ငါက ငြိမ့်ငြိမ့်လေးမောင်းတာ
Vol. 3 Ch. 38
"ရှောင်ကျား.. မင်း ဒီကို ဘာလို့ရောက်လာတာလဲ"
ယဲ့ချန်း တဒင်္ဂမျှတုံ့ဆိုင်းသွားရသည်။
"ရှင့်အိမ်ထဲမှာ မီးတွေလင်းနေတာတွေ့လို့ ရှင်ပြန်ရောက်ပြီလားလို့ လာကြည့်တာ"
"အိုး.. ဟားဟား မင်း ငါ့ကိုသတိရနေတာလား"
ယဲ့ချန်း တဟားဟားရယ်လိုက်လေသည်။
ဟယ်ကျားမှာ ရှက်သွေးဖြာသွားရသည်။
"လုံးဝပဲ!"
ယဲ့ချန်းက ဟယ်ကျားကို အိမ်ထဲသို့ ဝင်ခိုင်းလိုက်၏။
ဟယ်ကျားက ယခုမှ ရေချိုးပြီးခါစဖြစ်သဖြင့် ဆံပင်များက စိုထိုင်းထိုင်းဖြစ်နေလေရာ ပေါ့ပေါ့ပါးပါးခံစားချက်တစ်ခုကို ပေးစွမ်းလေသည်။
အခန်းထဲတွင် ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်သာ ရှိနေသဖြင့် လေထုကလည်း အလွန်မရေမရာနိုင်နေချေသည်။
"ယဲ့ချန်း.. ကျွန်မတို့ကုမ္ပဏီကို ဒေဝါလီမခံရအောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျရင် ကျွန်မ ရှင့်ကို ညစာဝယ်ကျွေးချင်တယ်"
"ရတယ်လေ။ မနက်ဖြန်ကျရင် ငါ့ကိုဖုန်းဆက်လိုက်လေ"
ယဲ့ချန်း အောက်ထပ်သို့ လှမ်းကြည့်လိုက်လေရာ အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးတစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် ဟိုလျှောက်လိုက် သည်လျှောက်လိုက်လုပ်နေသည်ကို မြင်လိုက်ရ၏။
သူ မရယ်ဘဲ မနေနိုင်တော့ပေ။
"ငါ့ကိုလာတွေ့ဖို့ မင်းအမေက လွှတ်လိုက်တာလား"
ယဲ့ချန်း မေးလိုက်လေသည်။
ဟယ်ကျားခမျာ တစ်ဖန်ရှက်သွေးဖြာသွားရသည်။
"ဟုတ်တယ်။ အစကတော့ ကျွန်မ ရှင့်ကိုဖုန်းခေါ်ပြီး ညစာစားဖို့ ဖိတ်မလို့ပဲ။ ဒါပေမဲ့ ကျွန်မအမေက ကျွန်မမသွားရင် သူကိုယ်တိုင်သွားမယ်လို့ အတင်းပြောနေလို့"
ယဲ့ချန်း ဆွံ့အသွားရသည်။
အခုခေတ် ယောက္ခမတွေက ဒီလောက်တောင်ကြမ်းကြတာလား?
ဟယ်ကျားရော ကျုံးလီလီရော ရုပ်ရည်အမှတ်၉၅ကျော်သော အလှပဂေးလေးများ ဖြစ်၏။ သူတို့တွင် ကြင်ဖက်ရှားမနေပေ။ သို့သော် သူတို့အမေတွေကတော့ သူတို့ လက်မထပ်နိုင်မှာကို စိုးရိမ်နေကြသည်။
…
နောက်တစ်နေ့တွင် ကိုယ်လက်သန့်စင်ပြီးနောက် ယဲ့ချန်းလည်း ပေါ့ပေါ့ပါးပါးဝတ်စုံတစ်ခုကို တမင်တကာဝတ်ကာ ထွက်လာခဲ့လိုက်သည်။
ပေါ်လွင်ထင်ရှားပြီး သြဇာညောင်းသော Cullinanကားက တံခါးဝတွင် ရပ်ထားလေသည်။
ထိုအချိန်မှာပင် မိန်းမလှလေးတစ်ဦးက Cullinan SUVရှေ့တွင် လိုက်ဖ်လွှင့်နေသည်။
"အားလုံးပဲ..ကျွန်မ ဒီနေ့ Rolls-Royce Cullinanကားကို မြင်လိုက်ရတယ်။ ဒီမော်ဒယ်က ကမ္ဘာ့အကြီးဆုံးစိန် Cullinanကိုအစွဲပြုပြီးပေးထားတာလို့ သိရတယ်..."
ယဲ့ချန်းလည်း တိုက်ရိုက်ထုတ်လွှင့်ရင်း တောက်ပစွာပြုံးနေသော ထိုမိန်းကလေး၏နောက်တွင် မတ်တတ်ရပ်လိုက်၏။
ထိုမိန်းကလေးက တိုက်ရိုက်ထုတ်လွှင့်နေသောကြောင့် ကြည့်ရှုသူများက အနောက်တွင်ရပ်နေသော ယဲ့ချန်းကို မြင်နေရသည်။
"သတိထားနော်။ မင်းနောက်မှာ နှာဘူးတစ်ကောင်ရောက်နေတယ်"
"ဟုတ်တယ်။ အဲဒီလူက မင်းကို ထူးဆန်းတဲ့အကြည့်ကြီးနဲ့ ကြည့်နေတာ"
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူများက သူ့အား နှာဘူးဟု သမုတ်နေကြမှန်း ယဲ့ချန်း မသိပေ။
စုရှောင်ယာက တိုက်ရိုက်ထုတ်လွှင့်ရင်း သူ(မ)ဖော်လိုဝါများ၏မှတ်ချက်များကို မြင်သောအခါ အနောက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်၏။ ထိုအခါ ယဲ့ချန်းက သူ(မ)အား ကျီစယ်လိုဟန်အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။
"ရှင် ဘာလုပ်နေတာလဲ"
စုရှောင်ယာ စိတ်လှုပ်ရှားနေသည့်ကြားက မေးလိုက်သည်။
ယဲ့ချန်းကလည်း ခပ်ဖွဖွပြုံးလိုက်၏။
"မင်းက ငါ့ကားရှေ့မှာရပ်နေတာလေ။ အဲဒါတောင် ငါ့ကို ဘာလုပ်နေတာလဲလို့ လာမေးနေသေးတယ်"
စုရှောင်ယာခမျာ တုံ့ဆိုင်းသွားရပြီးနောက် ယဲ့ချန်းကို နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။
ဒါရိုက်တာကျိုးရှင်းရှင်းက အေးအေးလူလူနေတတ်ပြီး ဟန်တစ်လုံးပန်တစ်လုံးဝတ်ဆင်မှုကို သဘောမကျကြောင်း သိသဖြင့် ယဲ့ချန်း သိထားသဖြင့် သာမန်ဆန်သည့် အဝတ်ဟောင်းတစ်ထည်ကို ဝတ်လာခဲ့သည်။
ဤဝတ်စုံက ဒေါ်လာတစ်ရာပင် မပေးရချေ။ ထိုကဲ့သို့ဝတ်စားထားသူတစ်ယောက်က SUVဇိမ်ခံကားကို စီးနိုင်မည်တဲ့လား။
"ဒီမှာ..ရှင့်ညီမကိုသာ အထင်ကြီးအောင် သွားလုပ်ပြနေလိုက်။ ဆက်ကြိုးစားလိုက်ဦး။ ဘယ်သိမလဲ။ တစ်နေ့ကျရင် ရှင်လည်း ဒီလိုSUVကားမျိုးကို ပိုင်ချင်ပိုင်လာမှာပေါ့"
ယဲ့ချန်းလည်း သူ့ကားသော့ကို ပေါ့ပေါ့ပါးပါးထုတ်ကာ ခလုတ်နှိပ်ချလိုက်သည်။
Cullinan၏ ကားမီးများက တဖျပ်ဖျပ်လင်းလာသည်။
ယဲ့ချန်း နောက်ပြောင်လိုက်သည်။
"ကြည့်ရတာတော့ ငါ ကြိုးစားဖို့မလိုဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ဒီကားက ငါ့ကားလေ"
"ဘုရားရေ! တိုက်ရိုက်ထုတ်လွှင့်သူက ချမ်းသာပြီးရုပ်ချောတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့နေတာပဲ!"
"မိုက်လိုက်တာ..ဒေါ်လာတစ်သန်းတန်Cullinanကားကို အသက်ငယ်ငယ်လေးနဲ့ ပိုင်နေပြီတဲ့။ ကောင်မလေးရေ.. ကြိုးစားထား"
"တိုက်ရိုက်ထုတ်လွှင့်သူရေ.. လူကုံထံတစ်ယောက်နဲ့ လက်ထပ်နိုင်မဲ့အခွင့်အရေးက မင်းရှေ့ကိုရောက်လာပြီနော်။ မလွဲချော်စေနဲ့"
စုရှောင်ယာလည်း အံ့အားသင့်သွားရသည်။ သာမန်ဆန်ပုံရပြီး ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်က ထိုကားမျိုးကို ပိုင်လိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။
ယဲ့ချန်း၏စနောက်မှုကြောင့် ထိုမိန်းကလေးမှာ ရှက်သွေးဖြာပြီး နှုတ်ခမ်းစူလိုက်သည်။
"ဟား.. ဒီကားက ရှင့်မိသားစုရဲ့ပိုက်ဆံနဲ့ ဝယ်ထားတာပဲဖြစ်ရမယ်။ ရှင်ဝယ်နိုင်လောက်တဲ့အရာမျိုးမဟုတ်ဘူး။ ဘာတွေများဂုဏ်ယူနေတာလဲ"
"ဘယ်သူပြောလဲ။ ဒီကားကို ငါကိုယ်တိုင်ရှာထားတဲ့ပိုက်ဆံနဲ့ ဝယ်ထားတာ"
"ရှင်ရှာထားတဲ့ပိုက်ဆံနဲ့လား။ ရှင်က ဘာအလုပ်လုပ်တာလဲ"
စုရှောင်ယာ မေးကြည့်လိုက်သည်။
ယဲ့ချန်း၏လေသံထဲတွင် လောကကြီးကိုစိတ်ကုန်နေသော အရိပ်အယောင်များ ယှက်သန်းနေသည်။
"ငါက ဝါရင့်တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ နေ့တိုင်းကားမောင်းရင်း ရပ်ကွက်တကာလျှောက်သွားတယ်။ ကလပ်တွေရော ကြယ်ငါးပွင့်ဟိုတယ်တွေရောပေါ့။ တစ်ခါတလေကျရင် ပင်ပန်းပေမဲ့ ဒီမိန်းမတွေက ငါ့ကို နည်းနည်းတောင်နားခွင့်မပေးဘူး။ ဖုန်းတွေဆက်တိုက်ခေါ်နေကြပြီး ငါ့ကားကိုပဲ ငှားချင်နေကြတာ"
…
စုရှောင်ယာခမျာ ချက်ချင်းပင် ကြောင်အသွားရသည်။
ဒီအလုပ်က ဘယ်လိုအလုပ်မျိုးလဲ? အလှပဂေးလေးတွေကတောင် သူ့ကားကို စီးချင်နေကြတာလား?
အမှန်အတိုင်းပြောရလျှင် စုရှောင်ယာကိုယ်တိုင်လည်း ထိုCullinanကားထဲသို့ ဝင်ထိုင်ချင်မိသည်။ ဤဇိမ်ခံကားမျိုးကို သူ(မ) လုံးဝမစီးဖူးပေ။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ဖော်လိုဝါများကတော့ ရူးခါနေကြလေသည်။
"အံ့သြဖို့ကောင်းလိုက်တဲ့အလုပ်"
"ကူညီပါဦး။ ငါလည်း လုပ်ချင်လို့"
"ဒီလူချောလေး.. ကျွန်မလည်း သူ့ကားကို လိုက်စီးချင်တယ်"
"အချောလေးရေ.. ငါ့ကို ဖုန်းနံပါတ်ပေးခဲ့ဦး။ ငါလည်း မင်းနဲ့ လိုက်စီးချင်လို့"
"ဝါရင့်တက္ကစီဒရိုင်ဘာကြီးရေ.. ကျွန်မကိုလည်း ခေါ်ပါဦး"
စုရှောင်ယာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ရှင်က တကယ်ပဲ ဘာအလုပ်လုပ်တာလဲ"
ယဲ့ချန်း : "ငါက တက္ကစီဒရိုင်ဘာတစ်ယောက်!"
စုရှောင်ယာခမျာ လျှာခလုတ်တိုက်မိမတတ်ပင်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ လူတိုင်းလည်း ကြက်သေသေကုန်ကြသည်။
"သေစမ်း! တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုဟန်တစ်လုံးပန်တစ်လုံးနဲ့ စကားပြောနိုင်တယ်ပေါ့"
"အဓိပ္ပာယ်တော့ရှိတယ်။ မိန်းမတော်တော်များများက တက္ကစီဒရိုင်ဘာရဲ့ကားကို စီးချင်ကြတာ အမှန်ပဲလေ"
"သိပ်မိုက်တာပဲ"
"တက္ကစီဒရိုင်ဘာတစ်ယောက်က Rolls-Royceကားကို မောင်းတယ်တဲ့။ လာနောက်နေတာလား"
"ဝင်ငွေကောင်းတယ်ဆိုရင် ငါလည်း မနက်ဖြန်ကစပြီး တက္ကစီမောင်းတော့မယ်"
စုရှောင်ယာလည်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီး ပြောလိုက်၏။
"ရှင် ကျွန်မကို အရူးလုပ်လို့မရဘူး။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး Rolls- Royce SUVကို စီးနိုင်မှာလဲ"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မယုံရင် ငှားစီးကြည့်လေ။ ငါလည်း တက္ကစီဆွဲလို့ရသွားတာပေါ့"
"အမလေး.. ဝါရင့်တက္ကစီဒရိုင်ဘာတစ်ယောက်က ကားစီးဖို့ ဖိတ်ခေါ်နေတာပဲ"
"တိုက်ရိုက်ထုတ်လွှင့်သူရေ.. ဒါ အခွင့်ကောင်းပဲနော်"
"ဝင်ဖို့လွယ်တယ်။ ထွက်ဖို့ခက်တယ်နော် ရှောင်ယာ.. သတိထားတာကောင်းမယ်"
စုရှောင်ယာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။
"ကောင်းပြီလေ။ ကျွန်မ ရှင့်သရုပ်မှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
တက္ကစီအငှားAppထဲကို ဝင်ပြီးနောက် စုရှောင်ယာ အော်ဒါတင်လိုက်၏။
ယဲ့ချန်းကလည်း ချက်ချင်းပင် အော်ဒါလက်ခံလိုက်၏။
အော်ဒါတင်ခြင်းပြီးမြောက်သွားသည်ကို မြင်သောအခါ စုရှောင်ယာ ကြက်သေသေသွားရသည်။
"တကယ်ကြီးပဲ!"
"Roll-Royceကားကိုစီးတဲ့သူဌေးတစ်ယောက်က တက္ကစီဒရိုင်ဘာတဲ့"
"အမလေးနော်.. Rolls-Royceကားနဲ့ တက္ကစီဆွဲတာတဲ့လား။ အရမ်းခမ်းနားတာပဲ"
"ရူးချင်စရာကြီး.. တက္ကစီဒရိုင်ဘာတွေခမျာ ကြိုးကြိုးစားစားအလုပ်လုပ်နေရတာကို မင်းက သူတို့စီးပွားရေးကို လာလုနေတာလား"
"Rolls-Royceကားနဲ့ တက္ကစီမောင်းနေတာတဲ့။ ဒါက ကိုယ်ကျင့်တရားတွေ ယိုယွင်းနေတာလား။ လူ့ကျင့်ဝတ်တွေ ဖောက်ပြန်နေတာလား..."
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ကြည့်ရှုသူများထံမှ ရူးလောက်သော မှတ်ချက်များဖြင့် ပြည့်နှက်နေသည်။
"ဘော့စ်..ကျွန်မ ရှင့်ကားနဲ့ လိုက်ဖ်လွှင့်လို့ရမလား"
တိုက်ရိုက်ထုတ်လွှင့်မှုက အလွန်ရေပန်းစားနေသည်ကို မြင်လိုက်ရသောအခါ စုရှောင်ယာလည်း စိတ်လှုပ်ရှားစွာမေးလိုက်မိသည်။
"ရပါတယ်။ ကားစီးနေရင်း ရိုက်လို့ရတာပဲ။ ငါ မပါရင်ရပြီ"
"အိုး.. မင်း ဟိုတယ်ကိုသွားမလား"
ယဲ့ချန်း ရုတ်တရက်မေးလိုက်လေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူများမှာလည်း ကြောင်အသွားရပြန်သည်။
"ဝိုး...ဟိုတယ်ကို တန်းသွားကြတော့မှာပေါ့"
"ဒီမိန်းကလေးက သူ့စည်းမျဉ်းကို ဘယ်တော့မှချိုးဖောက်မှာမဟုတ်ဘူးလို့ ပြောထားတာမဟုတ်လား"
"ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတာ ငါ အခုတော့ သဘောပေါက်လိုက်ပြီ"
"ဝါး..ငါ့နတ်ဘုရားမက အသားယူခံရတော့မှာလား"
စုရှောင်ယာ၏မျက်နှာကား နီမြန်းသွားလေသည်။
သူက အပန်းဖြေခရီးထွက်လာတာမို့ သေချာပေါက် ဟိုတယ်မှာ တည်းရမှာလေ...
ထိုလူယုတ်မာက တိုက်ရိုက်ထုတ်လွှင့်နေသည့်ကြားက ထုတ်ပြောလိုက်လိမ့်မည်ဟု သူ(မ) မထင်ထားပေ။
"အားလုံးပဲ.. ရှင်တို့ထင်နေသလို မဟုတ်ဘူးနော်။ ဟိုတယ်က ကျွန်မတည်းဖို့အတွက်။ သူနဲ့အတူ သွားမလို့မဟုတ်ဘူး"
စုရှောင်ယာမှာ ရှင်းပြရမည့်အရေးကိုပင် ရှက်နေသည်။ ယဲ့ချန်း၏နောက်ပြောင်မှုကြောင့် သူ(မ) ပြောစရာစကားကင်းမဲ့သွားရသည်။
"ထိုင်ခုံခါးပတ်ပတ်ထား။ မပူနဲ့.. ငါက ကားမောင်းတာမြန်ပေမဲ့ ငြိမ့်ငြိမ့်လေးပဲ"
ယဲ့ချန်း၏စကားများကို ကြားသောအခါ စုရှောင်ယာခမျာ မျက်ရည်ကျလုနီးပါးဖြစ်သွားရသည်။
ယခုတော့ ဤအရှက်တရားကို မဆေးကြောနိုင်တော့ပေ။
***************