တစိမ့်စိမ့်အရသာခံခြင်း
Vol. 3 Ch. 44
အပြင်ထွက်လာသော အမျိုးသားကို မြင်လိုက်ရသောအခါ ရိုက်ကူးရေးအဖွဲ့သားများအားလုံး ကြောင်အသွားချေသည်။
ကျန်းယွီယွိက တစ်ယောက်တည်းနေတာမဟုတ်ဘူးလား?
ယောကျ်ားတစ်ယောက်က သူ့အခန်းထဲက ဘာလို့ထွက်လာတာလဲ?
အရေးအကြီးဆုံးမှာ ထိုအမျိုးသားသည် ဖိုသီဖတ်သီဖြစ်နေပြီး ရေများလည်းရွှဲနေချေသည်။ ထို့ကြောင့် သူတို့အားလုံးကို အဖြစ်အပျက်အမျိုးမျိုးကို စိတ်ကူးမိစေသည်။
ယဲ့ချန်းလည်း သူတို့နည်းတူ အံ့ဩသွားရသည်။ ဤလူတစ်စုကို သူ သတိကြီးကြီးထား၍ အကဲခတ်လိုက်၏။
နှစ်ဖက်စလုံးက ကိုးရိုးကားရားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြချိန်မှာ ကျန်းယွီယွီလည်း အပြင်ဘက်ရှိ မူမမှန်သော မြင်ကွင်းကို သတိထားမိသွားပြီး ထွက်လာခဲ့လိုက်သည်။
အစီအစဉ်တင်ဆက်သူဟယ်ကျုံးနှင့် ရိုက်ကူးရေးအဖွဲ့ကို မြင်သောအခါ သူ(မ) ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိသည်။
လမ်းတစ်လျှောက်တွင် သူ(မ)၏စိတ်ထဲ၌ ယဲ့ချန်းနှင့်သာ ပြည့်နှက်နေသဖြင့် ရိုက်ကူးရေးလုပ်ရမည့် အရေးကြီးကိစ္စကို မေ့လျော့သွားခဲ့သည်။
ကင်မရာကိုမြင်သောအခါ ကျန်းယွီယွီလည်း သူ(မ)၏ရေချိုးဝတ်ရုံကို ခပ်မြန်မြန်ဆွဲစေ့ထားလိုက်သည်။
ကျန်းယွီယွီ ပန်းရောင်ရေချိုးဝတ်ရုံကို ဝတ်ထားတာမြင်လိုက်ရချိန်ဝယ် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူများမှာ ရူးခါကုန်ကြသည်။
"ဘုရားရေ.. ယွီယွီက ရေချိုးဝတ်ရုံနဲ့ အရမ်းဆက်စီကျတာပဲ"
"စကားမစပ်.. အပြင်ထွက်လာတဲ့ ဒီလူက ဘယ်သူလဲ? ပရိုဂရမ်အသင်းက စီစဉ်ပေးထားတဲ့ စပရိုက်တစ်ခုများလား"
"ဒါကြီးက အရမ်းလက်ဖျားခါလောက်တယ်။ ယွီယွီက ရေချိုးဝတ်ရုံဝတ်ထားပြီး ဒီလူကလည်း အကုန်စိုရွှဲနေတယ်တဲ့။ စဉ်းစားသာကြည့်ကြတော့"
…..
ယဲ့ချန်းနှင့် ကျန်းယွီယွီတို့မှာ ထိုအခိုက်အတန့်တွင် အလွန်သိသာလှပေသည်။ နှစ်ယောက်စလုံးက စိုရွှဲနေပြီး ကျန်းယွီယွီက ရေချိုးဝတ်ရုံဝတ်ထားပေသည်။
ယောကျ်ားနှင့်မိန်းမ တစ်မိုးအောက်တွင် နှစ်ယောက်တည်းရှိနေခြင်းပင်။ အရေးအကြီးဆုံးမှာ သူတို့နှစ်ယောက်စလုံး စိုရွှဲနေခြင်းပင်။
ဤသည်မှာ အလွန်မရေမရာနိုင်လှသည်။
…..
ထိုအချိန်မှာပင် ကြည့်ရှုသူတစ်ယောက်၏ စိတ်ကူးတစ်ခုက အထိန်းအကွပ်မဲ့နေချေသည်။
"ဘုရားရေ… ဒါက ယွီယွီရဲ့ရည်းစားများလား"
"ဖြစ်နိုင်တယ်.. အဲလိုမှမဟုတ်ရင် ယွီယွီရဲ့အိမ်ထဲမှာ ယောကျ်ားတစ်ယောက်က ဘယ်လိုလုပ်ရှိနေမှာလဲ"
ရုတ်ခြည်းပင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ပေါက်ကွဲသွားလေတော့သည်။
အင်တာနက်အသုံးပြုသူများအားလုံးလည်း စိတ်လှုပ်ရှားသွားကြသည်။
ထိုအချိန်တွင် အစ်မပိုင်ကတော့ ရူးမတတ်ဖြစ်သွားရသည်။
ဤအစီအစဉ်ရိုက်ကူးဖို့အတွက် သူ(မ)မှာ ဘော်ဒီဂတ်များ၊ ဒရိုင်ဘာများနှင့် ယောကျ်ားလေးဝန်ထမ်းများအားလုံးကို ဖယ်ရှားပြီး အင်တာနက်အသုံးပြုသူများထံမှ အထင်မလွဲခံရအောင် စီစဉ်ထားခဲ့သည်။
သို့သော် သူ(မ) အကုန်ကြိုတင်ပြင်ဆင်ထားပါလျက်နှင့် ရေစိုနေသော ယောကျ်ားတစ်ယောက်က ယွီယွီ၏အခန်းထဲမှ ထွက်လာလိမ့်မည်ဟု လုံးဝထင်မထားချေ။
ဟယ်ကျုံးလည်း အတန်ငယ်အံ့အားသင့်သွားရသည်။ မည်မျှပင် အတွေ့အကြုံရှိသော အစီအစဉ်တင်ဆက်သူတစ်ယောက်ပင် ဖြစ်ပါစေ ဤအခြေအနေကို မည်သို့ကိုင်တွယ်ရမှန်း သူ မသိတော့ပေ။
ယဲ့ချန်းလည်း တစ်ခုခုပြောသင့်ကြောင်း သဘောပေါက်လိုက်သည်။ သို့မဟုတ်ပါက မကြာခင်မှာပင် သူ သတင်းခေါင်းစီးတွင် ပါလာပေလိမ့်မည်။
ဤအဖြစ်မျိုး သေချာပေါက်မဖြစ်ချင်ပေ။
ကျန်းယွီယွီလည်း ကိုးရိုးကားရားပြုံးလိုက်မိပြီးနောက် ကင်မရာကို နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ အားလုံးပဲ… မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်မသူငယ်ချင်းပါ။ အိမ်ကရေပိုက်ကျိုးသွားလို့ သူက ကျွန်မကို လာပြင်ပေးတာ…"
"ရေပိုက်ပြင်ပေးတာလား"
"ကြည့်ရှုသူတွေကို မူလတန်းကျောင်းသားတွေများ ထင်နေတာလား"
"ညံ့လိုက်တဲ့ဆင်ခြေပါလား"
ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြုံးလိုက်၏။
"တကယ်တော့ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ မိန်းကလေးကျန်းယွီယွီကို အိမ်ပြန်ပို့ပေးရင်း သူ့ရေပိုက်ပျက်နေတယ်ဆိုတာနဲ့ အပေါ်ထပ်မှာ သွားပြင်ပေးခဲ့တာပါ။ ဒါဆို ခင်ဗျားတို့ရဲ့ရိုက်ကူးရေးကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး။ သွားလိုက်ပါဦးမယ်"
ထိုသို့ပြောပြီးနောက် သူသည် ကျန်းယွီယွီကို အကြည့်တစ်ချက်ပို့ကာ လစ်ထွက်လာခဲ့လိုက်တော့သည်။
ဤအခြေအနေမျိုးတွင် ရှင်းပြလေလေ ပိုဆိုးလေလေဖြစ်ကြောင်း ယဲ့ချန်းသိသည်။ ထို့ကြောင့် ဗျူဟာတကျ နောက်ဆုတ်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။
ဤအရှုပ်ထုပ်ကို ဘယ်လိုရှင်းမလဲဆိုတာကတော့ ကျန်းယွီယွီနှင့် ပရိုဂရမ်ဒါရိုက်တာအပေါ်သာ မူတည်သွားလေပြီ။
ကျန်းယွီယွီလည်း နေရခက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပါပဲ"
ထိုအချိန်ဝယ် အားလုံးမှာ ငေးငိုင်နေကြဆဲဖြစ်ပြီး တောက်ပြောင်လှသော Paganiပြိုင်ကားပေါ်သို့ တက်ပြီး ထွက်ခွာသွားပါသော ယဲ့ချန်းကို လိုက်ကြည့်နေမိကြသည်။
ထိုအချိန်တွင် အင်တာနက်အသုံးပြုသူများမှာ ရုတ်တရက်ကြီး ထပေါက်ကွဲလေတော့သည်။
"ဘုရားရေ.. Paganiကားနဲ့တက္ကစီဆွဲတယ်တဲ့။ ဟာသလာလုပ်နေတာလား"
"ဒါရိုက်တာ.. ကြည့်ရှုသူတွေကို ဉာဏ်နည်းတယ်များမှတ်နေလား"
"အတည်ပြုပြီးပြီ။ အဲဒါ ယွီယွီရဲ့ချစ်သူဆိုတာ သေချာတယ်"
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ရူးခါမတတ်ဖြစ်သွားရပြန်သည်။
…..
ယဲ့ချန်းလည်း အိမ်ပြန်ရောက်မှသာ သက်မချနိုင်တော့သည်။
ထို့နောက် ရေချိုးပြီး အိပ်ရာပေါ်တွင် လှဲရင်း အစောကရထားသော မောင့်ယီဒင်္ဂါးတစ်သန်းကို ရုတ်တရက်သတိရလိုက်သည်။
ဤဆုလာဘ်မှာ အတော်အဓိပ္ပာယ်မရှိလှပေ။
သူက မောင့်ယီဒင်္ဂါးများနှင့် ဘာလုပ်ရမှာလဲ?
ယဲ့ချန်းလည်း အစောပိုင်းတုန်းက တွေ့ခဲ့ရသော စုရှောင်ယာကို ရုတ်ခြည်းအမှတ်ရလိုက်သည်။
တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးပဲ…
ယဲ့ချန်း မောင့်ယီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းကိုဖွင့်၍ စုရှောင်ယာ၏နာမည်ကို ရိုက်ရှာလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် စုရှောင်ယာ၏အမူအရာမှာ စိုးရိမ်ပူပန်နေသလိုပင်။
သူ(မ)ထံသို့ တိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းဘက်မှ အကြောင်းကြားစာ ပို့ထားသည်။ သူ(မ)၏လုပ်ဆောင်ရည်က ညံ့ဖျင်းလှသောကြောင့် ယနေ့ ပူးပေါင်းတင်ဆက်ရေးအစီအစဉ်ကို ကျရှုံးပါက သူ(မ)၏ဘောနပ်စ်ကို ဆုံးရှုံးရလိမ့်မည်ဟု ဆိုလာသည်။
စုရှောင်ယာမှာ အစကတည်းက ငွေအများကြီးဝင်နေခြင်းမရှိ။ ဤဘောနပ်စ်သာမရှိပါက သူ(မ)၏အိမ်ငှားခကိုပင် ပေးနိုင်မည်မဟုတ်။
သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူအနည်းငယ်နှင့် သနားစရာကောင်းအောင် နည်းလှသော ဆုလာဘ်များကိုကြည်ရင်း စုရှောင်ယာ သက်ပြင်းချလိုက်မိသည်။
ကြည့်ရတာတော့ ငါက Streamerလုပ်ဖို့ ကံမပါလာဘူးထင်တယ်..
"ကြည့်ရှုသူတို့.. ဒီနေ့ ရှောင်ယာက တခြားStreamerတွေနဲ့ ပူးပေါင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒါက ကျွန်မ ဒီပလက်ဖောင်းပေါ်မှာ ဆက်ရပ်တည်နိုင်မလားဆိုတာကို အဆုံးအဖြတ်ပေးသွားမှာပါ။ အဲဒါကြောင့် အားလုံးပဲ ရက်ရက်ရောရောနဲ့ ကျွန်မကို ဆုလာဘ်နည်းနည်းလောက် ပေးပါဦး။ ကျေးဇူးတင်ပါတယ်"
သို့သော် သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ လူတော်တော်များများက အလကားဝင်ကြည့်ရုံမျှသာဖြစ်ပြီး သူ(မ)ကို သိပ်အရေးမလုပ်ကြချေ။
စုရှောင်ယာလည်း ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
ဤတွဲဖက်တိုက်ရိုက်ထုတ်လွှင့်မှုအတွက် သူ(မ)၏ပြိုင်ဘက်ကို စစ်ဆေးကြည့်ပြီးလေပြီ။ ထိုStreamerက ဗီအိုင်ပီပေါင်း တစ်ရာကျော်ရှိ၏။
အရေးအကြီးဆုံးအချက်မှာ ထိုStreamerထံတွင် တွဲဖက်တိုက်ရိုက်ထုတ်လွှင့်ရေးအစီအစဉ်တိုင်းတွင် ဆုလာဘ်ထောင်ဂဏန်းလောက် ပေးမည့် သူဌေးတစ်ယောက်ကလည်း အဆင်သင့်ပင်။
စုရှောင်ယာက Introvertတစ်ယောက်ဖြစ်ပြီး ထောက်ပံ့မှုကိုရရန်အတွက် ထုတ်ဖော်ပြော၍မဖြစ်သော နည်းလမ်းများကို မသုံးချင်ပေ။ ထို့ကြောင့်လည်း သူ(မ)တွင် နောက်ခံနှင့် ကျော်ကြားမှုမရှိခြင်းဖြစ်၏။
ဤတစ်ခေါက်မှာတော့ သူ(မ) ရှုံးနိမ့်ရတော့မည်။
ယဲ့ချန်းခမျာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လာပြီးနောက် ချက်ချင်းဆိုသလို ဆွံ့အသွားရသည်။
ရုပ်ရည်ရမှတ်၉၅မှတ်နှင့်အထက်ရှိသော အလှပဂေးလေးတစ်ယောက်က တိုက်ရိုက်ထုတ်လွှင့်ရာတွင် ဘာကြောင့်များ ဤမျှခက်ခဲနေရသလဲဆိုသည်ကို သိချင်မိသည်။
"Streamer.. မင်းရဲ့ကျော်ကြားမှုကလည်း တော်တော်သနားဖို့ကောင်းတာပဲ"
ယဲ့ချန်း မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။
"ဟုတ်တယ် ကြိုဆိုပါတယ် ဓားသမားအစ်ကိုရေ.. တွဲဖက်တိုက်ရိုက်ထုတ်လွှင့်ရေးက စတော့မှာ။ ဒါပေမဲ့ ကျွန်မရဲ့ဗီအိုင်ပီအရေအတွက်ကတော့ ဂဏန်းတစ်လုံးတည်းပဲရှိသေးတယ်။ ရှင် ကျွန်မကို ပန်းလေးတစ်ပွင့်ပို့ပြီး ဖောလိုးပေးလို့ရမလား။ ကျေးဇူးပါ..ပန်းတစ်ပွင့်ကို တစ်ဒေါ်လာပဲကျပါတယ်"
စုရှောင်ယာလည်း သနားစဖွယ်ကောင်းအောင် ပြောလိုက်မိသည်။
တကယ်တမ်းတွင်တော့ တစ်ဒေါ်လာဆိုသည်မှာ သာမန်လူတစ်ယောက်အတွက် မများလှပေ။ လူတော်တော်များများက တစ်ဒေါ်လာတန်ဒင်္ဂါးပြားတစ်ပြား မြေကြီးပေါ်မှာ ကျနေလျှင်ပင် ကောက်ဖို့ ပျင်းနေကြလိမ့်မည်။
စုရှောင်ယာကလည်း ပန်းပွင့်များကို တောင်းဆိုတတ်သူမဟုတ်ပေ။ သို့သော် ယနေ့တော့ သူ(မ)တွင် ရွေးချယ်စရာမရှိတော့ပေ။
သူ(မ)အတွက်တော့ ယနေ့က နောက်ဆုံးတိုက်ပွဲပင်။ သူ(မ) ရှုံးနိမ့်သွားလျှင် ဤတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းမှ ထွက်ခွာသွားရမည်သာ။
ယဲ့ချန်းလည်း ပြုံးလျက် စာရိုက်လိုက်သည်။
"Streamerက သီချင်းဆိုတာတော်လား"
"ကျွန်မက တုံးသေနေတာ"
"ဪ ဒါဆို အကရော"
"ကလည်းမကတတ်ဘူး"
စုရှောင်ယာခမျာ မဝံ့မရဲပြောလိုက်လေသည်။
"ဒါဆို မင်းမှာ ဘာအရည်အချင်းရှိလဲ"
အဆုံးမှာတော့ စုရှောင်ယာ၏တိုက်ရိုက်ထုတ်လွှင့်ခန်းက ဘာကြောင့် ဤမျှစိတ်ညစ်ဖို့ကောင်းနေသလဲဆိုသည်ကို ယဲ့ချန်း နားလည်လိုက်သည်။
"ကျွန်မ..ကျွန်မ ထိုင်ထလုပ်တတ်တယ်။ လေ့ကျင့်ခန်းလုပ်ပြနိုင်တယ်"
ယဲ့ချန်း : "…"
"ဓားသမားအစ်ကိုရေ.. ရှင် ကျွန်မကို ပန်းတစ်ပွင့်လောက် ပေးနိုင်မလား"
စုရှောင်ယာ တောင်းပန်လိုက်သည်။
ယဲ့ချန်းလည်း အံ့ဩဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူ(မ)၏ရုပ်ရည်ဖြင့်သာဆိုလျှင် လူချမ်းသာတစ်ယောက်ကို အသာလေးအမိဖမ်းပြီး ဇိမ်ခံကားတစ်စီးလောက်တော့ ဖန်နိုင်ပေသည်။
သို့သော် တုံးအလှသည့် ဤမိန်းကလေးက သူ့ကိုယ်ပိုင်အရည်အချင်းကိုသာ မှီခိုနေပြီး တစ်ဒေါ်လာလေးအတွက်နှင့် နှိမ့်နှိမ့်ချချတောင်းပန်နေရှာသည်။
"ဆောရီး..ကျွန်တော်က အလကားကြည့်ရတာပဲကြိုက်တယ်"
ယဲ့ချန်းလည်း ထိုသို့စာပြန်လိုက်သည်။
ယဲ့ချန်း၏ပြန်စာကို မြင်သောအခါ စုရှောင်ယာခမျာ ခါးသက်သက်ခံစားလိုက်ရသည်။
ဤမျှတောင်းပန်တိုးလျှိုးနေတာတောင် အငြင်းခံလိုက်ရသည်။
သူ(မ)၏ရုပ်ရည်ဖြင့် ဤတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်တွင် ကိုယ်ပိုင်နေရာတစ်ခု ရနိုင်လိမ့်မည်ဟု သူ(မ) ထင်ခဲ့မိသည်။
သို့သော် ဤနယ်ပယ်ထဲသို့ ဝင်လာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်ခြင်းမှတစ်ဆင့် တစ်လကို သန်းပေါင်းများစွာရှာနိုင်ခြင်းနှင့် ကုန်ပစ္စည်းများရောင်းချခြင်းမှတစ်ဆင့် တစ်နေ့ကို တစ်သိန်းလောက်ရှာနိုင်ခြင်းတို့မှာ ပုံပြင်သက်သက်သာ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုကဲ့သို့သော အကျိုးခံစားခွင့်မျိုးမှာ Influencerအသိုင်းအဝိုင်း၏ ထိပ်ဆုံးရှိ လူများသာ ခံစားခွင့်ရှိသောအရာပင်။
စုရှောင်ယာတွင် အရင်းအမြစ်လည်းမရှိသလို နောက်ခံလည်းမရှိပေ။ ထို့ပြင် အခြားသူများလို အဖော်အချွတ်များလည်း မလုပ်နိုင်တော့ သာမန်ဆန်လှသည့် သူ(မ)၏အရည်အချင်းတစ်ခုတည်းနှင့် အောင်မြင်ဖို့ မဖြစ်နိုင်ပေ။
အတိတ်တုန်းက သူဌေးတချို့က စုရှောင်ယာကို ထောက်ပံ့ပေးချင်ခဲ့ကြသော်လည်း သူတို့ဘက်က လွန်ကဲသော တောင်းဆိုမှုများကြောင့် သူ(မ) ငြင်းပယ်ခဲ့သည်။
လူတွေက အလှလေးများကို ထိန်းချုပ်လိုသော ဆန္ဒကြောင့် ငွေသုံးတတ်ကြသည်။ မိမိကသာ သူတို့ကိုမနာခံပါက သူတို့ကလည်း မိမိအတွက် ငွေသုံးမည်မဟုတ်ချေ။
"ဟူး..ထားလိုက်ပါတော့.. ကျွန်မက Streamerလုပ်ဖို့ ကံမပါဘူးထင်ပါရဲ့။ ဒီညက ကျွန်မရဲ့တိုက်ရိုက်ထုတ်လွှင့်မှု နောက်ဆုံးညပဲ"
စုရှောင်ယာ သက်ပြင်းချလိုက်မိသည်။
"ကြည့်ရှုသူတို့.. ရှောင်ယာ ရှင်တို့ကိုအဖော်ပြုပေးတာ ဒီညက နောက်ဆုံးညဖြစ်နိုင်လောက်တယ်။ ရှင်တို့ရဲ့ထောက်ပံ့မှုနဲ့ အာရုံစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"
ထိုသို့ဝမ်းပန်းတနည်းပြောရင်း စုရှောင်ယာ၏မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
*************