ဆရာယဲ့ရဲ့အင်တာဗျူး
Vol. 3 Ch. 39
စုရှောင်ယာက ယဲ့ချန်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်၍ ပြောလိုက်၏။
"ကြည့်ရှုသူတို့.. ကျွန်မတို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ဆက်ကြမယ်နော်။ ဒီလူချောလေးက တက္ကစီဒရိုင်ဘာဆိုတာ သေချာပါတယ်။ ကျွန်မ အတည်ပြုပြီးပြီ"
ယဲ့ချန်းလည်း စုရှောင်ယာ၏တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကို လှမ်းကြည့်လိုက်သည်။
"မိန်းကလေး.. မင်းက ဒီလောက်လှတာကို ပရိသတ်ကျတော့ ဘာလို့နည်းနေတာလဲ"
စုရှောင်ယာ သက်ပြင်းချလိုက်မိသည်။
"ကျွန်မလည်း မတတ်နိုင်ဘူးလေ။ ကျွန်မက လှတယ်ဆိုပေမဲ့ အဖော်အချွတ်လုပ်ရတာကို စိတ်မဝင်စားဘူး။ ခပ်ဟော့ဟော့အကတွေလည်း မကပြတတ်ဘူး။ သီချင်းလည်း ကောင်းကောင်းမဆိုတတ်ဘူးဆိုတော့ ကျွန်မရဲ့ထုတ်လွှင့်မှုက ပျင်းဖို့ကောင်းနေတာပေါ့။ ကျွန်မမှာ စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန်နေရတာ"
"အဲလိုကိုး"
ယဲ့ချန်း ရုတ်တရက် ဉာဏ်အလင်းရသွားသည်။
ယနေ့ခေတ်တွင် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းများ၌ အလှပဂေးလေးများဖြင့် ပြည့်နှက်နေသည်။
အလှလေးတွေ နေရာတိုင်းမှာရှိနေတာ ဟုတ်ရဲ့လား?
ဘယ်ဟုတ်ပါ့မလဲ။ အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူအများစုက မိတ်ကပ်နဲ့ ဓာတ်ပုံတည်းဖြတ်ရေးစကေးတွေကို မှီခိုနေရတာလေ...
သိပ်မကြာခင်တုန်းက အလွန်ရုပ်ဆိုးသော အမျိုးသမီးတစ်ယောက်က သူ(မ)ဓာတ်ပုံကို တည်းဖြတ်ကာ အလှပဂေးလေးတစ်ယောက်ဖြစ်အောင်ပြောင်း၍ ဖော်လိုဝါတစ်သန်းကျော်လောက် ရခဲ့သည်ဟူသော သတင်းများ အွန်လိုင်းပေါ်တွင် ပျံ့သွားခဲ့သည်။
ယုံရောယုံနိုင်ရဲ့လား!
ယဲ့ချန်း၏အကဲဖြတ်ချက်အရ စုရှောင်ယာ၏ရုပ်ရည်က အစစ်အမှန်ပင်။
စုရှောင်ယာက ရုတ်တရက်ဆိုလာလေသည်။
"ဘော့စ်.. ရှင်က အရမ်းချမ်းသာတယ်ဆိုတော့ ဒီStreamerလေးကို မထောက်ပံ့ပေးချင်ဘူးလား"
ယဲ့ချန်း ရယ်ကာမောကာဖြင့် ပြောလိုက်၏။
"ရတယ်လေ။ ဒါပေမဲ့ ခဏနေရင် မင်း ငါ့ရဲ့ကားမောင်းစကေးကို ချီးကျူးပြီး ကြယ်ငါးပွင့်ရီဗျူးတစ်ခု ပေးရမယ်"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူအပေါင်းမှာ နောက်တစ်ကြိမ်ဝရုန်းသုန်းကားဖြစ်သွားလေသည်။
"ဝိုး.. လူကုံထံတွေက ဒီလိုအီစီကလီလုပ်ကြတာကိုး"
"ကားမောင်းစကေးတဲ့လား? ဟိုတယ်မှာမောင်းတာကို ပြောတာဖြစ်မယ်"
"Streamerလေး.. ငါတို့ မင်းကို အားပေးနေမယ်နော်။ ဒီဘောစိကို ရအောင်ယူပြီးရင် မင်းက မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးရဲ့ နံပါတ်တစ်ဖြစ်လာမှာ"
"ဒီတိုက်ရိုက်ထုတ်လွှင့်မှုကတော့ Streamerလေးရဲ့ကျရှုံးခန်းပါကွာ"
စုရှောင်ယာခမျာ ရှက်လွန်းသောကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ်စိတ်ငြိမ်အောင်ထား၍ ပြောလိုက်၏။
"ရှင့်ကိုချီးကျူးရတာက ပြဿနာမဟုတ်ပါဘူး။ ဒီလူငယ်လေးရဲ့ ကားမောင်းစကေးက ငြိမ့်ညောင်းနေတာပဲ။ ဒီကားကို လိုက်စီးရတာ အရမ်းသက်သောင့်သက်သာရှိတယ်"
"ချီးကျုးမှုအတွက် ကျေးဇူးတင်ပါတယ်..အလှလေးရေ ရောက်ပါပြီ"
စုရှောင်ယာ ရယ်လျက် ပြောလိုက်၏။
"ကျွန်မ ရှင့်ကို ချီးကျူးပြီးပြီနော်။ ကြယ်ငါးပွင့်ရီဗျူးလည်း ပေးပြီးပြီ။ ဒီလူချမ်းသာလေးက ကျွန်မကို ဒုံးပျံလက်ဆောင်ပေးသင့်နေပြီမလား"
ယဲ့ချန်းက ဟိုတယ်၏ ကားပါကင်တွင် ကားရပ်လိုက်ပြီးနောက် ခပ်ဖွဖွပြုံးလိုက်သည်။
"ဆောရီး..ငါ့မှာ အခုလောလောဆယ်တော့ မောင့်ယီတိုက်ရိုက်ထုတ်လွှင့်ရေးအကောင့်မရှိသေးလို့။ ပြီးတော့ လုပ်စရာလည်းရှိသေးတယ်။ တစ်နေ့နေ့ ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုခုမှာ ထပ်တွေ့ဖြစ်ရင် မင်းကို ဒုံးပျံဆယ်ခု လက်ဆောင်ပေးမယ်"
စုရှောင်ယာလည်း ကားထဲမှထွက်လိုက်ပြီးနောက် ခဏမျှကြက်သေသေသွားရသည်။ သူ့ဝီချက်နံပါတ်ကို မေးရန်ဟန်ပြင်လိုက်သော်လည်း ယဲ့ချန်း၏ကားက နောက်မီးကိုပင် မမြင်ရလောက်အောင် ပျောက်ကွယ်သွားပြီဖြစ်၏။
ကားနောက်မီးကို ကြည့်ရင်း စုရှောင်ယာ အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။
ယဲ့ချန်းက သူ(မ)နှင့် အချိန်အကြာကြီး အီစီကလီလုပ်ပြီးပြီဖြစ်လေရာ အနည်းဆုံးတော့ သူ(မ)ကို ဝီချက်အကောင့်ဖြစ်ဖြစ် ဖုန်းနံပါတ်ဖြစ်ဖြစ် ပေးသွားလိမ့်မည်ဟု ထင်ထားမိခဲ့သည်။
သို့သော် ယဲ့ချန်းက သည်အတိုင်းပြန်သွားခဲ့သည်...
ကိုးနာရီငါးဆယ်မိနစ်တွင် ယဲ့ချန်းလည်း မိုတုရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်သို့ အချိန်မီရောက်လာခဲ့သည်။
ဒါရိုက်တာကျိုးက ယခုအထိ မရောက်သေးပေ။ ထို့ကြောင့် ယဲ့ချန်းလည်း ထိုင်ခုံတစ်နေရာရှာ၍ ထိုင်နေလိုက်သည်။
ယဲ့ချန်း၏အပြုအမူက ဘယ်သွားသွား အာရုံစိုက်မှုများကို အမြဲဆွဲဆောင်နေသည်သာ။ သူ့ရုပ်ရည်က အာရုံစိုက်မှုဗဟိုချက်တစ်ခု ဖြစ်လာသည်။
ရိုက်ကွင်းထဲရှိ အမျိုးသမီးဝန်ထမ်းများနှင့် အရန်အမျိုးသမီးသရုပ်ဆောင်များပင် ယဲ့ချန်းကိုမြင်ပြီး စိတ်လှုပ်ရှားကုန်ကြသည်။
ဤလူက စင်စစ်ချောမောလှသည်။
"ဟေး လူချောလေး..မင်းလည်း အရန်ဇာတ်ကောင်တစ်ခုအတွက် လူရွေးပွဲလာဖြေတာလား"
ထိုအချိန်တွင် လူငယ်အမျိုးသားတစ်ယောက်က ပြုံးလျက် အနားသို့ရောက်လာ၏။
"မဟုတ်ပါဘူး။ ငါက ဇာတ်လိုက်နေရာအတွက် လူရွေးပွဲလာဖြေတာ"
"ဝိုး.. အထင်ကြီးချင်စရာပဲ။ မင်းက ဘေဂျင်းရုပ်ရှင်တက္ကသိုလ်က ဘွဲ့ရထားတာလား။ ဒါမှမဟုတ် တရုတ်အနုပညာတက္ကသိုလ်ကလား"
ထိုလူငယ်လေးက ရယ်လိုက်သည်။
"ငါက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ သရုပ်ဆောင်တာက ငါ့ဝါသနာလေ"
"တက္ကစီဒရိုင်ဘာ?"
ထိုလူငယ်လေးခမျာ အံ့သြသွားရလေသည်။
"ကိုယ့်လူ..မင်း ငါ့ကိုလာနောက်နေတာမလား"
တက္ကစီဒရိုင်ဘာတစ်ယောက်က ဇာတ်လိုက်နေရာအတွက် လူရွေးပွဲလာဖြေတာလား?
"ဝါသနာသက်သက်ကြောင့်ပါ"
ယဲ့ချန်း ခပ်ဖွဖွရယ်လိုက်မိသည်။
ထိုလူငယ်လေးကတော့ လှောင်ပြုံးပြုံးလေသည်။
"ငါက ဟန်ရွှိုက်.. ငါလည်း ဒီကို ဇာတ်လိုက်နေရာအတွက် လူရွေးပွဲလာဖြေတာ"
"အင်း ငါကယဲ့ချန်း..အတူကြိုးစားကြတာပေါ့"
ဟန်ရွှိုက်သည် အစတုန်းကတော့ ယဲ့ချန်းနှင့်ပတ်သက်ပြီး ရတက်မအေးဖြစ်နေခဲ့သော်ငြား ယဲ့ချန်းက တက္ကစီဒရိုင်ဘာဖြစ်ကြောင်း သိလိုက်ရပြီးနောက် သက်မချလိုက်နိုင်သည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က သူ့ကို လာယှဉ်နိုင်မတဲ့လား။ ဟာသပဲ...
ထိုအချိန်ဝယ် တံခါးဝနားမှ ခြေသံများကို ကြားလိုက်ရ၏။
ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ယောက်က အဓိပ္ပာယ်ပြည့်ဝလှသော မျက်နှာအမူအရာမျိုးဖြင့် အထဲသို့ ဝင်လာသည်။
သူ့မျက်လုံးထဲတွင် ဖီဆန်ပုန်ကန်လိုဟန် အရိပ်အယောင်နည်းနည်းရှိပြီး ဆံပင်ကလည်း အတန်ငယ်ရှုပ်ပွနေသော်ငြား ယောကျ်ားဆန်သော ဆွဲဆောင်မှုများလည်း တစ်ပုံတစ်ပင်ရှိသည်။
ထိုလူမှာ ဟွားနိုင်ငံရှိ ဟာသဇာတ်လမ်းဘုရင် ဆရာယဲ့ပင်။
သူ့ဘေးတွင် မိန်းမလှလေးတစ်ယောက်ရှိ၏။
ထိုအမျိုးသမီးက စွဲမက်ဖွယ်ကောင်းသော ကောက်ကြောင်းနှင့် ကြော့မော့သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ(မ)၏အပြုံးနှင့် မျက်မှောင်ကြုတ်မှုတို့ကပါ ဆွဲဆောင်ဖမ်းစားနိုင်သည်။
ယဲ့ချန်း သူ(မ)ကို ချက်ချင်း မှတ်မိလိုက်သည်။ သူ(မ)က အလှတရားနှင့် ညှို့ငင်ဖမ်းစားခြင်း၏ အမှတ်သညာဖြစ်သော ကျန်းယွီယွီပင်။
ယဲ့ချန်းလည်း ရုတ်တရက်ဆိုသလို သူ(မ)၏နာမည်ကြီးစကားတစ်ခုကို သတိရလိုက်သည်။
"ကျွန်မမျက်နှာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ကျွန်မကိုလိုက်နေတဲ့လူတွေမှ ပြင်သစ်အထိတောင် တန်းစီနေတာ"
ဤစကားက မောက်မာဟန်တူသော်လည်း သူ(မ)၏ ပါးစပ်မှ ထွက်လာသောအခါ သဘာဝကျသည်ဟု ထင်ရသည်။
ယဲ့ချန်း မတ်တတ်ထရပ်၍ အနားသို့ကပ်သွားလိုက်သည်။
"မဂ်လာပါ ဒါရိုက်တာကျိုး .. ကျွန်တော်က ဒါရိုက်တာကျန်းမော့ရဲ့ ထောက်ခံချက်နဲ့ရောက်လာတဲ့ ယဲ့ချန်းပါ"
ကျန်းမော့၏ထောက်ခံချက်ဟု ပြောလိုက်သောအခါ ဆရာယဲ့၏မျက်လုံးများ တောက်ပသွားရပြီး ယဲ့ချန်းအား အထက်အောက်စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ရှုလိုက်သည်။
သူ့ရှေ့ရှိ လူငယ်လေးက အလွန်ချောမောပြီး ထူးချွန်သော အရှိန်အဝါမျိုးရှိသော်ငြား သူ တကယ်လိုအပ်သည်မှာ ဟာသသရုပ်ဆောင်တစ်ဦးပင်။
ယဲ့ချန်းက အိုင်ဒေါလ်ဒရမ်မာများကို သရုပ်ဆောင်နိုင်သော်လည်း ဟာသဇာတ်လမ်းများအတွက်မူ အနည်းငယ် လိုအပ်ချက်ရှိသည်။
သို့သော် သူ့အား ဒါရိုက်တာကျန်းမော့က ထောက်ခံပေးထားခြင်းဖြစ်ပြီး ဒါရိုက်တာကျန်းက သရုပ်ဆောင်ရွေးချယ်ရာတွင် တင်းကျပ်သောစံနှုန်းများရှိကြောင်း သူသိထားသည့်အတွက် စဉ်းစားပေးဖို့ ထိုက်တန်လေသည်။
မနေ့က ဒါရိုက်တာကျန်းမော့က ဖုန်းထဲကတစ်ဆင့် ယဲ့ချန်းအား ရုပ်ရှင်ဧကရာဇ်လောင်းတစ်ဦးအဖြစ် ချီးကျူးခဲ့သည်။
ထိုအချက်က ယဲ့ချန်းအပေါ်ထားသော ဆရာယဲ့၏စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့သည်။
တကယ်တော့ ဒါရိုက်တာကျိုး၏ စိတ်ထဲတွင် ထိုဇာတ်ကောင်အတွက် ဟန်ရွှိုက်ကို ရွေးထားပြီးသားဖြစ်၏။
သို့သော် ဒါရိုက်တာကျန်းမော့က ယဲ့ချန်းအား ထောက်ခံထားကြောင်းနှင့် သူ့သရုပ်ဆောင်ချက်ကို အလွန်အမင်းချီးကျူးထားကြောင်း ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားရသည်။
ဆရာယဲ့က ပြုံးလျက် ပြောလိုက်၏။
"ယဲ့ချန်းမလား။ ဒါရိုက်တာကျန်းက မင်းရဲ့သရုပ်ဆောင်ချက်က အရမ်းကောင်းတယ်လို့ ပြောတယ်"
ဆရာယဲ့က ရုပ်ရှင်ဧကရာဇ်အဆင့် အနုပညာရှင်တစ်ဦးဖြစ်သော်လည်း မောက်မာခြင်း လုံးဝမရှိပေ။
ဤနှစ်များအတွင်း ဆရာယဲ့က ရုပ်ရှင်ကားများ အရိုက်နည်းလာပြီး ဒါရိုက်တာအလုပ်ကိုသာ အဓိကထား၍ လုပ်ကိုင်နေသည်။
"ကျွန်တော်က အခုမှ သရုပ်ဆောင်အသစ်လေးပါ။ လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်။ ဆရာယဲ့ရဲ့ လမ်းညွှန်မှုတွေကို လိုအပ်ပါသေးတယ်"
ယဲ့ချန်းက ရိုကျိုးစွာ ပြောလိုက်သည်။
"အထဲကိုသွားရအောင်။ တခြားသရုပ်ဆောင်နှစ်ယောက်လည်း မင်းနဲ့အတူ စစ်ဆေးခံရမှာ"
ဆရာယဲ့က ခပ်ပြုံးပြုံးပြောလိုက်လေသည်။
ကျန်းယွီယွီက ယဲ့ချန်းအား တစ်ချိန်လုံး အကဲခတ်လေ့လာနေသည်။
ဤလူငယ်လေးမှာ အမှန်တကယ် ချောမောခန့်ညားလှသည်။ အထူးသဖြင့် သူ့ထံမှ ထူးခြားလှသော ယောကျ်ားဆန်သည့် ဆွဲဆောင်မှုပင်။
ယောက်ျားများစွာနှင့် တွေ့ကြုံဖူးသည့် ကျန်းယွီယွီက သာမန်ယောက်ျားများကို ဂရုမစိုက်တတ်ပေ။
သို့သော် ယဲ့ချန်းက သူ(မ)အား လန်းဆန်းတက်ကြွစေသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
"ကျွန်မက ကျန်းယွီယွီပါ။ တွေ့ရတာ ဝမ်းသာပါတယ်"
ကျန်းယွီယွီက ရုတ်တရက်ဆိုသလို ကျောက်စိမ်းနှင့်အလားသဏ္ဍာန်တူသော သူ(မ)၏လက်ကို ဆန့်ထုတ်လိုက်သည်။
ဘေးနားရှိ အမျိုးသမီးစတားတစ်ဦးက ရုတ်တရက်ကြီး ယဲ့ချန်းကို နှုတ်ဆက်နေခြင်းမှာ ဇာတ်ပို့များစွာ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။
ကျန်းယွီယွီက သီးသန့်နေတတ်ပြီး အခြားယောက်ျားများကို တက်တက်ကြွကြွနှုတ်မဆက်တတ်ရာ၌ နာမည်ကြီးလေသည်။
ကျန်းယွီယွီက အမျိုးသမီးစတားတစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်း သိသဖြင့် ပြုံးရယ်ရင်း နူးညံ့လှသည့် သူ(မ)၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
သာမန်ယောက်ျားများဆိုလျှင် မိန်းကလေးတစ်ယောက်၏လက်ကို ကိုင်လိုက်ရသည်နှင့် အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ ဖြစ်တတ်ကြသည်။
သို့သော် ယဲ့ချန်းကတော့ အေးဆေးတည်ငြိမ်လျက်သာ။
ကျန်းယွီယွီမှာ အမှန်စင်စစ် လှပသော်ငြား သူ့ဘေးနားတွင်လည်း ရုပ်ရည်အမှတ်၉၅မှတ်နှင့် အထက်ရှိသည့် မိန်းကလေးများ ရှိထားပြီးသားပင်။
"ကျွန်တော်က ယဲ့ချန်းပါ။ မိန်းကလေးကျန်း.. လမ်းညွှန်သင်ကြားပေးပါဦး"
ယဲ့ချန်းက ရိုကျိုးစွာ ပြောလိုက်ပြန်သည်။
"အင်း.. ရှင့်ရဲ့သရုပ်ဆောင်ချက်က ဆရာယဲ့ကို အထင်ကြီးအောင်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ရှင်နဲ့အတူ အလုပ်လုပ်ရဖို့ မျှော်လင့်နေတယ်နော်"
ကျန်းယွီယွီက ကလူကျီစယ်လိုဟန်ဖြင့် ပြောလိုက်သည်။
ဝိုး...
သူ(မ)က တကယ့်ကို ဆွဲဆောင်ညှို့ယူနိုင်တဲ့ နတ်သမီးတစ်ပါးပဲ...
သူတို့သုံးယောက်သား ဒါရိုက်တာရုံးခန်းထဲသို့ အတူလျှောက်သွားလိုက်ကြသည်။ ထိုနေရာတွင်လည်း နောက်ထပ်နှစ်ယောက် ထပ်ရှိသေးသည်။
တစ်ယောက်က သူ ခုနကပြောခဲ့သည့် ဟန်ရွှိုက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အလွန်ငယ်ရွယ်သော လူငယ်လေးတစ်ဦးပင်။
ဤလူနှစ်ယောက်က သူ့ပြိုင်ဘက်များ ဖြစ်ဟန်တူသည်။
************