အံ့ဖွယ်ကောင်းသောတိုက်ခိုက်ရေးဇာတ်ကွက်
Vol. 3 Ch. 34
အနားယူခန်းထဲ၌...
ယဲ့ချန်းနှင့် လီလျန်ကျဲတို့ ဇာတ်ကွက်တစ်ခုကို လေ့ကျင့်နေကြသည်။
"ဆရာလီ"
"ရှောင်ယဲ့... ငါ့ကို ဆရာလို့မခေါ်နဲ့တော့။ စိမ်းနေသလိုခံစားရတယ်။ ငါက မင်းထက် အသက်ကြီးတယ်ဆိုတော့ အစ်ကိုလီလို့ပဲခေါ်"
လီလျန်ကျဲက ပြောလိုက်သည်။
အစမ်းဇာတ်ကွက်ကို သရုပ်ဆောင်ပြီး ယဲ့ချန်းက သူ့ဒဏ်ရာကိုပါ ကုသပေးပြီးနောက် ယဲ့ချန်းအပေါ်ထားသော လီလျန်ကျဲ၏သဘောကျမှုက သိသိသာသာ တိုးတက်လာခဲ့သည်။
အနုပညာလောကတွင် သူ့အား အစ်ကိုဟုခေါ်နိုင်သူ များများစားစားမရှိပေ။
"ဟုတ်ကဲ့ အစ်ကိုလီ...ကျွန်တော့်အထင် ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုက ကိုယ်ပိုင်ဟန်ပျောက်နေသလိုပဲ။ ကျွန်တော်တို့မှာ လက်နက်တွေရှိနေရဲ့သားနဲ့ ဘာလို့ လက်ဗလာကြီးတိုက်ခိုက်နေရတာလဲ။ ဒါက ဇာတ်လမ်းကို ယုတ္တိမရှိသလို ဖြစ်မသွားစေဘူးလား"
ယဲ့ချန်း၏စကားကြောင့် လီလျန်ကျဲလည်း ခဏမျှ တုံ့ခနဲဖြစ်သွားပေသည်။
"တကယ်တော့ ငါလည်း ဒါကိုစဉ်းစားဖူးတယ်။ ဒါပေမဲ့ ငါတို့က အက်ရှင်ဇာတ်ကားရိုက်နေတာလေ။ တိုက်ခိုက်ရေးဆိုတာက အက်ရှင်ဇာတ်ကားရဲ့အသက်ပဲ။ ဒီတော့ ငါ ဇာတ်ညွှန်းကို မပြင်နိုင်ဘူး"
"တကယ်တော့ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်။ ကျွန်တော်တို့ အခန်းထဲကို ဓာတ်ငွေ့တွေဖြည့်ထားလို့ရတယ်လေ။ ဒီလိုဆိုရင် ယုတ္တိရှိသွားမှာပဲ။ ဓာတ်ငွေ့တွေပြည့်နေတဲ့အခန်းထဲမှာ တိုက်ခိုက်ရတာက ရုပ်ရှင်ထဲက အခြေအနေရဲ့အရေးကြီးပုံကို ပိုမြှင့်တင်ပေးနိုင်တယ်။
ကျွန်တော်တို့ မီးဖိုချောင်ထဲက ရေအရင်းအမြစ်ကိုလည်း ယှဉ်ပြိုင်မှုရဲ့အသားပေးဖော်ပြချက်တစ်ခုအဖြစ် သုံးလို့ရတယ်"
ယဲ့ချန်းက ဇာတ်ညွှန်းစာအုပ်ကို လှန်လှောကြည့်ရင်း လေးနက်စွာပြောလိုက်သည်။
တကယ်တော့ ဤသည်မှာ ယဲ့ချန်း ယခင်ဘဝတုန်းက ကြည့်ခဲ့သော ဇာတ်ကားတစ်ခုထဲက ဇာတ်ကွက်ပင်။ သူက ထိုဇာတ်ကွက်ကို ကူးယူနေခြင်းသာဖြစ်၏။
လီလျန်ကျဲမှာ နားထောင်ပြီးနောက် မျက်လုံးများ ဝင်းလက်တောက်ပလာသည်။
"ယဲ့ချန်း... မင်းရဲ့အကြံက အရမ်းကောင်းတယ်"
လီလျန်ကျဲကို ယဲ့ချန်း လုံးဝဖမ်းစားလိုက်နိုင်လေပြီ။
တကယ်တော့ ဤတိုက်ခိုက်ရေးဇာတ်ကွက်တွင် တစ်စုံတစ်ခု လိုအပ်နေသည်ဟု သူ တစ်ချိန်လုံးခံစားမိသည်။
ထိုအကြောင်းကို ရွှီခယ်နှင့် အကြိမ်ပေါင်းများစွာ ဆွေးနွေးဖူးသော်လည်း ဘယ်နေရာက လိုအပ်နေမှန်း အဖြေမပေါ်ခဲ့ပေ။
သို့သော် ယဲ့ချန်းက ဇာတ်ညွှန်းကို ခဏလောက်ကြည့်ပြီး ဇာတ်လမ်းတစ်ခုလုံးကို အဆင့်အသစ်တစ်ခုဆီသို့ မြှင့်တင်ပေးလိုက်သည်။
အထူးသဖြင့် တိုက်ပွဲပုံစံပင်။ ယဲ့ချန်း၏ဖန်တီးမှုက လီလျန်ကျဲ၏ မျက်လုံးများကိုပင် တောက်ပသွားစေသည်။
ဤရိုက်ကူးရေးမှာ လီလျန်ကျဲအတွက် အလွန်အကျိုးရှိပေသည်။
လီလျန်ကျဲက ရုပ်ရှင်ပေါင်းများစွာ ရိုက်ကူးခဲ့ဖူးသော်လည်း ရုပ်ရှင်များနှင့်ပတ်သက်ပြီး သူ၏နားလည်သဘောပေါက်မှုက ယဲ့ချန်းထက် အဆင့်များစွာ နိမ့်ကျသည်ဟု သူခံစားလိုက်ရသည်။
"ဒေါက် ဒေါက်"
အပြင်ဘက်မှ တံခါးခေါက်သံများ ထွက်ပေါ်လာသည်။
"ဘာကိစ္စလဲ"
လီလျန်ကျဲ မေးလိုက်၏။
"ဆရာလီ... ဆရာယဲ့... အပြင်မှာ အကုန်ပြင်ဆင်လို့ပြီးတော့မှာပါ။ ခဏနေရင် ရိုက်ကူးရေးစလို့ရပါပြီ"
လက်ထောက်တစ်ယောက်က အထဲကိုဝင်လာပြီး ထိုသို့ပြောလာသည်။
"ကောင်းပြီ... ငါတို့ ချက်ချင်းလာခဲ့မယ်"
လီလျန်ကျဲကလည်း လက်ထောက်လေးကို ပြန်ပြောလိုက်သည်။ ထို့နောက် မတ်တတ်ထရပ်၍ ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ယဲ့ချန်း... ဒီတစ်ခေါက်တော့ ငါ မင်းကို တကယ် ဆရာခေါ်သင့်တယ်။ မင်းနဲ့အတူ သရုပ်ဆောင်ရတာ ငါ အများကြီးသင်ယူလိုက်ရတယ်"
"မဟုတ်ပါဘူး... အစ်ကိုလီနဲ့ ဆွေးနွေးရင်း ကျွန်တော်ကမှ အများကြီးသင်ယူလိုက်ရတာပါ"
လီလျန်ကျဲ ဘာကြောင့် စူပါစတားတစ်ယောက် ဖြစ်လာသလဲဆိုသည်ကို ယဲ့ချန်း နောက်ဆုံးတော့ နားလည်သွားသည်။ ဤအပြုအမူမျိုးမှာ စင်စစ်ရှားပါးလှသည်။
ယဲ့ချန်းနှင့် လီလျန်ကျဲတို့လည်း အဝတ်အစားလဲရန်နှင့် မိတ်ကပ်လိမ်းရန်အတွက် အဝတ်လဲခန်းထဲသို့ သွားလိုက်ကြသည်။
"တင်! နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ။ လုပ်ကြံသတ်ဖြတ်ရေးသမားရဲ့အရှိန်အဝါ +၉၉၉၉"
"တင်! အက်ရှင်ဘုရင် +၉၉၉၉ကို အသက်သွင်းခြင်း"
စနစ်၏အသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ယဲ့ချန်းထံမှ ထွက်ပေါ်လာသည်။
သူ့နောက်ရှိ မိတ်ကပ်ပညာရှင်ပင် ကြက်သီးတဖြန်းဖြန်းထသွားလေသည်။
မိတ်ကပ်ပညာရှင်ခမျာ သူသာ ကျေနပ်လောက်အောင် ပြင်မပေးပါက သူ့ရှေ့ရှိ ဤပုဂ္ဂိုလ်က သူ့အား သတ်ပစ်လိမ့်မည်ဟုပင် ထင်ယောင်ထင်မှားဖြစ်နေသည်။
"ဆရာယဲ့... ခဏနေရင် ဆရာလီနဲ့ တိုက်ခိုက်ဖို့အတွက် အခန်းထဲကို ဝင်ရမယ်"
လက်ထောက်ဒါရိုက်တာက ယဲ့ချန်းအား ရှင်းပြလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော် အခုပဲ ဘယ်လိုရိုက်ကူးရမလဲဆိုတာ ယဲ့ချန်းနဲ့ ဆွေးနွေးခဲ့တယ်။ ခင်ဗျားက ကျွန်တော်တို့သရုပ်ဆောင်တာကို ကြည့်ရုံပဲကြည့်နေပေးပါ"
လီလျန်ကျဲက ဘေးနားမှ ဝင်ပြောလိုက်သည်။
အနားယူခန်းထဲတွင် သူတို့ ဇာတ်ညွှန်းတစ်ခုလုံးကို ပြင်ဆင်မွမ်းမံထားပြီးဖြစ်သောကြောင့် မူလစီစဉ်ထားသည့်အတိုင်း ရိုက်ကူး၍မရတော့ပေ။
ရွှီခယ်က လီလျန်ကျဲ၏စရိုက်ကို ကောင်းကောင်းနားလည်သောကြောင့် သူ့တွင် ပိုကောင်းမွန်သော အစီအစဉ်တစ်ခုရှိမည်ဖြစ်ကြောင်း သိလိုက်သဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ... မင်းနဲ့ယဲ့ချန်းက ကိုယ်လုပ်ရမဲ့ဟာကိုသာ လုပ်ကြ"
"ဇာတ်ကွက်၈၈ ပထမဆုံးရိုက်ချက် အက်ရှင်"
ရိုက်ကူးရေး စတင်ချေပြီ။
ယဲ့ချန်း၏စိတ်ထဲသို့ မှတ်ဉာဏ်တစ်ခု စီးဆင်းလာသည်။ လုပ်ကြံသတ်ဖြတ်ရေးမစ်ရှင်တစ်ခုတွင် တစ်ဦးတည်းသောဆွေမျိုးဖြစ်သည့် သူ၏ ချစ်လှစွာသော ညီငယ်လေးက လီလျန်ကျဲ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
သူ့အနေနှင့် သူ့ညီ၏ လုပ်ကြံသတ်ဖြတ်ရေးတာဝန်ကို ပြီးဆုံးအောင်လုပ်ပြီး သူ့အတွက် လက်စားချေရမည်။
ယဲ့ချန်း၏မျက်လုံးအရောင် ပြောင်းလဲသွားပြီးနောက် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။
ဤဇာတ်ကွက်မှာ ယဲ့ချန်းနှင့် လီလျန်ကျဲတို့ကြားရှိ တိုက်ပွဲတစ်ခုဖြစ်ပြီး ဇာတ်လမ်း၏ စိတ်လှုပ်ရှားဖို့အကောင်းဆုံး ဇာတ်ရှိန်တက်ချိန်လည်း ဖြစ်၏။
ယဲ့ချန်းနှင့် လီလျန်ကျဲတို့နှစ်ယောက်သား လက်ဗလာနှင့် တိုက်ပွဲဆင်နေကြသည်။
ခေါက်တုံ့ခေါက်ပြန်...
လက်သီးချက်များက ခပ်ကြမ်းကြမ်းကျရောက်နေပြီး တိုက်ခိုက်ရေးနည်းလမ်းပေါင်းစုံကိုလည်း အဆုံးမဲ့ပြသနေချေသည်။
သူတို့၏လှုပ်ရှားမှုများက ချောမွေ့စွာစီးဆင်းနေပြီး တိုက်ပွဲမြင်ကွင်းများကလည်း အလွန်စိတ်လှုပ်ရှားစရာကောင်းလှသည်။
ယဲ့ချန်းနှင့် လီလျန်ကျဲတို့တွင် ဘာအကာအကွယ်မှမပါပေ။
လူတိုင်း၏နှလုံးသားကလည်း တင်းကျပ်နေလေတော့သည်။
အထူးသဖြင့် ရေအရင်းအမြစ်ကို လုယူနေကြသော သူတို့၏တိုက်ပွဲမှာ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းသည်။
ယဲ့ချန်း၏အကြံကြောင့် လီလျန်ကျဲက ပဝါအစိုတစ်ထည်ကို လက်နက်အဖြစ်အသုံးပြုလိုက်လေရာ ဒါရိုက်တာနှင့် ရိုက်ကူးရေးဝန်ထမ်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တအံ့တသြရေရွတ်မိကြသည်။
ရွှီခယ်ခမျာ ဤမြင်ကွင်းကို အသက်ပင်ရဲရဲမရှူရဲဘဲ ကြည့်နေလေသည်။ ဤသည်မှာ သူလိုချင်နေသော သက်ရောက်မှုမျိုးပင်။
ဤဇာတ်လမ်းကို အံ့ဖွယ်ကောင်းအောင် မည်သို့အစီအစဉ်ချရမလဲဆိုသည်ကို ရက်အတန်ကြာစဉ်းစားနေခဲ့သော်လည်း အဖြေမရခဲ့ပေ။
သူလည်း ဇာတ်လမ်းဇာတ်ကွက်အပေါ် အပြည့်အဝမကျေနပ်သော်ငြား သူတို့၏တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါမှသာ ဘာလိုအပ်နေလဲဆိုသည်ကို ရုတ်တရက်သဘောပေါက်လိုက်၏။
ဤဇာတ်ဝင်ခန်း၏ပြင်းထန်မှုကို လိုအပ်နေခြင်းပင်။ ဓာတ်ငွေ့များပြည့်နေသောအခန်းထဲမှာ တိုက်ခိုက်ခြင်း။ ဤအကြံမှာ အလွန်ထက်မြက်လှပေသည်။
သူတို့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ဇာတ်လမ်းဇာတ်ကြောင်း၏လိုအပ်ချက်အရ ယဲ့ချန်း ရှုံးပေးရမည်ဖြစ်၏။
အစမှ အဆုံးထိတိုင် ရွှီခယ်က "ကတ်"ဟု အသံပေးမလာချေ။
ယဲ့ချန်းနှင့် လီလျန်ကျဲတို့ကလည်း ဇာတ်လမ်းထဲတွင် လုံးဝနစ်မြောနေချေသည်။
သူတို့နှစ်ယောက်မှာ သရုပ်ဆောင်နေခြင်းမဟုတ်ဘဲ တကယ့်ကမ္ဘာမကျေရန်သူများအလားပင်။
ရိုက်ကူးရေးနေရာတစ်ခုလုံး လုံးဝတိတ်ဆိတ်နေလေသည်။
ဤသည်မှာ တကယ့်အက်ရှင်ဇာတ်ကွက်ပင်။
ဝန်ထမ်းများနှင့် သရုပ်ဆောင်များအားလုံးမှာ ယဲ့ချန်း ၏သရုပ်ဆောင်မှုကြောင့် အံ့အားသင့်နေကြသည်။
"ဒီကောင်လေးရဲ့အစွမ်းအစက ဒီလောက်အထင်ကြီးဖို့ကောင်းလိမ့်မယ်လို့ ထင်မထားဘူး"
"ဟုတ်တယ်... ပထမဆုံးတွေ့တုန်းက ယဲ့ချန်းကို ရုပ်ချောရုံပဲလို့ထင်ထားတာ""
"ဟားဟား... သူ့တိုက်ခိုက်ဟန်က အရမ်းမိုက်တယ်။ အရမ်းချောတယ်"
ထိုနေရာရှိ မိန်းကလေးဝန်ထမ်းများမှာ ယဲ့ချန်း၏ အေးတိအေးစက်သြဇာတိက္ကမကြောင့် ဆွဲဆောင်ခံလိုက်ကြရသည်။
…
အဆုံးမှာတော့ ယဲ့ချန်းလည်း လီလျန်ကျဲ၏ စစ်သုံးဓားဖြင့် ထိုးသတ်ခံခဲ့ရသည်။
ဤရိုက်ချက်ကို ယဲ့ချန်းက တကယ့်လက်တွေ့ဆန်ဆန်သရုပ်ဆောင်ခဲ့ခြင်းပင်။
ပျက်ယွင်းနေသော သူ့မျက်နှာအမူအရာ၊ မကျေမနပ်ဖြစ်နေသော မျက်လုံးတို့က ပြီးပြည့်စုံပေသည်။
"ကတ်"
စက္ကန့်အနည်းငယ်အကြာတွင် ရွှီခယ်လည်း ဇာတ်လမ်း၏ထိတ်လန့်ဖွယ်ကောင်းမှုကြောင့် သတိပြန်ဝင်လာသည်။ ထစ်ချုန်းညံနေသည့်အလား လက်ခုပ်သြဘာသံများလည်း ထွက်ပေါ်လာသည်။
လူတိုင်းက ယဲ့ချန်းနှင့် လီလျန်ကျဲတို့၏ အံ့ဖွယ်ကောင်းသော တိုက်ခိုက်ရေးဇာတ်ကွက်ကြောင့် အံ့အားသင့်သွားကြသည်။
"ရင်သပ်ရှုမောဖွယ်ကောင်းလိုက်တာ"
"ရိုက်ချက်တစ်ချက်တည်းနဲ့ အဆုံးအထိသယ်သွားတာ။ အရမ်းအံ့သြဖို့ကောင်းတယ်"
"ဒါက ငါမြင်ဖူးသမျှထဲမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးတိုက်ခိုက်ရေးဇာတ်ကွက်ပဲ"
"ဒီတိုက်ခိုက်ရေးဇာတ်ကွက်နဲ့တင် ငါတို့ဇာတ်ကား အောင်မြင်လိမ့်မယ်လို့ ခံစားမိတယ်"
…
ဝန်ထမ်းများနှင့် ကြည့်ရှုနေသော သရုပ်ဆောင်များမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။
"ရှောင်ယဲ့... ကောင်းကောင်းတိုက်ခိုက်သွားတာပဲ။ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်"
ထိုအချိန်တွင် နှစ်ယောက်စလုံး ဒဏ်ရာရနေသော်လည်း လီလျန်ကျဲကတော့ ပျော်ရွှင်စွာ ပြုံးရယ်နေသည်။
ကျွမ်းကျင်သူများက အထီးကျန်မှုကို ကြောက်ရွံ့ကြသည်။ ပြိုင်ဘက်စစ်စစ်တစ်ယောက်နှင့် တွေ့လိုက်ရသောအခါ စိတ်မလှုပ်ရှားဘဲ ဘယ်မှာနေနိုင်မည်နည်း။
ယဲ့ချန်းလည်း ပြုံးလိုက်မိသည်။
"အစ်ကိုလီက ကျွန်တော့်ကိုသက်ညှာပေးထားလို့ပါ။ မဟုတ်ရင် ကျွန်တော့်ကို ဆေးရုံတင်နေရလိမ့်မယ်"
ထိုအချိန်တွင် စနစ်ထံမှအသံတစ်ခုက ယဲ့ချန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
[ဂုဏ်ပြုပါတယ်။ Hostစနစ်က အဆင့်နှစ်ကို တိုးမြှင့်လိုက်ပါပြီ။ စနစ်ဆိုင်ခန်း လော့ပွင့်သွားပါပြီ]
"စနစ်ဆိုင်ခန်း?"
ယဲ့ချန်း အံ့အားသင့်သွားသည်။
[အသေးစားဒဏ်ရာရှစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်။ ကုသဖို့အတွက် နတ်ဘုရားအဆင့် ဒဏ်ရာပျောက်ဆေးကို လဲလှယ်ချင်ပါသလား]
ယဲ့ချန်း စျေးနှုန်းကိုကြည့်လိုက်သည်။ နတ်ဘုရားအဆင့်ဒဏ်ရာပျောက်ဆေးတစ်ပုလင်းကို တစ်သန်းပေးရသည်။
ဖော်ပြချက်ကို ဖတ်လိုက်သောအခါ...
"နတ်ဘုရားအဆင့် ဒဏ်ရာပျောက်ဆေး...ဒဏ်ရာပေါ်တွင်လိမ်းပါက ချက်ချင်းပျောက်ကင်းစေသည်"
မိုက်လိုက်တာ...
တစ်သန်းက အနည်းငယ်စျေးကြီးသည်ဟု ထင်ရသော်လည်း ယဲ့ချန်းက ယခု ငွေကြေးချို့တဲ့မနေပေ။
သူ ခပ်မြန်မြန်လဲလှယ်လိုက်သောအခါ ဆေးပုလင်းလေးတစ်လုံးက သူ့အိတ်ထဲတွင် ပေါ်လာခဲ့သည်။
ယဲ့ချန်းလည်း ထိုဆေးကို ဒဏ်ရာပေါ်တွင် လိမ်းလိုက်ချိန်ဝယ် အေးမြသောခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ ဒဏ်ရာကား လျင်မြန်စွာ မှေးမှိန်ဖျော့တော့သွားသည်။
တကယ်ကို ချက်ချင်းပျောက်သွားတာပဲ!
*************