အင်တာဗျူး
Vol. 3 Ch. 40
ကောင်းမင်ဟုခေါ်သော အခြားလူငယ်လေးတစ်ယောက်က ကျိုတိုရုပ်ရှင်တက္ကသိုလ်မှ ဘွဲ့ရထားသူပင်။
ဤတစ်ခေါက်တွင် အဆက်အသွယ်ကောင်းမှုကြောင့် ဆရာယဲ့ထံမှ အင်တာဗျူးခံရမည့် အခွင့်အရေးကို သူ ရလိုက်သည်။ ထို့ကြောင့် ဆရာယဲ့ကိုကြည့်လိုက်ချိန်မှာ သူ့အမူအရာက အလွန်စိတ်လှုပ်ရှားနေသည်မှာ သိသာလှသည်။
ဟန်ရွှိုက်က ယခင်ကလည်း ဆရာယဲ့နှင့်အတူ အလုပ်တွဲလုပ်ဖူးပြီး ဆရာယဲ့၏ရုပ်ရှင်တစ်ခုတွင် ဇာတ်ကောင်တချို့ကို သရုပ်ဆောင်ခဲ့ဖူးသည်ဖြစ်ရာ သူ့အမူအရာမှာ ပိုတည်ငြိမ်မှုရှိသည်။
ဟွားနိုင်ငံ၏ အနုပညာလောကတွင် ဟန်ရွှိုက်က အနည်းငယ်လူသိများသော တတိယအဆင့်သရုပ်ဆောင်တစ်ယောက်ပင်။ ဇာတ်လမ်းတွဲတော်တော်များများတွင်လည်း ပါဖူးပြီး အတန်ငယ်နာမည်ကြီးထားသည်။
ဤတစ်ခေါက် ဆရာယဲ့ထံမှ မျက်နှာသာပေးခံရခြင်းမှာ ဟန်ရွှိုက်အတွက်တော့ တစ်သက်မှာ တစ်ကြိမ်သာရသော အခွင့်အရေးတစ်ခုဖြစ်သည်။
ဆရာယဲ့က လူသစ်လေးများကို နှိပ်စက်ရာတွင် အလွန်နာမည်ကြီးသည်။ သူသာ ဤ"ရေသူမ"ရုပ်ရှင်တွင် ပါဝင်နိုင်ပါက သူ့ကျော်ကြားမှုလည်း ထိုးတက်သွားပြီး ပထမအဆင့်သရုပ်ဆောင်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု သူယုံကြည်ထားသည်။
သို့သော် မူလကတည်းက စီစဉ်ထားပြီးဖြစ်သော အရာများက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
မနေ့က နောက်ထပ်သရုပ်ဆောင်နှစ်ယောက်လည်း သူနှင့်အတူ စစ်ဆေးခံရလိမ့်မည်ဟု ဆရာယဲ့က သူအား အကြောင်းကြားလာသည်။ သို့သော် ထိုလူနှစ်ယောက်အကြောင်းကို သိလိုက်ရသောအခါ ဟန်ရွှိုက်လည်း စိတ်သက်သာရာရသွားလေတော့သည်။
တစ်ယောက်က တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဘေဂျင်းရုပ်ရှင်တက္ကသိုလ်မှ ဘွဲ့ရထားသော လူသစ်လေးတစ်ယောက်ဖြစ်၏။ မည်သူကမှ သူ့အား ယှဉ်နိုင်စရာအကြောင်းမရှိပေ။
ဤဇာတ်ကောင်မှာ သံသယဖြစ်နေစရာပင် မလိုလောက်အောင် သူ့အပိုင်ဖြစ်နေလေပြီ။
သို့သော် ယဲ့ချန်းကို ဒါရိုက်တာကျန်းမော့က ထောက်ခံပေးထားကြောင်း ကြားလိုက်ရချိန်မှာတော့ ဟန်ရွှိုက်လည်း အံ့အားသင့်သွားရသည်။ ဟန်ရွှိုက်၏အမြင်မှာတော့ ယဲ့ချန်းက ရုပ်ရည်ချောမောတာကလွဲလျှင် ချီးကျူးထိုက်သောအရာဟူ၍ ဘာမှမရှိချေ။
သို့သော် သူ့ကို ဘယ်လိုလုပ်ပြီး ဒါရိုက်တာကျန်းက မျက်စိကျသွားရလေသလဲ?
တခြားတစ်နည်းဆိုရသော် ဆရာယဲ့၏စိတ်နေစိတ်ထားအရဆိုလျှင် ဤအင်တာဗျူးက ယဲ့ချန်း၏သရုပ်ဆောင်ချက်ကို ကြည့်ရှုအကဲဖြတ်ရန်အတွက် သက်သက်စီစဉ်လိုက်ခြင်းသာ။
ဆရာယဲ့၏စရိုက်ကို ဟန်ရွှိုက် ကောင်းကောင်းသိသည်။ သူက သူ့ရုပ်ရှင်ထဲတွင် ပြစ်ချက်အသေးလေးကိုပင် သည်းခံနိုင်သူမဟုတ်။ အရာအားလုံးကို သရုပ်ဆောင်စွမ်းရည်ဖြင့်သာ ဆုံးဖြတ်ချက်ချတတ်သူပင်။
ဒါရိုက်တာကျန်းက ထောက်ခံပေးထားသည်ဆိုလျှင်ပင် သရုပ်ဆောင်စွမ်းရည်က ထူးချွန်မနေပါက ကန်ထုတ်ခံရမည်သာ။
ကျန်းယွီယွီက ဆရာယဲ့၏ဘေးတွင်ထိုင်ကာ သန်မာလှသော ဖြစ်တည်မှုအရှိန်အဝါကို ထုတ်လွှတ်နေချေသည်။
"ဒါက"ရေသူမ"ရုပ်ရှင်ထဲက ဇာတ်လိုက်နေရာအတွက် လူရွေးပွဲဖြေရမှာပါ။ အားလုံးပဲ ကောင်းကောင်းသရုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်။ အခု ဇာတ်လမ်းအကျဉ်းကို ပြောပြပေးမယ်။ အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ ရေသူမက အမျိုးသားဇာတ်လိုက်ကို လုပ်ကြံသတ်ဖြတ်ရမှာ။ မင်းတို့သုံးယောက်က လွတ်လွတ်လပ်လပ်သရုပ်ဆောင်နိုင်တယ်။ အချိန်ကတော့ ငါးမိနစ်ပေးထားမယ်။ ကံကောင်းပါစေ"
ကျန်းယွီယွီက ဆွဲဆောင်ညှို့ငင်နိုင်သော မျက်ဝန်းနှင့် ရွှင်ပျသောအပြုံးတို့ကို လှစ်ဟပြသရင်း ထိုသုံးယောက်ကို ကြည့်လိုက်၏။
"ဘယ်သူ အရင်သရုပ်ဆောင်ချင်လဲ"
ဇာတ်လမ်းအကျဉ်းကို ပေးထားပြီးဖြစ်လေရာ မိမိအနေနှင့် လွတ်လွတ်လပ်လပ်သရုပ်ဆောင်နိုင်ပေသည်။ ဤအကြောင်းအရာမှာ အတန်ငယ်ခက်ခဲလှသည်။
ငါးမိနစ်ကြာဇာတ်လမ်းဇာတ်ကွက်အတွက် အချိန်တိုအတွင်း ဒိုင်ယာလော့လည်း စီစဉ်ရမည်။ သရုပ်ဆောင်စွမ်းရည်ကိုလည်း ချပြရမည်။
အရေးအကြီးဆုံးမှာ အစမှ အဆုံးထိတိုင် ပါတနာတစ်ယောက်မပါဘဲ တစ်ယောက်တည်း သရုပ်ဆောင်ရမည်ဆိုခြင်းမှာ အလွန်ခက်ခဲလေသည်။ အရေးအကြီးဆုံးကတော့ သူတို့က ဟာသဇာတ်လမ်းတစ်ခုကို ဖန်တီးနေခြင်းဖြစ်၏။ ထိုကဲ့သို့သော ဇာတ်ကွက်တစ်ခုအတွက် ဟာသပြက်လုံးမျိုးကို ဖန်တီးနိုင်ရန်မှာ ခက်ခဲလွန်း၏။
ဤအကြောင်းအရာကို ကြားသောအခါ ကောင်းမင်ခမျာ လုံးဝကြောင်အသွားသည်။ ဤသည်မှာ သူထင်ထားသည်နှင့် လုံးဝကွာနေပေသည်။
အစတုန်းကတော့ ဒါရိုက်တာက သူ့အား ဇာတ်ညွှန်းတစ်ခုပေးလာပြီး သူကလည်း ထိုဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ရမည်ဟု ထင်ထားခဲ့ခြင်းပင်။ သို့သော် ယခုမူ အရာအားလုံးကို သူကိုယ်တိုင် အစီအစဉ်ချရမည်သာ။
ကောင်းမင်သည် အခြေခံတကျ လေ့ကျင့်ခံထားရသော်ငြား ကျောင်းတွင် ကြိုးစားလှသော ကျောင်းသားတစ်ယောက်မဟုတ်ပေ။ ရိုးရှင်းလှသော ဇာတ်လမ်းဇာတ်ကွက်မျိုးသာဆိုလျှင် ပြဿနာမရှိသော်ငြား ဇာတ်လမ်းကို ကိုယ်ပိုင်ဖန်တီးရခြင်းမှာမူ သူလုပ်နိုင်သော အရာတစ်ခုမဟုတ်ချေ။
ထိုအကြောင်းအရာကို ကြားလိုက်ရသည့်အခါ ယဲ့ချန်း၏စိတ်ထဲတွင် သူ့ယခင်ဘဝတုန်းက ဇာတ်ကွက်တစ်ခုကို မြင်ယောင်လိုက်မိသည်။
ဟုတ်ပေသည်။ ယခင်ဘဝတုန်းက "ရေသူမ"ဟုခေါ်သော ရုပ်ရှင်တစ်ခုရှိခဲ့ဖူးပြီး ဇာတ်လမ်းဇာတ်ကွက်ကလည်း တစ်ထေရာတည်းပင်။
ဤဇာတ်ကွက်ကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုသည်ကို ယဲ့ချန်း သိသွားသည်။ သူ ရှေ့တက်တော့မည့်အချိန်မှာပင် ဟန်ရွှိုက်က အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ဧည့်ခန်း၏အလယ်သို့ ယုံကြည်မှုအပြည့်ဖြင့် သွားလိုက်လေတော့သည်။
ထို့နောက် ဟန်ရွှိုက်လည်း ဆရာယဲ့နှင့် ကျန်းယွီယွီတို့ကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်၏။
"ဒါရိုက်တာကျိုး… ဆရာမကျန်း.. ကျွန်တော့်နာမည်က ဟန်ရွှိုက်ပါ။ အရင်က ဒါရိုက်တာကျိုးနဲ့အတူ လက်တွဲဖူးပါတယ်"
ဆရာယဲ့ကလည်း ခေါင်းတညိတ်ညိတ်လုပ်နေချေသည်။ သူသည် ဟန်ရွှိုက်နှင့် ရင်းနှီးပြီးသားပင်။
ကျန်းယွီယွီက ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သည်။
"ကောင်းပြီလေ။ သရုပ်ဆောင်လို့ရပြီ"
ဟန်ရွှိုက် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့မျက်လုံးများက ရုတ်ခြည်းပြောင်းလဲသွားသည်။ သူ့အမူအရာမှာ အလွန်မူပိုလွန်းလှသည်။ ထို့နောက် ကြောက်မက်ဖွယ်ရာတစ်ခုခုကို တွေ့လိုက်ရသည့်အလား လှည့်ပြေးလေတော့သည်။
သို့သော် သူ့ခြေထောက်က တစ်ခုခုကိုချော်နင်းမိသဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။ သူ့ပုံစံကြည့်ရသည်မှာ ခွတီးခွကျဖြင့် ရယ်ရသည်။ သူ မတ်တတ်ထရပ်ရန် ကြိုးစားသော်ငြား စိတ်လှုပ်ရှားနေသဖြင့် ထပ်ချော်လဲသွားသည်။
အဆုံးမှာတော့ မတ်တတ်ရပ်လိုက်နိုင်သည်။
"ကျွန်တော့်ကိုမသတ်ပါနဲ့။ ကျွန်တော် ခင်ဗျားကို ပိုက်ဆံပေးနိုင်ပါတယ်။ မဟုတ်သေးဘူး။ ကျွန်တော့်လူတွေကလည်း…"
ဟန်ရွှိုက်၏မျက်လုံးများမှာ ဟာသဆန်ဆန်အရိပ်အယောင်တစ်ခုနှင့်အတူ မှိုင်တွေသွားဟန်ပေါက်လာသည်။
"ခင်ဗျား ကျွန်တော့်ကိုမသတ်ခင် ကျွန်တော် တစ်ခုလောက်တော့ပြောချင်တယ်"
"တစ်ခါတုန်းက ကျွန်တော့်ဆီကို အချစ်စစ်တစ်ခု ရောက်လာဖူးပေမဲ့ ကျွန်တော် အဲဒါကို တန်ဖိုးမထားခဲ့မိဘူး။ အဲဒီအရာကို ဆုံးရှုံးလိုက်ရမှပဲ နောင်တတွေရနေတော့တာ။ ကမ္ဘာပေါ်မှာ အနာကျင်ရဆုံးအရာဆိုတာ ဒါပါပဲ။ ကောင်းကင်ဘုံကသာ အခွင့်အရေးတစ်ခုလောက်ပေးမယ်ဆိုရင် ကျွန်တော် အဲဒီမိန်းကလေးကို စကားသုံးခွန်းပြောချင်တယ်။ ငါ မင်းကို ချစ်တယ်။ ဒီအချစ်မှာ ကျွန်တော် အချိန်ကန့်သတ်ချက်တော့ ထည့်မှဖြစ်မယ်ဆိုရင် အဲဒါ…နှစ်တစ်သောင်းလို့ထင်တာပဲ"
……
ဤအပိုင်းမှာ ဆရာယဲ့၏ ယခင်ရုပ်ရှင်များထဲမှ ဒိုင်ယာလော့များကို ကော်ပီကူးထားခြင်းဖြစ်၏။ သူ့သရုပ်ဆောင်ချက်က ဆရာယဲ့၏စတိုင်လ်ကို ဖော်ထုတ်ပြသနိုင်သဖြင့် ထိမိသည်ဟု ဆိုနိုင်သည်။
ဇာတ်ကောင်ထဲသို့ ခပ်မြန်မြန်စီးမြောနိုင်ပြီး လက်တန်းသရုပ်ဆောင်နိုင်ခြင်းမှာ သရုပ်ဆောင်ကောင်းတစ်ယောက်၏ စံချိန်စံနှုန်းကို လိုက်မီလေသည်။
ဟန်ရွှိုက်၏သရုပ်ဆောင်ချက်ကို မြင်သောအခါ ဆရာယဲ့က စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ဆရာယဲ့၏တုံ့ပြန်မှုကြောင့် ဟန်ရွှိုက်လည်း ဆရာယဲ့ထံမှ ခွင့်ပြုချက်ရလိုက်သည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အပျော်လုံးစို့သွားလေသည်။
သူ နောက်တစ်ကြိမ်ဦးညွှတ်လိုက်ပြီးနောက် သူ့နေရာသို့ ယုံကြည်မှုအပြည့်ဖြင့် သွားထိုင်နေလိုက်သည်။ ဆရာယဲ့၏အတည်ပြုချက်ကြောင့် ဤဇာတ်ကောင်မှာ သူ့အပိုင်ဖြစ်ကြောင်း သေချာသွားရသည်။
အစကတည်းက ယုံကြည်မှုသိပ်မရှိသော ကောင်းမင်ခမျာ ဟန်ရွှိုက်၏သရုပ်ဆောင်ချက်ကို မြင်ပြီး ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့သွားရသည်။
သူ့အနေနှင့် လိုက်တုပနိုင်သော်ငြား လက်တန်းသရုပ်ဆောင်ရခြင်းမှာမူ သူလိုက်မီသောအရာမျိုး မဟုတ်ချေ။
ကောင်းမင်ခမျာ အံတင်းတင်းကြိတ်၍ မတ်တတ်ထရပ်လိုက်သည်။
"ဒါရိုက်တာကျိုး.. ဆရာမကျန်း…ကျွန်တော်က ကျိုတိုရုပ်ရှင်တက္ကသိုလ်ဆင်း ကောင်းမင်ပါ…"
ဆရာယဲ့နှင့် ကျန်းယွီယွီတို့ရှေ့တွင် မတ်တတ်ရပ်နေရသဖြင့် ကောင်းမင်ခမျာ သူတို့၏တည်ရှိမှုကြောင့် လုံးဝလွှမ်းမိုးခံလိုက်ရပြီး အတုန်တုန်အယင်ယင်ဖြင့် ထစ်အနေရှာသည်။
ကျန်းယွီယွီက စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်၏။
"ကောင်းပြီ။ သရုပ်ဆောင်တော့"
ကောင်းမင်က ရုပ်ရှင်တက္ကသိုလ်၌ အခြေခံတကျ လေ့ကျင့်ထားပြီး ဇာတ်လမ်းဇာတ်ကွက်ကို သရုပ်ဆောင်နိုင်သည်ဆိုသော်ငြား သူ့တင်ဆက်မှုက ခပ်တောင့်တောင့်ကြီးဖြစ်နေပြီး လူကလည်း အလွန်စိတ်လှုပ်ရှားနေသည်။
သို့သော် သက်ရောက်မှုကား အလွန်ညံ့ဖျင်းလှပြီး အမူအရာကင်းမဲ့နေသော မျက်နှာနှင့် တောင့်ခဲနေသော လှုပ်ရှားဟန်တို့က အရန်ဇာတ်ကောင်အနေနှင့်ပင် အရည်အချင်းမပြည့်မီချေ။
ထိုကဲ့သို့သော သရုပ်ဆောင်ချက်မျိုးကြောင့် ဆရာယဲ့မှာ ခေါင်းတခါခါလုပ်နေသည်။ ဤသည်မှာ ကောင်းမင် ထုတ်ပယ်ခံရပြီဟူသော အဓိပ္ပာယ်ပင်။
ကောင်းမင်၏တင်ဆက်မှုကိုမြင်ပြီးနောက် ဟန်ရွှိုက် ဝမ်းသာသွားရသည်။ သူ့စိတ်ထဲမှာတော့ တစ်ဦးတည်းသောပြိုင်ဘက်က ကောင်းမင်ဟုသာ မှတ်ယူထားသည်။ ယခုတော့ သူလည်း မရှိတော့သဖြင့် အောင်နိုင်ခြင်းက သူ့အတွက်ဖြစ်ဖို့ သေချာသွားသည်။
တက္ကစီဒရိုင်ဘာကတော့လား?
ဟက်!
ယဲ့ချန်းအတွက် သူ သနားတောင်သနားလာလေပြီ။
ဆရာယဲ့နှင့် ကျန်းယွီယွီတို့၏ အားကောင်းလှသော အရှိန်အဝါများကြောင့် ကျိုတိုရုပ်ရှင်တက္ကသိုလ်ဆင်း ထိပ်တန်းကျောင်းသားတစ်ယောက်ပင် သရုပ်မဆောင်နိုင်ခဲ့ပေ။ အပြင်လူတစ်ယောက်ဖြစ်သော ယဲ့ချန်းဆိုလျှင် ပိုဆိုးသေးသည်။
ဟွားနိုင်ငံ၏ အနုပညာနယ်ပယ်ထဲတွင် ဟိုးလေးတကြော်ကြော်နာမည်ကြီးခဲ့သော ဝမ်ပေါင်ပေါင်ဟုခေါ်သည့် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက် ရှိခဲ့ဖူးသည်။ သို့သော် ဝမ်ပေါင်ပေါင်ကိုယ်တိုင်ပင် ဇာတ်ပို့အဖြစ် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးမှသာ အောင်မြင်ခဲ့ရသည်။
မင်းက တက္ကစီဒရိုင်ဘာတစ်ယောက်လေ.. အရည်အချင်းရှိတယ်ဆိုရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ?
ယဲ့ချန်းက မတ်တတ်ထရပ်ပြီးနောက် ဧည့်ခန်း၏အလယ်သို့ သွားလိုက်သည်။
"ဒါရိုက်တာကျိုး..ဆရာမကျန်း.. ကျွန်တော်က ယဲ့ချန်းပါ"
ဆရာယဲ့က ယဲ့ချန်း၏တင်ဆက်မှုကို အများကြီးမျှော်လင့်ထားပေသည်။ ယဲ့ချန်း၏ သရုပ်ဆောင်ချက်က ဒါရိုက်တာကျန်းမော့ပြောသလို တကယ်ပဲ အထင်ကြီးဖို့ကောင်းသလားဆိုသည်ကို သူ သိချင်မိခြင်းပင်။
ကျန်းယွီယွီလည်း ဒါရိုက်တာကျန်းမော့က ယဲ့ချန်းအား အခိုင်အမာထောက်ခံပေးထားသည်ဟု ကြားထားပြီးသားပင်။ ထို့ကြောင့် ယဲ့ချန်း ဘယ်လိုတင်ဆက်မှုမျိုးကို ပြသလာမလဲဆိုသည်ကို အလွန်သိချင်မိသည်။
"ယဲ့ချန်း စလို့ရပါပြီ"
ဆရာယဲ့က ယဲ့ချန်းက ခပ်ဖွဖွပြုံးပြလိုက်သည်။
အစောတုန်းက ဟန်ရွှိုက်၏တင်ဆက်မှုက သူ့ထံမှ အသိအမှတ်ပြုမှုကို ရရှိထားပြီးဖြစ်၏။
ဤဇာတ်ရုပ်ကို ယဲ့ချန်း ရယူဖို့အတွက်ဆိုလျှင် ပိုတောက်ပသော ဇာတ်ကွက်မျိုးကို ချပြနိုင်ဖို့ လိုအပ်ပေသည်။
***********