မတော်တဆ
Vol. 3 Ch. 43
ကျန်းယွီယွီက အပြင်ရိုက်ကူးရေးကို မကြာခဏလုပ်ရသောကြောင့် ဗီလာရေချိုးခန်းထဲရှိ ကိရိယာများကို သုံးခဲသည်။
ရုတ်ခြည်းဆိုသလို ဘန်းခနဲမြည်သံတစ်သံ ထွက်ပေါ်လာသည်။
ထင်မှတ်မထားပါဘဲ ရေပိုက်က အက်သွားလေသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ရေများက စမ်းရေအလား ပန်းထွက်လာခဲ့သည်။
ကျန်းယွီယွီလည်း အော်ဟစ်လျက် တဘက်တစ်ထည်ပတ်လျက်သားဖြင့် ပြေးထွက်သွားလိုက်သည်။
အောက်ထပ်ရှိ ယဲ့ချန်းကလည်း လန့်ဖျပ်သွားရပြီးနောက် အလျင်အမြန်ပြေးတက်လာခဲ့သည်။ ထိုအခါ ကျန်းယွီယွီတစ်ယောက် တဘက်ပတ်ထားရင်း အသည်းအသန်ပြေးထွက်လာတာကို မြင်လိုက်ရ၏။
ထိုအချိန်၌ ကျန်းယွီယွီမှာ ထိတ်လန့်နေဆဲပင်။
ဤကဲ့သို့သော ကိစ္စမျိုးကို သူ(မ) ဘယ်တုန်းကများ ကြုံဖူးလို့လဲ?
ယဲ့ချန်းကို မြင်လိုက်ရချိန်မှာတော့ သူ(မ) စိတ်လှုပ်ရှားပြီး ချော်လဲလေတော့သည်။
ကျန်းယွီယွီ အပေါ်ထပ်မှ ပြုတ်ကျတော့မည့်အချိန်မှာပင် ယဲ့ချန်းက ခပ်မြန်မြန်တုံ့ပြန်ပြီး သူ(မ)ကို ဖမ်းထားလိုက်သည်။
သူတို့၏အနေအထားမှာ အလွန်နီးကပ်နေချေသည်။
ကြောက်လန့်နေသော ကျန်းယွီယွီက ယဲ့ချန်း၏ရင်ခွင်ထဲတွင် လန့်ဖျပ်နေသော ယုန်ငယ်လေးတစ်ကောင်နှယ် ကွေးကျုံ့နေရှာသည်။
ယဲ့ချန်း မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ"
ကျန်းယွီယွီက ရေချိုးခန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ရေချိုးခန်းထဲက ရေပိုက်ပေါက်သွားပြီး ရေတွေပန်းထွက်လာပုံပဲ"
ရေချိုးခန်းထဲမှ ရေများစီးကျနေသည်ကို ယဲ့ချန်း မြင်ထားပြီးသားပင်။
"ယဲ့ချန်း ကျွန်မကိုကူညီပေးပါဦး"
ကျန်းယွီယွီ၏ပုံစံလေးမှာ သနားစရာကောင်းလှသည်။ ကလူ၏သို့မြှူ၏သို့ အရိပ်အယောင်တစ်မျိုးလည်း ယှက်သန်းနေသည်။
အမလေး!
ရေများစိုရွှဲပြီး သနားစဖွယ်လေးဖြစ်နေသော ကျန်းယွီယွီကိုကြည့်၍ ယဲ့ချန်းလည်း မနေနိုင်တော့ပေ။
ဆွဲဆောင်ညှို့ငင်မှု၏ဘုရင်မတစ်ပါးပင်။ သူ(မ) ချစ်စရာကောင်းအောင် လုပ်ပြလိုက်လျှင် ဘယ်ပုရိသမှ ခံနိုင်ရည်မရှိ။
ယဲ့ချန်း ပြောလိုက်၏။
"လုပ်ကြည့်လိုက်မယ်လေ"
ယဲ့ချန်းက ပိုက်ပြင်ဆရာမဟုတ်သည့်အတွက် ယခုလိုအတတ်ပညာမျိုးမှာ သူမတတ်ကျွမ်းသောအရာပင်။
ကျန်းယွီယွီလည်း ခေါင်းညိတ်ပြလိုက်သည်။ ယခုလောလောဆယ်တော့ ယဲ့ချန်းက သူ(မ)၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
ယဲ့ချန်းက အရှေ့သို့လျှောက်သွားလိုက်ပြီး ယုန်လေးတစ်ကောင်အလား ကြောက်လန့်နေသော ကျန်းယွီယီကတော့ သူ့အနောက်မှ ကပ်လိုက်လာသည်။
ထိုအချိန်တွင် ယဲ့ချန်းက ပိုချောမောနေပုံပေါက်၏။
ယဲ့ချန်း ရေချိုးခန်းတံခါးနားသို့ ရောက်လာသောအခါ အမှန်တကယ် ရေပိုက်ပေါက်နေတာကို တွေ့လိုက်ရ၏။ ရေများကလည်း ထိုအပေါက်မှတစ်ဆင့် ပန်းထွက်နေပြီး ရေချိုးခန်းတစ်ခုလုံး ရေအိုင်နေချေသည်။
"ဒါကိုကြည့်ရတာ ဖြေရှင်းဖို့လွယ်မဲ့ပုံမပေါ်ဘူး"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ကျန်းယွီယွီက ယဲ့ချန်းနားသို့ စိုးရိမ်တကြီးရောက်ချလာပြီး မေးလိုက်၏။
"ယဲ့ချန်း ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
ယဲ့ချန်းကလည်း သူ(မ)ကို ပြန်ပြောလိုက်သည်။
"ပိုက်ကွဲသွားတာဆိုတော့ ကျွမ်းကျင်ပိုက်ပြင်ဆရာတစ်ယောက်ကို ခေါ်မှဖြစ်မယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ အဆို့ရှင်ကိုရှာပြီး ပိတ်ရမယ်။ အဲဒါမှ ရေတွေပန်းမထွက်တော့မှာ"
ထိုသို့ပြောရင် ယဲ့ချန်းက သူ့ရှပ်အင်္ကျီကို ဆွဲချွတ်လိုက်၏။
ယဲ့ချန်း၏လုပ်ရပ်ကြောင့် ကျန်းယွီယွီ လန့်ဖျပ်သွားရလေသည်။
"ရှင်ဘာလုပ်နေတာလဲ"
ယဲ့ချန်းတွင် မကောင်းသောရည်ရွယ်ချက်များ ရှိနေမည်စိုးသဖြင့် သူ(မ)၏ဝတ်ရုံကို ခပ်တင်တင်းဆွဲစေ့လိုက်လေသည်။
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်ရသည်။
"ရေအဆို့ရှင်က ရေချိုးခန်းထဲမှာလေ။ ငါသာ အင်္ကျီမချွတ်ရင် စိုရွှဲကုန်လိမ့်မယ်"
အတွေးလွန်နေမိကြောင်း သိလိုက်ရသောအခါ ကျန်းယွီယွီ၏မျက်နှာကား နီရဲသွားရလေတော့သည်။
သူ(မ) ခဏမျှတွေးဆပြီးနောက် ပြောလိုက်သည်။
"ကျွန်မကို ခဏစောင့်ပေး"
ထိုသို့ပြောပြီးနောက် ကျန်းယွီယွီ ရေချိုးခန်းထဲသို့ လှည့်ပြေးသွားလေသည်။
မကြာခင်မှာပင် ပန်းရောင်ရေချိုးဝတ်ရုံဖြင့် ရောက်ချလာသည်။
"ဒါကို ဝတ်ထားလိုက်။ အအေးမမိစေနဲ့"
ယဲ့ချန်းလည်း ထိုပန်းရောင်ရေချိုးဝတ်ရုံကိုကြည့်၍ အနည်းငယ်ရှက်သွားရသည်။
ကျန်းယွီယွီက ဆိုလိုက်၏။
"စိတ်မပူနဲ့။ ကျွန်မကလွဲပြီး ဘယ်သူမှမမြင်ပါဘူး။ ဝတ်ထားလိုက်စမ်းပါ။ အဲဒါမှ ရှင့်အင်္ကျီတွေ မစိုကုန်မှာ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အခန်းလွတ်တစ်ခုထဲသို့သွားကာ ရေချိုးဝတ်ရုံကို လဲဝတ်လိုက်သည်။
အထဲမှထွက်လာပြီးနောက် ရေချိုးဝတ်ရုံဝတ်ဆင်ထားကြသော ကျန်းယွီယွီနှင့် ယဲ့ချန်းတို့မှာ အတူနေစုံတွဲများနှင့် တူနေလေတော့သည်။
ကျန်းယွီယွီက ရဲဝံ့သောစရိုက်များ ရှိသော်လည်း ရေချိုးဝတ်ရုံအောက်ရှိ ယဲ့ချန်း၏ တောင့်တင်းသောကြွက်သားများနှင့် ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသော ညှပ်ရိုးများကို မြင်လိုက်ရသောအခါ ရှက်သွေးဖြာသွားရသည်။
လေထုကား အလွန်ထူးဆန်းလာသည်။ အခန်းထဲတွင် ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်သာရှိပြီး နှစ်ယောက်စလုံးကလည်း ရေချိုးဝတ်ရုံများ ဝတ်ဆင်ထားကြသည်။
ယဲ့ချန်း နှလုံးခုန်မြန်လာရသလို ကျန်းယွီယွီလည်း ဆွဲဆောင်ခံလိုက်ရ၏။
ယဲ့ချန်းမှာ အသက်ပြင်းပြင်းရှိုက်ရှူပြီးနောက် ကျန်းယွီယွီကို ဆက်မကြည့်ရဲတော့ပါဘဲ ရေချိုးခန်းထဲသို့ အပြေးဝင်သွားလိုက်သည်။
ယဲ့ချန်း၏လက်ရှိအတွေးမှာ ရေအဆို့ရှင်ကို ခပ်မြန်မြန်ပိတ်ပြီး ဤပြဿနာနေရာကြီးမှ ထွက်သွားရန်ပင်။
သူ့နှလုံးသားထဲရှိ မိစ္ဆာမီးတောက်က ပိုမိုသန်မာစွာ တောက်လောင်လာပြီး အချိန်မရွေး ထိန်းချုပ်မှုလွတ်ထွက်သွားတော့မလို ခံစားနေရသည်။
ပန်းထွက်နေသော ရေများကို ခံယူရင်း ယဲ့ချန်းလည်း အဆုံးမှာတော့ ရေအဆို့ရှင်ကို ရှာတွေ့လိုက်သည်။ ထိုအဆို့ကို ပိတ်ချလိုက်သောအခါ ရေများလည်း ပန်းမထွက်တော့ချေ။
ရေပိုက်ထဲမှ ရေများပန်းမထွက်တော့တာကို မြင်ရသောအခါ တံခါးဝနားတွင် ရပ်နေသော ကျန်းယွီယွီလည်း သက်မချလိုက်လေတော့သည်။
ထိုအချိန်မှာ ယဲ့ချန်းကတော့ ဖိုသီဖတ်သီဖြစ်နေလေသည်။ ယခုလေးတင်မှ ရေပန်းများ ထိမှန်လာသောကြောင့် လုံးဝစိုရွှဲနေချေသည်။
ယဲ့ချန်းက နဂိုကတည်းက ချောပြီးသားပင်။ ထို့ပင် စနစ်ထံမှ ဆွဲဆောင်မှုများကို ထပ်ပေါင်းထားလိုက်သေးသည်။ ယခုတော့ ရေရွှဲရွှဲစိုနေချိန်မှာ ပို၍ပင် ယောကျ်ားဆန်သွားလေပြီ။
"မင်းရဲ့ရေပိုက်က သက်တမ်းတော်တော်ကြာနေပြီ။ အသစ်လဲဖို့လိုတယ်"
ယဲ့ချန်း ရေပိုက်ကိုစစ်ဆေးပြီးနောက် ပြောလိုက်သည်။
"အာ!"
ကျန်းယွီယွီ၏အာရုံက ယဲ့ချန်းဆီကိုသာ ရောက်နေသဖြင့် သူ့စကားများကို တုံ့ပြန်သည်ဆိုရုံလေး တုံ့ပြန်နေသည်။
ကျန်းယွီယွီက နာမည်ကြီးစတားတစ်ယောက်ဖြစ်သော်လည်း မိန်းမဆန်သောနှလုံးသားတစ်စုံတော့ ရှိနေဆဲပင်။
ဆွဲဆောင်မှုပြင်းသော ယဲ့ချန်း၏ခန္ဓာကိုယ်ကို မြင်လိုက်ရချိန်မှာ သူ(မ) စိတ်လွတ်ထွက်သွားမတတ်ပင်။
ယဲ့ချန်းက အလွန်ဆွဲဆောင်မှုရှိသည်ဖြစ်ရာ ဘယ်မိန်းမမှ သူ့အား ခုခံနိုင်မည်မဟုတ်ပေ။
….
ထိုအချိန်မှာပင် ဗင်ကားတစ်စီးက ဗီလာဝင်ပေါက်၌ ထိုးရပ်လိုက်သည်။ ဤဗင်ကားမှာ Mangoတီဗီကပင်။
ဖြစ်ချင်တော့ ကျန်းယွီယွီက ရသစုံရှိုးတစ်ခု၏ ဧည့်သည်အဖြစ် ပါဝင်ရမည်ဖြစ်၏။
ဤလူတစ်စု၏ ရည်ရွယ်ချက်မှာ ကျန်းယွီယွီ၏နေ့စဉ်ဘဝကို ရှိုး၏တစ်စိတ်တစ်ပိုင်းအဖြစ် ရိုက်ကူးရန်အတွက်သာ။
ကားပေါ်မှဆင်းလာပြီးနောက် ကျန်းယွီယွီ၏အိမ်ရှေ့တွင် ရပ်ထားသော Paganiပြိုင်ကားတစ်စီးကို အားလုံး မြင်လိုက်ရသည်။
"ဒီပြိုင်ကားက ယွီယွီရဲ့ကားလား"
အစီအစဉ်တင်ဆက်သူ ဟယ်ကျုံးက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။
အနီရောင်Paganiပြိုင်ကားတစ်စီးက အဝင်ဝတွင် ခမ်းခမ်းနားနားရပ်ထားလေသည်။ ကျန်းယွီယွီ၏မန်နေဂျာဖြစ်သူ အစ်မပိုင်ခမျာ ခဏမျှကြက်သေသေသွားရပြီးနောက် ခေါင်းခါပြလိုက်သည်။
"ယွီယွီက ဖယ်ရာရီကားကို စီးတာ။ သူ့အိမ်က ကျိုတိုမြို့မှာလေ။ မိုတုမှာရှိတဲ့ ဒီဗီလာက ကုမ္ပဏီက သူ့အတွက် ငှားပေးထားတာ"
"ဒါက ယွီယွီရဲ့ကားမဟုတ်ဘူးဆိုရင် ဘယ်သူ့ကားလဲ"
"အိမ်နီးချင်းတစ်ယောက်ကများ သူ့အိမ်ရှေ့မှာရပ်ထားတာလား"
"ဖြစ်နိုင်တယ်"
ဤပရိုဂရမ်မှာ တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သောကြောင့် မရေမတွက်နိုင်သော ကြည့်ရှုသူများကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြသည်။
ထင်မှတ်မထားသော ဤအခြေအနေကြောင့် လူတိုင်း အံ့ဩသွားကြသည်။
"ဝိုး.. အစ်မယွီယွီရဲ့ Paganiကားက အရမ်းမိုက်တာပဲ"
"ငါစစ်ကြည့်ပြီးပြီ။ Hennessy Poisonက ၁.၆ဘီလျံပေးရတယ်"
"အစ်မယွီယွီက ဘယ်မှာလဲ။ အစီအစဉ်တင်ဆက်သူက ဗီလာထဲကိုဝင်တော့လေ"
…..
အစ်မပိုင်က မျက်မှောင်ကြုတ်၍ ဟယ်ကျုံးကို တိုးတိုးလေးကပ်ပြောလိုက်သည်။
"ဆရာဟယ်… အခြေအနေကို အရင်စူးစမ်းဖို့ တိုက်ရိုက်ထုတ်လွှင့်မှုကို အရင်ပိတ်ထားလိုက်လို့ရလား"
"မရဘူးလေ။ အခု တိုက်ရိုက်ထုတ်လွှင့်နေတာ။ ဒါကိုပိတ်လိုက်ရင် ဘာမှမဖြစ်ရင်တောင်မှ ကြည့်ရှုသူတွေက တစ်ခုခုဖြစ်နေတယ်လို့ ထင်သွားတော့မှာ။ ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပစ်လိုက်ရင် ဒီအစီအစဉ်အပေါ်ထားတဲ့ ကြည့်ရှုသူတွေရဲ့သဘောထားလည်း ပြောင်းကုန်လိမ့်မယ်"
"ကောင်းပြီလေ။ ကျွန်မ ယွီယွီကို ကြိုအသိပေးလိုက်ဦးမယ်။ အဆင်ပြေသွားမှာပါ"
အစ်မပိုင်လည်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်မိသည်။
ဝန်ထမ်းတစ်ယောက်က တံခါးဘဲလ်ကို နှိပ်ရန်ဟန်ပြင်နေချိန်မှာပင် တံခါးက အလိုလိုပွင့်လာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူများအားလုံးလည်း အသက်အောင့်ထားလိုက်မိကြသည်။
"ငါတို့ယွီယွီ ထွက်လာတော့မယ်"
အင်တာနက်အသုံးပြုသူများမှာ ဝင်ပေါက်ကို အာရုံစိုက်ထားကြပြီး သူတို့၏ယွီယွီကို မြင်ရဖို့အရေး စိတ်အားထက်သန်နေကြသည်။
သို့သော် တံခါးပွင့်လာချိန်ဝယ် ဆံပင်ရေစိုနှင့် အမျိုးသားတစ်ယောက် ထွက်လာလေသည်။
"ဘာတွေဖြစ်နေတာလဲ"
ယွီယွီ၏အိမ်ထဲမှ ယောကျ်ားတစ်ယောက် ထွက်လာတာကို မြင်သောအခါ အားလုံး ကြောင်အကုန်ကြသည်။
ယဲ့ချန်းက ပို၍ပင် မှင်တက်သွားရသည်။
သောက်ကျိုးနည်း…ဘာတွေဖြစ်နေတာလဲ?
ယဲ့ချန်းက ရေအဆို့ရှင်ကိုပိတ်ပြီး အဝတ်အစားလဲကာ ကျန်းယွီယွီနှင့် ခဏမျှစကားပြောပြီးနောက် ထွက်လာခဲ့လိုက်ခြင်းပင်။
ကျန်းယွီယွီက အလွန်ဖမ်းစားနိုင်စွမ်းရှိသဖြင့် ဤနေရာမှာ ကြာကြာဆက်နေလျှင် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်မိသည်။
သို့သော် သူ ပြန်တော့မည့်အချိန်မှာပင် ကင်မရာများနှင့် မိုက်ကရိုဖုန်းများ ကိုင်ထားသော လူတစ်စုက သူ့အား အလန့်တကြားငေးကြည့်နေကြတာကို မြင်လိုက်ရ၏။
သေလိုက်ပါတော့.. ဒီမှာ ဘာတွေဖြစ်နေတာလဲ?
***************