ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ
Vol. 3 Ch. 36
လီလျန်ကျဲလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ဖက်လူက လေလံဈေးကို ရုတ်တရက်ကြီး သူ့ထက် ကိုးသန်းပိုပေးလိုက်ခြင်းမှာ သူ့အား တမင်သက်သက် အရှက်ခွဲခြင်းပင်။
သို့သော် တစ်ဖက်လူကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး သည်းခံလိုက်ရသည်။
ကျိုတိုမြို့ရှိ သခင်ငယ်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ကျန်းရွေ့တွင် ဘီလျံနှင့်ချီသော ပိုင်ဆိုင်မှုများ ရှိသောကြောင့် စည်းစိမ်ဥစ္စာချင်းယှဉ်လျှင် ပြိုင်နိုင်စရာမရှိပေ။
ဟယ်ကျုံးက ပြုံးပြုံးလေးပြောလိုက်၏။
"မိန်းကလေးယောင်ယောင်ရဲ့ပန်းချီကားက ဒီလောက်လူကြိုက်များလိမ့်မယ်လို့ ထင်မထားဘူး။ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ် မစ္စတာကျန်းရွေ့"
ကျန်းရွေ့က သရော်ပြုံးပြုံးလိုက်၏။ အလှပဂေးတစ်ယောက်၏ နှလုံးသားကို ဝယ်ရန်အတွက် ပိုက်ဆံဆယ်သန်းသုံးလိုက်ရခြင်းမှာ တန်ပေသည်။
ကျုံးလီလီကတော့ သက်ပြင်းသာချလိုက်မိသည်။
တချို့လူများတွင် နောက်ခံများရှိကြသော်ငြား သူ(မ)ကတော့ ဒုတိယမျိုးဆက်လူကုံထံများကို ကပ်တွယ်နေရခြင်းအား သဘောမကျသောကြောင့် တိတ်တဆိတ်သည်းခံနေရုံသာ တတ်နိုင်သည်။
ဟယ်ကျုံးက စင်မြင့်ပေါ်သို့ တစ်ချက်ကြည့်လိုက်၏။
"ဈေးပိုပေးချင်တဲ့လူများ ရှိသေးလား"
ယဲ့ချန်းက လီလျန်ကျဲ၏မကျေနပ်မှုနှင့် ကျုံးလီလီ၏ကူကယ်ရာမဲ့မှုကို သတိပြုမိသည်။ ထို့ကြောင့် ရုတ်တရက်လက်မြှောက်လိုက်၏။
"ကျွန်တော် မိန်းကလေးလီလီရဲ့လက်ရေးလှစာလုံးအတွက် သန်းတစ်ရာ လေလံတင်မယ်"
"သန်းတစ်ရာ!"
ထိုနေရာတစ်ခုလုံး သုသာန်တစပြင်အလား တိတ်ဆိတ်သွားသည်။
တစ်စုံတစ်ယောက်က ပရဟိတရန်ပုံငွေအတွက် တစ်ချီတည်းနှင့် သန်းတစ်ရာကိုလေလံတင်ရလောက်သည်အထိ ရက်ရောလိမ့်မည်ဟု ဘယ်သူမှထင်မထားကြပေ။
လီလျန်ကျဲနှင့် ရွှီခယ်တို့နှစ်ယောက်စလုံးမှာ ထိုလေလံတင်သူကြောင့် အံ့သြမှင်တက်သွားကြသည်။
ယဲ့ချန်းပါလား!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ရွှီခယ်နှင့် လီလျန်ကျဲတို့၏မျက်လုံးထဲမှာတော့ ယဲ့ချန်းက ပွဲဦးထွက်ခါစလူသစ်တစ်ယောက်ပင်။
ထို့ပြင် ယဲ့ချန်းကိုယ်တိုင်ကလည်း သူသည် တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း ပြောထားသေးသည်။
သူက သန်းတစ်ရာကို လေလံတင်နိုင်လောက်တဲ့အထိ ချမ်းသာတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ထိုနေရာရှိ လူတိုင်း၏မျက်လုံးများက ယဲ့ချန်းဆီသို့ ကျရောက်လာသည်။
"ဝိုး! ချောလိုက်တဲ့လူ"
"သန်းတစ်ရာကိုတောင် ထုတ်လှူတာဆိုတော့ သူက လူကုံထံမိသားစုက သားတစ်ယောက်ပဲဖြစ်ရမယ်"
"ချစ်တယ် ချစ်တယ်.. ချမ်းသာပြီး ရုပ်ရည်ကလည်း ချောမောတယ်။ သူက ငါ့အပိုင်ပဲ"
ပွဲကြည့်သူများထဲရှိ အမျိုးသမီးကြယ်ပွင့်များနှင့် ဆယ်လီများမှာ ယဲ့ချန်းအား တောက်ပလင်းလက်နေသော မျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။
ကျုံးလီလီလည်း ကြက်သေသေသွားရသည်။ ယဲ့ချန်း လေလံတင်လာလိမ့်မည်ဟု သူ(မ) လုံးဝမမျှော်လင့်ထားပေ။ သန်းတစ်ရာကို ချက်ချင်းလေလံတင်လိုက်မည်ဟု ပို၍ပင် မထင်ထားပေ။
သို့သော် ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သူ(မ)သိထားသည်။
သူ့မှာ ဒီလောက်ပိုက်ဆံအများကြီး ဘယ်လိုလုပ်ရှိနေရတာလဲ?
စင်ပေါ်ရှိ ဟယ်ကျုံးခမျာ ကြက်သေသေသွားရပြီး ယဲ့ချန်းကို ကြည့်လိုက်မိသည်။
ဒီလူငယ်လေးက ဘယ်သူလဲ? အရမ်းချမ်းသာတာပဲ!
ထိုခန်းမထဲဝယ် နောက်တစ်ကြိမ် အုန်းအုန်းကျက်ကျက်ဖြးစ်သွားပြန်သည်။
ဟယ်ကျုံးက အပြုံးပန်းဆင်၍ ပြောလိုက်သည်။
"သန်းတစ်ရာလှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာယဲ့..တောင်တန်းဒေသက ကလေးတွေကိုယ်စား ကျွန်မကပဲ ရှင့်ကို ကျေးဇူးတင်ပါတယ်"
လီယောင်ယောင်၏မျက်နှာထက်တွင် အလွန်အမင်းမကျေမနပ်ဖြစ်နေသော အမူအရာတစ်ခု ပေါ်လာလေသည်။
အကြောင်းမှာ ရန်ပုံငွေအများဆုံးရအောင် လုပ်ပေးနိုင်သူကသာ မနက်ဖြန်၏ သတင်းခေါင်းစီးတွင် ပါလာနိုင်သောကြောင့်ပင်။
ယခုတလော လီယောင်ယောင်သည် ပရိသတ်အင်အားတောင့်တင်းဖို့ ရည်ရွယ်နေသည်ဖြစ်ရာ ကျော်ကြားရန်မှာ သူ(မ)အတွက် အလွန်အရေးကြီးနေသည်။
ထို့ကြောင့် နည်းအမျိုးမျိုးသုံး၍ ကျန်းရွေ့ကိုဆွဲဆောင်ခဲ့ခြင်းပင်။ ဤလေလံပွဲတွင် သူ့ဘက်က ပိုက်ဆံကို ဖောဖောသီသီသုံးပေးပြီး သူ(မ)အား သတင်းခေါင်းစီးသို့ရောက်အောင် တွန်းတင်ပေးနိုင်ရန် မျှော်လင့်ခဲ့သည်။
အစီအစဉ်မှာ မလွဲချော်နိုင်သော်ငြား ထင်မထားပါဘဲ ယဲ့ချန်းဆိုသည့် လူတစ်ယောက် ပေါ်လာခဲ့သည်။
သူ(မ)လည်း ပွဲကြည့်ပရိသတ်ထဲရှိ ကျန်းရွေ့ကို စိုးရိမ်တကြီးလှမ်းကြည့်လိုက်၏။ ကျန်းရွေ့လည်း အလွန်အမင်းမကျေမနပ်ဖြစ်နေဟန်ပင်။
အစကတော့ ဤလေလံပွဲတွင် သူ ဟိတ်ဟန်ထုတ်ပြဖို့ ရည်ရွယ်ထားခဲ့သည်။ သို့သော် ထင်မထားပါဘဲ ယဲ့ချန်းပေါ်လာသဖြင့် သူလည်း ဘုံပျောက်ရလေတော့သည်။
ကျန်းရွေ့မှာ အံတင်းတင်းကျိတ်၍ ပြောလိုက်၏။
"မိန်းကလေးယောင်ယောင်ရဲ့ပန်းချီကားအတွက် သန်းတစ်ရာ့ငါးဆယ်!"
လူအပေါင်းမှာ တစ်ဖန်ဆူညံသွားပြန်လေသည်။
ကျိုတိုမြို့ရှိ ကျန်းမိသားစု၏အကြီးဆုံးသခင်လေးဟု ခေါ်ထိုက်ပေသည်။ သူသည် ဘယ်လိုဟိတ်ဟန်ထုတ်ပြရမလဲဆိုသည်ကို ကောင်းကောင်းသိသည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပွဲကြည့်ပရိသတ်များလည်း ရင်ဖိုသွားရသည်။
သခင်လေးနှစ်ယောက်က ဘီလျံနှင့်ချီပြီး လေလံတင်ရင်း အကြိတ်အနယ်ယှဉ်ပြိုင်နေကြလေရာ အလွန်အထင်ကြီးဖို့ကောင်းသည်။
ကျန်းရွေ့က ယဲ့ချန်းအား ရန်စလိုဟန်အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
သို့သော် ယဲ့ချန်းက ပေါ့ပေါ့ပါးပါးရယ်ရုံသာရယ်လိုက်သည်။
"တစ်ဘီလျံ"
အဆုံးကျလျှင် ဤပိုက်ဆံများက ပရဟိတရန်ပုံငွေထဲသို့ ရောက်သွားမည်ဖြစ်ရာ ယခုလောလောဆယ် တစ်ခါတည်း ဟိတ်ဟန်ထုတ်ပြလိုက်ရုံပင်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ တစ်စုံတစ်ယောက်က ယဲ့ချန်းကို မှတ်မိလိုက်သည်။
"ဒါက ပြီးခဲ့တဲ့တစ်ခေါက် ပရဟိတပွဲတုန်းက တစ်ဘီလျံလှူခဲ့တဲ့ မစ္စတာယဲ့မလား"
"သူပဲ! ငါ အဲဒီဗီဒီယိုကိုကြည့်ပြီးပြီ"
"ဝိုး ဒီလူက အရမ်းချမ်းသာတာပဲ။ နောက်ထပ်တစ်ဘီလျံလှူလိုက်ပြန်ပြီ"
လေလံပွဲခန်းမကား တစ်ဖန်တိတ်ဆိတ်သွားပြန်လေသည်။ သူတို့ထဲတွင် လူကုံထံများစွာရှိ၏။ ထို့ကြောင့် သန်းပေါင်းများစွာ ထုတ်လှူခြင်းမှာ ဖြစ်နိုင်သော်လည်း တစ်ဘီလျံကတော့ အများစုအတွက် ခက်ခဲလှသည်။
ယဲ့ချန်းကတော့ တစ်ဘီလျံကို အသာလေးထုတ်လိုက်သည်။ ဤအဖြစ်ကြောင့် သူတို့ မှင်တက်လုမတတ်ဖြစ်သွားရသည်။
အရေးအကြီးဆုံးအချက်မှာ ဤလူငယ်လေးကို သူတို့ မရင်းနှီးပေ။ သူတို့၏အထက်တန်းလွှာအသိုင်းအဝိုင်းထဲမှ ဟုတ်ပုံမရချေ။
ဤသူဌေးက ဘယ်ကရောက်လာလေသလဲ။
ကျုံးလီလီခမျာ စင်ပေါ်မှာ အကြောင်သားရပ်နေမိသည်။ သူ(မ)၏အမြင်မှာ ယဲ့ချန်းက ရုပ်ရည်ချောမောသော လူသစ်တစ်ယောက်ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် သူသည် ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ဖြစ်နေ၏။
လီလျန်ကျဲနှင့် ရွှီခယ်တို့လည်း အံ့အားသင့်သွားရသည်။
ယဲ့ချန်း၏သရုပ်ဆောင်စွမ်းရည်ကတင် သူတို့အား လေးစားအောင် လုပ်နိုင်ခဲ့သည်။ ယခုလိုလည်း ချမ်းသာနေလိမ့်မည်ဟု သူတို့ ထင်မထားပေ။
နောက်ဆုံးမှာတော့ ယဲ့ချန်း၏စကားများကို သူတို့ နားလည်လိုက်ရလေပြီ။ သရုပ်ဆောင်ခြင်းမှာ အမှန်စင်စစ် သူ့ဝါသနာပင်။
တက္ကစီမောင်းခြင်းမှာ ဘဝအတွေ့အကြုံကို ခံစားနေရုံသက်သက်ပင်။
ကျန်းရွေ့ကတော့ ဒေါသူပုန်ထနေချေသည်။ တစ်ဘီလျံဆိုသည်မှာ သူ လိုက်မမီသောပမာဏပင်။
လီယောင်ယောင်က သူ့အား မျက်စပစ်ပြနေသော်လည်း မမြင်ချင်ယောင်သာဆောင်နေလိုက်သည်။
တစ်ဘီလျံကို လှူပစ်ရအောင် သူက ရူးနေလို့လား? အိမ်ပြန်ရောက်ရင် သူ့အဖေက သူ့ကို အရှင်လတ်လတ်အရေခွံနွှာလိမ့်မယ်!
"မစ္စတာယဲ့.. စင်ပေါ်ကို တက်လာပေးပါဦး"
ဟယ်ကျုံးက ဆိုလိုက်လေသည်။
ယဲ့ချန်းလည်း စင်ပေါ်သို့ တက်သွားလိုက်၏။ စင်အောက်ရှိ ကျန်းရွေ့ကတော့ ဒေါသထွက်နေလေသည်။
အစတုန်းက စင်ပေါ်သို့ တက်ရမည့်လူမှာ သူဖြစ်၏။ သို့သော် ယဲ့ချန်းဘက်က တစ်ဘီလျံလှူသလို လိုက်လှူရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။
"မစ္စတာယဲ့..ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီလောက်ပိုက်ဆံအများကြီးကို တစ်ချီတည်းနဲ့လှူလိုက်တာဆိုတော့ ရှင့်အလုပ်အကိုင်က ဘာများလဲမသိဘူး"
ဟယ်ကျုံး ရယ်မောလိုက်လေသည်။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်၏။
"ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"
"တက္ကစီဒရိုင်ဘာ?"
လူတိုင်း အံ့သြကုန်ကြသည်။
လာနောက်နေတာလား? တက္ကစီဒရိုင်ဘာတစ်ယောက်က တစ်ဘီလျံကို ထုတ်လှူနိုင်တယ်ပေါ့?
"မစ္စတာယဲ့...ရှင်က အရမ်းနောက်တတ်တာပဲ"
ဟယ်ကျုံးက ကိုးရိုးကားရားဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်နောက်နေတာမဟုတ်ပါဘူး။ တကယ်ပြောတာ။ ကျွန်တော့်တက္ကစီဒရိုင်ဘာယူနီဖောင်းကို ကြည့်လိုက်"
ထိုအခါမှသာ လူတိုင်း သတိထားမိလိုက်ကြသည်။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာယူနီဖောင်းကို တကယ်ဝတ်ထားလေသည်။
"တက္ကစီဒရိုင်ဘာတစ်ယောက်အနေနဲ့ ကျွန်တော် ဆင်းရဲနွမ်းပါးတဲ့ဒေသတွေကို အသစ်စက်စက်ကျောင်းအဆောက်အအုံတွေနဲ့ စားပွဲတွေ ထောက်ပံ့ပေးချင်ပါတယ်။ နောက်နောင်လည်း နိုင်ငံတစ်ဝှမ်းမှာ မူလတန်းကျောင်းပေါင်းတစ်ထောင်လောက် ဆောက်လုပ်ပေးဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်က သိပ်မချမ်းသာပေမဲ့ ဟွားနိုင်ငံရဲ့ ပရဟိတပရောဂျက်တွေအတွက် သေးငယ်တဲ့အထောက်အကူပြုမှုတစ်ခုကို ပေးအပ်နိုင်ဖို့ မျှော်လင့်ပါတယ်"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြန်လေသည်။
မင်း လာနောက်နေတာပဲဖြစ်ရမယ်! မင်းက သိပ်မချမ်းသာဘူးပေါ့?
တစ်ဘီလျံကို ချက်ချင်းထုတ်လှူလိုက်ပြီး မူလတန်းကျောင်းတစ်ထောင်လောက် လှူဒါန်းမယ်ဆိုပြီး မင်းကိုယ်မင်း မချမ်းသာဘူးလို့ အရှက်မရှိပြောရဲသေးတယ်ပေါ့?
ယဲ့ချန်းက သေးငယ်သောအထောက်အကူပြုမှုဟု ပြောလိုက်ချိန်ဝယ် စင်အောက်ရှိ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များမှာ ရှက်ရွံ့သွားသည်။
သူတို့ထဲရှိ အများစုက တစ်ဘီလျံကျော်ပိုင်ဆိုင်မှုများ ရှိကြသော်ငြား ယဲ့ချန်းလို ငွေသားတစ်ဘီလျံကို ထုတ်နိုင်ဖို့မှာ သူတို့အတွက် မဖြစ်နိုင်ပေ။
သောင်းသောင်းဖြဖြလက်ခုပ်သြဘာသံများ ထွက်ပေါ်လာပြန်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင်လည်း မှတ်ချက်များ အပြည့်ပင်။
"တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလောက်များတဲ့ပိုက်ဆံတွေကို ရှာနိုင်တယ်ပေါ့။ ဒါဆို ငါလည်း တက္ကစီမောင်းချင်တယ်"
"သူက တက္ကစီမောင်းရင်း ဘဝအတွေ့အကြုံယူနေတဲ့ ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ပဲ ဖြစ်ရမယ်"
"ကျွန်တော့်မှာ ပိုက်ဆံအများကြီးမရှိပါဘူး။ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"
ထိုစကားမှာ အွန်လိုင်းပေါ်တွင် နာမည်ကြီးအဆိုအမိန့်တစ်ရပ် ဖြစ်လာခဲ့သည်။
လေလံပွဲပြီးသွားသည့်အခါ ကျုံးလီလီက ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ယဲ့ချန်းကို လှမ်းကြည့်လိုက်၏။
"ယဲ့ချန်း.. ရှင်က ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ဆိုတာ ကျွန်မမသိခဲ့ဘူး"
"ကျွန်တော်က ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ပါလို့ ဘယ်သူပြောလဲ။ ပထမမျိုးဆက်လူကုံထံပါနော်။ ဟုတ်ပြီလား"
ယဲ့ချန်းက အမှန်ပြန်ပြင်ပေးလိုက်သည်။
"ကျေးဇူးပါပဲ။ ဒီနေ့ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မလည်း အရှက်ကွဲနေလောက်ပြီ"
"ဟားဟား မလိုပါဘူးဗျာ။ ကျွန်တော်က ဆင်းရဲသားကလေးတွေအတွက် တစ်ခုခုလုပ်ပေးချင်လို့ပါ"
ယဲ့ချန်းလည်း ကျုံးလီလီ၏အိမ်သို့ ကားမောင်းပြီး ပို့ပေးလိုက်သည်။
ကျုံးလီလီက ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို အမှတ်ရလိုက်သည်။
"စကားမစပ် ကျွန်မအိပ်ခန်းထဲက မီးလုံးက ပျက်နေလို့။ ရှင် ပြင်ပေးလို့ရမလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ"
ကားကို ပါကင်ထိုးပြီးနောက် ယဲ့ချန်းနှင့် ကျုံးလီလီတို့လည်း အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
ယဲ့ချန်းက လှေကားတစ်ခုကို ယူလာပြီးနောက် ထိုလှေကပေါ်သို့တက်ကာ ဟိုလှည့်သည်လှည့်လုပ်ပြီးနောက် မီးလုံးကိုလဲလိုက်၏။
ထို့နောက် လှေကားပေါ်က ဆင်းတော့မည့်ဆဲဆဲမှာပင် ချော်ကျပြီး ပြုတ်ကျလေတော့သည်။
ကံကောင်းချင်တော့ ယဲ့ချန်းသည် နတ်ဘုရားအဆင့် ကွန်ဖူးသိုင်းပညာကို ပိုင်ဆိုင်ထားသဖြင့် လေထဲမှာပင် သူ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ ခုတင်ထက်သို့ ဦးတည်လိုက်သည်။
သို့သော် ကျုံးလီလီက ခုတင်ပေါ်တွင်ထိုင်၍ ယဲ့ချန်း မီးလုံးလဲသည်ကို ကြည့်နေသဖြင့် ရှောင်တိမ်းရန် နောက်ကျသွားခဲ့သည်။
ဤသို့ဖြင့် ယဲ့ချန်း၏ခန္ဓာကိုယ်က ကျုံးလီလီပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားသည်။
တစ်ပြိုင်တည်းမှာပင် အိပ်ခန်းတံခါးကလည်း ပွင့်သွားလေသည်။
ထို့နောက် အထဲကိုဝင်လာသော အသက်ငါးဆယ်အရွယ် မိန်းမတစ်ယောက်က အိပ်ရာပေါ်ရှိ ယဲ့ချန်းနှင့် ကျုံးလီလီကို အကြောင်သားငေးကြည့်နေမိတော့သည်။
**************