အခန်း (၄၅၄-၄၅၆)
Vol. 31 Ch. 454-456
အခန်း ၄၅၄ - ချိုးဖျက်ခြင်း
ရှောင်ယုက မှင်စာလေးကိုခေါ်လိုက်သည်။
"ခုဆိုရင်ငါတို့ကဒီမှာပိတ်မိနေတာ တော်တော်သိသာတယ်...ဒါကြောင့်ငါတို့ကဒီနေရာကနေ အမြန်ဆုံးထွက်ရမယ်...ဒီကနေမြန်မြန်ထွက်ဖို့နည်းလမ်းရှာ"
မှင်စာလေးသည် ခေါင်းညိတ်ပြလိုက်ကာ စကားအပိုမပြောတော့ဘဲ လျင်မြန်စွာခုန်ပေါက်ထွက်ခွာသွားခဲ့သည်။
အခြားသူများကလည်း ဤနေရာမှအမြန်ဆုံးထွက်ခွာနိုင်ရန်အတွက် အထူးနေရာများကို အဆက်မပြတ်ရှာဖွေနေခဲ့ကြသည်။
"ဟားဟား...မင်းတို့က ဂေါ်ဒန်ရဲ့ဆန္ဒကိုတွန်းလှန်ချင်နေကြတာလား...မင်းတို့ကသေမင်းကိုရှာဖွေနေကြတာပဲ...ကြီးမြတ်သောဂေါ်ဒန်ဟာ ကမ္ဘာကြီးကိုအုပ်စိုးဖို့ပြန်ပြီးရောက်ရှိလာပြီ...သူ့နောက်လိုက်သူတိုင်းကြီးပွားချမ်းသာလိမ့်မယ်"
အော်ဂတ်စတတ်၏အသံသည် ဤနေရာရှိလူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
မှင်စာလေးသည် ထိုအသံကိုကြားလိုက်သောအခါ နာကျင်စွာအော်ဟစ်၍ မြေပြင်ပေါ်သို့လဲကျသွားခဲ့ပြီး သူ၏နှာခေါင်းမှသွေးများစီးကျလာခဲ့သည်။
"စက်ဆုပ်ဖို့ကောင်းလိုက်တာ..."
ရှောင်ယုက ဒေါသတကြီးရေရွတ်၍ မှင်စာလေးကိုကုသပေးရန် အူသာကိုအမိန့်ပေးလိုက်သည်။
အော်ဂတ်စတတ်သည် မှင်စာများကို အလွန်မနာလိုသည်မှာထင်ရှားသည့်အတွက်ကြောင့် သူသည်ဤနည်းလမ်းကို အသုံးပြု၍တိုက်ခိုက်ခြင်းဖြစ်သည်။ဤအခြေအနေတွင် လူတိုင်းအတွက် အချိန်တိုအတွင်း ထွက်ပေါက်ရှာရန်ခက်ခဲသွားမည်ဖြစ်သည်။
"အခုငါတို့ဘာဆက်လုပ်သင့်လဲ..."
နီကိုးလပ်စ်က မှင်စာလေးကိုကြည့်လိုက်ပြီး ရှောင်ယုအားမေးမြန်းလိုက်သည်။သူသည် အခြားသူများကို လှည့်ပတ်ကြည့်ရှုရန် စေလွှတ်ထားခဲ့ပြီးဖြစ်သော်လည်း အသုံးဝင်သောအရာများကို မတွေ့ခဲ့ရပေ။
ရှောင်ယုသည် လက်ရှိအခြေအနေကိုကြည့်ကာ အော်ဟစ်လိုက်သည်။
"ဘာလုပ်ရမလဲ...လူတိုင်းနားထောင်ကြ...ကျောက်တုံးလေးတစ်ခုကိုတောင်မလွှင့်ပစ်ကြနဲ့...သူတို့ဘယ်လိုလုပ်မလဲဆက်ကြည့်ရအောင်"
ရှောင်ယု၏အကြံအစည်ကိုကြားလိုက်သောအခါ နီကိုးလပ်စ်၏မျက်လုံးများက တောက်ပလာခဲ့သည်။ထိုနည်းလမ်းသည် အမှန်ပင်အသုံးဝင်နိုင်ပေသည်။
ရှောင်ယု၏စကားကို ကြားလိုက်ရချိန်တွင် လူတိုင်းသည်လှည့်ပတ်ရှာဖွေနေခြင်းအား အရှိန်မြင့်လိုက်ကြပြီး ဤစွမ်းအင်အတားအဆီးကိုဖြိုခွဲနိုင်ရန် နည်းလမ်းရှာဖို့ ဘက်ပေါင်းစုံအားဖိနှိပ်လိုက်ကြသည်။
ရှောင်ယုကိုယ်တိုင်လည်း နေရာတိုင်းအားရှာဖွေဟန်ဆောင်နေသော်လည်း အမှန်တကယ်တွင်သူသည် သွေးနတ်သူငယ်စွမ်းအင်ထွက်ပေါ်လာရာသို့ ကဲလ်သက်အားခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဤနေရာတွင် စွမ်းအင်အမြောက်အများမကျန်တော့သော်လည်း ၎င်းသည်သွေးနတ်သူငယ်တို့၏ ကြီးမြတ်သောစွမ်းအင်ဘဏ္ဍာလည်းဖြစ်သည်။အကယ်၍၎င်းကိုရရှိခဲ့ပါက ကဲလ်သက်၏စွမ်းအားကို မှန်းဆ၍မရသောအဆင့်တစ်ခုထိ တိုးမြင့်ပေးနိုင်ပေသည်။
ရှောင်ယုသည် ထိုနေရာသို့ရောက်ရှိသွားချိန်တွင် ထိုစွမ်းအင်ကို စွမ်းအင်အတားအဆီးကခွဲထုတ်ထားခဲ့ကာ အပြည့်အဝမထုတ်ယူနိုင်ကြောင်းတွေ့လိုက်ရသည်။
ထိုစွမ်းအင်ကိုတွေ့မြင်ချိန်၌ ကဲလ်သက်ကရုတ်တရက်အော်ပြောလိုက်သည်။
"မှော်စွမ်းအင်လုံး"
ရှောင်ယုက ရုတ်တရက်အံ့သြသင့်သွားခဲ့သည်။
"ဒါကဘယ်လိုပစ္စည်းလဲ..."
ကဲလ်သက်က စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။
"ဒါကငါတို့သွေးနတ်သူငယ်တွေရဲ့ အစွမ်းထက်တဲ့မှော်အတတ်တစ်ခုပါ...ဒီအရာက အလေးချိန်မရှိတဲ့ဟင်းလင်းပြင်အတားအဆီးတစ်ခုကို ဖန်တီးပေးနိုင်တယ်...ပြီးတော့အဲ့အရာက ကြီးမားတဲ့ပျက်စီးမှုကိုဖြစ်ပေါ်စေနိုင်တဲ့ မှော်စွမ်းအင်လုံးတွေကို အများကြီးထုတ်လွှတ်ပေးနိုင်တယ်"
"အိုး...ဒီအရာကတကယ်မှော်ဆန်တာပဲ..."
ရှောင်ယုသည် ဤမှော်အတတ်နှင့်ပတ်သက်၍ အလွန်ပင်ရှင်းလင်းနေခဲ့သည်။ထိုအရာသည် ကဲလ်သက်၏ အဆုံးစွန်သတ်ဖြတ်ကွက်တစ်ခုလည်းဖြစ်သည်။ရန်သူကိုဝန်းရံရန်အတွက် ဟင်းလင်းပြင်အတားအဆီးတစ်ခုအား ဦးစွာဖော်ထုတ်လိုက်ကာ အစွမ်းထက်သောမှော်စွမ်းအင်လုံးများကိုထုတ်လွှတ်လိုက်ပြီး ပိတ်မိနေသောရန်သူကို သတ်ဖြတ်ရန်လုံလောက်ပေသည်။
"ဒီမှော်အတတ်ကငါနဲ့ဝေးကွာနေတာကြာလှပြီ...ငါပြန်ယူမှရမယ်"
ကဲလ်သက်၏မျက်လုံးများ၌ အလင်းတစ်ချက်တောက်ပလာခဲ့ပြီး သွေးနတ်သူငယ်မှော်အစွမ်းကို စိုက်ကြည့်လိုက်သည်။
ရှောင်ယုသည် ကဲလ်သက်၏ပုခုံးကိုပုတ်၍ နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ကဲလ်သက်...မင်းပိုင်တဲ့ပစ္စည်းတွေအားလုံးကို ငါပြန်ရအောင်လုပ်ပေးမယ်"
ထိုအချိန်တွင် ခန်းမကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။
"အခြေအနေက ဘယ်လိုလဲ"
ရှောင်ယုကနောက်ပြန်လှည့်ကြည့်လိုက်ရာ မိုင်ယဗ်သည် ဓားစက်ဝိုင်းကိုကိုင်ဆောင်၍ ခန်းမအမိုးပေါ်ရှိ နေရာတစ်ခုအားတိုက်ခိုက်လိုက်သည်ကိုတွေ့လိုက်ရသည်။ထိုတိုက်ခိုက်မှုကြောင့် ခန်းမတစ်ခုလုံး တုန်ခါသွားခြင်းဖြစ်သည်။
မိုင်ယဗ်သည် အမိုးပေါ်မှခုန်ဆင်း၍ ရှောင်ယုကိုကြည့်လိုက်သည်။
"ဒါကစွမ်းအင်အတားအဆီးတစ်ခုလုံးရဲ့ အချက်အချာကျပုံရတယ် ငါတို့သာအဲ့ဒါကိုချိုးဖျက်နိုင်ရင် အမြန်ဆုံးရုန်းထွက်နိုင်လိမ့်မယ်"
"အိုး...မင်းကဘယ်လိုသိသွားတာလဲ..."
ရှောင်ယုက ထူးထူးခြားခြားလေသံဖြင့်မေးလိုက်သည်။
"အဲ့ဒါကတော်တော်ရိုးရှင်းပါတယ်...ဒီနေရာမှာစွမ်းအင်စုစည်းမှုနှုန်းကအမြင့်ဆုံးပဲ...လူအများစုကစွမ်းအင်အများဆုံးစုဝေးနေတဲ့နေရာဟာ ခုခံအားအမြင့်ဆုံးဖြစ်ပြီးတော့ ချိုးဖျက်လို့မရနိုင်ဘူးလို့ထင်ကြတယ်...တကယ်တော့အဲလိုနေရာတွေက အရမ်းကိုထိလွယ်ရှလွယ်ဖြစ်တဲ့နေရာတွေပဲ"
မိုင်ယဗ်က တိုးတိုးလေးရေရွတ်လိုက်သည်။
ရှောင်ယုက ခေါင်းညိတ်၍ မိုင်ယဗ်ကိုထောက်ခံလိုက်သည်။
"အားလုံးအတူတူတိုက်ခိုက်ကြ...ငါတို့ဒီကနေထွက်သွားရအောင်"
ရှောင်ယုကရယ်မောလိုက်ပြီး တိုင်ရန်ဒီနှင့်ကဲလ်သက်တို့ကို အရိပ်တကြည့်ကြည့်ဖြင့်တိုးတိုးလေးပြောလိုက်သည်။
တိုင်ရန်ဒီနှင့်ကဲလ်သက်တို့သည် ရှောင်ယု၏ရည်ရွယ်ချက်ကိုချက်ချင်းသတိပြုမိပေသည်။ထို့ကြောင့် သူတို့သည် လေးနှင့်မြှားတို့ကိုဆွဲထုတ်ကာ အားနည်းသည့်နေရာကိုစတင်တိုက်ခိုက်ခဲ့သည်။
ဘန်းဘန်း...
သူတို့တစ်ချက်တိုက်ခိုက်တိုင်း စွမ်းအင်အတားအဆီးပေါ်၌ လှိုင်းများဖြစ်ပေါ်လာခဲ့သည်။များမကြာမှီတွင် အခြားသောသူများကလည်း သူတို့၏တိုက်ခိုက်မှုများကိုစတင်ခဲ့ကာ စွမ်းအင်အများဆုံးစုစည်းရာနေရာကို ဦးတည်တိုက်ခိုက်လာကြသည်။
"ငတုံးတွေ...ဒီနေရာကနေလွတ်မြောက်နိုင်မယ်လို့ မင်းတို့တကယ်ထင်ထားခဲ့တာလား...မင်းတို့တွေယဇ်ပူဇော်ခံရမယ့်ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး...ဟားဟား"
အော်ဂတ်စတတ်၏ မာနကြီးသောလေသံက ထွက်ပေါ်လာခဲ့သည်။
"ဆက်ပြီးတိုက်ခိုက်စမ်း..."
အော်ဂတ်စတတ်က မည်မျှပင်လှောင်ပြောင်နေပါစေ ရှောင်ယုသည်အတားအဆီးကို ဆက်လက်တိုက်ခိုက်ရန်အတွက် အမိန့်ပေးနေဆဲဖြစ်သည်။
ထို့နောက်တွင် လူတိုင်း၏တိုက်ခိုက်မှုများသည် မိုးရေစက်များကဲ့သို့ စွမ်းအင်အတားအဆီး၏ အားနည်းသောနေရာသို့ အဆက်မပြတ်ကျဆင်းလာခဲ့သည်။စွမ်းအင်အတားအဆီးမှ ထွက်ပေါ်လာသည့် ပေါက်ကွဲသံများကြောင့် အတားအဆီးသည် အချိန်မရွေးပြိုကျသွားတော့မည်ဟု လူတိုင်းခံစားလာရသည်။
သို့သော်လည်း ဤစွမ်းအင်အတားအဆီး၏ ခုခံမှုသည် လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။လူတိုင်းသည် အချိန်အတော်ကြာအောင် တိုက်ခိုက်လာပြီးနောက်တွင်ပင် ၎င်းကိုဖျက်ဆီးနိုင်မယ့် အရိပ်အယောင်အားမတွေ့မြင်ရသေးပေ။
"ရဲဘော်တို့ မင်းတို့သေတဲ့အခါကျရင် မင်းတို့ရဲ့ဝှက်ဖဲတွေကအသုံးဝင်မှာမဟုတ်တော့ဘူး...ဒါကြောင့်ဒီအတားအဆီးကိုဖြိုခွဲဖို့ မင်းတို့ရဲ့ဝှက်ဖဲတွေကိုသုံးကြ"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ရှောင်ယု၏စကားကိုကြားသောအခါတွင် နီကိုးလပ်စ်သည် အလွန်ပင်စိတ်မသက်မသာဖြစ်သွားခဲ့သော်လည်း မှော်အမြှောက်များကိုထုတ်ယူကာ အတားအဆီး၏အားနည်းသောနေရာကို ပစ်ခတ်လိုက်သည်။
ဘန်း...
မှော်အမြှောက်များ၏စွမ်းအားသည် အံ့မခန်းပင်ဖြစ်သည်။၎င်းမှပစ်လွှတ်လိုက်သည့် ပြင်းထန်သောစွမ်းအင်လှိုင်းများက စွမ်းအားအတားအဆီးကိုထိမှန်သည်နှင့် ချက်ချင်းပင်ဖျက်ဆီးလုနီးပါးဖြစ်သွားခဲ့သည်။
"ဟားဟား...ကောင်းတယ်...ဆက်ပြီးပစ်ခတ်လိုက်"
ရှောင်ယုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
နီကိုးလပ်စ်က ဘေးကိုငုံ့ကြည့်ရင်းပြောလိုက်သည်။
"ငါကမင်းရဲ့ပိုက်ဆံကိုသုံးနေတာမဟုတ်တော့ မင်းဘယ်လိုပါမလဲ...ဒီလိုပစ်ခတ်ဖို့ငါဘယ်လောက်ထိကုန်ကျသလဲဆိုတာ မင်းသိလို့လား"
"လူတိုင်းပဲ မှော်အမြှောက်တွေပစ်ခတ်တဲ့အချိန်မှာ တစ်ခါတည်းတိုက်ခိုက်ဖို့ကြိုးစားကြ"
နီကိုးလပ်စ်ကအော်ဟစ်လိုက်သည်။
ထို့နောက်တွင် စွမ်းအားအတားအဆီးကိုဖြိုဖျက်ရန်အတွက် လူတိုင်းသည်မှော်အမြှောက်များပစ်ခတ်ချိန်၌ တပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။
ထိုသို့တိုက်ခိုက်ရာတွင် အမျိုးမျိုးအဖုံဖုံသောတိုက်ခိုက်မှုအမျိုးအစားအားလုံး လမ်းခုလတ်၌ရောနှောသွားခဲ့ကာ ပြိုးပြိုးပျက်ပျက်အဖြူရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။မကြာခင်မှာဘဲ စွမ်းအင်အတားအဆီး၌ ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့်စွမ်းအင်လှိုင်းကြောင့် လူတိုင်းမြေပြင်ပေါ်သို့ ဆက်တိုက်လဲကျသွားခဲ့ကြသည်။အကယ်၍ သူတို့သာဆက်လက်ရပ်နေပါက ထိုစွမ်းအင်လှိုင်းအောက်တွင် သေကြေပျက်စီးသွားရမည်ဖြစ်သည်။
လူတိုင်းစုပေါင်းတိုက်ခိုက်လိုက်သောစွမ်းအင်သည် ထိုမျှထိမစွမ်းထက်လိမ့်မည်ဟု မည်သူကမှမျှော်လင့်ထားခြင်းမရှိပေ။
ဝုန်း...
ပေါက်ကွဲမှု၏နောက်ကွယ်မှ ကြီးမားသောစွမ်းအင်လှိုင်းသည် အတားအဆီးကို တိုက်ရိုက်ဖြိုခွဲပစ်လိုက်တော့သည်။ထို့နောကိတွင် ခန်းမကိုဝိုင်းရံထားသည့် စွမ်းအင်များသည် သဲလွန်စမကျန်ဘဲရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
ထိုစွမ်းအင်များ၏ ထောက်ပံ့ပေးမှုမရှိတော့သည့်အတွက်ကြောင့် ခန်းမသည်ချက်ချင်းပြိုကျလာခဲ့သည်။သို့သော်လည်း အပျက်အစီးများက အောက်ခြေသို့မကျဆင်းဘဲ နေရာအနှံ့လွှင့်စင်ကုန်သည်။
ပေါက်ကွဲမှုလှိုင်းကြောင့် အပျက်အစီးများသည် အပြင်သို့လွှင့်ထွက်သွားခြင်းမရှိခဲ့လျှင် လူအများအပြားသည် ခန်းမပြိုကျမှုကြောင့် အသက်ဆုံးရှုံးရမည်ဖြစ်သည်။
အရာအားလုံးငြိမ်သက်သွားသည့်အခါတွင် ခန်းမကြီးတစ်ခုလုံး၏အပေါ်ဘက်၌ ကြီးမားသည့်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ယခုအခါ ခန်းမ၏ထိပ်တွင် ကြီးကျယ်ခမ်းနားသောယဇ်ပလ္လင်တစ်ခု ထွန်းလင်းတောက်ပစွာ ထွက်ပေါ်လာခဲ့သည်။
အခန်း ၄၅၅ - အီလီဒမ်ကိုပစ်မှတ်ထားခြင်း
ဆိုးဝါးသောအော်ရာကို ထုတ်လွှတ်နေသည့် ဦးခေါင်းခွံတစ်ခုသည် ထိုယဇ်ပလ္လင်၏အပေါ်၌ရှိနေကော ပြင်းထန်သောအော်ရာကို ထုတ်ဖော်နေခဲ့သည်။
ယဇ်ပလ္လင်၏အထက်ရှိဦးခေါင်းခွံသည် သူတို့ခရီးစဉ်၏အဆုံးသတ်ရည်ရွယ်ချက်ဖြစ်သော ဂေါ်ဒန်၏ဦးခေါင်းခွံဖြစ်သည်။
ယဇ်ပလ္လင်၏တဝိုက်တွင် လူများစွာရပ်နေခဲ့သည်။ထိုလူများသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။သူတို့သည် ထိုနေရာတွင် ငြိမ်သက်တိတ်ဆိတ်စွာရပ်နေသော်လည်း အလွန်ပြင်းထန်သော အရှိန်အဟုန်ကိုထုတ်လွှတ်နေခဲ့သည်။
လူတိုင်းသည် ထိုလူများထုတ်လွှတ်နေသည့် ပြင်းထန်သောအော်ရာကြောင့် အသက်ရှုကြပ်သွားခဲ့ရသည်။
ဤမျှအစွမ်းထက်သောအင်အားစုသည် တိုက်ကြီးပေါ်၌ရှိနေလိမ့်မည်ဟု လူတိုင်းမမျှော်လင့်ထားကြပေ။
သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် ဤတိုက်ကြီး၏အထက်တန်းအဆင့်၌ တည်ငြိမ်စွာရပ်တည်နိုင်စွမ်းရှိကြသည်။ယခုအခါ ထိုလူများအားလုံးသည် ဆန်းကြယ်သောအဖွဲ့အစည်း၏ ရှေ့ပြေးများဖြစ်ကြသည်။ထိုကဲ့သို့သောစွမ်းအားမျိုးကိုပိုင်ဆိုင်သည့် အတွေ့အကြုံသည် မည်မျှထိအစွမ်းထက်မည်နည်း။
နီကိုးလပ်စ်နှင့် လီယိုနာဒိုတို့လို မိသားစုကြီးများသည်တောင်မှ ဤအဖွဲ့အစည်းနှင့်ယှည်၍မရနိုင်ပေ၊
လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များနှင့်ပတ်သက်၍ နီကိုးလပ်စ်သည် သဘာဝကျစွာပင် စူးစမ်းလေ့လာခဲ့သော်လည်း ဝတ်ရုံနက်များအကြောင်း စူးစမ်းလေလေ ပို၍နားလည်နိုင်စွမ်းမရှိလေလေဖြစ်သည်။
အစောပိုင်းတွင် ဝတ်ရုံနက်များသည် သူတို့ထက်ပိုမိုအားကောင်းနိုင်သော်လည်း အနည်းငယ်မျှသာ ပိုမိုအားကောင်းလိမ့်မည်ဟု ယူဆခဲ့သည်။သို့သော်လည်း ယခုအချိန်တွင် ထိုအဖွဲ့အစည်း၏စွမ်းအားသည် သူတို့အတွက်အမှန်ပင် တုန်လှုပ်စရာကောင်းလှပေသည်။
ယခုဆိုလျှင် သူတို့၏အင်အားစုသည် ထိုဝတ်ရုံနက်များ၏ပြိုင်ဘက်မဟုတ်တော့ကြောင်း ကောက်ချက်ချနိုင်ပြီဖြစ်သည်။သူတို့၏စွမ်းအားသည် အမှန်ပင်ကြီးမားလှပေသည်။
"ဟားဟား...နောက်ဆုံးတော့မင်းရောက်လာခဲ့ပြီဘဲ...ဒါပေမဲ့ငါတို့ရဲ့ကမ္ဘာကြီးကိုစိုးမိုးမယ့်အကြံအစည်က နောက်ဆုံးတော့ပြီးပြည့်စုံသွားခဲ့ပြီ"
အော်ဂတ်စတတ်သည် ယဇ်ပလ္လင်ရှေ့၌ရပ်နေကာ လူတိုင်းကို အလွန်ဆိုးရွားသောအပြုံးဖြင့် ကြည့်နေခဲ့သည်။
"သေစမ်း..."
ရှောင်ယုသည် သူ့ခန္ဓာကိုယ်ပေါ်ရှိဖုန်မှုန့်များကို ခါချလိုက်ပြီးနောက် အော်ဂတ်စတတ်ကိုကြည့်၍ ကျိန်ဆဲလိုက်သည်။
"ဂေါ်ဒန်ကိုပြန်ပြီးတော့ ရှင်သန်ထမြောက်စေနိုင်မယ်လို့ မင်းထင်နေတာလား...ဒီကောင်သေသွားတာနှစ်၁၀၀၀၀ကျော်ကြာပြီ...သူရဲ့ဦးခေါင်းခွံတစ်ခုတည်းနဲ့ သူ့ကိုရှင်သန်ထမြောက်ဖို့အိပ်မက်မက်မနေကြနဲ့...ငါတို့က မင်းရဲ့သနားကရုဏာကိုတောင်းခံနေရမယ့် ပုရွက်ဆိတ်တွေလ်ို့မင်းထင်လား...ငါတို့ကပုရွက်ဆိတ်တွေဆိုရင်တောင်မှ အသားစားတဲ့ပုရွက်ဆိတ်တွေပဲ...ငါတို့မင်းကိုစားပစ်မယ်"
နီကိုးလပ်စ်က ချက်ချင်းထရပ်လိုက်ပြီး ရယ်မောလိုက်သည်။
"အမှန်တော့ရှောင်ယုပြောတာ မမှားဘူး...မင်းမှာတပ်တွေအများကြီးရှိလို့ အနိုင်ရသွားလိမ့်မယ်လို့ထင်နေတာလား...အနိုင်နဲ့အရှုံးဟာ တစ်ခါတစ်ရံမှာအရေအတွက်ပေါ်မမူတည်ဘူး...ငါ့ရဲ့မှော်အမြှောက်တွေကိုပစ်ခတ်လိုက်တဲ့အခါ လူဘယ်လောက်ထိသေသွားမလဲဆိုတာ ငါကိုယ်တိုင်တောင်မသိဘူး"
နီကိုးလပ်စ်နှင့်ရှောင်ယုတို့သည် လက်ရှိအချိန်၌ လူတိုင်းစိတ်ဓာတ်မကျရအောင် ကာကွယ်ပေးရမည်ဖြစ်ကြောင်း နားလည်ထားကြရာ လူတိုင်းကိုအားပေးနေခြင်းဖြစ်သည်။
"ငတုံးတွေ နားထောင်ကြ...မင်းတို့ဘယ်လိုကြိုးစားကြိုးစား အသုံးမဝင်ဘူး...ခုအခမ်းအနားစတော့မှာဆိုတော့ မင်းတို့အားလုံး ဒီအတွက်အနစ်နာခံရမှာဘဲ..."
အော်ဂတ်စတတ်သည် အခြားမည်သူ့ကိုမှဂရုမစိုက်ပေ။ယင်းအစား ရှောင်ယုအား စူးရှတောက်ပသည့်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ရှောင်ယုသည် အော်ဂတ်စတတ်၏အသွင်အပြင်ကို တွေ့မြင်လိုက်ရချိန်တွင် အလွန်ပင်စိတ်မသက်မသာဖြစ်သွားခဲ့သည်။
အော်ဂတ်စတတ်သည် ထူးဆန်းစွာပြုံးလိုက်ပြီး ရုတ်တရက်မှော်မန္တန်တစ်ခုအား ရေရွတ်လိုက်သည်။ထိုသို့စတင်ရွတ်ဆိုချိန်တွင် ယဇ်ပလ္လင်ပေါ်ရှိ မှော်ကျောက်တုံးများအားလုံးသည် တစ်ညီတစ်ညာတည်းတောက်ပလာခဲ့ကာ အလင်းရောင်အမျိုးမျိုးအားထုတ်လွှတ်လာကြသည်။များမကြာမှီတွင် ထိုမီးလုံးများက လေထဲ၌ ပုံစံငယ်တစ်ခုအား ဖော်ဆောင်လိုက်ကြသည်။
ထိုပုံစံသည် အလွန်ပင်ထူးဆန်းပေသည်။၎င်းသည် လူသားရုပ်ပုံသဏ္ဍာန်ဖြစ်သော်လည်း အတိုချုပ်အားဖြင့်ပြောရလျှင် အလွန်အစွမ်းထက်သောစွမ်းအားကို သယ်ဆောင်လာသည့်အတွက် လူတိုင်းကိုထိတ်လန့်စေခဲ့သည်။
ရှောင်ယုသည် အော်ဂတ်စတတ်၏လုပ်ဆောင်မှုကို နှောင့်ယှက်ရန်အတွက် သူ၏တပ်သားများကိုဦးဆောင်၍ တိုက်ခိုက်လိုခဲ့သည်။သို့သော်လည်း စနစ်တကျတန်းစီကာကွယ်ထားသော ဝတ်ရုံနက်များကိုကြည့်ရင်း အော်ဂတ်စတတ်ကိုနှောင့်ယှက်ရန် ခက်ခဲနိုင်ကြောင်း ရှောင်ယုနားလည်လိုက်သည်။
ရှောင်ယုက မျက်တောင်ခတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များကို ကြည့်လိုက်သည်။ထိုဝတ်ရုံနက်များသည် အော်ဂတ်စတတ်ကိုကာကွယ်ပေးထားပေရာ ရှောင်ယုသာယခုတိုက်ခိုက်လိုက်ပါက ဝတ်ရုံနက်များကကြားဖြတ်ဟန့်တားမည်ဖြစ်သည်။
အော်ဂတ်စတတ်ရွတ်ဆိုနေသောမန္တန်သည် တဖြည်းဖြည်းဖြင့်အထွတ်အထိပ်သို့ ရောက်ရှိလာပြီး မီးလုံးကြီးများဖြင့်ဖွဲ့စည်းထားသော ရုပ်ပုံကားချပ်ကလည်း ပိုမိုလက်တွေ့ဆန်လာခဲ့သည်။အဆုံးသတ်တွင် ရုပ်ပုံကားချပ်ပြည့်စုံသွားချိန်၌ ရှောင်ယုသည်ကျယ်လောင်စွာအော်ဟစ်လိုက်ကာ တစ်ဖက်သား၏အကြံအစည်ကို နားလည်သွားခဲ့သည်။
"သေစမ်း...မင်းကငါ့လက်အောက်ငယ်သားကိုထိဖို့ကြိုးစားဝံ့တယ်ပေါ့...မင်းသေဖို့သာပြင်ထား"
ထိုလူသားပုံရိပ်သည် အီလီဒမ်မှလွဲ၍ အခြားသူမဟုတ်ပေ။
အော်ဂတ်စတတ်သည် အစကတည်းက အီလီဒမ်အားအသုံးပြုလိုခဲ့ခြင်းဖြစ်သည်။အီလီဒမ်သည် အော်ဂတ်စတတ်နှင့်တွေ့ဆုံပြီးနောက် သတိလစ်သွားခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
သူသည် ရှောင်ယုကိုအသုံးပြုကာ အီလီဒမ်ကိုဤနေရာအရောက်ခေါ်ဆောင်လာစေခဲ့ပြီးနောက်တွင် အီလီဒမ်၏ခန္ဓာကိုယ်အားအသုံးပြုကာ ဂေါ်ဒန်ကိုပြန်လည်ရှင်သန်စေရန် ကြိုးစားမည်ဖြစ်သည်။
ဂေါ်ဒန်ဦးခေါင်းခွံ၏စွမ်းအားကို စုပ်ယူမည်ဆိုပါက မည်သူ့၏ခန္ဓာကိုယ်က အကောင်းဆုံးလဲဟုမေးလာလျှင် အီလီဒမ်ကိုသာညွန်ပြရမည်ဖြစ်သည်။အီလီဒမ်သေဆုံးသွားပြီးသည့်အခါတွင် သူသည်ဂေါ်ဒန်၏ဦးခေါင်းခွံမှစွမ်းအားကိုစုပ်ယူ၍ နတ်ဆိုးတစ်ကောင်ဖြစ်လာမည်ဖြစ်ပြီး အလွန်အစွမ်းထက်မည်ဖြစ်သည်။
အကယ်၍ ရှင်သန်ထမြောက်ခြင်းသာအောင်မြင်ပါက အီလီဒမ်သည် ရှောင်ယု၏လူမဟုတ်တော့ဘဲ အသစ်စက်စက်ဂေါ်ဒန်ဖြစ်လာမှာဖြစ်သည်။
ရှောင်ယုက ထိုကဲ့သို့ဖြစ်လာစေရန် မည်သည့်အခါမှခွင့်ပြုမည်မဟုတ်ပေ။
"သူတို့ကိုသတ်...သူတို့အကုန်လုံးကိုငရဲဆီပို့လိုက်..."
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ယခုအချိန်တွင် ရှောင်ယုသည်အမှန်တကယ်ပင် စိုးရိမ်နေခဲ့သည်။
သူ၏ကိုယ်ပိုင်သူရဲကောင်းအား အခြားသူများကလုယက်သွားမည်ကို ရှောင်ယုလုံးဝသည်းခံနိုင်စွမ်းမရှိပေ။
တိုင်ရန်ဒီ၊ဝါစီချီနှင့်ကဲလ်သက်တို့သည် ဂရစ်ဖင်များနှင့်အတူ ထိုလူသားအသွင်အပြင်အား စတင်တိုက်ခိုက်ခဲ့ကြသည်။ဂရစ်ဖင်များသည် ထိုလူသားအသွင်အပြင်ကို တိုက်ခိုက်ရန်အတွက် လျှပ်စီးကြောင်းအစုအဝေးကို ထုတ်လွှတ်ခဲ့ကြသည်။
သို့သော်လည်း သူတို့၏တိုက်ခိုက်မှုများသည် မည်မျှပင်အားကောင်းသည်ဖြစ်စေ သူတို့မျှော်လင့်ထားသည်ထက် ပိုမိုကျော်လွန်နေခဲ့သည်။အီလီဒမ်၏ပုံရိပ်အတုသည် ထိုတိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိနေသကဲ့သို့ ထိခိုက်မှုလုံးဝမရှိခဲ့ပေ။
"မင်းတို့ကငါ့ရဲ့သူရဲကောင်းကို ဒီအတိုင်းလုယူသွားနိုင်လိမ့်မယ်လို့ ငါလုံးဝမယုံဘူး"
ရှောင်ယုသည် သိုလှောင်လက်စွပ်အတွင်းမှ ဒိုင်းနမိုက်များကိုတိုက်ရိုက်ဆွဲထုတ်လိုက်ကာ မကောင်းဆိုးဝါးအောစ့်များထံသို့ ပစ်ချလိုက်သည်။
ဘန်း...
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ကြီးမားသည့်မှိုပွင့်သဏ္ဍာန်တိမ်တိုက်ကြီးသည် ပေါက်ကွဲထွက်ပေါ်လာကာ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရသည်။မကောင်းဆိုးဝါးအောစ့်များသည် ဒိုင်းနမိုက်၏ပေါက်ကွဲမှုဒဏ်ကြောင့် ပရမ်းပတာအခြေအနေသို့ ကျရောက်သွားခဲ့သည်။
ဒိုင်းနမိုက်၏ပေါက်ကွဲနိုင်စွမ်းမှ ထွက်ပေါ်လာသည့်စွမ်းအားသည် အလွန်ပင်ကြောက်စရာကောင်းလှပေသည်။၎င်း၏အဖျက်စွမ်းအားသည် နီကိုးလပ်စ်၏မှော်အမြှောက်ဖြင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ရှောင်ယုသည် ဂေါ်လောခ့်ခေါင်းဆောင်၏ရတနာသိုက်ထဲ၌ ထိုဗုံးများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မူလက ထိုအရာများသည် အစွမ်းထက်လှသည်တော့မဟုတ်ပေ။ဒိုင်းနမိုက်တစ်ခု၏စွမ်းအားသည် လူတစ်ယောက်ကိုသာအများဆုံးထိခိုက်စေလျှင်ပင် မဆိုးလှတော့ပေ။သို့သော် ရှောင်ယုသည် ဒိုင်းနမိုက်များကိုအတူတကွဖောက်ခွဲခဲ့ခြင်းဖြစ်သည့်အတွက်ကြောင့် ထွက်ပေါ်လာသည့်စွမ်းအားသည် အလွန်ကွာခြားပေသည်။
အခန်း ၄၅၆ - ဖောက်ခွဲရေးပစ္စည်းများ
ဒါဇင်နှင့်ချီသောဗုံးများ တပြိုင်နက်တည်းပေါက်ကွဲသွားသည့်အခါတွင် ပေါက်ကွဲမှုစွမ်းအားသည် လုံးဝအံ့သြဖွယ်ကောင်းပေသည်။
"ရှောင်ယု...မင်းဘာကိုသုံးလိုက်တာလဲ...ငါ့ရဲ့မှော်အမြှောက်ထက် လုံးဝကိုအားမနည်းဘူးပဲ"
မြေပြင်ပေါ်၌ငုတ်တုတ်ထိုင်နေသော နီကိုးလပ်စ်သည် ချောင်းဆိုးကာ ဖုန်မှုန့်များကိုခါရင်းမေးလိုက်သည်။
ရှောင်ယုက စိတ်ထဲ၌အော်ဟစ်လိုက်သည်။
"မင်းဆီမှာပဲဝှက်ဖဲကတ်တွေရှိပြီးတော့ ဒီဖေဖေဆီမှာမရှိဘူးလို့မင်းထင်နေတာလား...အမှန်အတိုင်းပြောရရင် ဒီဖေဖေကဝှက်ဖဲတွေအများကြီးချန်ထားသေးတယ်"
"ငါကမင်းကိုနောက်ကောက်ချနေတာလေ...ခုလိုယုတ်ညံ့တဲ့စကားတွေမပြောကြရအောင်...ဂေါ်ဒန်ရဲ့ရှင်သန်ထမြောက်ခြင်းကို ဟန့်တားဖို့အတွက် မင်းရဲ့မှော်အမြှောက်တွေကိုထုတ်လိုက်"
ပေါက်ကွဲမှုဒဏ်ကြောင့် ရှောင်ယုသည်လည်းဖုန်မှုန့်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။
"ယဇ်ပလ္လင်ကိုဖျက်ဆီးဖို့အတွက် မင်းတို့အားလုံးမှာတာဝန်ရှိတယ်ဆိုတာကို သိထားသင့်တယ်...အလုံးစုံတပ်ဖြန့်ပြီးတော့ အဲ့ဒီလူကိုသတ်ဖြတ်ဖို့ အားထုတ်ကြ"
နီကိုးလပ်စ်သည် အမြန်ဆုံးထရပ်လိုက်ကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး လူတိုင်းကိုအမိန့်ပေးလိုက်သည်။
နီကိုးလပ်စ်သည် အလေးအနက်ထားလာချိန်တွင် သူ၏ခေါင်းဆောင်နိုင်စွမ်းသည် အလွန်ပင်ကောင်းမွန်ခဲ့သည်။ယခုအချိန်တွင် နီကိုးလပ်စ်၏လက်အောက်၌ရှိမနေကြသူများသည်ပင်လျှင် နီကိုးလပ်စ်၏အမိန့်ကို လိုက်နာခဲ့ကြသည်။
လက်ရှိအချိန်တွင် ဂေါ်ဒန်၏ရှင်သန်ထမြောက်ခြင်းကို တားဆီးရန်လိုအပ်ကြောင်း လူတိုင်းသိထားပေသည်။ထိုသို့မဟုတ်ပါက သူတို့အားလုံးသေကြရမည်ဖြစ်သည်။သူတို့သည် ဂေါ်ဒန်၏ရှင်သန်ထမြောက်ခြင်းအတွက် သေချာပေါက်စတေးခံရမည်ဖြစ်သည်။
သူတို့သည် ထိုသို့အသေခံမည့်အစား ထိုကောင်များကိုတိုက်ခိုက်ခြင်းက ပိုမိုကောင်းမွန်ပေသည်။ငါးများသည် ဒုက္ခပင်လယ်ပြင်၌ပင် ကောင်းစွာကူးခတ်နိုင်ပေသည်။ဤသို့လာရာလမ်းတလျှောက်တွင် မရေမတွက်နိုင်သောကျွမ်းကျင်သူများ အသက်ဆုံးရှုံးခဲ့ရသည့်အတွက်ကြောင့် ဤဘေးဆိုးကြီးမှလွတ်မြောက်လာသူများသည် သူတို့၏ကိုယ်ပိုင်ကံကြမ္မာအား ဖန်တီးလိုကြသည်။
လူတိုင်းသည် ဤခရီးစဉ်တလျှောက်၌ ပစ္စည်းကောင်းများစွာကို သယ်ဆောင်လာခဲ့ကြရာ သူတို့သေဆုံးခဲ့ပါက အရာအားလုံးကိုဆုံးရှုံးရမည်ဖြစ်သည်။
မကောင်းဆိုးဝါးအောစ့်များ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကိုအခွင့်ကောင်းယူကာ ရှောင်ယုကဖောက်ခွဲရေးပစ္စည်းများကို ထုတ်ယူပစ်လွှတ်လိုက်သည်။ရှောင်ယုထံတွင် ထိုကဲ့သို့အရာမျိုးရှိနေမည်ဟု မမျှော်လင့်ထားသည့်အတွက်ကြောင့် အော်ဂတ်စတတ်သည်ပင်အံ့သြသွားခဲ့ရသည်။ရှောင်ယုသည် အချိန်ဖြုန်းခြင်းမရှိဘဲ ဖောက်ခွဲရေးပစ္စည်းများကို လျင်မြန်စွာအသုံးပြုနိုင်ခဲ့သည်။
နီကိုးလပ်စ်၏ မှော်အမြှောက်များသည် အလွန်ပင်အားကောင်းသော်လည်း ထပ်မံပစ်ခတ်ရန်အတွက် ပြင်ဆင်ရန်အချိန်အတော်ကြာပေသည်။
သို့သော်လည်း ဒိုင်းနမိုက်များကမူ အသုံးပြုရန်အတွက် အချိန်ကုန်ခံစရာမလိုပေရာ ၎င်းကိုရပ်တန့်ရန်နည်းလမ်းရှာမရပေ။၎င်း၏စွမ်းအားသည် အလွန်ပင်ပြင်းထန်လှကာ ရန်သူများကိုသေကြေပျက်စီးစေနိုင်သည်။
ထိုဒိုင်းမိုက်များသည် အနည်းငယ်ထိခိုက်မိသည်နှင့် ပေါက်ကွဲသွားတတ်သည့်အတွက်ကြောင့် မည်သူကမှထိုပေါက်ကွဲရေးပစ္စည်းများကို မထိတွေ့လိုကြပေ။
"ပိတ်ဆို့ကြ...အဲ့ကောင်ကိုတားကြစမ်း...နောက်ထပ်အဲလိုပစ္စည်းတွေကိုထပ်ပြီး မသုံးစေနဲ့"
အော်ဂတ်စတတ်က ဒေါသတကြီးထအော်လိုက်သည်။
အမိန့်ကိုလက်ခံရရှိလိုက်သည့် ဝတ်ရုံနက်များသည် စကားအပိုမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်ကာ ရှောင်ယုဆီသို့တန်းတန်းမတ်မတ်ပြေးဝင်သွားခဲ့သည်။
ထိုသို့အပြေးအလွှားသွားနေစဉ်အတွင်း သူတို့၏ပုံရိပ်သည် အနည်းငယ်မှုန်ဝါးသွားခဲ့သည်။သူတို့သည် ရှောင်ယု၏ရှေ့တွင်ပိတ်ဆို့ထားသူများကို အလွယ်တကူဖြတ်ကျော်သွားနိုင်ခဲ့သည်။
"ဘာလဲကွာ...သူတို့အားလုံးကဘယ်လိုလုပ်ပြီးတော့ ဆဌမအဆင့်ကျွမ်းကျင်သူတွေဖြစ်နေတာလဲ"
ဤလျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များသည် လွန်စွာအစွမ်းထက်ကြောင်း သိရှိထားသော်လည်း တစ်ဖက်အဖွဲ့တွင် ဤမျှများပြားသည့် ဆဌမအဆင့်ကျွမ်းကျင်သူများရှိလာလိမ့်မည်ဟု ရှောင်ယုမျှော်လင့်ထားခြင်းမရှိပေ။
ရှောင်ယုသည် ယခုအခါတွင် သူရဲကောင်းများစွာ၏ကျွမ်းကျင်မှုများကို သင်ယူထားပြီဖြစ်ကာ ပဥ္စမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။သို့သော်လည်း သူသည် အစွမ်းထက်သောဆဌမအဆင့်ကျွမ်းကျင်သူအမြောက်အများကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိပေ။
ရှောင်ယု၏လက်ရှိခွန်အားနှင့်ကျွမ်းကျင်မှုများကြောင့်ဆိုလျှင် သူသည်ဆဌမအဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့်ထိပ်တိုက်ရင်ဆိုင်ရပါက ရှုံးနိမ့်မည်မဟုတ်သော်လည်း ဆဌမအဆင့်ကျွမ်းကျင်သူများစွာကိုမူ ကျိန်းသေပေါက်မတိုက်ခိုက်နိုင်ပေ။
ရှောင်ယုသည် သူတို့အား ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း သူ၏ကျွမ်းကျင်မှုများနှင့် ရတနာများဖြင့်ဆိုပါက ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။
လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များအနက်တစ်ယောက်သည် သူ၏ဓားတွင်ခွန်အားအပြည့်ဖြင့် ထည့်သွင်းပြီး ရှောင်ယုအားတစ်ချက်တည်းဖြင့် ထိုးနှက်ကာအသေသတ်ရန် ကြံရွယ်ထားခဲ့သည်။
ထိုဓားချက်သည် ရှောင်ယု၏အသက်ကိုနှုတ်ယူသွားလိမ့်မည်ဟု လူတိုင်းတွေးထင်ထားခဲ့သော်လည်း ရှောင်ယု၏ခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍ ရှောင်ယု၏တည်နေရာရွေ့ပြောင်းခြင်းအစွမ်းဖြင့်ပင် ပဥ္စမအဆင့်သို့ရောက်ရှိမနေပါက ဤတိုက်ခိုက်မှုမှလွတ်မြောက်ရန် ခက်ခဲမှာဖြစ်သည်။
ဆဌမအဆင့်ကျွမ်းကျင်သူသည် ပြိုင်ဘက်ဖြစ်သူ၏ လှုပ်ရှားမှုအားထိန်းချုပ်ရန်အတွက် သူ၏စိတ်စွမ်းအားကိုအသုံးပြုခဲ့ကာ ပြိုင်ဘက်ကိုလွတ်မြောက်ခြင်းမရှိစေရန် သို့မဟုတ် ပြိုင်ဘက်၏လှုပ်ရှားမှုကိုနှောင့်ယှက်ရန် လုပ်ဆောင်နိုင်စွမ်းရှိသည်။
သို့သော်လည်း ရှောင်ယုသည် ပဥ္စမအဆင့်သို့ရောက်ရှိခဲ့ပြီးနောက်တွင် ဝိညာဉ်အမြင်ကဲ့သို့အစွမ်းကိုရရှိခဲ့ရာ သူသည်စိတ်စွမ်းအားကို အလွန်ပင်အကဲဆတ်နေခဲ့သည်။
ရှောင်ယုသည် တည်နေရာရွေ့ပြောင်းခြင်းတစ်ခုတည်းကိုသာ အသုံးပြုခဲ့မည်ဆိုပါက တစ်ဖက်လူသည်သူ့အားအမှီလိုက်ရန် လွယ်ကူသွားမည်ဖြစ်သည်။သို့သော်လည်း သူသည်တည်နေရာရွေ့ပြောင်းခြင်းအပြင် တာတိုရွေ့ပြောင်းခြင်း၊သူရဲကောင်းဆန်စွာခုန်လွှားခြင်းတို့ကိုပါ လုပ်ဆောင်ခဲ့သည်။ထိုသို့ကျွမ်းကျင်မှုအားလုံးကိုအသုံးပြုနေခြင်းကြောင့် တစ်ဖက်သားမှအမှီလိုက်ရန် ခက်ခဲလာခဲ့သည်။
"မြန်မြန်လာပြီးကူညီကြ...မင်းတို့သာငါ့ကိုမကူညီရင်ငါသေရလိမ့်မယ်...ငါသာမသေခဲ့ဘူးဆိုရင် ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကို ဘယ်လိုစုပ်ယူရမလဲဆိုတာ မင်းတို့သိမယ်ထင်လား...သူတို့ရဲ့အကြံအစည်အောင်မြင်သွားပြီးလို့ ဂေါ်ဒန်သာပြန်လည်ရှင်သန်လာရင် မင်းတို့အားလုံးသတ်ဖြတ်ခံရလိမ့်မယ်"
အမှန်တော့ ဤနေရာသို့ရောက်လာသူများတွင် သူတို့၏ခွန်အားကိုကွယ်ဝှက်ထားသော သန်မာသည့်ကျွမ်းကျင်သူများစွာရှိနေကြသည်။အချို့သောဆဌမအဆင့်ကျွမ်းကျင်သူများသည်လည်း ယခုထိတိုင်အဖွဲ့ထဲ၌ ဖုံးကွယ်ထားဆဲဖြစ်ကာ ယခုထိတိုင်ထုတ်ဖော်မပြသေးပေ။
ရှောင်ယု၏အော်ဟစ်သံကိုကြားသောအခါ နီကိုးလပ်စ်သည် ရီလာကို ချက်ချင်းကူညီရန်အမိန့်ပေးခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည်လီယိုနာဒိုအားတစ်ချက်ကြည့်လိုက်ရာ ရှောင်ယုကိုကာကွယ်ပေးရန်အတွက် တစ်စုံတစ်ယောက်ကိုစေလွှတ်ကူညီပေးရန် အချက်ပြခဲ့သည်။
လက်ရှိအချိန်၌သူတို့သည် ရှောင်ယုကိုအဆုံးရှုံးမခံနိင်သေးပေ။
လီယိုနာဒိုသည် စကားအများကြီးမပြောဘဲ ခေါင်းညိတ်ပြလိုက်ကာ လူအိုကြီးတာအိုကိုစေလွှတ်လိုက်သည်။တစ်ချိန်တည်းမှာပင် ရှောင်ယုအတွက်လုံလောက်သောအချိန်ကို ရရှိစေရန်အတွက် ထိုဆဌမအဆင့်ကျွမ်းကျင်သူများကိုနှောင့်ယှက်ရန် အခြားသောပဥ္စမအဆင့်ကျွမ်းကျင်သူများနှင့် လုပ်ကြံသတ်ဖြတ်သူအမြောက်အများကို စေလွှတ်ခဲ့သည်။
ဘန်း...
ရုတ်ချည်းဆိုသလိုပင် ဆဌမအဆင့်ကျွမ်းကျင်သူများအနက်တစ်ယောက်သည် ဂရင်း၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။ဂရင်းသည် ပဥ္စမအဆင့်၌ရှိနေသော်လည်း သူ၏စွမ်းအားနှင့်သူပိုင်ဆိုင်သောကျွမ်းကျင်မှုများက ဆဌမအဆင့်ကျွမ်းကျင်သူနှင့်ရင်ဆိုင်ရာတွင် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပေ။
ဂရင်းသည် ဆဌမအဆင့်ကျွမ်းကျင်သူအား အနိုင်ယူနိုင်စွမ်းမရှိသော်လည်း အချိန်အတော်ကြာ အလုပ်များနေစေနိုင်ခဲ့သည်။
အခြားသောဆဌမအဆင့်ကျွမ်းကျင်သူသည် ရှောင်ယုနောက်သို့လိုက်ရန် ပြင်ဆင်နေချိန်တွင် ရုတ်ချည်းဆိုသလိုပင် သူ၏ရှေ့၌ကြီးမားသောပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာပြီး ဧရာမသုံးခွမှိန်းဖြင့် တိုက်ခိုက်ခံလိုက်ရသည်။
ထိုဆဌမအဆင့်ကျွမ်းကျင်သူသည် လွန်စွာမှထိတ်လန့်တုန်လှုပ်သွားခဲ့ကာ လျင်မြန်စွာကာကွယ်ပေးလိုက်သည်။သို့သော်လည်း သူသည်နောက်ဆက်တွဲအန္တာရယ်အငွေ့အသက်ကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသည်။
ထိုကျွမ်းကျင်သူ၏ခန္ဓာကိုယ်သည် ချက်ချင်းမှုန်ဝါးသွားခဲ့ကာ ဧရာမသုံးခွမှိန်း၏တိုက်ခိုက်မှုနှင့် ချွန်ထက်သောမြှားများ၏ ထိုးဖောက်မှုအား ရှောင်တိမ်းလိုက်သည်။
သူသည် နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် အေးစက်စက်အမူအရာဖြင့် သူ့အားစိုက်ကြည့်နေသောဝါစီချီကို တွေ့လိုက်ရပြီး သူနှင့်မနီးမဝေးတွင် နတ်ဘုရားတစ်ပါးလိုစိုက်ကြည့်နေသော နိမ်းတက်စ်၏အရိပ်ကလွှင့်မြောနေခဲ့သည်။
နိမ်းတက်စ်သည် ဝါစီချီ၏ဝိညာဉ်အစောင့်ဖြစ်လာခဲ့ကာ ဝါစီချီလိုအပ်နေသည့်အချိန်တွင် သူမအတွက်တိုက်ပွဲဝင်ပေးရန် ဆင့်ခေါ်နိုင်စွမ်းရှိသည်။
ယခုအခါ နိမ်းတက်စ်သည် ပိုမိုအစွမ်းထက်သည့်စွမ်းအားကိုရရှိရန်အတွက် ဝါစီချီ၏မှော်အစွမ်းကိုအသုံးပြုနိုင်သည်။ဆိုလိုသည်မှာ ဝါစီချီကပိုမိုအားကောင်းလေလေ နိမ်းတက်စ်ကပိုမိုအစွမ်းထက်လေလေဖြစ်သည်။ယခုအခါတွင် သူနှင့်ဝါစီချီအကြား ဝိညာဉ်ဆက်သွယ်ချက်က ပိုမိုအားကောင်းလာခဲ့သည်။