အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
အခန်း ၄၅၁ - နတ်သူငယ်တစ်ဝက်
ငရဲမီးသားရဲသည် အဆင့်မြင့် သားရဲမဟုတ်သော်လည်း သူတို့သည် ကြီးမားသောရုပ်ပိုင်းဆိုင်ရာထိခိုက်မှုအား ပေးစွမ်းနိုင်သည့်အတွက် လူတိုင်းအားခေါင်းကိုက်စေခဲ့သည်။
အကယ်၍ ငရဲမီးသားရဲတစ်ကောင်တည်းသာဆိုလျှင် ပြဿနာမရှိပေ။ဤနေရာတွင် လူများစွာရှိနေသည့်အတွက်ကြောင့် ၎င်းကိုဖယ်ရှားရန်နည်းလမ်းများစွာ ရှိနေသည်။သို့သော်လည်း အဓိကသော့ချက်မှာ နိမ်းတက်စ်က ဤနေရာ၌ရှိနေခြင်းဖြစ်သည်။
ထိုနှစ်ယောက်အဖွဲ့သည် လုံးဝကိုကြောက်မက်ဖွယ်ကောင်းလှပေသည်။
ဘန်း...
လူတိုင်းသည် ကောင်းကင်ပေါ်မှကျဆင်းလာသော ငရဲမီးသားရဲကြောင့် မှင်တက်နေစဉ် ထိုကောင်သည်ပါးစပ်ကိုဟ၍ မီးမှုတ်လိုက်သည်။ထိုမီးတောက်မှ မလွတ်မြောက်နိုင်သူအမြောက်အများမှာ မီးလောင်ဒဏ်ကြောင့် သေလုမျောပါးဖြစ်သွားခဲ့ရသည်။
"အဲ့ကောင်ကိုရှင်းလိုက်..."
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"အကာအကွယ်ရှိတဲ့ လူတွေသေချာအာရုံစူးစိုက်ထားကြ....တစ်စုတစ်ဝေးတည်းမနေကြနဲ့"
နီကိုးလပ်စ်က တစ်ခါတည်းအမိန့်ပေးလိုက်သည်။ထိုကောင်သာ ဤခန်းမအတွင်းသို့ မီးများကိုအရှိန်ပြင်းပြင်းမှုတ်ထုတ်လိုက်ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို ခန့်မှန်း၍မရနိုင်ပေ။
ယခုအခါ ဤအခန်းအတွင်း၌ လူတော်တော်များများရှိနေဆဲဖြစ်ပြီး နေရာလွတ်မရှိသလောက်ဖြစ်နေခဲ့သည်။အကယ်၍ ငရဲမီးသားရဲသာ ဤအထဲသို့တိုးဝင်လာမည်ဆိုပါက အသေအပျောက်အလွန်မြင့်မားသွားမည်ဖြစ်သည်။
ထိုအချိန်တွင် မိုင်ယဗ်ကအလျင်အမြန်ထွက်ပေါ်လာကာ ဦးဆောင်တိုက်ခိုက်လိုက်ပြီး ငရဲမီးသားရဲ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သောတိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်သည်။မိုင်ယဗ်သည် ကလဲ့စားချေခြင်းနတ်ဘုရားနှင့်ပေါင်းစည်းပြီးနောက်တွင် သူမ၏ခွန်အားက အဆင့်တစ်ခုထိတိုးတက်လာခဲ့သည်။သူမသည် ဆဌမအဆင့်သို့မရောက်ရှိသေးသော်လည်း သူမ၏ခွန်အားသည်သာမန်ဆဌမအဆင့်ထက် မဆိုးသည့်အတွက်ကြောင့် ငရဲမီးသားရဲကို ခက်ခက်ခဲခဲမရင်ဆိုင်ခဲ့ရပေ။
ငရဲမီးသားရဲအား ကျောက်တုံးနှင့်မီးဖြင့်ဖွဲ့စည်းထားသော်လည်း သူ၏ခန္ဓာကိုယ်၌ အသက်ဝိညာဉ်ပါရှိပေရာ နာကျင်မှုအားခံစားရပေသည်။ယခုလည်း မိုင်ယဗ်၏တိုက်ခိုက်မှုကြောင့် ငရဲမီးသားရဲသည် အလွန်ဒေါသထွက်သွားခဲ့ကာ မိုင်ယဗ်ထံတိုးဝင်သွားခဲ့သည်။
မိုင်ယဗ်သည် ငရဲမီးသားရဲကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ ငရဲမီးသားရဲ၏နောက်ဘက်သို့ ရွေ့လျားခဲ့သည်။ထို့နောက်ငရဲမီးသားရဲ၏လည်ပင်းနောက်ဘက်ကို သူမ၏ဓားဖြင့်အကြိမ်များစွာ လျင်မြန်စွာဖြတ်တောက်ခဲ့သည်။
ငရဲမီးသားရဲသည် ပို၍ပင်ဒေါသထွက်သွားခဲ့ကာ သူ၏ပါးစပ်ကြီးကိုဖွင့်၍ မိုင်ယဗ်ဆီသို့မီးတောက်များအား ပစ်လွှတ်ခဲ့သည်။ထိုမီးတောက်၏အရောင်သည် စိမ်းပြာရောင်ဖြစ်ကာ အဆိပ်အတောက်များပါရှိရုံသာမက အံ့သြသင့်ဖွယ်ကောင်းလောက်အောင် ပြင်းထန်စွာလောင်ကျွမ်းနေခဲ့သည်။အကယ်၍ တစ်စုံတစ်ဦးသာထိုမီးတောက်ဖြင့်ထိမှန်ခံရပါက ပြိုင်ဘက်ဖြစ်သူ၏တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာလျော့ချပေးနိုင်မည်ဖြစ်သည်။
သို့သော်လည်း မိုင်ယဗ်၏ခန္ဓာကိုယ်သည် အလွန်ပျော့ပျောင်းပေသည်။သူမသည် လျင်မြန်စွာခုန်တိမ်းလိုက်ကာ ထိုမီးတောက်များမှ အမြန်ဆုံးလွတ်မြောက်လာခဲ့သည်။ထိုမီးတောက်များသည် ခန်းမထောင့်ရှိရုပ်တုပေါ်သို့ ဖျန်းခနဲ့ကျရောက်သွားခဲ့သည်။
ထို့နောက်တွင် အလွန်မာကျောလှသည့် ပစ္စည်းများဖြင့်ပြုလုပ်ထားသော ရုပ်တုသည်ချက်ချင်းပင် အရည်ပျော်ကျသွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်းပြာဖြစ်သွားခဲ့သည်။ထိုမြင်ကွင်းအား တွေ့မြင်လိုက်သူတိုင်းသည် ချက်ချင်းပင်ကျောချမ်းသွားခဲ့ရသည်။
ငရဲမီးသားရဲသည် မိုင်ယဗ်ထံသို့တဖန်ပြန်လည်ပြေးဝင်သွားသော်လည်း ယခုတစ်ကြိမ်တွင်မူ လျှို့ဝှက်ဆန်းကြယ်သောကောင်လေးသည် ငရဲမီးသားရဲ၏ခါးကို ဓားအမွှာဖြင့်ထိုးနှက်ခဲ့ကာ နက်ရှိုင်းသောဒဏ်ရာများကိုချန်ရစ်ထားခဲ့သည်။
ရှောင်ယုသည် ကောင်လေးကိုကြည့်ကာ နံဘေးတွင်ရှိနေသော နီကိုးလပ်စ်အားမေးမြန်းလိုက်သည်။
"ဒီကောင်လေးက ဘယ်သူလဲဆိုတာမင်းသိလား...သူကဘာလို့အဲလောက်တောင်အစွမ်းထက်နေရတာလဲ"
နီကိုးလပ်စ်၏မျက်လုံးများက ပြူးကျယ်သွားခဲ့သော်လည်း ခဏအကြာတွင်အဖြေပြန်ပေးလိုက်သည်။
"ဒီကောင်လေးကိုတစ်ခါတော့တွေ့ဖူးတယ်...သူကကြယ်စင်မဟာမိတ်ဥက္ကဌဖြစ်သူရဲ့သားဖြစ်တယ်...သူငယ်ငယ်လေးကတည်းကအရမ်းကိုထူးချွန်ထက်မြက်ခဲ့တယ်...နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူကဒီအဆင့်ထိကြီးပြင်းလာမယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး"
"ကြယ်စင်မဟာမိတ်ဥက္ကဌရဲ့သား..."
ထိုအမည်ကိုကြားချိန်တွင် ရှောင်ယုကရုတ်တရက်အသက်ရှုကြပ်သွားခဲ့သည်။ကြယ်စင်မဟာမိတ်ဟူသည် ရှောင်ယုနှင့်စိမ်းကားနေသည့်အရာမဟုတ်ပေ။
ဤတိုက်ကြီးပေါ်၌ ကြယ်စင်မဟာမိတ်သည် ထိပ်တန်းမဟာမိတ်အဖွဲ့၃ခုအနက်မှ တစ်ခုဖြစ်သည်။ထိုအဖွဲ့၃ခုလုံးအား ပထမ၊ဒုတိယ၊တတိယစသည်ဖြင့် အစဉ်အလိုက်ခွဲခြားထားခြင်းမရှိပေ။အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့များကိုမည်သည့်အဖွဲ့က ပိုမိုအားကောင်းသည်ကိုပြောပြနိုင်ရန် အခက်အခဲရှိ၍ဖြစ်သည်။
အလားတူပင် နီကိုးလပ်စ်၏အမ်းစ်မိသားစုနှင့်လီယိုနာဒို၏ရှောမိသားစုတို့သည် အလွန်အားကောင်းသည့်ရှေးဟောင်းမိသားစုများဖြစ်သော်လည်း မည်သည့်အဖွဲ့ကပိုမိုအားကောင်းသည်ကို မည်သူမှမသိကြပေ။
ထိုသို့တိုင်းတာရန်အတွက် အပေါ်ယံတစ်ခုတည်းအားကြည့်နေ၍မရပေ။
"သူကရော နတ်သူငယ်တစ်ဝက်ပဲလား"
ရှောင်ယုကထပ်မေးလိုက်သည်။
နီကိုးလပ်စ်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
"ဟုတ်တယ်...ကြယ်စင်မဟာမိတ်ရဲ့ဥက္ကဌဖြစ်တဲ့ကပ်ပါဟာ စွန့်စားခန်းထွက်ရင်း သူ့သားကိုမွေးပေးမယ့်နတ်သူငယ်အမျိုးသမီးနဲ့ကြုံတွေ့ခဲ့ရတယ်...ဒါပေမဲ့နတ်သူငယ်မလေးက သူနှင့်အတူလိုက်လာဖို့ငြင်းဆန်ခဲ့ပြီးတော့ တောထဲမှာပဲနေထိုင်ဖို့ရွေးချယ်သွားခဲ့တယ်"
ရှောင်ယုက ထောက်ခံဟန်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။သူသည် နတ်သူငယ်၏ခေါင်းမာမှုနှင့်ပတ်သက်၍ အတွေ့အကြုံအလွန်ရှိပေသည်။
"သူ့နာမည်ကဘာလဲ"
ရှောင်ယုကထပ်မေးလိုက်သည်။
"ဖယ်လ်ကို"
နီကိုးလပ်စ်က တိုးတိုးလေးပြောလိုက်သည်။
ရှောင်ယုကခေါင်းညိတ်ပြလိုက်ကာ ထိုအမည်ကိုမှတ်ထားလိုက်သည်။ယနေ့တွင် သူသည်လူတိုင်း၏အမည်ကိုမှတ်ထားရန် ကြံရွယ်ထားသည်။ထိုကောင်လေး၏စွမ်းဆောင်ရည်သည် မိုင်ယဗ်ထက်မနိမ့်ကျပေ။
ယခုလိုခွန်အားမျိုးအားပိုင်ဆိုင်ထားသူသည် အမှန်တကယ်ပင်အရည်အချင်းပြည့်ဝသူတစ်ယောက်ဖြစ်သည်။
"ကြယ်စင်မဟာမိတ်နဲ့မင်းအကြားဆက်ဆံရေးကဘာလဲ"
ရှောင်ယုက ရုတ်တရက်ပြုံး၍မေးမြန်းလိုက်သည်။
"မဆိုးပါဘူး...ဘာလို့မေးတာလဲ"
နီကိုးလပ်စ်က တစ်စုံတစ်ခုကိုသံသယရှိဟန်ဖြင့် မေးလိုက်သည်။
"ဘာရယ်လို့တော့မဟုတ်ပါဘူး...ငါဒီကောင်လေးကိုတကယ်သဘောကျတယ်...ဖြစ်နိုင်ရင်သူ့ကိုငါ့လက်အောက်ထဲ ဆွဲသွင်းချင်တယ်"
ရှောင်ယုကလေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"မင်းကဘယ်သူလို့ထင်လဲ...ကြယ်စင်မဟာမိတ်ရဲ့ခွန်အားဟာမင်းထင်တာထက်များစွာပိုအားကောင်းတယ်...ငါ့မှာနည်းလမ်းရှိရင်တောင်မှမင်းမှာအဖြေရှိနိုင်ပါမလား"
နီကိုးလပ်စ်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ရှောင်ယုကလည်း ယုံကြည်မှုအပြည့်ဖြင့်ပြုံး၍ပြောလိုက်သည်။
"ငါ့မှာနည်းလမ်းရှိတယ်"
နီကိုးလပ်စ်က မအံ့သြနိုင်တော့ပေ။ရှောင်ယုက အဘယ်ကြောင့် ယခုလိုပြောရဲကြောင်းမသိသော်လည်း ရှောင်ယု၏စကားက သူ့အားလုံးဝမထီမဲ့မြင်ပြုနေခြင်းဖြစ်သည်။
"ငါတို့အဲ့ဒီနာဂကိုအရင်ဆုံးဖယ်ရှားရမယ် မဟုတ်ရင် မသေမျိုးသတ္တဝါတွေအများကြီးကြောင့် ငါတို့အရေးနိမ့်ရလိမ့်မယ်"
နီကိုးလပ်စ်သည် နိမ်းတက်စ်ကိုကြည့်ရင်းပြောလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ထူးဆန်းသောမန္တန်ရွတ်ဖတ်သံတစ်ခုထွက်ပေါ်လာခဲ့ကာ ထိုမန္တန်ရွတ်ဖတ်သံအား ခန်းမတစ်ခုလုံးရှင်းရှင်းလင်းလင်းကြားနေရသည်။
ထိုမန္တန်အားကြားလိုက်ရသူတိုင်းသည် သူတို့၏စိတ်ဝိညာဉ်အတွင်းသို့ တစ်စုံတစ်ရာတိုး၍ ဝင်ရောက်လာသလိုခံစားလိုက်ရသည်။
ထိုထူးဆန်းသောမန္တန်ကြောင့် မသေမျိုးသတ္တဝါများသည်လည်း အစောပိုင်း၌တုန်လှုပ်ခြောက်ခြားသွားခဲ့သော်လည်း နောက်အခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်အတွင်းမှနေ၍ စွမ်းအင်အသစ်တစ်မျိုးပေါက်ကွဲထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ထို့နောက်သူတို့၏ခန္ဓာကိုယ်မှ ထူးဆန်းသောအစိမ်းရောင်အလင်းကိုထုတ်လွှတ်လိုက်ကာ ပြင်းထန်သောအရှိန်အဟုန်အား ထုတ်ဖော်လိုက်သည်။
"ဒီကောင်တွေဘာဖြစ်သွားတာလဲ...သူတို့ကိုအရင်ဆုံးသတ်ကြ...မဟုတ်ရင်ငါတို့ဒုက္ခကြီးကြီးမားမားရောက်သွားလိမ့်မယ်"
ရှောင်ယုကကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သို့သော်လည်း ရှောင်ယု၏ပူပန်မှုသည် အလဟာသဖြစ်နေခဲ့သည်။နဂါးလေးနှင့်တိုက်ခိုက်နေသော နိမ်းတက်စ်သည် ထူးဆန်းသောမန္တန်အား ကြားလိုက်ရသည့်အခိုက်အတန့်တွင် သူ၏မျက်လုံးထဲ၌ အစိမ်းရောင်ဝိညာဉ်မီးတောက်ကလင်းလက်သွားခဲ့သည်။ထို့နောက် သူ၏ခန္ဓာကိုယ်ရှိဒဏ်ရာများက လုံးဝသက်သာသွားခဲ့သည်။
ဝေါင်း...
နိမ်းတက်စ်က ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ နဂါးလေးကိုသုံးခွမှိန်းဖြင့် ထိုးချလိုက်သည်။ထိုအခိုက်အတန့်တွင် သုံးခွမှိန်း၏စွမ်းအားက အရှိန်အဟုန်ဖြင့်ထွက်ပေါ်လာခဲ့သည်။
ဘန်း...
နဂါးလေးသည် နံချပ်ကူကိုအသုံးပြုကာ သုံးခွမှိန်းကိုတားဆီးဟန့်တားလိုက်သော်လည်း ထိုတိုက်ခိုက်မှု၏နောက်ကွယ်မှလိုက်ပါလာသည့် စွမ်းအားအဟုန်ကြောင့်လွှင့်ထွက်သွားခဲ့ရသည်။
ထိုအချိန်တွင် နိမ်းတက်စ်၏စွမ်းအားများက နှစ်ဆတိုးလာပုံရသည်။
နိမ်းတက်စ်သည် နဂါးလေးကိုလွှင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သည်ကိုမြင်သောအခါ အလွန်ဆိုသည်တိုက်ပွဲ၌ပါဝင်လာခဲ့ပြီး မကောင်းဆိုးဝါးနှိမ်နင်းမီးရှူးတိုင်ကို အသုံးပြုလိုက်သည်။ထို့နောက် ရေခဲပြာရောင်မီးတောက်က နိမ်းတက်စ်၏နောက်ကျောကို ထိမှန်သွားခဲ့သည်။
နိမ်းတက်စ်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ နဂါးလေးကို လိုက်လံတိုက်ခိုက်ခြင်းအား ပြတ်ပြတ်သားသားစွန့်လွှတ်လိုက်ပြီး အလွန်ဆိုအားတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
မီးတောက်များနှင့်ပြည့်နှက်နေသော ကျိန်စာမီးသည် အလွန်ပင်အားကောင်းနေခဲ့သည်။အထူးသဖြင့် ထိုမီးတောက်သည်စိတ်ဝိညာဉ်ကိုပင် တိုက်ရိုက်လောင်ကျွမ်းစေနိုင်သောမီးတောက်ဖြစ်သည်။သို့ဖြစ်ရာ ကျိန်စာမီးတောက်သည် နိမ်းတက်စ်၏ဝိညာဉ်အပေါ် အလွန်ပြင်းထန်သောအကျိုးသက်ရောက်မှုရှိသည်။
အစောပိုင်းတွင် အလွန်ဆိုသည်တိုက်ပွဲ၌ပါဝင်လိုသော်လည်း နဂါးလေးနဲ့နိမ်းတက်စ်အကြား တိုက်ပွဲ၌အနှောင့်အယှက်ဖြစ်စေနိုင်သည့်အတွက်ကြောင့် အစွမ်းကုန်မလုပ်ဆောင်ခဲ့ပေ။
ယခုအခါ နိမ်းတက်စ်သည် နဂါးလေးအားဖိနှိပ်နေပြီဖြစ်ရာ သူသည်လည်း ငြိမ်ငြိမ်မနေနိုင်တော့ပေ။
ဘန်း...
နိမ်းတက်စ်၏သုံးခွမှိန်းသည် ကျောက်နံရံကိုထိမှန်သွားခဲ့ကာ ကျောက်နံရံပြိုကျသွားခဲ့သော်လည်း အလွန်ဆိုထိခိုက်ဒဏ်ရာမရခဲ့ပေ။
အစွမ်းထက်သည့်ပါလာဒင်တစ်ယောက်အနေဖြင့် အလွန်ဆိုသည် ကိုယ်ခံပညာအမျိုးမျိုးနှင့်တိုက်ခိုက်ရေးပညာများစွာကို လေ့ကျင်သင်ကြားခဲ့ဖူးသည်။
အုံး...ဗုံး...
နိမ်းတက်စ်သည် တိုက်ခိုက်မှုမှ ကင်းလွတ်သွားသည့်အခါတွင် သုံးခွမှိန်းကိုချက်ချင်းဝှေ့ယမ်းလိုက်ပြီး ပိုမိုလျင်မြန်စွာတိုက်ခိုက်လိုက်သည်။အလွန်ဆိုသည် သူ၏ဝိညာဉ်ကိုတိုက်ခိုက်ဝံ့သည့်အတွက်ကြောင့် အလွန်ဆိုကိုဤနေရာ၌သတ်ဖြတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။
အလွန်ဆိုသည် အလွန်လျင်မြန်စွာလှုပ်ရှားတိုက်ခိုက်ခဲ့သော်လည်း နိမ်းတက်စ်၏လှုပ်ရှားမှုနှင့် တိုက်ခိုက်မှုအရှိန်နှုန်းသည် အလွန်ပင်မြန်ဆန်နေခဲ့သည်။ထို့ကြောင့် အကြိမ်အနည်းငယ်ရှောင်တိမ်းပြီးနောက်တွင် အလွန်ဆိုထံ၌ပုန်းအောင်းစရာနေရာမရှိတော့ဘဲ သူ့ကိုယ်သူခုခံကာကွယ်ရုံသာတတ်နိုင်ခဲ့သည်။ရွေးချယ်စရာမရှိတော့သည့်အဆုံး အလွန်ဆိုသည်ကျယ်လောင်စွာမာန်သွင်းကာ မီးရှုးတိုင်ကိုပင့်မြှောက်၍ နိမ်းတက်စ်အားတားဆီးခဲ့သည်။
နဂါးလေးသည်ပင် နိမ်းတက်၏ရိုက်နှက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပေရာ အလွန်ဆိုအတွက် သာ၍ဆိုးဝါးပေသည်။အဆုံးသတ်တွင် လူတစ်ယောက်နှင့်နဂါးတစ်ကောင်၏ခန္ဓာကိုယ်သည် အလွန်ပင်ကွာခြားလွန်းလှပေသည်။
အကယ်၍ ထိုတိုက်ခိုက်မှုကသာ ထိမှန်ခံရပါက အလွန်ဆို၏ခန္ဓာကိုယ်သည် သုံးခွမှိန်းအောက်တွင်စုတ်ပြတ်သတ်သွားမှာဖြစ်သည်။
လူတိုင်းသည် အလွန်ဆို၏ကြေကွဲဖွယ်အဆုံးသတ်အား ကြိုတင်မှန်းဆနေကြပြီဖြစ်သည်။သို့သော်လည်း နိမ်းတက်၏တိုက်ခိုက်မှုသည် အလွန်ဆို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါတွင် လူတိုင်းစိတ်ကူးထားသလို ကျယ်လောင်သောဆူညံသံများထွက်မလာဘဲ တိုးတိုးတိတ်တိတ်အသံများသာ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် အလွန်ဆို၏ခန္ဓာကိုယ်အား မှိန်ဖျော့ဖျော့အလင်းရောင်ကဖုံးလွှမ်းထားသည်ကိုမြင်သော် ထိတ်လန့်တုန်လှုပ်သွားကြရသည်။
အကာအကွယ်လက်...
အူသာ၏အကာအကွယ်လက်သည် အလွန်ဆိုအားကယ်တင်ပေးခဲ့သည်။အကာအကွယ်လက်အား ပြန်လည်အသုံးပြုရန်ကြာချိန်သည် အလွန်တိုတောင်းလှပြီး ငါးမိနစ်သာကြာမြင့်၍ အူသာကတစ်နေ့လျှင် အကြိမ်များစွာအသုံးပြုနိုင်သည်။
အမှန်တော့ အလွန်ဆိုသည် သူ၏အသက်အတွက်ရုန်းကန်နေရသည့်အချိန်တွင် အူသာ၏အမည်ကိုတွေးတောကာ သူယုံကြည်ရသောနတ်ဘုရားက သူ့အားကယ်တင်ပေးရန် နှလုံးသားထဲ၌ ဆုတောင်းနေခဲ့သည်။သို့သော်လည်းဤတစ်ကြိမ်တွင် သူယုံကြည်ရသည့်နတ်ဘုရားက သူ့အားကယ်တင်ပေးခဲ့သည်။
အလွန်ဆိုသည် အူသာကိုကိုးကွယ်ယုံကြည်မှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
နိမ်းတက်စ်သည် အကြိမ်အနည်းငယ်ခန့်ဆက်တိုက် တိုက်ခိုက်နေခဲ့သော်လည်း သူ၏သုံးခွမှိန်းသည် မည်မျှပင်စွမ်းအားကြီးမားပါစေ ထိုအလွှာပါးကိုမချိုးဖျက်နိုင်ခဲ့ပေ။
အခန်း ၄၅၂ - စိတ်ဝိညာဉ်
ဝေါင်း...
နိမ်းတက်စ်၏တိုက်ခိုက်မှုများသည် အလွန်ဆိုအားသတ်ဖြတ်နိုင်ခြင်းမရှိသောကြောင့် သူသည်သူ၏ပစ်မှတ်ကိုပြောင်း၍ အခြားလူများထံပြေးဝင်သွားခဲ့သည်။
ယခုအချိန်၌ နိမ်းတက်စ်နှင့်အနီးဆုံးမှာ ဝါစီချီဖြစ်သည်။ဝါစီချီသည် သူမ၏လက်ထဲတွင်ကိုင်ဆောင်ထားသော လေးကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်သော်လည်း နိမ်းတက်စ်ကိုစိုက်ကြည့်၍ ဘာမှမလုပ်ခဲ့ပေ။
နိမ်းတက်စ်၏တိုက်ခိုက်မှုအား ရင်ဆိုင်ရသည့်အချိန်တွင် ဝါစီချီသည်ရှောင်တိမ်းခြင်းမရှိဘဲ ကြည်လင်သောမျက်လုံးတစ်စုံဖြင့်သာ နိမ်းတက်စ်အား တည့်တည့်စိုက်ကြည့်နေခဲ့သည်။
ဝါစီချီ၏လုပ်ရပ်ကိုကြည့်ရင်း ရှောင်ယုကအလွန်စိုးရိမ်သွားခဲ့သည်။မင်းရဲ့သတ္တိရှိမှုက နိမ်းတက်စ်ကို သတိပြန်လည်လာစေမယ်လို့မင်းထင်လား...မင်းသာမလုပ်နိုင်ဘူးဆိုရင် မင်းရဲ့အသက်ကိုချက်ချင်းဆုံးရှုံးရလိမ့်မယ်
ရှောင်ယုကစိုးရိမ်ပူပန်စွာဖြင့် ဝါစီချီအားကူညီရန်အတွက် တည်နေရာရွေ့ပြောင်းရန် ပြုလုပ်လိုက်သော်လည်း နောက်အခိုက်အတန့်တွင် နိမ်းတက်စ်၏သုံးခွမှိန်းက ရုတ်တရက်လေထဲ၌ရပ်တန့်သွားခဲ့သည်။
နိမ်းတက်စ်၏မျက်လုံးများ၌ ထူးဆန်းသောအစိမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ကာ သူ၏ခန္ဓာကိုယ်က စတင်လှုပ်ခါလာခဲ့သည်။
"သခင်...သခင်"
နိမ်းတက်စ်သည် ဝါစီချီကိုကြည့်ရင်း သူ၏မျက်လုံးထဲ၌မျက်ရည်တစ်စက်ရှိနေခဲ့သည်။ဤအခိုက်အတန့်တွင် သူ၏အပြုအမူသည် အလွန်ပင်နူးညံ့ကာညင်သာနေပုံရသည်။
ထိုအခိုက်အတန့်တွင် ဝါစီချီသည် နိမ်းတက်စ်၏အနားသို့ကူးခတ်သွားခဲ့ကာ သူ၏ပုခုံးအားညင်သာစွာပွတ်သပ်လိုက်သည်။
နိမ်းတက်စ်သည် ရုတ်တရက်မျက်ရည်ကျလာခဲ့သည်။
"သခင်...နိမ်းတက်စ်က မင်းပြန်လာတာကိုစောင့်နေတာပဲ...နောက်ဆုံးတော့သခင်ပြန်လာခဲ့ပြီ...နှစ်ပေါင်း၁၀၀၀၀ကျော်ကြာပြီးတဲ့နောက်မှာ မင်းနဲ့ပြန်လည်ဆုံတွေ့ခဲ့ရပြီ"
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ တည်နေရာရွေ့ပြောင်းမှုကို ဆက်လက်မလုပ်ဆောင်တော့ပေ။
နိမ်းတက်စ်သည် ဝါစီချီအပေါ်၌ အမှန်တကယ်သစ္စာရှိပုံရသည်။နှစ်ပေါင်း၁၀၀၀၀ကျော်ကြာပြီးနောက်တွင်ပင် သူသည် ဝါစီချီအပေါ်၌ သစ္စာစောင့်သိနေဆဲဖြစ်သည်။
နိမ်းတက်စ်၏မျက်လုံးများကိုကြည့်ခြင်းဖြင့် ဤနာဂသည် ဝါစီချီအားနှစ်ပေါင်းများစွာကြာအောင် စောင့်မျှော်နေကြောင်း သိရှိလိုက်သည်။
သူသည် မိဖုရားဖြစ်သူအတွက် မည်သည့်အရာကိုမဆိုလုပ်ဆောင်နိုင်သည်။ရဲရင့်သောစစ်သူကြီးသည် သူ၏မိဖုရားဖြစ်သူရောက်ရှိလာသည်ကို နှစ်ပေါင်းများစွာစောင့်ဆိုင်းနေပုံရသည်။
နိမ်းတက်စ်ကြောင့် ထိတ်လန့်တကြားဆုတ်ခွာသွားရသူ အမြောက်အများသည် နိမ်းတက်စ်အားထိပ်တိုက်ရင်ဆိုင်ရန်အတွက် သူတို့၏ဒိုင်းများကိုမြှောက်ထားလိုက်ကြသည်။နိမ်းတက်စ်သည် ရုတ်တရက်အင်အားကြီးမားလာမှုအပေါ် သူတို့တောင့်မခံနိုင်သော်လည်း ယခုလိုအံ့သြသင့်ဖွယ်အဖြစ်အပျက်ကို မည်သူမှမမျှော်လင့်ထားသည့်အတွက် သူတို့၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။
သန်မာသူများ၌လည်း အားနည်းချက်ရှိသည့် အချိန်များရှိနေခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် နိမ်းတက်စ်သည်အလွန်နာကျင်နေသောအမူအရာကို ထုတ်ဖော်လိုက်ကာ အဆုတ်ကွဲထွက်လောက်သည့်အသံဖြင့် အော်ဟစ်လိုက်သည်။
"နိမ်းတက်စ်...နိမ်းတက်စ်"
ဝါစီချီသည် အလွန်စိတ်လှုပ်ရှားနေသောလေသံဖြင့် နိမ်းတက်စ်အား အော်ဟစ်လိုက်သည်။
"သခင်...ငါ...ငါထိန်းထားနိုင်သေးတယ်...မင်းမြန်မြန်သွား...ဒါမှမဟုတ်ရင်မင်းကိုနာကျင်စေလိမ့်မယ်"
နိမ်းတက်စ်သည် သူ့ကိုယ်သူအလွန်ထိန်းချုပ်ထားရသည်မှာ သိသာထင်ရှားပေသည်။သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားသည် အလွန်အစွမ်းထက်ပုံရသည့်အတွက်ကြောင့် လုံးဝမခုခံနိုင်ခဲ့ပေ။
"မြန်မြန်ထွက်သွား...မဟုတ်ရင်အန္တာရယ်ဖြစ်လာလိမ့်မယ်"
ရှောင်ယုက ချက်ချင်းအော်ဟစ်လိုက်သည်။လူတိုင်းသည် နိမ်းတက်စ်၏စွမ်းအားကိုတွေ့မြင်ဖူးပေရာ ယခုအခါနိမ်းတက်စ်သည် ရပ်တန့်၍မရနိုင်ကြောင်း နားလည်ထားကြသည်။
ယခုအခါ ငရဲမီးသားရဲနှင့်တိုက်ပွဲသည် အရှိန်ရနေဆဲဖြစ်သည်။အကယ်၍ နိမ်းတက်စ်သာ ထပ်ပြီးရူးသွပ်သွားခဲ့မည်ဆိုပါက အခြေအနေများက ပိုမိုဆိုးရွားလာမည်ဖြစ်သည်။
ဝေါင်း...
နိမ်းတက်စ်သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကာ သူ၏ခန္ဓာကိုယ်က နံရံအားပြေးတိုက်စေလိုက်သည်။ထို့နောက်ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ နံရံသည်လည်းတချိန်တည်းပြိုလဲသွားခဲ့သည်။
ဤနေရာရှိနံရံများအားလုံးသည် အထူတစ်မီတာရှိကာ အလွန်ပင်မာကျောသည်ကို လူတိုင်းသိရှိထားကြသည်။သို့သော်လည်း နိမ်းတက်စ်၏ပြေးဝင်တိုက်ခိုက်မှုက ထိုနံရံအားပြိုကျသွားစေခဲ့ရာ နိမ်းတက်စ်မည်မျှအစွမ်းထက်ကြောင်း တွေ့မြင်နိုင်သည်။
ဘန်း...ဘန်း
အဆက်မပြတ်ပေါက်ကွဲသံနှင့်အတူ နိမ်းတက်စ်သည် သူ၏ခေါင်းကိုဆုပ်ကိုင်ထားရင်း သူ၏အနီးတွင်ရှိနေသောအရာများကို ဆက်လက်တိုက်ဖြိုနေခဲ့သည်။သူသည် လျှို့ဝှက်ဆန်းကြယ်သောလူသား၏ထိန်းချုပ်မှုကို တွန်းလှန်ရန်အတွက် ဤနည်းလမ်းအား အသုံးပြုနေပုံရပေသည်။
ယခုအချိန်တွင် မိုင်ယဗ်နှင့်ငရဲမီးအကြား ပြင်းထန်သောတိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။မိုင်ယဗ်သည်အလွန်အားကောင်းသော်လည်း ငရဲမီးသားရဲကလည်း အားနည်းခြင်းမရှိပေ။ဗိုင်ယဗ်၏ကလဲ့စားချေခြင်းနတ်ဘုရားမှာ အဆင့်နိမ့်နေသေးသည့်အတွက်ကြောင့်သာမဟုတ်ပါက မိုင်ယဗ်၏တိုက်ခိုက်ရေးစွမ်းအားသည် များစွာတိုးတက်လာမည်ဖြစ်သည်။
ဝေါင်း...
ခိုင်ရင်းသည် နိမ်းတက်စ်အား မျက်ခြေမပြတ်စောင့်ကြည့်နေရာမှ မိုင်ယဗ်အခြေအနေမကောင်းသည်ကိုမြင်သောအခါတွင် ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြေးတက်လာခဲ့သည်။
ဘန်း...
ခိုင်ရင်းသည် ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုအားအသက်သွင်း၍ တိုက်ခိုက်လိုက်ရာ ငရဲမီးသားရဲကမြေပေါ်လဲကျသွားခဲ့သည်။
ယခုအခါ ခိုင်ရင်းသည်အားကောင်းသည့် ခုခံမှုရတနာများကိုပိုင်ဆိုင်ထားပြီဖြစ်သည်။ဆူးချွန်ဒိုင်းလွှားသည် အလွန်ပင်အစွမ်းထက်လှပြီး ယခုလိုတိုက်ခိုက်မှုများအား ခုခံရာတွင်အလွန်အသုံးဝင်ပေသည်။
ဝေါင်း...
သို့သော်လည်း ငရဲမီးသားရဲက ခိုင်ရင်းကြောင့်ဒေါသပေါက်ကွဲသွားခဲ့ကာ ခုန်တက်လာခဲ့ပြီး သူ၏စည်ပိုင်းနှင့်တူသောလက်နှစ်ဖက်ကိုမြှောက်လိုက်ကာ ခိုင်ရင်းကိုဆောင့်ချလိုက်သည်။
ခိုင်ရင်းသည် သူ၏ဒိုင်းကိုမြှောက်လိုက်ကာ ခုခံကာကွယ်ရန်ကြိုးစားလိုက်သည်။သို့သော်လည်း ထိုတိုက်ခိုက်မှုနောက်ကွယ်၌ပါဝင်သည့် စွမ်းအားက သူ၏ခြေထောက်များကိုမြေထဲဆောင့်ဝင်သွားစေခဲ့သည်။
ဖဲလ်အိုနှင့်မိုင်ယဗ်တို့အမြင်၌လည်း ခိုင်ရင်းသည် ထိုတိုက်ခိုက်မှုများကိုလတ်တလော၌ ခုခံနေနိုင်သော်လည်း ကြာရှည်တောင့်ခံနိုင်ရန်မဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။ထို့ကြောင့်သူတို့သည် ရှေ့သို့ပြေးတက်လာခဲ့ကာ ငရဲမီးသားရဲ၏နောက်ကျောကိုခုတ်ထစ်လိုက်ကြသည်။
ဗိုင်ယဗ်၏ဓားစက်ဝိုင်းနှင့်ဖဲလ်အို၏ဓားအမွှာတို့သည် အစွမ်းထက်သည့်လက်နက်များဖြစ်ကြသည်။သူတို့သည် အတူတကွတိုက်ခိုက်လိုက်ချိန်တွင် တိုက်ခိုက်မှု၏နောက်ကွယ်၌ပါဝင်သောစွမ်းအားသည် လုံးဝခြားနားသည့်အဆင့်တစ်ခု၌ရှိနေခဲ့သည်။
ထိုအချိန်တွင် ငရဲမီးသားရဲ၏ခန္ဓာကိုယ်ပေါ်သို့ ဧရာမဓားတစ်ချောင်းကျရောက်လာခဲ့ကာ ကျောက်တုံးကြီးတစ်ခုပဲ့ကြွေကျလာခဲ့သည်။ရှောင်ယုသည် ထိုတိုက်ခိုက်မှု၏တရားခံကိုလှမ်းကြည့်လိုက်ရာ လီယိုနာဒိုလက်အောက်မှ လူအိုကြီးတာအိုဖြစ်နေကြေင်း တွေ့လိုက်ရသည်။
အကယ်၍ သူသာထူးဆန်းသောအရည်ကို မသောက်သုံးထားလျှင် ဖဲလ်အိုကဲ့သို့နီးနီး ခွန်အားရှိထားသော်လည်း အမှန်တကယ်တိုက်ခိုက်ကြမည်ဆိုပါက အမွှာဓား၏အကူအညီကိုရရှိထားသော ဖဲလ်အို၏ပြိုင်ဘက်မဖြစ်နိုင်ပေ။
သို့သော် ထိုအရည်ကိုသောက်သုံးပြီးနောက်တွင် သူ၏ခွန်အားသည်ဖဲလ်အိုထက်သိသိသာသာအားကောင်းလာခဲ့သည်။ထို့ကြောင့် သူပါဝင်တိုက်ခိုက်လာမှုသည် ငရဲမီးသားရဲကိုအလွန်အခြေအနေဆိုးဝါးစေခဲ့သည်။
အဆုံးသတ်တွင် သူတို့အားလုံးပူးပေါင်း၍ ငရဲမီးသားရဲကိုခေတ္တထိန်းချုပ်ထားနိုင်ခဲ့သည်။ထိုသို့မဟုတ်ဘဲ ငရဲမီးသားရဲကိုသာ မထိန်းချုပ်နိုင်ခဲ့ပါက ကြီးမားသည့်ပျက်စီးဆုံးရှုံးမှုကို မလွဲမရှောင်သာတွေ့မြင်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ရူးသွပ်သွားသည့် နိမ်းတက်စ်သည် နံရံများကိုချိုးဖျက်လိုက်ရာ တံတိုင်းကြီးပြိုကျသကဲ့သို့ ဖြစ်ပေါ်လာခဲ့ပြီး အနီရောင်မီးတောက်များ ဖြစ်ပေါ်လာခဲ့သည်။
"သေစမ်း...ဟိုမှာဘာတွေဖြစ်နေတာလဲ...အဲ့ဒီသွေးနီရောင်မီးတောက်တွေက ငါထင်ထားတာဖြစ်နိုင်မလား"
ရှောင်ယုသည် အခန်းတွင်းတောက်လောင်နေသော အနီရောင်မီးတောက်ကိုကြည့်လိုက်မိရာ အတိတ်ကချန်ရစ်ထားခဲ့သော အမွေတစ်ခုနှင့်ဆက်စပ်နေသည်ဟု သတိထားမိလိုက်သည်။
ရှောင်ယုသည် ကဲလ်သက်အား အဓိပ္ပါယ်ပါပါတစ်ချက်ကြည့်လိုက်မိသည်။
ကဲလ်သက်သည်လည်း ထိတ်လန့်တုန်လှုပ်နေသော အမူအရာကိုဖော်ပြခဲ့သည်။သူသည် ထိုသွေးနီရောင်မီးတောက်များကိုကြည့်လိုက်ရာ ၎င်းတို့ထံမှနေ၍ သူနှင့်လွန်စွာအကျွမ်းတဝင်ရှိသော သွေးနတ်သူငယ်များ၏မှော်စွမ်းအင်ကို ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်။
ထို့ပြင် အဆိုပါစွမ်းအင်သည် နဂိုကတည်းကပင် သူနှင့်အလွန်နီးကပ်နေပုံရသည်။သိုသော်လည်း ထိုစွမ်းအင်သည် အချိန်အတော်ကြာပျောက်ဆုံးနေပြီးနောက် သူ့ထံသို့ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယခုအခါ နိမ်းတက်စ်၏ခန္ဓာကိုယ်အား လျှပ်စီးအလွှာတစ်ခုဖြင့်ဖုံးအုပ်ထားပုံရကာ သူတစ်ကိုယ်လုံးအားဖျက်ဆီးနေပုံရသည်။သို့သော်လည်း သူ၏မျက်လုံးများတွင် အလွန်ခိုင်မာသည့်စိတ်ပိုင်းဖြတ်မှုကို တွေ့မြင်ရပေသည်။ထို့နောက်တွင် သူသည် တောက်လောင်နေသည့် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ဝါစီချီအားကြည့်နေခဲ့သည်။
"သခင်...သခင်...နိမ်းတက်စ်ကမင်းကို ငါ့ရဲ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးနိုင်စွမ်းမရှိတော့ဘူး...ဒါကြောင့်ငါ့ကိုယ်ငါစိတ်ဝိညာဉ်အဖြစ်ပြောင်းလဲပြီးတော့ မင်းရဲ့လက်နက်ဝိညာဉ်အဖြစ်ပြောင်းလဲပေးပြီး မင်းကိုဆက်လက်စောင့်ရှောက်ခွင့်ပြုပါ"
လက်ရှိအချိန်၌ နိမ်းတက်စ်သည် ကြီးမားသည့်နာကျင်မှုဝေဒနာကို တောင့်ခံနေခဲ့ကာ သူ၏စကားကိုကြားရသူတိုင်း ရင်ခုန်ခံစားရစေခဲ့သည်။
ဤသို့သောသံယောဇဉ်သည် ယခုလိုသစ္စာစောင့်သိမှုကိုဖြစ်ပေါ်စေခဲ့သည်။
များမကြာမှီတွင် နိမ်းတက်စ်၏ခန္ဓာကိုယ်သည် ပူလောင်လာခဲ့ပြီး အဆုံးသတ်တွင် အပြာရောင်မီးခိုးလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် ထိုအပြာရောင်မီးခိုးလုံးသည် ဝါစီချီထံသို့ပျံသန်းသွားခဲ့သည်။
ခဏအကြာတွင် ထိုအပြာရောင်မီးခိုးလုံးသည် ဝါစီချီ၏လေးနှင့်တဖြည်းဖြည်းပေါင်းစည်းသွားခဲ့သည်။
ထိုအချိန်တွင် မျက်ရည်ကျနေပြီဖြစ်သော ဝါစီချီက ငိုရှိုက်သံနှင့်အတူ ရေရွတ်လိုက်သည်။
"နိမ်းတက်စ်....နိမ်းတက်စ်"
သူ့ဘဝ၏နောက်ဆုံးသောအခိုက်အတန့်တွင် သူမနောက်သို့ဘဝတစ်ခုလုံးလိုက်ပါခဲ့သည့် အစောင့်အကြပ်သည် စိတ်ဝိညာဉ်အဖြစ်သို့ပြောင်းလဲသွားခဲ့ကာ သူမကိုဆက်လက်စောင့်ရှောက်ရန်အတွက် သူမ၏လက်နက်၌ကပ်တွယ်သွားခဲ့သည်။
အခန်း ၄၅၃ - ဗျူရို
ငရဲမီးသားရဲက သူ၏လက်သီးကြီးများကို အဆက်မပြတ်ဝှေ့ယမ်းနေရာ ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ပွနေပြီး ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
ထိုအခြေအနေကိုကြည့်၍ အနီးအနားရှိလူတိုင်း ထွက်ပြေးကုန်ကြသည်။မီးငရဲသားရဲမှ ထုတ်လွှတ်လိုက်သည့်ကျောက်များသည် ဗုံးများကဲ့သို့ဖြစ်နေခဲ့ပြီး မြေပြင်ပေါ်သို့ကျရောက်ချိန်တွင် ကြီးမားသည့်ပေါက်ကွဲမှုလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သန်မာသည့် ခုခံမှုကိုပိုင်ဆိုင်ထားခြင်းမရှိသော စွန့်စားသူများသည် သူတို့သေဆုံးခြင်းမရှိလျှင်တောင်မှ ဒဏ်ရာအပြင်းအထန်ရရှိသွားမည်ကို စိုးရိမ်နေကြရသည်။ငရဲမီးသည် သူ၏အမည်ဖြင့်အမှန်ပင်လိုက်ဖက်ပေသည်။
နိမ်းတက်စ်နှင့်တူညီမှုမရှိသည်မှာ ငရဲမီး၏ဝိညာဉ်ကို မှော်ဆရာများကဖန်တီးခဲ့ခြင်းဖြစ်သည်။၎င်းတွင် ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းလုံးဝမရှိဘဲ သူ့အားဖန်တီးခဲ့သူ၏အမိန့်ကိုသာ လုံးဝနာခံမည်ဖြစ်သည်။ထို့ကြောင့် ငရဲမီးသားရဲသည် သူလုံးဝမရပ်တန့်မှီ လူတိုင်းကိုလုံးဝသတ်ဖြတ်ပစ်ရမည်ဖြစ်သည်။
ယခုအခါ နိမ်းတက်စ်၏ပြဿနာအားဖြေရှင်းပြီးပြီဖြစ်၍ ရှေ့ဆက်သွားနိုင်ရန်အတွက် ငရဲမီးသားရဲကိုဖယ်ရှားရန်သာကျန်တော့သည်။
သို့သော်လည်း ရှောင်ယု၏စိတ်အာရုံသည် ငရဲမီးသားရဲထံ၌ရှိမနေဘဲ သွေးနီရောင်မီးတောက်စွမ်းအင်ပေါ်၌သာ ရှိနေပေသည်။
ထိုစွမ်းအင်သည် သွေးနတ်သူငယ်များ ချန်ရစ်ထားခဲ့ခြင်းဖြစ်ကြောင်း ရှောင်ယုသေချာနေခဲ့သည်။အကယ်၍ သူသာထိုစွမ်းအင်ကိုပိုင်ဆိုင်ခဲ့ပါက သူ့လက်အောက်ငယ်သား၏စွမ်းအားသည် အလွန်ပင်တိုးတက်လာမည်ဖြစ်သည်။
ရှောင်ယုသည် ထိုစွမ်းအင်တည်ရှိမှုအား သတိပြုမိသည်ဆိုလျှင် အခြားသောသူများကလည်း တုံးအနေခြင်းမျိုးမဟုတ်ပေ။ပုံမှန်အားဖြင့် သန်မာသူများသည် အားကောင်းသောစွမ်းအင်အပေါ် အလွန်အမင်းအာရုံခံနိုင်စွမ်း ရှိကြပေရာ ထိုစွမ်းအင်ကိုလည်းသတိထားမိကြသည်။
သို့သော်လည်း မည်သူကမှရှေ့မတိုးဝံ့ဘဲ အခြားသူများ၏လုပ်ရပ်ကိုသာ စောင့်ကြည့်နေခဲ့သည်။
ဝေါင်း...
ထိုအချိန်တွင် ဘုရားကျောင်းတစ်ခုလုံးက ပြိုကျလုနီးပါးဖြစ်သွားခဲ့ကာ မြေပြင်သည်လည်းတုန်ခါလာခဲ့သည်။ထို့နောက်ခေါင်မိုးပေါ်မှနေ၍ ကျောက်စရစ်ခဲများစွာပြိုကျလာခဲ့သည်။
ရှောင်ယုသည်လည်း ဘာဖြစ်သွားမှန်းမသိ၍ အံ့သြသင့်သွားခဲ့သည်။
"ဟားဟား...လူယုတ်မာတွေ...မင်းတို့ဒီနေရာကိုလာဝံ့တယ်ဆိုမှတော့ ဒီနေရာမှာမင်းတို့ရဲ့သချိုင်းဖြစ်လာတာပဲ"
ပြင်းထန်သည့်အရှိန်အဟုန်နှင့်အတူ ခန်းမအတွင်း၌အသံတစ်ခုပျံ့နှံ့လာခဲ့သည်။
"အဲ့ဒါ အော်ဂတ်စတတ်ပဲ"
ရှောင်ယု၊နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် အသံပိုင်ရှင်အား ချက်ချင်းမှတ်မိလိုက်ကြသည်။
"အရာအားလုံးက သူ့ဆီကစတင်လာတာပဲ...သူကဒီလူတွေရောက်လာတာကို စောင့်နေတာကြာလောက်ပြီ...ဒီပူးပေါင်းကြံစည်မှုကဘာလဲ..."
ရှောင်ယုက လေးနက်စွာရေရွတ်လိုက်သည်။
ယခုအချိန်ထိ အရာအားလုံးသည် အော်ဂတ်စတတ်၏ တွက်ချက်မှုအောက်တွင် ရှိနေပုံရသည်။လူတိုင်းသည် အသက်ရှင်လိုပါက အော်ဂတ်စတတ်၏သနားညာတာမှုကို စောင့်မျှော်ရမည့်ပုံရှိနေခဲ့သည်။
ရှောင်ယုသည် ထိုခံစားချက်ကိုမကြိုက်နှစ်သက်သလို နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ကလည်း မနှစ်သက်ပေ။
အမှန်တော့ သူတို့အားလုံးသည် ဤခံစားချက်ကိုကြိုက်နှစ်သက်ခြင်းမရှိသော်လည်း သူတို့အားလုံးသည် ဆိုးဝါးသောအခြေအနေ၌ရှိနေသည့်အတွက်ကြောင့် ပြန်လည်ရုန်းထွက်ရန် ခက်ခဲပေသည်။ရှောင်ယုက ဤနေရာအကြောင်းကိုသိထားခဲ့လျှင်တောင်မှ နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင် အမှောင်ဗိမာန်၏အနေအထားက များစွာပြောင်းလဲခဲ့ကာ သူ့တွက်ချက်မှုမှ လွဲချော်နေခဲ့ရသည်။
ထို့ပြင် အော်ဂတ်စတတ်သည် နေဝင်ချိန်နွံအိုင်၌ နေ့စဉ်လိုလိုနေထိုင်ခဲ့ကာ ဤအစီအစဉ်ကိုနေ့တိုင်း စီစဉ်နေခဲ့သည်ဟု ဆိုနိုင်ပေသည်။
ရှောင်ယုသည် နှစ်ထောင်ချီရေးဆွဲလာခဲ့သော အစီအမံများကို မည်သို့လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မည်နည်း။
"ဂေါ်ဒန်...သူတို့ကတကယ်ပဲ...ဂေါ်ဒန်ကိုပြန်လည်ရှင်သန်ထမြောက်စေချင်ပုံရတယ်..."
ရှောင်ယုကသက်ပြင်းချမိလိုက်သည်။အော်ဂတ်စတတ်၏အစီအစဉ်များသည် မည်သို့ပင်ဆိုစေကာမူ သူတို့၏နောက်ဆုံးသောပန်းတိုင်မှာ တစ်ခုတည်းသာဖြစ်ပြီး ထိုပန်းတိုင်မှာလည်း ဂေါ်ဒန်ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။
အောစ့်တို့၏ အကြီးကျယ်ဆုံးသောသူရဲကောင်းဖြစ်သူ ဂေါ်ဒန်သည် အလွန်ပင်အစွမ်းထက်လှပေသည်။အကယ်၍ ဂေါ်ဒန်ကသာ ပြန်လည်ရှင်သန်ထမြောက်ခဲ့မည်ဆိုပါက စစ်ပွဲအားပြန်လည်စတင်ရန်အတွက် လှယက်ဖျက်ဆီးတတ်သည့် မကောင်းဆိုးဝါးအောစ့်များကို ပြန်လည်ဦးဆောင်ရန် ဖြစ်နိုင်ခြေအလွန်မြင့်ပေသည်။
ထိုအချိန်တွင် သူတို့၏အနီးပတ်ဝန်းကျင်မှ ပြင်းထန်သောစွမ်းအင်များ ရုတ်တရက်ထွက်ပေါ်လာသည်ကို လူတိုင်းသတိထားမိလိုက်ကြသည်။ထိုစွမ်းအင်များက ခန်းမတစ်ခုလုံးအား ထောက်ပံ့ရန် စုရုံးလာခဲ့ကြသည်။
ပြိုကျလုနီးပါးဖြစ်နေသော ခန်းမကြီးသည် မမြင်နိုင်သောလက်ကြီးဖြင့်ဆုပ်ကိုင်ခံထားရသကဲ့သို့ တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။
သို့သော်လည်း ထိုဖြစ်ရပ်က ရှောင်ယုအားသက်တောင့်သက်သာမဖြစ်စေခဲ့ဘဲ ထိတ်လန့်စေခဲ့သည်။
ဒီစွမ်းအားကဘယ်ကလဲ...ဒါကအရမ်းကိုအားကောင်းလွန်းတယ်...ဘာအတွက်လဲ
ရှောင်ယုက သေချာဂရုစိုက်ကြည့်လိုက်သောအခါတွင် ထိုစွမ်းအင်များသည် နေရာတိုင်းမှအပြင်းအထန်ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ထိုစွမ်းအင်များသည် မြင်ကွင်းအားလုံးကိုဖုံးကွယ်ထားသည့် ဧရာမပိုက်ကွန်တစ်ခုနှင့်ဆင်တူပေသည်။
"ဒါကပြဿနာပဲ..."
ရှောင်ယုက ချက်ချင်းထအော်လိုက်သည်။
ထိုစွမ်းအင်များ၏အသွင်အပြင်ကြောင့် ငရဲမီးသားရဲကချက်ချင်းဦးညွတ်သွားခဲ့ကာ ထပ်မံတိုက်ခိုက်ခြင်းမပြုတော့ဘဲ ခန်းမထောင့်တစ်နေရာဆီ အမြန်ဆုံးဆုတ်ခွာသွားခဲ့သည်။
ငရဲမီးသားရဲသည် ထောင့်တစ်နေရာသို့ ဆုတ်ခွာသွားပြီးနောက်တွင် ကြီးမားသည့်ခြောက်ထောင့်ကြယ်ပုံစံသည် မြေပြင်ပေါ်မှထွက်ခွာလာခဲ့သည်။ထို့နောက်အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ကာ ငရဲမီးသားရဲကိုလွှမ်းခြုံသွားခဲ့သည်။
ထို့နောက် ငရဲမီးသားရဲက ချက်ချင်းပျောက်ကွယ်ခဲ့သည်။
လူတိုင်းသည် ငရဲမီးသားရဲကို ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းကို တွေးတောနေသော်လည်း မထင်မှတ်ဘဲပျောက်ကွယ်သွားခဲ့သည်။
ယခုအခါ မသေမျိုးသတ္တဝါများသည် လုံးဝစွမ်းအားကုန်ခမ်းသွားပုံရကာ မီးခိုးများအဖြစ်သို့ပြောင်းလဲသွားခြင်း သို့မဟုတ် မြေပြင်ပေါ်သို့ တိုက်ရိုက်ပြိုလဲသွားခြင်း စသည်ဖြင့်ဖရိုဖရဲအခြေအနေတို့ ဖြစ်လာခဲ့သည်။
"တစ်ခုခုတော့ စဖြစ်တော့မယ်ထင်တယ်"
ရှောင်ယုက ရုတ်တရက်အော်ဟစ်လိုက်သည်။
"အားလုံးသတိထားကြ...ခုလူတိုင်းမသေချင်ကြဘူးဆိုရင် ငါနဲ့ရှောင်ယုရဲ့အမိန့်ကိုနားထောင်ကြရလိမ့်မယ်"
နီကိုးလပ်စ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
နီကိုးလပ်စ်၏အပြုအမူကို လူအုပ်ထဲမှအချို့က မကျေနပ်ကြသော်လည်း ကန့်ကွက်ခြင်းမရှိပေ။
ရှောင်ယုသည် သူတို့်အားအကြိမ်ကြိမ်ကယ်တင်ခဲ့သလို နီကိုးလပ်စ်ကလည်း အမ်းစ်မိသားစု၏ခေါင်းဆောင်ငယ်ဖြစ်သည်။သူတို့သည် အလွန်အင်အားကြီးပေရာ မကျေနပ်ချက်ရှိလျှင်တောင်မှ ဆန့်ကျင်၍မရပေ။
"ရှောင်ယု သူတို့ကဘာလုပ်ဖို့ကြံစည်နေတာလဲ ခန့်မှန်းကြည့်"
နီကိုးလပ်စ်က ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ကာ မေးမြန်းလိုက်သည်။
"သူတို့ကယဇ်ပူဇော်တဲ့ အခမ်းအနားတစ်ခုကိုစတင်ပြီးတော့ ငါတို့ကသူတို့ရဲ့ ယဇ်ကောင်တွေဖြစ်လာပုံရတယ်"
ရှောင်ယုက ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
အော်ဂတ်စတတ်၏စကားများနှင့် အတိတ်ကဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ရှောင်ယုကမှန်းဆခဲ့သည်။ယဇ်ပူဇော်သည့်အခမ်းအနားသည် အချို့သောအခြေအနေများကို ပြီးပြည့်စုံရန် လိုအပ်သည့်အတွက်ကြောင့် ဂေါ်ဒန်အားရှင်သန်ထမြောက်စေရန် လွယ်ကူမှာသေချာပေသည်။
အေဂါဝမ်၏ပြန်လည်ရှင်သန်ထမြောက်ခြင်းသည် နမူနာကောင်းတစ်ခုဖြစ်နေခဲ့သည်၊လူတစ်ဦးသာ ပြန်လည်ရှင်သန်ထမြောက်လိုပါက ယဇ်ပူဇော်ခြင်းဟူသည် ရှောင်လွဲ၍မရပေ။ထို့ပြင် စွမ်းအားကြီးကျွမ်းကျင်သူများ၏သွေးသည် ပြန်လည်ရှင်သန်ထမြောက်ရာ၌ ပြီးပြည့်စုံသောအရာတစ်ခုဖြစ်သည်။
ရှောင်ယု၏စကားကိုကြားလိုက်ရချိန်တွင် လူတိုင်းကြောက်ရွံ့ထိတ်လန့်သွားခဲ့ကြသည်။ယခုအခါ လူတိုင်းသည် ဤနေရာသို့လာရန်ဆုံးဖြတ်ချက်ကို နောင်တရစပြုလာကြသည်။
ရှောင်ယုက လူတိုင်း၏ကြောက်လန့်မှုကိုသတိပြူမိကာ ရယ်မောလိုက်သည်။
"လူတိုင်းစိတ်ပူနေစရာမလိုပါဘူး...အော်ဂတ်စတတ်က ငါတို့ကိုတကယ်သတ်ဖြတ်နိုင်ရင် သူကသတ်ပြီးနေလောက်ပြီ...ခုချိန်ထိစောင့်နေစရာလား"
"သူကဒီအခြေအနေတစ်ခုလုံးပြီးသွားတဲ့အထိ စောင့်နေရမှာပဲ...အဲ့ဒါကပဲငါတို့ရဲ့အခွင့်အရေးဖြစ်တယ်...ငါတို့ကသူ့ရဲ့အစီအစဉ်ကိုဖောက်ထွင်းတွေ့မြင်ခဲ့ပြီ...ခုချိန်ကစပြီးငါတို့ရဲ့ခွန်အားကို သူတို့သိအောင်ချပြချိန်တန်ပြီ"
"ဟုတ်တယ်....ငါတို့သူ့ကိုအလွှတ်မပေးနိုင်ဘူး"
"ငါတို့ရဲ့အစွမ်းကို သူတို့သိအောင်ပြရမယ်"