← Chapters

အတူတောင်တက်ကြရအောင်

Vol. 3 Ch. 37

အတူတောင်တက်ကြရအောင်

Vol. 3 Ch. 37

အ

"အမေ!"

ကျုံးလီလီခမျာ တံခါးဝရှိ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးကို မြင်သွားသောအခါ လှမ်းအော်ခေါ်ရင်း သူ(မ)၏မျက်နှာလှလှလေး ရှက်သွေးဖြန်းသွားသည်။

ယဲ့ချန်းလည်း အနည်းငယ်နေရခက်နေသည်။ သူတို့၏လက်ရှိအနေအထားက မရေမရာပင်။

မဖြစ်ဘူး.. ဒီတစ်ခေါက်တော့ မြစ်ဝါမြစ်ထဲကို ခုန်ချရင်တောင် ဒီအဖြစ်အပျက်ကို ရှင်းပြနိုင်တော့မှာမဟုတ်ဘူး...

ထိုအမျိုးသမီးကြီးက သူ့သမီးကို အသားယူသည်ဟုမြင်ပြီး သူ့အား လူဆိုးလူမိုက်တစ်ယောက်နှယ် ဆဲဆိုတော့မည်ဟု ယဲ့ချန်းမြင်ယောင်နေမိသည်။

ထိုအမျိုးသမီးကြီးက သူတို့နှစ်ယောက်၏ မရေမရာမြင်ကွင်းကို မြင်ပြီးနောက် အစတော့ ကြက်သေသေသွားသော်ငြား နောက်တော့ ပြုံးလိုက်သည်။

"ရပါတယ်။ ရပါတယ်။ မင်းတို့တွေ ဆက်လုပ်ကြ။ ငါ မင်းတို့တွေစားဖို့အတွက် ကြက်စွပ်ပြုတ်သွားလုပ်လိုက်ဦးမယ်"

ထို့နောက် ထိုအမျိုးသမီးကြီးက တံခါးကို ဘန်းခနဲပိတ်ချလိုက်သည်။

ယဲ့ချန်း : "...."

ကျုံးလီလီခမျာ ယဲ့ချန်းကို မနည်းတွန်းဖယ်၍ ထွက်ပြေးသွားလေသည်။

"အမေ.. အမေထင်နေသလိုမဟုတ်ပါဘူး"

သမီးဖြစ်သူ၏ ရှက်ရွံ့နေသော အမူအရာကိုမြင်သောအခါ လီရှို့ဟွာမှာ သူတို့နှစ်ယောက်၏ပတ်သက်မှုကို ပိုသေချာသွားသည်။

"ဟားဟား.. အမေလည်း ဒီအရွယ်ကဖြတ်သန်းလာတာပါ။ အကုန်နားလည်တယ်။ ရှက်နေစရာမလိုပါဘူး"

ယဲ့ချန်းလည်း အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီးနောက် ထွက်လာခဲ့လိုက်သည်။

"အဒေါ်.. အထင်လွဲနေပြီ ကျွန်တော်တို့က..."

"ကောင်းပါပြီ။ စိတ်ချပါ။ အခု ခေတ်တွေလည်းပြောင်းကုန်ပါပြီ။ အန်တီကလည်း ရှေးရိုးစွဲတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ နားလည်တယ်"

ယဲ့ချန်းမှာ စိတ်ဓာတ်ကျသွားရသည်။

ချီးကိုနားလည်တာလား!

ကျွန်တော်တို့ကဖြင့် အစတုန်းက ဘာမှဖြစ်နေတာမဟုတ်ဘူး။ ဒါပေမဲ့ အခု ခင်ဗျားလုပ်မှပဲ တစ်ခုခုဖြစ်နေသလို ပုံပေါက်နေပြီ။

လီရှို့ဟွားလည်း ယဲ့ချန်းကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်လိုက်မိသည်။

ချောမောပြီး အရှိန်အဝါကလည်း ထူးခြားသည်။

ယဲ့ချန်း၏ဆွဲဆောင်မှုက မိန်းမငယ်လေးများအပေါ်တွင်သာ သက်ရောက်မှုရှိသည်မဟုတ်ပေ။ အမျိုးသမီးကြီးများအပေါ်တွင်ပါ သက်ရောက်သည်။

လီရှို့ဟွားကလည်း သားမက်လောင်းတစ်ယောက် ရှာနေသည်ဖြစ်ရာ သူ့ကို ပိုပိုပြီးသဘောကျနေမိသည်။

"နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ငါတို့လီလီကို လိုချင်နေပြီပဲ"

လီရှို့ဟွားခမျာ သက်ပြင်းမချဘဲ မနေနိုင်ပေ။

ကျုံးလီလီမှာမူ ထိုစကားကိုကြားပြီး ရှက်သွေးဖြာသွားရသည်။

"အမေ.. ဘာတွေပြောနေတာလဲ"

မည်သို့ပင်ဖြစ်စေ သူ(မ) ယဲ့ချန်းနှင့်တွေ့သည်မှာ မကြာသေးပေ။ ထို့ပြင် သူ(မ)၏အမေကလည်း ယဲ့ချန်းအား သူ(မ)တွင် ရည်းစားမရှိကြောင်း ပြောပြလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ကျုံးလီလီလည်း ယဲ့ချန်းကို စိတ်ဝင်စားသည်။

သို့သော် သူ(မ)၏အမေက ဝင်ဖျက်နေလေရာ သူ(မ)အနေနှင့် နောင်အနာဂတ်တွင် ယဲ့ချန်းအား မည်သို့လိုက်ရမည်နည်း။

"အဒေါ်.. လီလီက အရမ်းလှတဲ့ စူပါစတားတစ်ယောက်ပါ။ သူ့ကို ဘယ်သူမှမလိုချင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ဟားဟား အမှန်ပဲ.. ဒီကောင်မလေးမှာ ဒီလောက်ချောတဲ့ရည်းစားတစ်ယောက်ရှိနေတာကို ငါ့ကို လျှို့ဝှက်ထားတယ်။ ငါ့မှာတော့ အပြင်ကနေ လျှောက်ရှာနေတာ"

"အဒေါ် ကျွန်တော်တို့က..."

ဤကိစ္စကိုရှင်းပြတာ ပိုကောင်းလိမ့်မည်ဟု ယဲ့ချန်းဆုံးဖြတ်ချက်ချလိုက်၏။

သို့သော် ကျုံးလီလီ၏အမေက ယဲ့ချန်အား ရှင်းပြခွင့်မပေးပေ။

"မင်းတို့နှစ်ယောက်.. လုပ်စရာရှိတာမြန်မြန်လုပ်ကြနော်။ မင်းတို့ ဟိုတယ်မှာ ဘိုကင်တွေဘာတွေတင်ပြီးပြီလား။ စိတ်ချ..မင်းတို့ ကလေးရရင် ငါ့တာဝန်သာထားလိုက်။ ငါက မြေးချီရဖို့ နေ့တိုင်းအိပ်မက်မက်နေတာ"

ယဲ့ချန်း : "..."

ဤသည်မှာ မြန်လွန်းလှ၏။ သူတို့နှစ်ယောက်က ဘာဆက်ဆံရေးမှတောင် မစရသေးပါဘဲ ကလေးကိစ္စက စီစဉ်ပြီးနေချေပြီ။

လီရှို့ဟွား ရယ်လိုက်မိသည်။

"ကြည့်ပါဦး။ ငါ တော်တော်အလိုက်မသိတာပဲ။ မင်းတို့ ဆက်လုပ်ကြ။ ငါ အပြင်ထွက်ပြီး မင်းတို့ အားပြည့်အောင် ကြက်သားသွားဝယ်လိုက်ဦးမယ်"

ယဲ့ချန်းမရှင်းပြနိုင်ခင်မှာပင် လီရှို့ဟွားက ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလေတော့သည်။

ကျန်နေခဲ့သည့် လူငယ်နှစ်ယောက်ကတော့ ရှက်သွေးဖြာနေကြသည်။

"ယဲ့ချန်း ကျွန်မတောင်းပန်ပါတယ်။ ကျွန်မအမေက အဲဒီလိုပဲ"

ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

"ရပါတယ်။ လီလီ..ကျွန်တော် အရင်ပြန်သင့်ပြီထင်တယ်။ အဒေါ်က အရမ်းစိတ်အားထက်သန်လွန်းတယ်"

"အင်း"

ကျုံးလီလီ ခေါင်းညိတ်ပြလိုက်၏။

"စကားမစပ်.. ကျွန်မ ခုနတုန်းက ရှင့်ကို ကြယ်ငါးပွင့်ရီဗျူးမပေးရသေးဘူးနော်"

ထိုသို့ပြောပြီးနောက် ကျုံးလီလီက ဖုန်းထုတ်၍ ယဲ့ချန်းအား ကြယ်ငါးပွင့်ရီဗျူး ပေးလိုက်သည်။

[တင်! သုံးကြိမ်မြောက်အဆင့်သတ်မှတ်ချက်(၃/၅)ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ စနစ်ဆုလာဘ် : ဟာသဘုရင်!]

ဖျော်ဖြေရေးစွမ်းရည်နောက်တစ်ခုပင်။

ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များကို ရရှိခြင်းသည် အလုပ်အကိုင်စွမ်းရည်အသစ်များကို ရနိုင်သည်ဖြစ်ရာ ကြိုးစားမှဖြစ်မည်။

ယဲ့ချန်းထံသို့ ဖုန်းဝင်လာ၏။

"ယဲ့ချန်း..မင်းလား။ အစ်ကိုကျန်းပါကွ"

"ဒါရိုက်တာကျန်း ဟယ်လို!"

"ရှောင်ယဲ့..ဒီတစ်ခေါက် မင်း ငါ့ကို အံ့သြအောင်လုပ်နိုင်ခဲ့တာပဲ"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"မဟုတ်တာဗျာ။ ကျွန်တော်က သာမန်တက္ကစီဒရိုင်ဘာလေးတစ်ယောက်ပါ။ ပိုက်ဆံနည်းနည်းပဲရှိတာပါ"

ကျန်းမော့၏စိတ်ထဲမှာတော့ ဤသို့ရေရွတ်နေမိသည်။

တက္ကစီဒရိုင်ဘာတွေက သူတို့မိသားစုကို ထောက်ပံ့ပေးနေရတာလေ။ မင်းက ပျော်ဖို့သက်သက် လုပ်နေတာကို.. ယှဉ်လို့ရမှာလား?

"ယဲ့ချန်း.. ငါ မင်းကို ရုပ်ရှင်အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့။ မင်း ကျိုးရှင်းရှင်းကိုသိလား"

"သိတာပေါ့။ ကျွန်တော် သူ့ရုပ်ရှင်တွေကို အရမ်းကြိုက်တာ"

"သူ ခုနကပဲ ငါ့ကိုဖုန်းဆက်တယ်။ သရုပ်ဆောင်တစ်ယောက်ရှာခိုင်းတာကွ။ အဲဒါနဲ့ ငါလည်း မင်းကိုသတိရမိလိုက်တယ်လေ။ ဒါပေမဲ့ မင်း ဟာသဇာတ်လမ်းတွေကို ပိုင်ပါ့မလားမသိဘူး"

ယခုလေးတင် ဟာသဘုရင်စွမ်းရည်ကို ရလိုက်သည်။ ယခုချက်ချင်း ဟာသသရုပ်ဆောင်ကျိုးရှင်းရှင်းနှင့် အလုပ်တွဲလုပ်ရတော့မည်တဲ့လား။

"ကိစ္စမရှိပါဘူး။ ကျွန်တော် ဆရာကျိုးကိုသွားရှာပြီး စမ်းကြည့်လိုက်ပါ့မယ်"

"ကောင်းပြီ။ သူက အခု မိုတုရုပ်ရှင်နဲ့ရုပ်မြင်သံကြားမြို့တော်မှာ။ မင်း အဲဒီကိုသွားလိုက်လို့ရတယ်"

"နားလည်ပါပြီ"

ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းလည်း လေဆိပ်သို့ မောင်းသွားလိုက်၏။

သူ့ကိုယ်ပိုင်လေယာဉ်က လေဆိပ်တွင် နှစ်ဆယ့်လေးနာရီ အဆင်သင့်ဖြစ်နေသောကြောင့် အချိန်မရွေးထွက်ခွာနိုင်သည်။

လေယာဉ်ပေါ်သို့ တက်ပြီးနောက် ယဲ့ချန်းလည်း မိုတုကို ခပ်မြန်မြန်ပြန်လာခဲ့လိုက်သည်။

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ကားပါကင်တွင်ရပ်ထားသော သူ့ရှားလိကားစုတ်လေးကို တွေ့လိုက်ရသည်။

တက္ကစီအငှားappထဲသို့ဝင်ကာ ငှားမည့်လူတစ်ယောက်ယောက်များ ရှိသလားဟု သူ ကံစမ်းချင်မိခဲ့သည်။

"တက္ကစီငှားချင်တဲ့လူတစ်ယောက် တကယ်ရှိတာပဲ"

ယဲ့ချန်းက ရှားလိကားလေးကို လေဆိပ်ထွက်ပေါက်၌ ရပ်လိုက်သောအခါ လူငယ်အမျိုးသားတစ်ယောက်နှင့် သက်ကြီးစုံတွဲတစ်တွဲက လမ်းဘေးနားတွင် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရ၏။

ထိုလူငယ်လေးက အလွန်ကြိုးစားရှာသည်။ သက်ကြီးရွယ်အိုအတွဲကို ကားထဲသို့ ခရီးဆောင်အိတ်များ ကူတင်ပေးသည်။

ကားထဲသို့ ဝင်ပြီးနောက် ထိုလူငယ်လေးက ရှေ့ဘက်ရှိ ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ ထိုစုံတွဲကတော့ အနောက်မှာ ထိုင်သည်။

ယဲ့ချန်းလည်း ကားမောင်း၍ ထွက်လာခဲ့လိုက်သည်။

သူ့ဘေးရှိ လူငယ်လေးက ရုတ်တရက်မေးလာလေသည်။

"မစ္စတာ...ဒီနားမှာ တော်တော်မြင့်တဲ့ တောင်တစ်ခုရှိလား"

"တောင်စွယ်ခြောက်ခုတောင်တန်းက တော်တော်မြင့်တယ်။ ရှုခင်းလည်းကောင်းတယ်"

"အမေနဲ့အဖေ.. ကျွန်တော် မနက်ဖြန်ကျရင် အမေနဲ့အဖေကို အလည်လိုက်ပို့ပေးမယ်"

"အင်း ကောင်းပြီ"

အနောက်ဘက်ရှိ အဘိုးကြီး၏အသံက အလွန်အေးစက်စက်နိုင်လှ၏။

ကားထဲရှိ လေထုမှာ အလွန်ပြင်းထန်နေသည်။ ခရီးတစ်လျှောက်လုံး မည်သူကမှ စကားမပြောကြပေ။

"အဖေ..ကျွန်တော်နဲ့ အားကျွင်းအတွက် အခွင့်အရေးတစ်ခုလောက် ရှိသေးလား"

"အခွင့်အရေးလား။ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ။ မင်းတို့ မြန်မြန်ပြတ်လိုက်ရင် မင်းအတွက်ရော ရှောင်ကျွင်းအတွက်ပါ ပိုကောင်းသွားလိမ့်မယ်"

"ဒါဆိုလည်း ကောင်းပါပြီ။ မနက်ဖြန်ကျရင် ကျွန်တော် အဖေတို့ကို တောင်တက်ဖို့ ခေါ်သွားပေးမယ်။ ပြီးမှ ကျွန်တော်တို့ပြန်လာပြီး လမ်းခွဲလိုက်မယ်"

သူ့ဘေးရှိ ထိုလူငယ်လေးက အန္တရာယ်ပြုလိုသော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်ကို ယဲ့ချန်း ရုတ်တရက်ခံစားမိလိုက်သည်။

သေစမ်း! ဒီဇာတ်ကွက်က တော်တော်ရင်းနှီးနေတယ်

ဤသည်မှာ "လျှို့ဝှက်နေရာ"ဟူသော ဇာတ်လမ်းထဲကအတိုင်း တစ်ထပ်တည်းပင်။

ဤအပြိုင်ကမ္ဘာတွင် ဤရုပ်ရှင်မရှိပေ။ သို့သော် လျှို့ဝှက်နေရာ၏ တကယ့်လက်တွေ့ဗားရှင်းကို မြင်ရတော့မည်ဟု ယဲ့ချန်း ခံစားလိုက်ရသည်။

"တကယ်တော့ တောင်စွယ်ခြောက်ခုတောင်တန်းက အဲဒီလောက်ပျော်ဖို့မကောင်းဘူး။ မင်းတို့ ဘန့်ဒ်ပန်းခြံကို သွားလည်လို့ရတယ်။ အဲဒီက ရှုခင်းက သိပ်လှတာ"

"လျှို့ဝှက်နေရာ"ရုပ်ရှင်ထဲမှ ဇာတ်ကွက်များ ပေါ်လာမလားဆိုသည်ကိုတော့ ယဲ့ချန်း သေချာမသိပေ။

သို့သော် သားမက်နှင့် ယောက္ခထီး၊ယောက္ခမတို့ အတူတောင်တက်မည်ဆိုခြင်းမှာ ယဲ့ချန်းအား ကြက်သီးတဖြန်းဖြန်းထစေသည်။

"အင်း.. အတူတူ တောင်တက်ကြတာပေါ့"

သူ့ဘေးနားရှိ လူငယ်လေးက မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်၏။

အတူတူတောင်တက်ကြစို့!

ပြီးရင် တစ်စက္ကန့်အတွင်း ပြန်ဆင်းလာမှာလေ!

ယဲ့ချန်း၏စိတ်အစဉ်ထဲဝယ် သူ့ယခင်ဘဝတုန်းက နာမည်ကြီးခဲ့သော စာသားတစ်ခု ပေါ်လာသည်။

သို့သော် ယခင်ဘဝတုန်းကတော့ တီဗီဒရမ်မာဖြစ်ပြီး ဤလူများကတော့ တကယ်တောင်တက်ချင်နေခြင်းသာ ဖြစ်ရမည်။ ထိုကဲ့သို့သောအဖြစ်မျိုး ဖြစ်လာမည်မဟုတ်ချေ။

ယဲ့ချန်းလည်း သူတို့သုံးယောက်ကို ဟိုတယ်သို့ မောင်းပို့ပေးခဲ့ပြီးနောက် လူငယ်လေးထံမှ ကြယ်ငါးပွင့်ရီဗျူးကို ရခဲ့သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ဆုလာဘ်ကတော့ Rolls-Royce Cullinan SUVကားဖြစ်ပါတယ်]

Rolls-Royce Cullinanဆိုသည်မှာ သန်းပေါင်းများစွာပေးရသော SUVကားများထဲမှ တစ်စီးဖြစ်၏။

ထိုကားမှာ ကြီးကျယ်ခမ်းနားလှပြီး အတွင်းပိုင်းကလည်း အလွန်တန်ဖိုးကြီးသည်။ ခေါက်သိမ်းနိုင်သော ကော့တေးစားပွဲတစ်လုံးပင် ပါသေးသည်။

၆.၇၅tအင်ဂျင်ဖြင့် အားဖြည့်ထားပြီး အမြင့်ဆုံးမြင်းကောင်ရေအား ၅၇၀ရှိ၏။ ထိုကားက သဲကန္တာရ၊ နှင်းတောနှင့် အခြားအထူးပတ်ဝန်းကျင်များတွင်လည်း တည်နေရာကို ခြေရာခံနိုင်သည်။

ဤCullinanကားဖြင့်သာဆိုလျှင် သူ့ရှားလိကားအစုတ်ကြီးကို အစားထိုးပစ်နိုင်ပြီဖြစ်၏။

Cullinanကားကို တက္ကစီမောင်းဖို့ သုံးမည်ဆိုလျှင် ကွက်တိပင်။

Cullinanဒီဇိုင်နာကသာ တစ်စုံတစ်ယောက်သည် ဤဇိမ်ခံကားကို တက္ကစီမောင်းဖို့သုံးနေကြောင်း သိသွားလျှင် ငိုခြင်းချနေပေလိမ့်မည်။

ရေချိုးပြီးသွားသည့်နောက် သူ တံခါးခေါက်သံ ကြားလိုက်ရသည်။

ဆံပင်ရေစိုနှင့် အလှလေးတစ်ယောက်က ရေချိုးခန်းဝတ်ရုံကိုဝတ်ထားလျက် တံခါးဝ၌ မတ်တတ်ရပ်နေလေသည်။

***********

All Chapters