ပြိုင်ဘက်ကင်းသော
Vol. 3 Ch. 41
ယဲ့ချန်းက သူ့ကုတ်အင်္ကျီကိုချွတ်၍ ကိုယ်ကျပ်စွပ်ကျယ်အနက်ရောင်ကို ထုတ်ဖော်ပြသလိုက်သည်။ ယခင်ဘဝတုန်းက ဤဇာတ်ကောင်ကို သရုပ်ဆောင်သည့် မင်းသားက အစ်ကိုချောင်ဖြစ်၏။
သူသည် ဤဇာတ်ရုပ်ကို ထင်မထားသောနည်းလမ်းမျိုးဖြင့် သရုပ်ဖော်ခဲ့သည်။
[တင်! နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ]
[တင်! ဟာသဘုရင်စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ]
စနစ်၏အသိပေးချက်က သူ့စိတ်အာရုံထဲတွင် မြည်ဟည်းနေသည်။ ထိုအချိန်တွင် "ရေသူမ"ရုပ်ရှင်ထဲရှိ အဓိကဇာတ်လိုက်၏ပုံရိပ်များက ယဲ့ချန်း၏စိတ်ထဲသို့ စီးဝင်လာချေသည်။
သူလည်း အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးထဲတွင် မောက်မာလေဟန်အရိပ်အယောင်တစ်ခုဖြင့် ပြည့်နှက်နေပြီး အတန်ငယ်ရဲဝံ့လေဟန်ရှိ၏။
ယဲ့ချန်း၏အမူအရာကို မြင်သောအခါ ဆရာယဲ့၏မျက်ဝန်းများက တောက်ပလင်းလက်သွားလေသည်။
ကျွမ်းကျင်အဆင့် ဒါရိုက်တာတစ်ယောက်အနေနှင့် ယဲချန်း၏အမူအရာကိုကြည့်ရုံဖြင့် ဇာတ်ကောင်ထဲသို့ ဝင်သွားပြီဖြစ်ကြောင်း သူ အတပ်သိသည်။ လျှပ်တစ်ပြက်အတွင်း ဇာတ်ကောင်နှင့် တစ်သားတည်းကျခြင်းမှာ ထူးချွန်သရုပ်ဆောင်တစ်ယောက်၏ အမှတ်သညာပင်။
အဆုံးမှာတော့ ဒါရိုက်တာကျန်းမော့က ယဲ့ချန်းကို ဘာကြောင့်ထောက်ခံပေးသလဲဆိုသည်ကို ဆရာယဲ့ နားလည်သွားသည်။ ဤလူငယ်လေးက စင်စစ်ထူးခြားလှသည်။
ယဲ့ချန်းက ကြီးစိုးခြယ်လှယ်တတ်သော စီအီးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူ့တွင် မကုန်မခမ်းနိုင်သော ငွေအမြောက်အများနှင့် အဆုံးမဲ့အာဏာရှိပြီး သူ့ရည်မှန်းချက်များကလည်း တဖြည်းဖြည်းတိုးတက်နေပြီး သူ့မျက်လုံးထဲတွင် ငွေဆိုသည်မှာ ကိန်းဂဏန်းတစ်ခုသက်သက်သာဖြစ်ပြီး အရာအားလုံးမှာ ပုရွက်ဆိတ်သာသာပင်။
သူ့အကြည့်က မောက်မာပြီး အထက်စီးဆန်၏။ သူ့နှုတ်ခမ်းကလည်း အထင်အမြင်သေးဟန်ဖြင့် အနည်းငယ်တွန့်ကွေးနေချေသည်။
ဆရာယဲ့၏နှလုံးခုန်သံများက ရုတ်ခြည်းမြန်ဆန်သွားရသည်။ ယဲ့ချန်း၏တင်ဆက်မှုကို သူ ချက်ချင်းစိတ်ဝင်စားသွားလေတော့သည်။ ဤသည်မှာ သူလိုချင်နေသော ခံစားချက်ပင်။
ဆရာယဲ့က ယဲ့ချန်းကို အာရုံစိုက်ထားပြီး သူ့တင်ဆက်မှု၏ အသေးစိတ်တစ်ခုချင်းစီကအစ အမူအရာတစ်ခုချင်းစီတိုင်းအထိ ဂရုတစိုက်အကဲဖြတ်နေသည်။
ပြိုင်ဘက်ကင်းနေခြင်းမှာ အလွန်အထီးကျန်လှသည်။
ပြိုင်ဘက်ကင်းခြင်းမှာ ဟာတာတာနိုင်လှ၏။
ထိပ်ဆုံးမှာ တစ်ယောက်တည်း ရပ်တည်နေရခြင်းမှာ လေအေးများ မကြာခဏတိုက်ခံရသည်။
ငါ့ရဲ့အထီးကျန်မှုကို ဘယ်သူနားလည်နိုင်မှာလဲ?
ဆရာယဲ့က "ရေသူမ"ဇာတ်ညွှန်းအတွက် ဤအပိုင်းကို ထိုသို့ဇာတ်လမ်းဆင်ထားခြင်းဖြစ်၏။
ဤဇာတ်ကွက်ကို ပိုဆီလျော်အောင် ကြိုးစားရင်း ဆရာယဲ့ တစ်ချိန်လုံးခေါင်းခဲနေခဲ့ရသည်။
သို့သော် ယဲ့ချန်း၏သရုပ်ဆောင်မှုကတစ်ဆင့် ဆရာယဲ့ ဉာဏ်အလင်းရသွားသည်။
ဤလူက ဤဇာတ်ကွက်ကို သရုပ်ဖော်ရန်အတွက် သူ့သီချင်းဆိုဟန်ဖြင့် အကကို အသုံးချသွားလေသည်။
အလွန်ပြောင်မြောက်လှပေသည်။
ရုတ်ခြည်းဆိုသလို ဇာတ်လိုက်လင်ရွှမ်းနှင့်ပတ်သက်ပြီး ဉာဏ်အလင်းပွင့်သွားသည်။ မရေမတွက်နိုင်သော စိတ်ကူးအကြံဉာဏ်များက သူ့စိတ်ထဲမှ အမြောက်အများထွက်ပေါ်လာသည်။
ယဲ့ချန်းကလည်း ဆက်လက်သရုပ်ဆောင်နေသည်။ ယဲ့ချန်း၏ကကွက်က ယုံကြည်မှုများ ယိုဖိတ်နေချေသည်။ သူ့ပုံစံမှာ အရာရာစွမ်းပြီး ကြီးကျယ်ခမ်းနားလှသော စီအီးအိုတစ်ယောက်အလားပင်။
သူ့အရှိန်အဝါ၊ အမူအရာနှင့် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းဟာ ကိုးရိုးကားရားနိုင်နေသော်ငြား တင်းမာမှုအပြည့်ပင်။
ဆရာယဲ့၏ဘေးနားရှိ ကျန်းယွီယွီကလည်း ဧည့်ခန်းထဲတွင် ယဲ့ချန်း သီချင်းဆိုရင်း ကနေသည်ကို မြင်သောအခါ နှလုံးခုန်သံများ မြန်ဆန်သွားရသည်။
ဤလူက စင်စစ်ချောမောလှသည်။
စာသားတစ်ခုချင်းစီတိုင်းနှင့် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက သူ(မ)၏နှလုံးသားကို ဆွဲဆောင်နေပြီး သူ(မ)၏မာနကို တဖြည်းဖြည်းအရည်ပျော်ကျစေသည်။
ကောင်းမင်ခမျာတော့ အကြောင်သားငေးနေမိသည်။
ဘုရားရေ.. ဒီဇာတ်ကွက်က ဒီလိုလည်း သရုပ်ဆောင်လို့ရတာပဲလား?
ယဲ့ချန်းကို လေးစားကြည်ညိုမှုအပြည့်ဖြင့် ကြည့်နေမိတော့သည်။ ယဲ့ချန်း၏တင်ဆက်မှုကြောင့် ဘဝင်ခိုက်သွားရပြီး တံတွေးပင်မျိုချမိသည်။
ယဲ့ချန်း၏တင်ဆက်မှုတွင် ဘာဒိုင်ယာလော့မှ မပါပေ။ ကိုယ်တိုင်ဖန်တီးထားသော သီချင်းနှင့် အကသာ ရှိပေသည်။
ဟန်ရွှိုက်က ဟာသဆန်သော ဇာတ်ကွက်မျိုးကို ဖန်တီးနိုင်ခဲ့သည်ဆိုပါက ယဲ့ချန်းက ထိုဇာတ်ကောင်၏အနှစ်သာရကို ဖန်တီးပြသွားခြင်းပင်။
အထူးသဖြင့် စားပွဲရှေ့တွင် သူ တမင်တကာခြေဆောင့်ပြလိုက်သည့်အကွက်ပင်။
ဤလှုပ်ရှားမှုက ဇာတ်လိုက်မင်းသမီး၏ လက်ကို တက်နင်းလိုက်ခြင်းဖြစ်ကြောင်း လူတိုင်း သတိထားမိသည်။ မရည်ရွယ်သော ထိုလှုပ်ရှားမှုသေးသေးလေးများကအစ ကြည့်ရှုသူများကို ရယ်မောစေသည်။
တက်ကြွသောလှုပ်ရှားမှုကို ကလေးဆန်သောသီချင်းကို ပေါင်းစပ်ထားသည်။
သူသည် ဇာတ်လိုက်လင်ရွှမ်း၏ မောက်မာမှု၊ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးစိတ်နှင့် ကြီးစိုးခြယ်လှယ်တတ်သော စရိုက်လက္ခဏာကို ပြီးပြည့်စုံစွာ သရုပ်ဖော်သွားလေသည်။
ထို့ကြောင့် ရယ်နေရသည့်ကြားက ဇာတ်လိုက်၏ အထီးကျန်နှလုံးသားကိုပါ ခံစားမိစေသည်။
ယဲ့ချန်း၏သရုပ်ဆောင်ချက်က ကြည့်ရှုသူများ၏နှလုံးသားကို သိမ်းပိုက်သွားပြီး သူတို့အား အဆုံးမဲ့မျှော်လင့်စောင့်စားမှုကို ပေးစွမ်းလေသည်။
ယဲ့ချန်းက ဤဇာတ်ကောင်တွင် စီးမြောကာ အသက်ဝင်အောင်ဖန်တီးခဲ့ပြီး လင်ရွှမ်း၏ဩဇာတိက္ကမကို ပြီးပြည့်စုံစွာ ဖော်ပြခဲ့သည်။
ဆရာယဲ့မှာ ယဲ့ချန်း၏တင်ဆက်မှုကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေလေတော့သည်။
ဤအတောအတွင်း သူ့ဆက်ခံသူကို ရှာနေခဲ့ရသည်။
စိတ်ဝိညာဉ်ကို လှုပ်ခတ်စေနိုင်သော ယဲ့ချန်း၏ ယုတ္တိမဲ့အကနှင့် ပြိုင်ဘက်ကင်းသော သီချင်းကို ပေါင်းစပ်လိုက်သောအခါ ယဲ့ချန်းသည်သာ သူရှာဖွေနေသော ဆက်ခံသူတစ်ယောက်ဖြစ်ကြောင်း ယုံကြည်မိလိုက်သည်။
ပြိုင်ဘက်ကင်းခြင်းမှာ အလွန်အထီးကျန်ဖို့ကောင်းလှသည်။ ပြိုင်ဘက်ကင်းခြင်းမှာ ဟာတာတာနိုင်လှသည်။
ကောင်းကင်ထက်၌ ပုန်းနေသူ.. ငါ့ရဲ့ဝန်ခံစကားကို ကြားနိုင်သလား…
ငါ့ရဲ့အထီးကျန်မှု…
အဆုံးမဲ့အထီးကျန်မှု…
ယဲ့ချန်းက အတ္တစိတ်ထုံလွှမ်းသော အပြုံးတစ်ပွင့်ကိုခြွေနေသော်ငြား အထီးကျန်မှုက သူ့မျက်လုံးထဲတွင် တဖျပ်ဖျပ်လင်းလက်နေ၏။
အမှန်ပဲ ငါ့ရဲ့အထီးကျန်ခြင်း…
အဆုံးမဲ့အထီးကျန်ခြင်း…
ဘယ်သူမှ ငါ့ကိုနားမလည်တာက ငါ့ကိုအထီးကျန်စေတယ်…
အရမ်းချမ်းသာလွန်းလို့ ရည်မှန်းချက်ပန်းတိုင်မရှိတော့တာက ငါ့ကို အထီးကျန်စေတယ်…
ငါ့ကိုနားလည်ပေးမဲ့လူတစ်ယောက်၊ ငါ့ကို ရည်မှန်းချက်တွေပေးနိုင်မဲ့လူတစ်ယောက်ကို ငါလိုချင်တယ်…
ယဲ့ချန်း၏တင်ဆက်မှုတစ်ခုလုံးမှာ ဒိုင်ယာလော့ လုံးဝမပါပေ။ သီချင်းတစ်ပုဒ်၊ ထက်သန်လှသောအကတို့ကပင် လုံလောက်နေပြီဖြစ်၏။
ဆရာယဲ့ကိုယ်တိုင်ပင် သူ့နှလုံးသားလေး သိမ့်ခနဲဖြစ်သွားသလို ခံစားလိုက်ရသဖြင့် တုန်ယင်သွားရသည်။
ယဲ့ချန်း၏သီချင်းက အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ဆရာယဲ့၏ စိတ်အားထက်သန်မှုများကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။
ကျိုးယွီယွီပင် ယဲ့ချန်း၏ဆွဲဆောင်မှုကြောင့် ညှို့ငင်ဖမ်းစားခံလိုက်ရသဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာထားမိသည်။
ယဲ့ချန်းက အလွန်ချောမောလွန်းသည်။ ချောလွန်းသောကြောင့် သူ(မ)၏နှလုံးသားလေး အရည်ပျော်ကျပြီး သူ့ထံသို့ ခုန်ဝင်မိမတတ်ပင်။
ကောင်းမင်နှင့် ဟန်ရွှိုက်တို့လည်း ယဲ့ချန်း၏သရုပ်ဆောင်ချက်ကြောင့် လုံးဝမှင်တက်သွားရသည်။ ယဲ့ချန်း၏တင်ဆက်မှုက အားလုံး၏မျှော်လင့်စောင့်စားမှုကို ထိတ်လန့်သွားစေပြီး သူ့ဇာတ်ရုပ်ကိုလည်း အဆုံးစွန်ဆုံးသရုပ်ဖော်နိုင်ခဲ့သည်။
ရုပ်ရှင်ဧကရာဇ်အဆင့်မျိုးပင်။ ကြီးစိုးခြယ်လှယ်နိုင်စွမ်းရှိသည်။ မောက်မာသည်။ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးလွန်းသည်။ အထီးကျန်လှသည်။
ယဲ့ချန်းက ဤဇာတ်ကောင်၏ စရိုက်လက္ခဏာတစ်ခုချင်းစီတိုင်းကို ပီပီသသပုံဖော်သွားခဲ့သည်။
ထို့ပြင် သူ့တင်ဆက်မှုတွင် ဒိုင်ယာလော့တစ်ကြောင်းမှ မပါချေ။ အကနှင့် သီချင်းတစ်ပုဒ်သာ ပါ၏။
ယဲ့ချန်း၏အမူအရာများနှင့် လှုပ်ရှားမှုများကတင် ဇာတ်ကောင်၏ စရိုက်လက္ခဏာတစ်ခုချင်းစီတိုင်းကို အသေးစိတ်ဖော်ပြသွားသည်။
ယဲ့ချန်းကြောင့် အားလုံးလည်း ဇာတ်လမ်းထဲသို့ စီးမြောသွားသည်။ ဆရာယဲ့မှာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်မိသည်။ ယခုလိုတင်ဆက်မှုမျိုးကို သူ မမြင်ရသည်မှာ ကြာလှလေပြီ။
သူ့မျက်လုံးများပင် စိုစွတ်နေသလို ခံစားမိသည်။
အရမ်းပြီးပြည့်စုံတယ်…
ဤသည်မှာ သူမျှော်မှန်းထားသော ဇာတ်လိုက်ပင်။
ဟန်ရွှိုက်၏တင်ဆက်မှုက ဟာသဆန်သောကြောင့် ချီးကျူးထိုက်သော်ငြား သူသည် ဟာသပြကွက်ကိုသာ အသားပေးထားခြင်းဖြစ်ပြီး ဇာတ်လိုက်၏အတွင်းစိတ်ကိုတော့ သရုပ်ဖော်နိုင်ခြင်းမရှိပေ။
ယဲ့ချန်း၏တင်ဆက်မှုမှာ ဆရာယဲ့၏ ယုတ္တိမဲ့စတိုင်လ်ကို ထင်ဟပ်စေသည်။ လင်ရွှမ်း၏ဇာတ်ကောင်ကို အပြည့်အဝပုံဖော်သရုပ်ဆောင်သွားခြင်းပင်။
သူသည် အထိန်းအကွပ်မဲ့ပြီး မောက်မာသည်။ အရာအားလုံးကိုလည်း အလေးမထားတတ်ပေ။
သို့သော်!
သူ့တွင်လည်း အားနည်းသောမျက်နှာတစ်မျိုးရှိ၏။
သူသည် အထီးကျန်နေသောကြောင့် သူ့အား နားလည်ပေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေနေခြင်းသာ။
ယဲ့ချန်း၏ပုံဖော်မှုကြောင့် ဤဇာတ်ကောင်က တောက်ပပြီး အဓိပ္ပာယ်ပြည့်ဝသွားရသည်။
ဧည့်ခန်းတစ်ခုလုံးလည်း တိတ်ဆိတ်သွားချေသည်။ ယဲ့ချန်း၏တင်ဆက်မှုက အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဟန်ရွှိုက်ကိုယ်တိုင်ပင် ယဲ့ချန်းကိုကြည့်ရင်း အံ့ဩနေရသည်။
သူက တက္ကစီဒရိုင်ဘာရော ဟုတ်ရဲ့လား?
သူ့ဘာသာ သင်ယူရင်း အောင်မြင်ခဲ့တာလား?
သူ့မှာ ဒီလောက်ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်မျိုး ဘယ်လိုလုပ်ရှိနေရတာလဲ?
ယဲ့ချန်း၏သရုပ်ဆောင်စွမ်းရည်က သူ အထင်ကြီးရလောက်သည့် အရာတစ်ခုဖြစ်ကြောင်း ဟန်ရွှိုက် သဘောပေါက်သွားသည်။ လင်ရွှမ်းဇာတ်ကောင်ကို ယဲ့ချန်းက အသက်သွင်းလိုက်ခြင်းသာ ဖြစ်၏။
ယဲ့ချန်းရှေ့တွင် သူ့သရုပ်ဆောင်ချက်မှာ နိမ့်ကျပြီး ရယ်ချင်စရာပင် ကောင်းလှသည်။ ယဲ့ချန်းကို အထင်အမြင်သေးခဲ့သည့် သူ့ကိုယ်သူပင် လှောင်ချင်မိသည်။
သူ့မျက်နှာကား ရှက်ရွံ့မှုကြောင့် ပူလာလေသည်။ ဤသည်မှာ ခပ်ပြင်းပြင်းလေး ပါးဖြတ်ရိုက်ခံလိုက်ရခြင်းပင်။
ဖြောင်းဖြောင်းဖြောင်း!
ဆရာယဲ့က ဦးစွာ လက်ခုပ်တီး၍ အားပေးလာသည်။
ထိုအချိန်မှာပင် သူသည် စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်၏။ သူ့မျက်လုံးထဲမှာလည်း အသိအမှတ်ပြုလိုဟန်အရိပ်အယောင်တို့ အထင်းသားပင်။
ထိုအခါမှသာ အခြားလူများလည်း အသိပြန်ဝင်လာပြီး လက်ခုပ်ဩဘာပေးလိုက်ကြသည်။
လက်ခုပ်ဩဘာသံများက အခန်းထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
အမှန်ပင်။ ယဲ့ချန်း၏သရုပ်ဆောင်ချက်က သူ့ပြိုင်ဘက်များအပါအဝင် ထိုနေရာရှိ လူအားလုံး၏နှလုံးသားကို သိမ်းပိုက်လိုက်နိုင်သည်။
************