← Chapters

ကျန်းယွီယွီ ရင်ခုန်သွားခြင်း

Vol. 3 Ch. 42

ကျန်းယွီယွီ ရင်ခုန်သွားခြင်း

Vol. 3 Ch. 42

"ယဲ့ချန်း မင်းရဲ့သရုပ်ဆောင်ချက်က အရမ်းကောင်းတယ်။ 'ရေသူမ'ဇာတ်လမ်းထဲက အဓိကဇာတ်လိုက်က မင်းနဲ့ပဲ လိုက်ဖက်တယ်"

ဆရာယဲ့က ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။

ဆရာယဲ့မှာ နှစ်ပေါင်းများစွာကြာအောင် သူ့ဆက်ခံသူကို ရှာဖွေနေခဲ့သည်။

ယနေ့မှာတော့ သူရှာတွေ့ခဲ့လေပြီ။ ဆရာယဲ့၏မျက်လုံးထဲတွင် ယဲ့ချန်းက ဟာသဘုရင်၏ ဆက်ခံသူပင်။

ယဲ့ချန်းက သရုပ်ဆောင်ကောင်းရုံသာမက ဆရာယဲ့အား အသိအမြင်ပြတင်းပေါက်တစ်ခု ဖွင့်ပေးလိုက်သလို ခံစားရစေသည်။

မကြာသေးမီနှစ်များအတွင်း ဆရာယဲ့က သရုပ်ဆောင်ခြင်းကို ရပ်တန့်၍ ဒါရိုက်တာအလုပ်ကိုသာ အာရုံစိုက်လာခဲ့သည်။

သို့သော် လွန်ခဲ့သောနှစ်နှစ်အတွင်း လမ်းဆုံးကို ရောက်နေသလို ခံစားခဲ့ရသည်။

သူရိုက်ကူးခဲ့သော ရုပ်ရှင်တော်တော်များများ ရောင်းအားကျဆင်းခဲ့သည်။

သို့သော် ယနေ့မှာတော့ ယဲ့ချန်းက သူ့အား ကောင်းမွန်လှသော စိတ်ကူးအကြံဉာဏ်များကို ပေးခဲ့လေသည်။

ခေတ်ကာလများ ပြောင်းလဲသွားလေပြီ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ပရိသတ်များကလည်း လူဟောင်းများကို မနှစ်သက်တော့ပေ။

ပြောင်းလဲရန် အချိန်တန်ချေပြီ။

'ရေသူမ'ဇာတ်လမ်းနှင့်ပတ်သက်၍ ဆရာယဲ့၏စိတ်ထဲ တစ်ခုခုလိုအပ်နေသလို တစ်ချိန်လုံးခံစားခဲ့ရသော်လည်း ဘယ်လိုပြင်ရမှန်း မသိခဲ့ပေ။

ယဲ့ချန်းက သူ့အား စိတ်ကူးအကြံဉာဏ်တစ်မျိုးကို ပေးခဲ့သည်။ ဇာတ်ကောင်နှင့် ဇာတ်လမ်းတစ်ခုလုံးအတွက်ပင် အတွေးအမြင်အသစ်များကို ပေးနိုင်ခဲ့သည်။

ထိပ်တန်းဒါရိုက်တာတစ်ယောက်အနေနှင့် ယဲ့ချန်း၏ သရုပ်ဆောင်မှုကို ကြည့်ပြီးနောက် ဆရာယဲ့လည်း ဉာဏ်အလင်းပွင့်သွားသလို ခံစားရသည်။

ယဲ့ချန်း၏သရုပ်ဆောင်မှုမှတစ်ဆင့် ဆရာယဲ့မှာ အဓိကဇာတ်ဆောင်တွင် လိုအပ်နေသော စိတ်ဝိညာဉ်ကို မြင်တွေ့လိုက်ရသည်။

ဆရာယဲ့၏စိတ်ထဲတွင် ဇာတ်ညွှန်းကို အဆင့်မြှင့်ရန်နှင့် ဇာတ်ကောင်ကို ဖွံ့ဖြိုးစေရန်အတွက် အိုင်ဒီယာပေါင်းများစွာ ပေါ်လာခဲ့သည်။

"ယဲ့ချန်း.. ကျေးဇူးတင်တယ်ကွာ။ မင်းရဲ့ သရုပ်ဆောင်ချက်က ငါ့ကို အများကြီးသင်ပေးခဲ့တာပဲ။ စိတ်ကူးအကြံဉာဏ်တွေလည်း အများကြီးရလိုက်တယ်"

"ဆရာယဲ့ရဲ့ အသိအမှတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက ရိုကျိုးစွာ ခွန်းတုံ့ပြန်လိုက်သည်။

ယဲ့ချန်းလည်း ဆရာယဲ့၏ဇာတ်လမ်းများကို အမှန်တကယ် သဘောကျသည်။

သူက သင့်ကို ရယ်မောအောင် လုပ်ပေးနိုင်ပြီး မျက်ရည်ကျသည်အထိ ရယ်မောအောင်လည်း လုပ်နိုင်သည်။

'အနောက်အရပ်သို့ ခရီးသွားခြင်း'၊ 'ဟာသဘုရင်'နှင့် 'ကျောင်းတွင်းအနိုင်ကျင့်သူ'တို့မှာ ယဲ့ချန်း၏မှတ်ဉာဏ်ထဲရှိ ဂန္ဒဝင်ရုပ်ရှင်များပင်။

ယဲ့ချန်း၏ငယ်ဘဝအိပ်မက်မှာ ဆရာယဲ့နှင့်အတူ သရုပ်ဆောင်ရန်ပင်။

မျှော်လင့်မထားပါဘဲ စနစ်၏အကူအညီဖြင့် သူ့အိပ်မက် ပြည့်ဝခဲ့ရလေပြီ။

"နောက်မှ ငါ့အတွင်းရေးမှူးကို ချက်ချင်းလက်မှတ်ထိုးဖို့အတွက် စာချုပ်မူကြမ်းရေးခိုင်းလိုက်မယ်။ မင်းမှာ မေးစရာရှိသေးလား"

ဆရာယဲ့က မေးလာချေသည်။

"မရှိပါဘူး။ ဆရာယဲ့နဲ့အတူလက်တွဲပြီး အလုပ်လုပ်ရမှာ ဂုဏ်ယူစရာကိစ္စတစ်ခုပါ"

ယဲ့ချန်းက စိတ်ရင်းအမှန်ဖြင့် ပြောလိုက်၏။

ဘေးနားရှိ ကျန်းယွီယွီကတော့ အံ့အားသင့်နေပေသည်။

အမျိုးသမီးစတားတစ်ယောက်အနေနှင့် သူ(မ) ဆရာယဲ့အကြောင်း ကောင်းကောင်းသိသည်။

ဆရာယဲ့ထံမှ ဤမျှအထိ အသိအမှတ်ပြုခံရသော ပုဂ္ဂိုလ်မျိုးကား အနုပညာလောကတွင် ရှားပါးလှသည်။

ထို့ပြင် ယခု ကျန်းယွီယွီက နာမည်ကြီးစတားတစ်ယောက်ဖြစ်သောကြောင့် အနုပညာရှင်အမြောက်အများနှင့် အလုပ်လုပ်ဖူးသည်။

သို့သော် ယဲ့ချန်းက သူ(မ)၏နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးနိုင်သော ပထမဆုံးယောက်ျားပင်။

ဤအမျိုးသားက အလွန်ဆွဲဆောင်မှုရှိပြီး သူ့သရုပ်ဆောင်စွမ်းရည်များကလည်း ထူးချွန်လှ၏။

ဟန်ရွှီုက်ကတော့ သူရှုံးနိမ့်ကြောင်း လိုလိုလားလားလက်ခံပေသည်။ ယခု သူ့စိတ်ထဲတွင် ယဲ့ချန်းအပေါ် လေးစားစိတ်များဖြင့် ပြည့်နှက်နေသည်။

"မစ္စတာယဲ့.. ကျွန်တော် သရုပ်ဆောင်လာတာ ဆယ်နှစ်ကျော်သွားပြီဆိုပေမဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်သရုပ်ဆောင်ကောင်းတဲ့ လူတစ်ယောက်ရှိလိမ့်မယ်လို့ လုံးဝထင်မထားဘူး။ ကျွန်တော် အရှုံးပေးပါတယ်။

ခင်ဗျားရဲ့သရုပ်ဆောင်ချက်က ကျွန်တော့်ကို စိတ်ကူးအကြံဉာဏ်တွေ ပေးခဲ့တယ်။ ခင်ဗျားဆီကလည်း အများကြီးသင်ယူခဲ့ရတယ်။ ကျေးဇူးတင်ပါတယ်"

ဟန်ရွှိုက်က တလေးတစားပြောပြီးနောက် ကျေးဇူးတင်စိတ်ဖြင့် ယဲ့ချန်းအား ဦးညွှတ်ခဲ့သည်။

ထို့နောက် ဆရာယဲ့ထံသို့ လျှောက်သွားလိုက်ပြီး...

"ဆရာယဲ့.. ရုပ်ရှင်အသစ် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်လည်း ဆရာယဲ့နဲ့ လက်တွဲပြီးအလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်"

ဟန်ရွှိုက် ရှုံးနိမ့်ခဲ့သော်လည်း သူ့ရှုံးနိမ့်မှုကို ဂုဏ်သိက္ခာရှိရှိ လက်ခံခဲ့သည်။

ကောင်းမင်ကတော့ သူနှင့် ယဲ့ချန်းကြားရှိ ကွာဟချက်ကို သဘောပေါက်လိုက်သဖြင့် ဟန်ရွှိုက်နှင့်အတူ ထွက်သွားလေတော့သည်။

ယဲ့ချန်း သဘောတူညီချက်စာချုပ်တွင် လက်မှတ်ထိုးပြီးသောအခါ ဆရာယဲ့က ပြောလိုက်သည်။

"ငါ ဇာတ်ညွှန်းကို နည်းနည်းပြန်ပြင်ရဦးမှာမို့ ရိုက်ကူးရေးစမဲ့အချိန်ကျရင် မင်းကိုအသိပေးမယ်နော်"

"ဟုတ်ကဲ့"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"စကားမစပ် မင်း အရင်က တကယ်သရုပ်မဆောင်ဖူးဘူးလား"

ဆရာယဲ့က စူးစမ်းလိုစိတ်ဖြင့် ရုတ်တရက်ကြီး မေးလိုက်သည်။

ယဲ့ချန်း၏ သရုပ်ဆောင်ဟန်မှာ အလွန်ပြောင်မြောက်ပြီး ဆယ်စုနှစ်များစွာ သရုပ်ဆောင်လာခဲ့သော ဝါရင့်သရုပ်ဆောင်များသာ ရောက်နိုင်သော အဆင့်မျိုးကို ရောက်နေခြင်းပင်။

"ဟင့်အင်း..ဒါရိုက်တာကျန်းနဲ့ရိုက်တဲ့ ရုပ်ရှင်ကလွဲရင် ဒါက ကျွန်တော့်ရဲ့ဒုတိယမြောက်ဇာတ်ကောင်ပါပဲ"

ယဲ့ချန်း ထိုသို့ ပြန်ဖြေလိုက်သည်။

ဘေးနားရှိ ကျန်းယွီယွီကလည်း သိချင်စိတ်ဖြင့် မေးလိုက်မိသည်။

"ရှင် အရင်က ဘာအလုပ်လုပ်ခဲ့တာလဲ"

"ကျွန်တော် တက္ကစီမောင်းခဲ့တာပါ။ အခုလည်း တက္ကစီမောင်းတုန်းပါပဲ။ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ သရုပ်ဆောင်အလုပ်က ကျွန်တော့်ရဲ့အရန်အလုပ်ပါ"

တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဘုရားရေ… တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင်အထင်ကြီးဖို့ကောင်းနေပြီလား?

ယခုလိုသရုပ်ဆောင်စွမ်းရည်မျိုးနှင့်ဆိုလျှင် ယဲ့ချန်း၏အရည်အချင်းက နယ်နယ်ရရမဟုတ်ချေ။

"တက္ကစီဒရိုင်ဘာလား"

ကျန်းယွီယွီ၏မျက်ဝန်းများ တောက်ပသွားရသည်။

"ယဲ့ချန်း.. ကျွန်မ အိမ်ပြန်ရမှာမို့ ရှင့်တက္ကစီကို ငှားလို့ရမလား"

ဆရာယဲ့က ကျန်းယွီယွီအကြောင်း ကောင်းကောင်းသိသဖြင့် စိတ်ထဲမှ ရယ်လိုက်မိသည်။

ဒီယဲ့ချန်းက ယွီယွီကိုတောင် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်စွမ်းရှိတာပဲ..

ထိုအချက်ကိုတော့ သူ ထုတ်မပြောလိုက်ပေ။

ယဲ့ချန်းကမူ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ရတာပေါ့"

ဆရာယဲ့ကလည်း ဇာတ်ညွှန်းကို ပြန်ပြင်ဆင်ရန် ဟိုတယ်သို့ ပြန်သွားခဲ့သည်။ ယဲ့ချန်းကတော့ ကျန်းယွီယွီကို ဟိုတယ်ဝင်ပေါက်သို့ လိုက်ပို့ပေးလိုက်သည်။

ကားပါကင်ရှိ ရှားလိကားအစုတ်ကြီးကိုမြင်သောအခါ ကျန်းယွီယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

"ယဲ့ချန်း.. သရုပ်ဆောင်တဲ့အလုပ်ကိုသာ ကြိုးစားရင် ရှင် BMWလည်း စီးနိုင်တော့မှာပါ"

ယဲ့ချန်းလည်း ကားသော့ကိုထုတ်၍ နှိပ်လိုက်၏။ ရှားလိကားဘေးရှိ ရွှန်းစိုတောက်ပနေသော Paganiကားတစ်စီးက အတောင်ပံများကို ဖြန့်ကြက်လိုက်ချေသည်။

"ဆောရီး.. ဒီကားကမှ ကျွန်တော့်ဟာပါ"

ကျန်းယွီယွီ ထိတ်လန့်သွားသည်။

"ရှင်က Paganiကားနဲ့တက္ကစီဆွဲတာလား"

ယနေ့ ယဲ့ချန်းက ကျန်းယွီယွီ၏ လောကအမြင်ကို လုံးဝပြိုလဲသွားစေခဲ့သည်။

"ဟုတ်တယ်။ မတတ်နိုင်ဘူးလေ။ ဘဝက ခက်ခဲတာကိုး"

ကျန်းယွီယွီ : "…"

ယဲ့ချန်းနှင့် ကျန်းယွီယွီတို့နှစ်ယောက် ကားထဲသို့ ဝင်လာခဲ့လိုက်ကြသည်။ ကျန်းယွီယွီ နိုက်ကလပ်သွားသည့်အချိန်မျိုးတွင် တက္ကစီငှားလေ့ရှိသည်။ ထို့ကြောင့် အော်ဒါတင်လိုက်သည့်အခါ ယဲ့ချန်းကလည်း အော်ဒါကို လက်ခံလိုက်၏။

Paganiကားလေးကလည်း လမ်းမထက် အပြင်းနှင်လေတော့သည်။

ကျန်းယွီယွီမှာ မေးထောက်လျက် ယဲ့ချန်း၏ဘေးတိုက်မျက်နှာအနေအထားကို ငေးနေမိသည်။

"ဘုရားရေ..ဒီလူက ငါထင်ထားတာထက် ပိုချောတာပဲ"

ကျန်းယွီယွီတစ်ယောက် တဒင်္ဂမျှသတိလွတ်သွားပြီးနောက် ညှို့ယူဖမ်းစားခံလိုက်ရသည်။

ထို့နောက် သူ(မ)၏ဆံနွယ်များကို ပေါ့ပေါ့ပါးပါးခါယမ်း၍ မျက်ဝန်းလှလှလေးထဲတွင်လည်း ဆွဲဆောင်မှုများ ပြည့်နှက်နေသည်။

ကျန်းယွီယွီက သူ့အား ငေးနေကြောင်း ယဲ့ချန်း သိထားပြီးသားပင်။

သေလိုက်ပါတော့..

သူ့အကြည့်က ဘာလို့ ငါ့ကိုစားချင်နေတဲ့ပုံပေါက်နေရတာလဲ?

ယဲ့ချန်းလည်း ကျန်းယွီယွီကို အိမ်ပြန်ပို့ပေးခဲ့သည်။ သူ(မ)က အလွန်ခမ်းနားသော သီးသန့်ဗီလာတစ်ခုတွင် နေထိုင်လေသည်။

"ယဲ့ချန်း.. ကော်ဖီတစ်ခွက်လောက်သောက်ပါဦး"

ကျန်းယွီယွီ တောက်ပစွာပြုံးလိုက်သည်။

"တော်ပါပြီ"

ကျန်းယွီယွီက ဆွဲဆောင်ညှို့ယူနိုင်သော နတ်သမီးတစ်ပါးပင်။ ကားမောင်းလာစဉ်တစ်လျှောက်လုံးလည်း သူ့အား တစ်ချိန်လုံး အီစီကလီလုပ်နေခဲ့သည်။

သူသာ ဗီလာထဲသို့ လိုက်သွားမိလျှင် သူ့သမာဓိများ ပြိုလဲရမည်ကို အမှန်တကယ်စိုးရိမ်နေမိသည်။

ကျန်းယွီယွီကတော့ အေးတိအေးစက်နှာခေါင်းရှုံ့လိုက်၏။

"ကျွန်မ ရှင့်ကို ကိုက်စားမှာစိုးလို့လား"

"ကြောက်တာပေါ့။ သေချာပေါက် ကြောက်တာပေါ့"

ကျန်းယွီယွီအကြောင်း သတင်းများထဲတွင် ယဲ့ချန်း မြင်ထားဖူးသည်။ သူ(မ)က ရဲရင့်ပြီး စိတ်အားထက်သန်မှုရှိသည်။

ဆရာတော်ထန် ပိုးသားလှိုဏ်ဂူထဲသို့ ဝင်သွားရသည့်အဖြစ်ကိုပင် ယဲ့ချန်း မြင်ယောင်မိသည်။

ဒါပေမဲ့ ယဲ့ချန်းက ဆရာတော်ထန်လား?

သေချာပေါက်မဟုတ်ချေ။

"လာပါ.. ကျွန်မကို ဒီလောက်တောင်မျက်နှာသာမပေးနိုင်ဘူးလား? အဲလိုမှမဟုတ်ရင် ကျွန်မ ရှင့်ကို ကြယ်ငါးပွင့်ရီဗျူးမပေးတော့ဘူးနော်"

ကျန်းယွီယွီက အငြင်းမခံပါဘဲ ယဲ့ချန်းကို ဗီလာထဲသို့ ဆွဲခေါ်နေပေသည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်အဆင့်သတ်မှတ်ချက်(၄/၅)ကို ရရှိလိုက်ပါပြီ။ ဆုလာဘ်ကတော့ မောင့်ယီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်က မောင့်ယီဒင်္ဂါးတစ်သန်းဖြစ်ပါတယ်]

ဟူး… အလုပ်အကိုင်စွမ်းရည်အသစ်ကို ရဖို့အတွက် နောက်ထပ်ကြယ်တစ်ပွင့်ပဲလိုတော့တယ်…

နောက်ထပ်စွမ်းရည်တစ်ခုက ဘာများဖြစ်လေမလဲ။

မောင့်ယီဒင်္ဂါးတစ်သန်းအတွက်ကတော့ ယဲ့ချန်း ဆွံ့အသွားရသည်။

ဒါက ဘာအသုံးဝင်လို့လဲ?

ငါ့ဘာသာတိုက်ရိုက်ထုတ်လွှင့်ပြီး မုန့်ဖိုးပေးလို့မှမရတာ…

ယခင်ကလိုသာဆိုလျှင် ယဲ့ချန်း လုပ်ကောင်းလုပ်မိလိမ့်မည်။ သို့သော် သူသည် ရုပ်ရှင်ဧကရာဇ်လောင်းတစ်ယောက် ဖြစ်နေပြီမို့ အင်တာနက်ဆယ်လီဆိုသည်မှာ သူ့ရည်မှန်းချက်မဟုတ်ပေ။

ဩဇာအာဏာရှိပြီး ရင့်ကျက်ဟန်တူသော ကျန်းယွီယွီ၏ အခန်းအတွင်းပိုင်းပြင်ဆင်မှုက ကိုရီးယားစတိုင်လ်စစ်စစ်ပင်။

အခန်းထဲတွင် မွေးပွရုပ်များစွာရှိပြီး ရုပ်ပြစာအုပ်တချို့လည်း ရှိ၏။

ကျန်းယွီယွီက ယဲ့ချန်းအတွက် ကော်ဖီတစ်ခွက် ဖျော်ပေးလိုက်သည်။

"ခဏလောက်နားလိုက်ဦး။ ကျွန်မ ရေသွားချိုးလိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် သူ(မ) ရေချိုးခန်းထဲသို့ ဝင်သွားလေတော့သည်။

ရေချိုးမှာတဲ့လား? အဲဒါက ဘာအဓိပ္ပာယ်လဲ?

ယဲ့ချန်း၏အတွေးများက အစိုးမရတော့ချေ။

မကြာခင်၌ အပေါ်ထပ်မှ ရေကျသံများ ထွက်ပေါ်လာသည်။

ယဲ့ချန်း၏စိတ်အစဉ်ထဲဝယ် အထဲတွင် ဖြစ်ပျက်နေမည့်မြင်ကွင်းများကို မြင်ယောင်နေမိတော့သည်။

မဖြစ်ဘူး အဲဒါကိုစဉ်းစားလို့မဖြစ်ဘူး!

ထို့နောက် သူ့ကိုယ်သူအာရုံလွှဲရန်အတွက် ရုပ်ပြစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်သည်။ စာမျက်နှာတစ်ခုကို လှန်လှောကြည့်ပြီးနောက် ယဲ့ချန်းခမျာ သွေးအန်လုမတတ်ဖြစ်သွားရသည်။

ဘုရားရေ.. ကျန်းယွီယွီက ဒီလိုညစ်ညမ်းစာအုပ်မျိုးကို အိမ်မှာဖတ်တယ်တဲ့လား…

ရုပ်ပြစာအုပ်ထဲရှိ ရုပ်ပုံများက….

ယဲ့ချန်းလည်း မသိမသာလှမ်းကြည့်လိုက်လေရာ အတန်ငယ်ကြာသည်အထိ ကျန်းယွီယွီ ထွက်လာဦးမည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် စိတ်ဝင်တစား ဆက်ဖတ်လေတော့သည်။

ရေချိုးခန်းထဲတွင် ရေချိုးရင်း ကျန်းယွီယွီ၏စိတ်ထဲဝယ် ယဲ့ချန်းနှင့်သာ ပြည့်နှက်နေ၏။ သို့သော် ထို့နောက်တွင်မူ ကိုးရိုးကားရားအခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။

***********

All Chapters