဒီည ပရဟိတလေလံပွဲတစ်ခုရှိတယ်။ ငါတို့နဲ့အတူ လိုက်ခဲ့လေ"
ရွှီခယ်က ရုတ်တရက်အကြံပြုလာသည်။
ရွှီခယ်မှာ ယဲ့ချန်းကို စတားတစ်ယောက်အဖြစ် အသိအမှတ်ပြုနေပြီဖြစ်၏။ သို့မဟုတ်ပါက ထိုကဲ့သို့အရေးကြီးလှသော လေလံပွဲတစ်ခုကို ယဲ့ချန်းအား တက်ရောက်ခွင့်ပြုမည်မဟုတ်ချေ။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ရတာပေါ့။ ကျွန်တော် ခင်ဗျားတို့ကို လိုက်ပို့ပေးမယ်လေ"
လူတိုင်း၏ အားကျနေသောအကြည့်များအောက်မှာပင် ယဲ့ချန်း၊ ရွှီခယ်၊ လီလျန်ကျဲနှင့် ကျုံးလီလီတို့မှာ ကားတစ်စီးထဲသို့ဝင်ကာ အနုပညာစင်တာသို့ တန်းတန်းမတ်မတ်မောင်းသွားလိုက်လေတော့သည်။
ကားထဲသို့ဝင်ပြီးနောက် ကျုံးလီလီက အပြုံးတစ်ပွင့်နှင့်အတူ ဆိုလာလေသည်။
"ယဲ့ချန်း.. ကျွန်မ ရှင့်အတွက် အော်ဒါတင်ထားတယ်"
"ကောင်းသားပဲ"
ယဲ့ချန်းလည်း ပြုံးလိုက်မိသည်။
နာရီဝက်ကြာသောအခါ ကားက ကျိုတိုအနုပညာစင်တာသို့ ရောက်လာသည်။ ကျုံးလီလီက အော်ဒါတင်ပြီးနောက် ယဲ့ချန်းကို ကြယ်ငါးပွင့်ရီဗျူးပေးလိုက်၏။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကိုရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့် (2/5)ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ်ကတော့ ငွေသား၁၀ဘီလျံပါ(ပရဟိတအတွက်သက်သက်သာ အသုံးပြုနိုင်သည်)]
၁၀ဘီလျံဆိုပေမဲ့ ပရဟိတအတွက်သက်သက်ပဲ သုံးလို့ရတယ်တဲ့လား?
ယခင်ဘဝတုန်းက အနုပညာရှင်တော်တော်များများက ပရဟိတလုပ်ငန်းများတွင် ပါဝင်ရခြင်းကို သဘောကျကြသည်။ ဥပမာ ဟွားနိုင်ငံတွင် မူလတန်းကျောင်းတစ်ရာကျော်ကို ဆောက်လုပ်ပေးခဲ့သော ဥက္ကဋ္ဌကုပင်။
အစတုန်းကတော့ ယဲ့ချန်းလည်း ပရဟိတလုပ်ငန်းတချို့ လုပ်ချင်ခဲ့သော်ငြား ဤဆုလာဘ်ကိုမြင်လိုက်ရသောအခါ သူ့ဆန္ဒ ပြည့်မြောက်သွားရသည်။
သူတို့လေးယောက်သား ခန်းမထဲသို့ လျှောက်လာခဲ့လိုက်ကြသည်။ ထို့နောက် ကျုံးလီလီက တီးတိုးဆိုလာလေသည်။
"ဒီပရဟိတလေလံပွဲကို တက်တဲ့လူတွေအကုန်လုံးက ဟွားနိုင်ငံရဲ့နာမည်ကြီးသူဌေးတွေနဲ့ ကမ္ဘာကျော်စူပါစတားတွေလေ။ ဒီတိုင်း ကြည့်ကြည့်ပေါ့။ ရှင် လေလံမတင်ရင်တောင် အဆင်ပြေပါတယ်။ ဒါရိုက်တာရွှီက ရှင့်ကို အမြင်ကျယ်အောင် ခေါ်လာပေးရုံသက်သက်ပဲ"
"ကျွန်တော်နားလည်ပါပြီ အစ်မလီ"
ယဲ့ချန်းလည်း ခပ်ပြုံးပြုံးသာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့လေးယောက် လေလံပွဲကျင်းပရာနေရာသို့ ရောက်လာခဲ့သည်။ ဤလေလံပွဲမှာ တိုက်ရိုက်ထုတ်လွှင့်နေခြင်းပင်။ လေလံပစ္စည်းများထဲတွင် ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများနှင့် အဖိုးတန်ရိုက်ကွင်းအကူပစ္စည်းများ ပါဝင်လေသည်။
တက်ရောက်လာကြသူများထဲတွင် ဟွားနိုင်ငံထဲရှိ ဒိတ်ဒိတ်ကြဲသူဌေးများပင်ဖြစ်စေ စူပါစတားများပင်ဖြစ်စေ တချို့က ရည်ရွယ်ချက်ကောင်းများဖြင့် ရောက်လာကြသော်လည်း တချို့ကတော့ နာမည်ကောင်းရဖို့အတွက်သာ ရောက်လာခဲ့ကြသည်။
ထို့ကြောင့် လေလံပွဲတစ်ခုလုံးလည်း အလွန်အသက်ဝင်နေချေသည်။ တစ်နာရီအတွင်းမှာပင် ရန်ပုံငွေပေါင်းသန်းတစ်ရာကျော်လောက် ရရှိလိုက်၏။
ရွှီခယ်နှင့် လီလျန်ကျဲတို့က ပရဟိတရန်ပုံငွေအဖြစ် တစ်သန်းစီ လေလံဆွဲခဲ့ကြသည်။ ယဲ့ချန်းကတော့ လေလံမဆွဲခဲ့ပေ။ အကြောင်းမှာ ဤကဲ့သို့သောအခမ်းအနားမျိုးတွင် သူ သိပ်မထင်ပေါ်ချင်သောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ သူသည် အနုပညာနယ်ပယ်ထဲတွင် လူသစ်တစ်ယောက်မျှသာ ဖြစ်သောကြောင့် ရွှီခယ်နှင့် လီလျန်ကျဲတို့ကို ကျော်တက်လိုက်ရန် မသင့်တော်ပေ။
စင်မြင့်ပေါ်တွင်မူ အစီအစဉ်တင်ဆက်သူဟယ်ကျုံးက တက်ကြွလှသောအပြုံးတစ်ပွင့်ဖြင့် ဆိုလိုက်လေသည်။
"အားလုံးပဲ.. နောက်တစ်ပိုင်းကတော့ အရည်အချင်းပြပွဲဖြစ်ပါတယ်။ မိန်းကလေးကျုံးလီလီက အရေးအသားပိုင်းမှာ တော်ပြီး လီယောင်ယောင်ကတော့ ပန်းချီဆွဲတာတော်မှန်း ကျွန်တော်တို့အားလုံး သိထားပြီးသားပါ။ ဒါပြီးရင် သူတို့နှစ်ယောက်က လေလံတင်ဖို့အတွက် လက်ရေးလှစာလုံးနဲ့ ပန်းချီကားတစ်ချပ်ကို ဖန်တီးပေးမှာဖြစ်ပါတယ်"
ကျုံးလီလီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ သူ(မ)နှင့် လီယောင်ယောင်က ကျိုတိုရုပ်ရှင်ကျောင်းတော်မှ ဘွဲ့ရများဖြစ်၏။
သို့သော် ကျုံးလီလီက သူ(မ)၏သရုပ်ဆောင်စွမ်းရည်အပေါ် မှီခိုပြီး တစ်ဆင့်ချင်းစီတက်လာခဲ့ရသူပင်။ လီယောင်ယောင်၏ သရုပ်ဆောင်စွမ်းရည်က သာမန်မျှသာဖြစ်ပြီး ညှို့ဓာတ်ပြင်းသော သူ(မ)၏ရုပ်ရည်ကြောင့်သာ နေရာရလာခဲ့ခြင်းဖြစ်၏။
ဤနှစ်များတစ်လျှောက် လီယောင်ယောင်မှာ ဆိုးဝါးလှသော ရုပ်ရှင်ပေါင်းများစွာကို ရိုက်ကူးခဲ့သော်ငြား သူ(မ)၏ကျော်ကြားမှုက ကျုံးလီလီထက် သာလွန်နေခဲ့သည်။ အစတုန်းကတော့ စွမ်းရည်ပြပွဲတွင် ကျုံးလီလီတစ်ယောက်တည်းသာ ပါဝင်ခဲ့သော်လည်း ယခုတော့ လီယောင်ယောင်ကပါ ကပ်ပါလာလေပြီ။
စင်ပေါ်သို့ မတက်ခင် လီယောင်ယောင်က သူ(မ)ဘေးရှိ နိုင်ငံတကာဘရန်းတစ်ခုကို ဝတ်ဆင်ထားသော လူချောလေးတစ်ယောက်ကို ပြောလိုက်၏။
"အစ်ကိုကျန်း.. ဒီတစ်ခေါက် ရှင် ကျွန်မကို ပံ့ပိုးပေးမှဖြစ်မယ်နော်"
ကျန်းရွေ့ ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့။ ငါရှိနေရင် မင်းရဲ့ပန်းချီကားက အမြင့်ဆုံးဈေးကို ရမှာပါ"
"လူချောလေး ရှင်က အတော်ဆုံးပဲ။ လေလံပွဲပြီးသွားရင် ကျွန်မ ရှင့်ကို ညစာလိုက်ကျွေးမယ်"
လီယောင်ယောင်က မူပိုလေဟန်အပြုံးတစ်ပွင့်ကို ဆင်မြန်းရင်း စင်ပေါ်သို့ တက်သွားလေတော့သည်။ ထို့နောက် သူ့ဘေးနားရှိ ကျုံးလီလီကို မောက်မောက်မာမာငဲ့ကြည့်၍ မျက်နှာထက်တွင်လည်း မလိုတမာအပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်လေသည်။
ဤတစ်ခေါက်တွင် ကျုံးလီလီက သူ(မ)၏အဖြည့်ခံအဖြစ် ရောက်နေခြင်းသာ။ သူ(မ)တွင် ကျောထောက်နောက်ခံရှိနေသောကြောင့် သူ(မ)၏ပန်းချီကားက ဈေးမြင့်မြင့်ရမည်မှာ သေချာပေါက်ပင်။
ကျုံးလီလီက လက်ရေးလှစာလုံးရေးရာတွင် တော်သော်ငြား နောက်ခံသာမရှိလျှင် ထိုအရာမှာလည်း အလကားပင်။ ရောင်းထွက်လျှင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။
လီယောင်ယောင်မှာ အခြားအနုပညာရှင်များကို အကြိမ်ပေါင်းများစွာချနင်း၍ အထက်သို့တက်လာခဲ့ခြင်းပင်။
မနက်ဖြန်၏ သတင်းခေါင်းစီးကိုပင် သူ(မ) ကြိုမြင်ယောင်ထားပြီးဖြစ်၏။
"မိန်းကလေးလီယောင်ယောင်ရဲ့အနုပညာလက်ရာက လေလံပွဲမှာ အမြင့်ဆုံးဈေးနှုန်းကိုရသွားခဲ့ပြီး ပရဟိတပွဲအတွက် အကျိုးပြုပေးခဲ့"
သူတို့နှစ်ယောက်စလုံး စင်ပေါ်သို့ ရောက်လာကြသည်။ ကျုံးလီလီက လက်ရေးလှစာလုံးကို စရေးနေချိန်မှာ လီယောင်ယောင်ကတော့ ပန်းချီဆွဲနေလေသည်။
အနုပညာရှင်နှစ်ယောက် အတူတင်ဆက်နေခြင်းမှာ အပြိုင်အဆိုင်ဆန်သော ခံစားချက်တစ်ခုကို ပေးစွမ်းလေသည်။
မကြာခင်မှာပင် ကျုံးလီလီ၏လက်ရေးလှစာလုံးက ပြီးသွားလေပြီ။ ကျုံးလီလီ၏အဖေက လက်ရေးလှအတတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ(မ)၏မိသားစု၏ လွှမ်းမိုးမှုအောက်တွင် သူ(မ)လည်း အရေးအသားပိုင်း၌ ထူးချွန်လာခဲ့သည်။
လက်ရေးလှစာလုံးမှာ ကြီးကျယ်ခမ်းနားပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ စင်စစ်အံ့ဩဖို့ကောင်းလှသည်။ တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းပေါ်မှာတော့ အင်တာနက်အသုံးပြုသူအမြောက်အများက ထိုအရာကို ချီးကျူးနေကြသည်။
"လီလီရဲ့လက်ရေးလှစာလုံးက အရမ်းမိုက်တာပဲ"
"အဲဒါက လက်ရေးလှအတတ်ပညာရှင်တစ်ယောက်ရဲ့အဆင့်မျိုးပဲ"
တစ်ဖက်တွင်မူ လီယောင်ယောင်၏ပန်းချီကားကတော့ လက်ရာမမြောက်ပေ။ သူ(မ)က ဆန်ကောက်နေသော ကြက်တစ်ကောင်ကို ဆွဲနေခြင်းပင်။
ဟင်!
အဲဒါက ကြက်ပေါက်တစ်ကောင်မှန်း ယုံရခပ်ခက်ခက်ပဲ။
"သေလိုက်ပါတော့… ဒါက မူကြိုအဆင့်လား?"
"ဒီပန်းချီကားက ဘာအဓိပ္ပာယ်လဲ။ အဲဒါက ငါ့သမီးဆွဲထားတဲ့ ကြက်ပေါက်လေး ဆန်ကောက်နေတဲ့ပုံနဲ့ အတူတူပဲ"
…..
ရိုးရာဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုလေးနှစ်ယောက်က ထိုလက်ရာနှစ်ခုကို ပရိသတ်အား ပြသလိုက်သည်။
ဟယ်ကျုံးက အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်လေသည်။
"ကောင်းပါပြီ။ အခု ဒီလက်ရာနှစ်ခုအတွက် လေလံပွဲစလိုက်ကြရအောင်။ ကြမ်းခင်းဈေးကတော့ တစ်သိန်းပါ။ ရရှိလာတဲ့ငွေအားလုံးကို တောင်တန်းဒေသက ကလေးတွေအတွက် လှူပေးသွားမှာပါ"
လီလျန်ကျဲက လက်မြှောက်လိုက်၏။
"လီလီရဲ့ပန်းချီကားအတွက် တစ်သန်း လေလံတင်မယ်"
သူတို့က တွဲဖက်အနုပညာရှင်များဖြစ်သောကြောင့် လီလျန်ကျဲအနေနှင့် သူ(မ)ကို ပံ့ပိုးပေးရမည်သာ။
"ဆရာလီက တစ်သန်းလေလံတင်ထားပါတယ်။ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်"
ဟယ်ကျုံးက ပြုံးလျက် ဆိုလာလေသည်။ ထို့နောက် ကျေးဇူးတင်ကြောင်းပြသရန် လီလျန်ကျဲကို ဦးညွှတ်လိုက်၏။
"ယောင်ယောင်ရဲ့ကြက်ပေါက်လေးပန်းချီကားအတွက် ဆယ်သန်း လေလံတင်မယ်"
ကျန်းရွေ့က မောက်မာစွာ ပြောလိုက်လေသည်။
"ဆယ်သန်းလား?"
ပွဲကြည့်သူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ မည်သို့ပင်ဖြစ်စေ ကျုံးလီလီနှင့် လီယောင်ယောင်တို့မှာ ထိပ်တန်းအနုပညာရှင်များဖြစ်သော်ငြား သူတို့လက်ရာများကြားရှိ ဈေးနှုန်းကွာဟချက်ကတော့ ကြီးမားလှသည်။
လီယောင်ယောင်က ခနဲ့တဲ့တဲ့ပြုံးလျက် သရော်လေတော့သည်။
"အစ်မလီလီ.. ရှင့်ရဲ့လက်ရေးလှစာလုံးက လက်ရာမြောက်ချင်မြောက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မရဲ့ပန်းချီကားလောက် နာမည်မကြီးပါဘူး"
တစ်စုံတစ်ယောက်ကို ချနင်းခြင်းမှာ မလုံလောက်ချေ။ ယခုတော့ လီယောင်ယောင်က ပြောင်ပြောင်တင်းတင်း ရန်စလာလေပြီ။ ထိုကဲ့သို့သော အပြုအမူမျိုးက နည်းနည်းလွန်ကဲလှပေသည်။
************