အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း ၄၇၈ - လမ်းကြောင်းဖောက်ခြင်း
မီချဲလ်နှင့်အမေဖြစ်သူတို့က ရှောင်ယုသည် မတ်ဂ်မြို့အားသိမ်းပိုက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်သည် စကားလက်စ်၏လက်ရှိအခြေအနေကို မေးမြန်းလာကြသည်။ရှောင်ယုသည် သူမတို့အားအခြေအနေတစ်ခုလုံးကို ရိုးရိုးရှင်းရှင်းပြောပြခဲ့သော်လည်း စကားလက်စ်နှင့်သူ့အကြားဆက်ဆံရေးအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
ရှောင်ယုသည် ဤအဖြစ်အပျက်အတွက် အနည်းငယ်ရှက်ရွံ့နေသလို ခံစားလိုက်ရသည်။
ရှောင်ယုသည် အစားအသောက်များကိုယူဆောင်လာရန် အစေခံများကိုအမိန့်ပေးလိုက်သည်။မီချဲလ်နှင့်သူမအမေတို့သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် စားသောက်ခဲ့ကြသည်။သူမတို့က ယခုလိုငြိမ်းချမ်းမှုမျိုးအားမရသည်မှာ အတော်ကြာနေပြီဖြစ်သည်။
ထိုအချိန်တွင် အနည်းငယ်မှူးနေသောမီချဲလ်က မေးမြန်းလိုက်သည်။
"သခင်လေးရှောင်...ရှရှန်းကိုကယ်ဖို့ဘယ်လိုစီစဉ်ထားလဲ"
မန်နေဂျာရှရှန်းသည် မီချဲလ်အားငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ရှောင်ယုကမန်နေဂျာရှရှန်းအား မည်သို့ကယ်တင်မည်ကို အလွန်ပင်စိုးရိမ်နေခြင်းဖြစ်သည်။
ရှောင်ယုကခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ငါအဲ့ဒါကိုခုချိန်ထိနားမလည်သေးဘူး...မနက်ဖြန်ကျရင်တော့ မီရန်ဒါကိုစကားသွားပြောကြည့်ပြီး လျှို့ဝှက်ချက်တွေကိုပိုပြီးစူးစမ်းကြည့်မယ်...ငါမအောင်မြင်ခဲ့ရင်တောင်မှ ငါ့မှာစစ်တပ်တစ်ခုရှိတယ်...ငါသူ့ကိုမကြောက်ဘူး"
မီချဲလ်ကခေါင်းညိတ်ပြလိုက်ပြီး တစ်ခုခုပြောခါနီးအချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုလုံး ထွက်ပေါ်လာခဲ့ကာ မြေငလျင်လှုပ်ခတ်သကဲ့သို့ အိမ်တစ်ခုလုံးတုန်ခါသွားခဲ့သည်။
ရှောင်ယုကရုတ်တရက်ထရပ်လိုက်သည်။
"ဘာဖြစ်တာလဲ...အီလီဒမ်"
"မင်းကအရူးတစ်ယောက်ပဲ...ရှောင်ယု...ဒီနေ့တော့မင်းရဲ့ခန္ဓာကိုယ်ကိုမရိုက်ချိုးရဘူးဆိုရင် ငါ့နာမည်မီရန်ဒါမဟုတ်တော့ဘူး..."
ထိုအချိန်၌ဒေါသတကြီးဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ထိုအသံပိုင်ရှင်သည် မီရန်ဒါမှလွဲ၍အခြားသူမဟုတ်ပေ။
ရှောင်ယုသည် မျက်မှောင်ကြုတ်ကာစဉ်းစားလိုက်သည်။မီရန်ဒါသည် အဘယ်ကြောင့်ဤနေရာသို့ရောက်လာသနည်း။သူ၏လေသံကိုနားထောင်ကြည့်ရသည်မှာ မီရန်ဒါသည်တစ်စုံတစ်ခုကြောင့် လွန်စွာဒေါသထွက်နေကြောင်း သိသာထင်ရှားလာခဲ့သည်။
ဘာတွေဖြစ်နေတာလဲ...
ယခုအချိန်၌မည်သည့်ပြဿနာပင်ဖြစ်နေသည်ဖြစ်စေ ရှောင်ယုသည်ဤနေရာ၌ စိတ်အေးလက်အေးစားသောက်နေ၍မရတော့ပေ။သူသည် ချက်ချင်းပင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်၍မိုင်ယဗ်အားမော့ကြည့်လိုက်သည်။
မိုင်ယဗ်သည် ရှောင်ယု၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သဘောပေါက်သွားခဲ့ကာ သူမ၏ရုပ်သွင်သည်ချက်ချင်းမှုန်ဝါးသွားခဲ့ပြီး စုံစမ်းစစ်ဆေးရန်ထွက်ခွာသွားခဲ့သည်။
ရှောင်ယုသည် တံခါးကိုတွန်းဖွင့်လိုက်ကာ အပြင်ဘက်ရှိလူအုပ်ကိုကြည့်လိုက်သည်။
"မီရန်ဒါ...မင်းဘာလုပ်တာလဲ...မင်းကစီးပွားရေးကိုဆက်မလုပ်ချင်တော့ဘူးထင်တယ်"
ထိုအချိန်တွင် မီရန်ဒါသည် မြင်းဖြူပေါ်၌ထိုင်နေပြီး ရှောင်ယုအားလှမ်းကြည့်လိုက်ကာ သူ၏မျက်လုံးနှစ်ဖက်လုံးက ဒေါသမီးများဖြင့်တောက်လောင်နေခဲ့သည်။
"ရှောင်ယု...မင်းကငါ့ကိုကစားဝံ့တယ်ပေါ့ မင်းကစကားလက်စ်နဲ့လက်တွဲထားပြီး ငါ့ကိုလုပ်ကြံဖို့ကြံစည်ဝံ့တယ်ပေါ့...ဒီနေ့မင်းကိုမသတ်ရဘူးဆိုရင် ငါလူမလုပ်တော့ဘူး"
ရှောင်ယုက ကြောက်လန့်ခြင်းမရှိဘဲ မီရန်ဒါကိုကြည့်ကာ အော်ပြောလိုက်သည်။
"မင်းကငါ့ကိုသတ်ချင်နေတာလား...အိပ်မက်မက်နေလိုက်...မင်းကဒီအချက်အလက်တွေကိုဘယ်ကရလဲဆိုတာ ငါမသိဘူး...မင်းကဒီအိမ်ထဲမှာ ထောက်လှမ်းနိုင်တဲ့ကိရိယာတွေတပ်ဆင်ထားပုံရတယ်....ငါပြောလိုက်မယ် ငါ့ရဲ့စစ်တပ်ကမြို့ပြင်ကိုရောက်နေပြီ...မင်းကငါ့စစ်တပ်ရဲ့တိုက်ခိုက်မှုကို တောင့်ခံနိုင်မယ်လို့ထင်လား...မင်းအသက်ရှင်ချင်တယ်ဆိုရင် မန်နေဂျာရှရှန်းနဲ့အခြားသူတွေကို ငါ့ဆီလွဲပေးလိုက်သင့်တယ်...အဲလိုမှမဟုတ်ရင် ငါ့အဖေလိုမျိုးပဲ ဒီမြို့ကိုငါသိမ်းယူရလိမ့်မယ်"
ရှောင်ယု၏စကားကို ကြားလိုက်ရချိန်တွင် မီရန်ဒါသည်ဒေါသကြောင့် အဆုတ်တစ်ခုလုံးပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။သူသည် ရှောင်ယုထံမှတဆင့်အကျိုးခံစားခွင့်အား မည်သို့ရယူရမည်ကို အချိန်အတော်ကြာအောင်စီစဉ်ခဲ့သည်။သူသည် ရှောင်ယု၏အကူအညီဖြင့် သူ၏တက်လမ်းကိုပြုလုပ်ရန်ပင် စီစဉ်ထားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည်အလွန်ပင်သတိထားတတ်သူဖြစ်သည့်အတွက် မီချဲလ်၏မိခင်ကို ရှောင်ယုထံသို့ ပို့ဆောင်လိုက်သည့်အခါတွင် လျှို့ဝှက်ထောက်လှမ်းနိုင်သည့် မှော်ကျောက်ကို အိမ်တော်၌တပ်ဆင်ထားခဲ့သည်။ထိုသို့ပြုလုပ်ခြင်းက ငွေကြေးအကုန်အကျအလွန်မြင့်မားသော်လည်း ရှောင်ယု၏ရည်ရွယ်ချက်ကို အပြည့်အဝနားလည်စေခဲ့သည်။
သို့သော် ယခုတစ်ကြိမ်၌ရှောင်ယု၏အစစ်အမှန် ရည်ရွယ်ချက်အားသူမတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။သူသည် ငယ်စဉ်ကတည်းက အခြားသူများကိုအကြိမ်ကြိမ်အခါခါလှည့်စားခဲ့ဖူးသော်လည်း မည်သည့်အခါကမှလှည့်စားမခံဖူးခဲ့ပေ။ယခုအခါ ရှောင်ယုထံ၌လှည့်စားခံခဲ့ရ၍ သူ၏ဒေါသကိုမှန်းဆကြည့်နိုင်သည်။
ယခုလည်းသူသည် ရှောင်ယုကိုလုံးဝအလွတ်မပေးဘဲ သတ်ဖြတ်လိုနေခဲ့သည်။
ထို့ကြောင့် ရှောင်ယု၏ဇာတိရုပ်အမှန်ကို သိရှိပြီးနောက်တွင် သူသည်ရှောင်ယုအားဝိုင်းရံရန်အတွက် ထိပ်တန်းကျွမ်းကျင်သူတစ်စုအား ချက်ချင်းစေလွှတ်ခဲ့ခြင်းဖြစ်သည်။
မီရန်ဒါသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက်တွင် လက်ရွေးစင်တပ်သားများသည် ရှောင်ယုဆီသို့အရပ်မျက်နှာအသီးသီးမှ ပြေးဝင်သွားခဲ့ကြသည်။အီလီဒမ်သည် ခေါင်မိုးပေါ်မှနေ၍ခုန်ချလိုက်ကာ ထိုလက်ရွေးစင်တပ်သားများအား ရင်ဆိုင်တိုက်ခိုက်ရန် ရန်သူအုပ်စုထဲပြေးဝင်သွားခဲ့သည်။
တပ်သားများသည် ရှောင်ယုအားတိုက်ခိုက်ခါနီးအချိန်တွင် အီလီဒမ်က သူတို့အားလုံးကိုခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည်။
တစ်စုံတစ်ယောက်သည် အီလီဒမ်နှင့်ရင်ဆိုင်တိုက်ခိုက်လိုပါက အနည်းဆုံးဆဌမအဆင့်ကျွမ်းကျင်သူဖြစ်ရမည်ဖြစ်သည်။ထိုသို့မဟုတ်ပါက ပဥ္စမအဆင့်ကျွမ်းကျင်သူသည် အီလီဒမ်အားရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက အီလီဒမ်၏တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်ရန်အလွန်ခက်ခဲမှာဖြစ်သည်။
မီချဲလ်နှင့်သူမ၏မိခင်တို့သည် ရှောင်ယုတိုက်ခိုက်ခံနေရသည်ကို မြင်သောအခါလွန်စွာမှထိတ်လန့်သွားခဲ့ကြပြီး မီချဲလ်ကစိုးရိမ်နေသောလေသံဖြင့် သတိပေးလိုက်သည်။
"သခင်လေး မင်းထွက်ပြေးသင့်တယ်...ငါတို့ကိုဂရုမစိုက်ပါနဲ့"
ယခုကဲ့သို့ အစွမ်းထက်သောရန်သူ၏ဝိုင်းရံမှုအောက်တွင် သူမတို့ကိုကာကွယ်နေရမည်ဆိုပါက ရှောင်ယုအတွက်ထွက်ပြေးရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည် သူ့ထံသို့အပြေးအလွှားတိုးဝင်လာကြသည့် လက်ရွေးစင်တပ်သားများကိုကြည့်ကာ ထိတ်လန့်နေခြင်းမရှိပေ။သူသည် သိုလှောင်လက်စွပ်အတွင်းမှ ဗုံးများစွာကိုထုတ်ယူ၍ စစ်သားများဆီသို့ပစ်ချလိုက်သည်။
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်တွင် မျက်စိတစ်မှိတ်အတွင်း၌ အိမ်ကြီးတစ်အိမ်လုံးသည် မီးပင်လယ်ဖြင့်လွှမ်းမိုးခံလိုက်ရသည်။လက်ရွေးစင်တပ်သားများသည် သူတို့မသေဆုံးမှီအထိ တုံ့ပြန်ခွင့်လုံးဝမရလိုက်ကြပေ။
"ဒီဖေဖေကိုတိုက်ခိုက်ချင်တာလား..."
ရှောင်ယုကမထီမဲ့မြင်ပြုံး၍ ပြောလိုက်သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်...သူ့ကိုမှော်အစွမ်းနဲ့တိုက်ခိုက်ကြ"
မီရန်ဒါသည် အလွန်ဒေါသထွက်သွားခဲ့ကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။
မှော်ဆရာများစုပေါင်းတိုက်ခိုက်ခြင်းက အစွမ်းထက်သောရန်သူများအား တိုက်ခိုက်ရာ၌အလွန်ပင်ထိရောက်ပေသည်။မှော်ဆရာများသည် ပြင်းထန်သောတိုက်ခိုက်မှုကို တစ်ကြိမ်တည်းဖြင့်ပြုလုပ်ရန်အတွက် မှော်မန္တန်အားအာရုံစိုက်ရွတ်ဖတ်ရန် လိုအပ်ပေသည်။ထိုသို့စုစည်းထားသော မှော်အစွမ်းသည် အလွန်ပင်ကြောက်စရာကောင်းလှပေသည်။
သို့ဖြစ်ရာ ယခုတစ်ကြိမ်၌ရှောင်ယုအားသတ်ဖြတ်ရန်အတွက် မီရန်ဒါကသဘာဝကျစွာပင် ပြင်ဆင်လာခဲ့သည်။
ထို့နောက်တွင် မှော်ဆရာများသည် မှော်မန္တန်အားစုပေါင်းရွတ်ဖတ်ကာ ရှောင်ယုအားတိုက်ခိုက်လိုက်ကြသည်။ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး မီချဲလ်နှင့်အမေဖြစ်သူတို့နှင့်အတူ အခြားတစ်နေရာသို့တည်နေရာရွေ့ပြောင်းလိုက်သည်။ရှောင်ယုရပ်နေခဲ့သောနေရာသည်ကား မှော်အလင်းတန်းကြောင့် ပျက်စီးကြေမွသွားခဲ့သည်။
ဘန်း...
အိမ်ကြီးသည်လည်း မှော်အစွမ်းကြောင့်လုံးဝပျက်စီးသွားခဲ့သည်။
"ဟိုဘက်မှာ...ဟိုဘက်ကိုရောက်သွားပြီ"
စစ်သားအချို့သည် ရှောင်ယုကိုချက်ချင်းရှာတွေ့သွားခဲ့ကာ ရှောင်ယုအားမြှားဖြင့်ချိန်ရွယ်ပစ်ခတ်ကြသည်။
ရှောင်ယုသည် သူ၏ပုဆိန်ကိုဝှေ့ယမ်းရင်း သူ့ထံဦးတည်လာသည့်မြှားများကို ဖျက်ဆီးလိုက်သည်။
"မကြောက်ပါနဲ့...ငါကမင်းတို့နှစ်ယောက်လုံးကို ကျိန်းသေပေါက်ကယ်ထုတ်ပေးသွားမှာပါ..."
ရှောင်ယုက မီချဲလ်နှင့်အမေဖြစ်သူတို့အားပြုံးပြလိုက်ကာ သူမတို့နှစ်ယောက်ကိုဖမ်းဆွဲ၍ သူရဲကောင်းဆန်ဆန်ခုန်ကျော်သွားခဲ့သည်။သူသည် တိုက်ခိုက်နေသောစစ်သားများ၏ဦးခေါင်းများပေါ်မှ ခုန်ပျံကျော်လွှားကာ အခြားတစ်ဖက်သို့ရောက်ရှိသွားခဲ့သည်။
ယခုဆိုလျှင် ရှောင်ယု၏ခွန်အားသည်ယခင်ကထက် တိုးမြင့်လာခဲ့ပြီဖြစ်ရာ သူရဲကောင်းဆန်စွာခုန်လွှားခြင်း၏ အကွာအဝေးသည်လည်း အလွန်ပင်တိုးတက်လာခဲ့သည်။ထိုကျွမ်းကျင်မှု၏အကူအညီအောက်တွင် ရှောင်ယုသည်လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်စွာရွေ့လျားနိုင်ခဲ့ကာ မြှားများနှင့်မှော်မီးတောက်များကို အလွယ်တကူရှောင်တိမ်းနိုင်ခဲ့သည်။
"ဖမ်းကြ...အဲ့ကောင်ကိုမလွတ်စေနဲ့"
ရှောင်ယုထံတွင် ဤကဲ့သို့ထူးဆန်းသောအစွမ်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မီရန်ဒါကမမျှော်လင့်ထားခဲ့ပေ။ရှောင်ယုသည်ပထမဦးစွာ တည်နေရာရွေ့ပြောင်းလိုက်ကာ ဆက်တိုက်ဆိုသလိုခုန်ပျံကျော်လွှား၍ ထွက်ပြေးသွားခဲ့သည်။
သာမန်တပ်သားများသည် ရှောင်ယု၏အရှိန်အဟုန်ကို လိုက်မှီနိုင်စွမ်းမရှိဘဲ အစွမ်းထက်ကျွမ်းကျင်သူအနည်းငယ်ကသာ ရှောင်ယုအားထိန်းထားနိုင်ခဲ့သည်။ထို့ကြောင့် အနက်ရောင်တိုက်ခိုက်ရေးသမားရာနှင့်ချီသည် လေပေါ်သို့ခုန်တက်၍ ရှောင်ယုထံသို့ပြေးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် အဝေးမှကျွမ်းကျင်သူအချို့သည် လေးနှင့်မြှားကိုအသုံးပြုကာ ရှောင်ယုအားကြားဖြတ်၍ တိုက်ခိုက်ခဲ့ကြသည်။
သို့သော်လည်း ရှောင်ယုသည်နောက်ထပ်တစ်ကြိမ် ခုန်ပျံကျော်လွှားခြင်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ခုန်ဆင်းလိုက်ကြသည်။ယင်းအစား သူသည် ပေါက်ကွဲခြေလှမ်းကိုထုတ်ဖော်လိုက်ကာ တိုက်ခိုက်မှုများအား ရှောင်တိမ်းနိုင်ရန်အတွက် မတ်ဂ်မြို့၌ရှိနေသော ကိုယ်ပိုင်အိမ်ငယ်လေးများအကြား အပြန်အလှန်ခုန်ပေါက်ထွက်ပြေးခဲ့သည်။
အကယ်၍ သူသာထွက်ပြေးရန်ကြိုးစားမည်ဆိုပါက ဆဌမအဆင့်ကျွမ်းကျင်သူသည်တောင်မှ ရှောင်ယုကို ဖမ်းမိရန်ခက်ခဲမည်ဖြစ်သည်။
မိုင်ယဗ်သည် စစ်ကူတောင်းရန်အတွက် မြို့ပြင်သို့ထွက်ခွာသွားပြီဖြစ်ရာ စစ်ကူရောက်လာသည်နှင့် ဤအခက်အခဲမှလွတ်မြောက်နိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် အီလီဒမ်သည် ရှောင်ယုအခက်အခဲမရှိ ထွက်ပြေးနိုင်စေရန်အတွက် ဆဌမအဆင့်ကျွမ်းကျင်သူများအား ပိတ်ဆို့တိုက်ခိုက်ပေးနေခဲ့သည်။ထိုသို့မဟုတ်ပါက ဆဌမအဆင့်ကျွမ်းကျင်သူများသည် ရှောင်ယုအားအကြီးအကျယ် ဒုက္ခပေးကြမှာဖြစ်သည်။
အခန်း ၄၇၉ - အဲ့ဒါသူမလား
မီရန်ဒါသည် မာနကြီးစွာပြုမူရန်အတွက် လုံလောက်သည့်အရင်းအနှီးအား ပိုင်ဆိုင်ထားပေသည်။
သူ၏လက်အောက်တွင် ဆဌမအဆင့်ကျွမ်းကျင်သူနှစ်ယောက်ရှိနေပြီး သူတို့အနက်မှတစ်ယောက်သည် အနီးကပ်တိုက်ခိုက်ရေးသမားဖြစ်ကာ ကျန်တစ်ယောက်မှာ လုပ်ကြံသတ်ဖြတ်သူဖြစ်သည်။
ဆဌမအဆင့်တိုက်ခိုက်ရေးသမားသည် ထိပ်ပြောင်ပြီး အပြာနုရောင်အလင်းတန်းကို ထုတ်လွှတ်နေသောပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။မှော်ဒြပ်စင်များကလည်း သူ၏ပတ်ဝန်းကျင်၌ ရွှင်မြူးစွာကခုန်နေခဲ့သည်။ထိုထိပ်ပြောင်လူသည် လန်းစ်အင်ပါယာတွင် အလွန်ကျော်ကြားပေသည်။
သူ့ကို လူအများကထိပ်ပြောင်ဆခ်ဟုခေါ်ကြသည်။ဆခ်သည် ငယ်စဉ်အခါက တောရိုင်းထဲတွင် တစ်ယောက်တည်းနေထိုင်ခဲ့သည်။သူသည် တောရိုင်းတိရစ္ဆာန်များကိုသတ်ဖြတ်၍ စားသောက်ခြင်းဖြင့်အသက်ရှင်သန်ခဲ့သည်။ထို့ကြောင့် သူသည်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အလွန်အားကောင်းပြီး သတ်ဖြတ်ရာ၌အလွန်အားကောင်းပေသည်။
နောက်ပိုင်းတွင် စစ်သူကြီးတစ်ယောက်သည် သူ့အားရှာဖွေတွေ့ရှိကာ စစ်တပ်ထဲသို့ခေါ်ယူခဲ့သည်။ထို့နောက်တွင် သူသည်ရန်သူများအားဆက်တိုက်သတ်ဖြတ်ခြင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခြင်းတို့ကြောင့် သူ၏ကိုယ်ပိုင်သိုင်းပညာကို မှတ်ကျောက်တင်ခဲ့ပြီး အဆုံးသတ်တွင် ဆဌမအဆင့်ကျွမ်းကျင်သူဖြစ်လာခဲ့သည်။
ဆခ်၏သိုင်းပညာသည် သတ်ဖြတ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်ဟု ဆိုနိုင်ပေသည်။စစ်မြေပြင်တွင် သူသည်သေမင်းနတ်ဘုရားတစ်ပါးဖြစ်သည်။
ထိုအချိန်တွင် ဆခ်သည်သူ၏ပုဆိန်ကို အဆက်မပြတ်ဝှေ့ယမ်းရင်း အီလီဒမ်၏ဓားနှစ်ချောင်းနှင့် တိုက်မိခဲ့သည်။အကယ်၍ အီလီဒမ်၏နေရာတွင် အခြားသူတစ်ယောက်ဆိုပါက ဆခ်၏ပုဆိန်ကြောင့်နှစ်ပိုင်းခွဲထုတ်ခံရကာ သတ်ဖြတ်ခံရမည်ဖြစ်သည်။
ထို့ပြင် ဆခ်အတွက်ထိတ်လန့်စရာအကောင်းဆုံးမှာ အီလီဒမ်၏ခန္ဓာကိုယ်အား ထူးဆန်းသောမီးတောက်များဖြင့် ရစ်ပတ်နေခြင်းဖြစ်သည်။သူသည် အီလီဒမ်အားတိုက်ခိုက်လိုက်တိုင်း သူ၏စိတ်ဝိညာဉ်ကတုန်ခါနေသလို ခံစားလိုက်ရသည်။
သူ၏စိတ်ဝိညာဉ်သည် အလွန်မာကျောနေခဲ့သည်။သူ၏ခန္ဓာကိုယ်သည် တောင်တန်းများဖြင့်ချည်နှောင်ခံထားရကာ မှော်ဆရာ၏ဝိညာဉ်ချုပ်နှောင်ခြင်း ကျွမ်းကျင်မှုသည်တောင်မှ သူ၏ဝိညာဉ်ကို မထိခိုက်စေပေ။
သို့သော်လည်း ဤထူးဆန်းသောမီးတောက်သည် သူ၏စိတ်ဝိညာဉ်ကို တုန်ခါစေခဲ့ကာ အလွန်ပင်ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဝိညာဉ်တိုက်ခိုက်မှုများအား အသုံးပြုနိုင်သူများသည် မှော်ဆရာများဖြစ်ကြသည်။အီလီဒမ်သည် ပေါ့ပေါ့ပါးပါးတိုက်ခိုက်တတ်သည့် လုပ်ကြံသူတစ်ယောက်ဖြစ်သည်။အဘယ်ကြောင့်သူသည် ဤသို့ထူးဆန်းသောဝိညာဉ်တိုက်ခိုက်မှုအား ထုတ်ဖော်နိုင်ရသနည်း။
အီလီဒမ်သည် သူ၏ဝိညာဉ်ကို အဆက်မပြတ်တိုက်ခိုက်နေသည့်အတွက်ကြောင့် ဆခ်သည် သူ၏ပြင်းထန်သောတိုက်ခိုက်မှုကို အပြည့်မဝမထုတ်ဖော်နိုင်ခဲ့ပေ။ဆခ်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ သူ၏ပုဆိန်သည်စတင်လှုပ်ခါလာခဲ့ပြီး အားကောင်းသောအပြာရောင်အလင်းတစ်ခုက ဖုံးအုပ်သွားခဲ့သည်။ိုအပြာရောင်အလင်းတန်းသည် မရေမတွက်နိုင်သော အပြာရောင်ဓားငယ်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
မရေမတွက်နိုင်သော အပြာရောင်ဓားငယ်လေးများသည် အီလီဒမ်အား တစ်ဖက်တစ်ချက်မှဝိုင်းရံထားခဲ့သည်။ဓားငယ်လေးများ၏အကွာအဝေးက နီးကပ်လာသည်ကတကြောင်း ဆခ်၏တိုက်ခိုက်မှုကလည်း ရုတ်တရက်ရောက်ရှိလာသည်ကတကြောင်း အီလီဒမ်သည် အချိန်မှီမရှောင်တိမ်းနိုင်ခဲ့ပေ။
ထို့ကြောင့် အီလီဒမ်သည် ခုခံကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။
အီလီဒမ်သည် သူ၏ခွန်အားကို အပြည့်အဝထုတ်ဖော်ခဲ့သည်။ထူးဆန်းသောမီးတောက်များက သူ၏ခန္ဓာကိုယ်ကပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။ထို့ကြောင့် သူဝတ်ဆင်ထားသည့်အနက်ရောင်ဝတ်ရုံများက ချက်ချင်းပြာဖြစ်သွားခဲ့သည်။
အီလီဒမ်၏အသွင်အပြင်သည် သူတို့အတွက် အံ့သြစရာကောင်းလွန်းသည့်အတွက်ကြောင့် လူတိုင်းတုန်လှုပ်သွားခဲ့သည်။အီလီဒမ်သည် နတ်ဆိုးတစ်ပါးဖြစ်လိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။
မြို့စားရှောင်ယု၏ကွပ်ကဲမှုအောက်တွင် နတ်ဆိုးတစ်ကောင်ရှိနေခဲ့သည်။ထိုအရာသည် အလွန်ပင်တုန်လှုပ်စရာကောင်းလှပေသည်။
မီရန်ဒါကလည်း အလွန်ပင်ထိတ်လန့်သွားခဲ့သည်။ဤအဖြစ်အပျက်က ရှောင်ယုသည်အလွန်ပင်အစွမ်းထက်ကြောင်း သေချာစေခဲ့သည်။သာမန်လူများတွင် လက်အောက်ငယ်သားအဖြစ် နတ်ဆိုးတစ်ကောင်အား မည်သို့ထားရှိနိုင်မည်နည်း။
အီလီဒမ်သည် သူ၏ခွန်အားကိုအလုံးစုံသုံးစွဲခဲ့သော်လည်း အရေးနိမ့်နေဆဲဖြစ်သည်။ထို့ပြင် တစ်ဖက်က စွမ်းအားကြီးမားသည့် ဆဌမအဆင့် တိုက်ခိုက်ရေးသမားဖြစ်သည့်အတွက် သူတို့အကြားကွာဟချက်သည် ဖြည့်ဆည်းရန်လွယ်ကူနေသည်တော့မဟုတ်ပေ။
အီလီဒမ်သည် အဆက်မပြတ်ပြေးဝင်လာနေသော ရန်သူများကိုကြည့်ရင်း သူ၏တောင်ပံများကိုခတ်၍ လေထဲတိုးဝင်သွားခဲ့သည်။ထို့နောက် ရှောင်ယုဆီသို့ဦးတည်၍ ပျံးသန်းသွားခဲ့သည်။
ယခုအခါ သူ၏အဓိကတာဝန်မှာ ပြိုင်ဘက်အားအနိုင်ယူရန်ထက် ရှောင်ယုအားကာကွယ်ရန်အတွက်ဖြစ်သည်။
ပဥ္စမအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီးနောက်တွင် အီလီဒမ်သည် သူ၏ယခင်အသိစိတ်အား လုံးဝပြန်လည်ရရှိသေးခြင်းမရှိသေးသော်လည်း သူ၏ဉာဏ်ရည်သည် သာမန်လူတစ်ယောက်နှင့်အတူတူဖြစ်ကာ ညဏ်ရည်ထုံထိုင်းသော စက်ရုပ်မဟုတ်တော့ပေ။
ရှောင်ယုသည် လူနှစ်ယောက်နှင့်အတူထွက်ပြေးရန် ခက်ခဲနေပုံရသည်။အထူးသဖြင့် ကျွမ်းကျင်သူများစွာကသူ့အားလိုက်လံ၍ ဖမ်းဆီးနေသောကြောင့်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည်ဤသို့သောတိုက်ပွဲများ၌ စိမ်းကားနေခြင်းမရှိပေ။သူသည် နေရာတိုင်းလိုလို၌မီးရှို့ထားခဲ့ပြီး တစ်ဖက်ရန်သူများကသူ့နောက်သို့ အလွယ်တကူမလိုက်လာစေရန်အတွက် အဆောက်အဦးအမျိုးမျိုးအားဖျက်ဆီးပစ်ခဲ့သည်။
ရှောင်ယုသည် ဗုံးများစွာကိုထုတ်ယူကာ မတ်ဂ်မြို့တစ်ခုလုံးအနှံ့ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။
ထိုအချိန်တွင် ရှောင်ယုသည် ရုတ်တရက်မသက်မသာခံစားလိုက်ရသည့်အတွက်ကြောင့် အကာအကွယ်လက်ကို ချက်ချင်းအသုံးချလိုက်သည်။
ထိုအခိုက်အတန့်တွင် ဓားတိုလေးတစ်ချောင်းသည် ရှောင်ယု၏ခန္ဓာကိုယ်ထဲသို့တိုးဝင်လာသော်လည်း ရှောင်ယုသည်ထိခိုက်မှုမရှိခဲ့ပေ။
"ဟမ့်..."
လုပ်ကြံသူသည် အံ့သြမှင်သက်စွာဖြင့် အာမေဋိတ်သံကိုထုတ်ဖော်မိလိုက်သည်။သူ၏အမြင်အရဆိုလျှင် သူ၏တိုက်ခိုက်မှုကြောင့် ရှောင်ယုသေဆုံးသွားသင့်သော်လည်း ယခုမူရှောင်ယုကအဆင်ပြေနေသေးသည်။
လုပ်ကြံသူသည် ခဏလောက်အံ့သြနေသော်လည်း တိုက်ခိုက်မှုကိုတစက္ကန့်လေးတောင်မရပ်တန့်ခဲ့ပေ။ကြီးမားသောမျိုးနွယ်စုများ၏ သခင်လေးများသည်အကာအကွယ်ရတနာများကို ဆောင်ထားခြင်းကရှားပါးသည့်အရာမဟုတ်ခဲ့ပေ။သို့သော်လည်း သူသည်ရှောင်ယုအား ထပ်ခါထပ်ခါထိုးနှက်လိုက်သော်လည်း အကျိုးသက်ရောက်မှုမရှိ၍ လွန်စွာမှအံ့သြသွားခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ လုပ်ကြံသူသည်အမှန်တကယ်ပင် မှင်သက်သွားခဲ့သည်။ပုံမှန်အားဖြင့်ဆိုလျှင် အကာအကွယ်ရတနာများကိုအကြိမ်အနည်းငယ်သာ အသုံးပြုနိင်သော်လည်း အချိန်တိုင်းအသုံးမပြုနိင်ပေ။အကယ်၍ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပါက အကာအကွယ်သည်အားနည်းလာကာ ပျက်စီးသွားမှာသေချာပေသည်။
ရှောင်ယု၏အကာအကွယ်လက်သည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားလုံးကို အကြွင်းမဲ့ခုခံနိုင်စွမ်းရှိသည်။သို့ဖြစ်ရာ လုပ်ကြံသူသည်လုံးဝတိုက်ခိုက်ရန်နည်းလမ်းမရှိပေ။
"အိုး...ကမ္ဘာကြီးကသေးသေးလေးဆိုတာတကယ်မှန်တာပဲ"
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်၏အသံထွက်ပေါ်လာ၍ ရှောင်ယုလှည့်ကြည့်လိုက်ချိန်တွင် အလွန်အံ့သြသွားခဲ့ရသည်။
အဲ့ဒါသူမလား...
အခန်း ၄၈၀ - ကယ်တင်ခြင်း
ရှောင်ယုအံ့သြသွားရသည့်အကြောင်းရင်းမှာ ယခုအချိန်၌သူမကြုံတွေ့လိုသူတစ်ယောက်နှင့် ကြုံတွေ့ခဲ့ရ၍ဖြစ်သည်။
ထိုလူသည် သူနှင့်အလွန်ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း မတွေ့ဆုံရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။
ယနေ့တွင် ထူးဆန်းသောအခြေအနေ၌ သူမအားတွေ့ဆုံလိုက်ရ၍ ကမ္ဘာကြီးသည်သေးငယ်ကြောင်း သူနားလည်လိုက်သည်။ယင်းမှလွဲ၍ ရှောင်ယု၏လက်ရှိစိတ်နေစိတ်ထားကို ဖော်ပြရန်နည်းလမ်းရှာမတွေ့ပေ။
ထိုမိန်းမသည် ရှောင်ယု၏ပထမဆုံးအကြိမ်ကို ရယူခဲ့ခြင်းဖြစ်ရာ ရှောင်ယုအတွက် အလွန်ပင်အရေးကြီးပေသည်။
ထိုမိန်းမကား မုတ်ဆိတ်နီမှလွဲ၍ အခြားသူမဟုတ်ပေ။
သူမကဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ...ဒီကောင်မလေးက အနောက်တိမ်တိုက်အင်ပါယာမှာ ရှိနေသင့်တာမလား
ရှောင်ယုသည် အလွန်အံ့သြသွားခဲ့သလို တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်ခုအား ရရှိလာခဲ့သည်။အဆုံးသတ်တွင် သူမသည်ရှောင်ယု၏ ပထမဆုံးသောအမျိုးသမီးဖြစ်သည်။
မုတ်ဆိတ်နီသည် ရှောင်ယုကိုမြင်သောအခါ သူမတို့အကြားဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား ပြန်လည်သတိရသွားခဲ့ပြီး ရှက်ရွံ့စိတ်ကြောင့် မျက်နှာနီမြန်းသွားခဲ့သည်။သို့သော်လည်း မကြာမှီ ရှောင်ယု၏ခန္ဓာကိုယ်အား အပိုင်းပိုင်းခွဲထုတ်ရန် မစောင့်နိင်လောက်သည်အထိ အရှိန်အဟုန်ပြင်းစွာဖြင့် ဒေါသထွက်လာခဲ့သည်။
"လူယုတ်မာ...ငါ့အတွက်သေပေးစမ်း"
မုတ်ဆိတ်နီသည် ချောမောလှပသည့်မိန်းမနှစ်ယောက်နှင့်အတူ ထွက်ပြေးလာသောရှောင်ယုကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။ရှောင်ယုနှင့်ထိုမိန်းမနှစ်ယောက်ကြား ဆက်ဆံရေးသည်အလွန်ပင်နီးစပ်ခဲ့ပြီး ရှောင်ယုသည်ထိုမိန်းမများကိုရရှိရန် အလွန်နီးစပ်နေကြောင်း သိသာထင်ရှားပေသည်။
ယခုအခါတွင် ဆဌမအဆင့်လုပ်ကြံသူသည်သာမက မုတ်ဆိတ်နီသည်လည်း သူ့နောက်သို့လိုက်လာနေပြီဖြစ်သည်။ရှောင်ယုသည် လက်ရှိအခြေအနေ၌ ရင်ဆိုင်တိုက်ခိုက်ရန်မဖြစ်နိုင်ဟု အမှန်တကယ်ခံစားမိပေသည်။
သို့သော်လည်း ထိုအချိန်၌ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ မုတ်ဆိတ်နီအား ဝင်ရောက်တိုက်ခိုက်လိုက်သည်။
မုတ်ဆိတ်နီသည် ထိုတိုက်ခိုက်မှုအား လျစ်လျူမရှုဝံ့ဘဲ တိုက်ခိုက်မှုကိုချက်ချင်းကာကွယ်ခဲ့သည်။ထို့နောက်တွင် အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးတစ်ဦးတဖြစ်လည်း မိုင်ယဗ်ထံသို့ သူမ၏အကြည့်များက ရောက်ရှိသွားခဲ့သည်။
လက်ရှိအခြေအနေသည် အလွန်စိုးရိမ်ရကြောင်း မိုင်ယဗ်နားလည်ထားပေရာ မြို့ပြင်၌အချက်ပြမီးတောက်များကို ပြုလုပ်ပြီးသည်နှင့်ချက်ချင်းပြန်လာခဲ့ခြင်းဖြစ်သည်။မြို့တွင်း၌ဆူညံသံများစွာဖြစ်ပေါ်နေသည်ဖြစ်ရာ ရှောင်ယု၏တည်နေရာကိုရှာဖွေရန် သူမအတွက်လွယ်ကူသွားခဲ့သည်။
"ဟမ့်..."
မုတ်ဆိတ်နီသည် မိုင်ယဗ်ကိုမြင်သောအခါတွင် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်မိသည်။သူမသည် ပေါ့ပါးသွက်လက်သောလုပ်ကြံသူဖြစ်သော်လည်း မိုင်ယဗ်၏ရှေ့တွင်မူ သူမကိုယ်တိုင်ပင်နားမလည်နိုင်သည့် ထိတ်လန့်မှုတစ်ခုအား ခံစားလိုက်ရသည်။
မိုင်ယဗ်သည် လုပ်ကြံသူတစ်ယောက်၏ပုံစံဖြစ်သော အရိုးထိပင်အေးစက်စေသည့်အော်ရာကို ထုတ်ဖော်ထားခဲ့သည်။
သူမ၏တည်ရှိမှုအား မည်သူမှသတိမထားမိစေရန် ကွယ်ဝှက်ထားကာ ရန်သူအားတစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်သည်။ဤသည်မှာ လုပ်ကြံသူတစ်ယောက်၏ စစ်မှန်သောလှုပ်ရှားပုံဖြစ်သည်။
မုတ်ဆိတ်နီသည် ယခုအချိန်တွင် လှုပ်ရှားဝံ့ခြင်းမရှိသော်လည်း သူမသည်မိုင်ယဗ်အား အာရုံစူးစိုက်မှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။အကယ်၍ သူမသာချို့ယွင်းချက်တစ်ခုခုကိုပြသမိပါက သူမချက်ချင်းသတ်ဖြတ်ခံရမည်ဖြစ်ကြောင်း နားလည်ထားပေသည်။
ဆဌမအဆင့်လုပ်ကြံသူသည် မိုင်ယဗ်အားသတိထားမိလိုက်ချိန်တွင် သူသည်ပင်အန္တာရယ်ရှိသည့်အော်ရာကို မိုင်ယဗ်ထံမှခံစားလိုက်ရသည်။
ဘန်း...
ထိုအချိန်တွင် ရှောင်ယု၏အနီးမှအိမ်သည်ပြိုကျသွားခဲ့ကာ အီလီဒမ်ကရှောင်ယု၏ရှေ့သို့ ဆင်းသက်လာခဲ့သည်။ထို့နောက်သူသည် စကားတစ်ခွန်းမှမပြောဘဲ ဓားများကိုဝှေ့ယမ်းကာ ဆဌမအဆင့်လုပ်ကြံသူအား တိုက်ခိုက်လိုက်သည်။
အီလီဒမ်၏ရုတ်တရက်တိုက်ခိုက်မှုကြောင့် ဆဌမအဆင့်လုပ်ကြံသူသည် နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာပေးလိုက်ရသည်။အီလီဒမ်သည် ပဥ္စမအဆင့်သို့သာရောက်ရှိသေးသော်လည်း သူ၏ခွန်အားသည် ဆဌမအဆင့်ကျွမ်းကျင်သူအား အချိန်အတော်ကြာအောင်တိုက်ခိုက်ရန် လုံလောက်ပေသည်။
ဘန်း...
နောက်ထပ်ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အခြားအိမ်တစ်လုံးသည်ပြိုကျသွားခဲ့ကာ အီလီဒမ်အားလိုက်လံဖမ်းဆီးနေသည့် ဆခ်၏ရုပ်ပုံကတဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။
လက်ရှိအချိန်တွင် ဆခ်သည်သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။အီလီဒမ်သည် သူ၏တိုက်ခိုက်လိုစိတ်ကို အဆုံးစွန်ထိလှုံဆော်ပေးခဲ့ကာ ဤသို့သောတိုက်ပွဲမျိုးက သူ့အားသွေးဆူစေခဲ့သည်။
ယား...
ဆခ်သည် ကျယ်လောင်စွာမာန်သွင်း၍ သူ၏ခန္ဓာကိုယ်မှပြင်းထန်သော အော်ရာတစ်ခုထွက်ပေါ်လာခဲ့သည်။ထိုအချိန်တွင် အခြားသောတပ်သားများကလည်း ရှောင်ယု၏အဖွဲ့ကိုဝိုင်းရံထားခဲ့သည်။
"ရှောင်ယု...ဒီနေ့မင်းထွက်ပြေးနိုင်မှာမဟုတ်ဘူး..."
မီရန်ဒါသည် ဒေါသတကြီးဝင်ရောက်ပြောဆိုလိုက်သည်။
"မင်းကငါ့ကိုထွက်မပြေးနိုင်အောင် တားဆီးနိုင်မယ်လို့ထင်လား...ခုဆိုရင်ငါ့ရဲ့စစ်တပ်ကမြို့ပြင်ကိုရောက်နေပြီဆိုတော့ မင်းကိုငါမကြောက်ဘူး...မင်းငါ့ကိုအလွတ်ပေးလိုက်တာပိုကောင်းမယ်...အဲလိုမှမဟုတ်ရင် မတ်ဂ်မြို့ကိုသိမ်းပိုက်ဖို့အတွက် ငါ့ရဲ့စစ်တပ်ကိုဦးဆောင်ရလိမ့်မယ်...မင်းယုံမှာလားမယုံဘူးလား"
ရှောင်ယုကမျက်လုံးပြူးပြကာ မီရန်ဒါကိုလှောင်ပြောင်လိုက်သည်။
မီရန်ဒါက အံတင်းတင်းကြိတ်၍ပြန်ပြောလိုက်သည်။
"ဟုတ်လား...မယုံရင်စမ်းကြည့်လေ....မင်းကိုငါဘယ်လိုအပိုင်းပိုင်းဖြတ်မလဲစောင့်ကြည့်လိုက်"
ယခုအချိန်တွင် ရှောင်ယုအားရင်ဆိုင်တိုက်ခိုက်ရန်အတွက် တပ်သားအားလုံးကို မှော်လက်နက်များနှင့်မှော်မြှားများအသီးသီးတပ်ဆင်ပေးထားသည်။မီရန်ဒါသည် ရှောင်ယုတစ်ယောက်ဤနေရာမှမထွက်ခွာနိုင်စေရန် သေချာစေဖို့များစွာအားထုတ်ကြိုးပမ်းခဲ့သည်။
ရှောင်ယုသည် လက်ရှိအခြေအနေအား ကြောက်ရွံ့ခြင်းမရှိပေ။သူသည် မုတ်ဆိတ်နီဘက်သို့ခေါင်းလှည့်၍မေးမြန်းလိုက်သည်။
"ဟေ့...မင်းကဒီကိုဘယ်လိုရောက်လာတာလဲ...မင်းကအနောက်တိမ်တိုက်အင်ပါယာကနေ လန်းစ်အင်ပါယာကိုရောက်လာတယ်ဆိုတော့ ဘယ်လိုအကြံအစည်ရှိနေတာလဲ...ဟေးဟေး မီရန်ဒါ ငါ့အမြင်အရတော့တစ်စုံတစ်ယောက်က မင်းကိုဆန့်ကျင်ဖို့စီစဉ်နေပုံရတယ်...ဒီနေ့ငါကမင်းကိုမသတ်ခဲ့ရင်တောင်မှ သူမကမင်းကိုသတ်မှာသေချာတယ်"
ရှောင်ယု၏စကားကိုကြားသောအခါ မီရန်ဒါသည်မျက်မှောင်ကြုတ်လိုက်ကာ လက်ဝှေ့ယမ်းပြလိုက်ပြီး စစ်သားများကိုရပ်ခိုင်းလိုက်သည်။
"ယင်ခီယာ...မင်းကဘာလို့ဒီကိုရောက်လာတာလဲ"
မီရန်ဒါသည် မုတ်ဆိတ်နီကိုသိရှိထားပြီးဖြစ်ကာ မုတ်ဆိတ်နိ၏အမည်အရင်းဖြစ်သော ယင်ခီအာကိုပင် သိရှိထားပြီးဖြစ်သည်။
ထိုအမည်သည်မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရှောင်ယုသည် သူ၏ပထမဆုံးအမျိုးသမီးဖြစ်သူ၏ အမည်ရင်းကိုပင် မသိရှိသေးပေ။
မုတ်ဆိတ်နီသည် မီရန်ဒါကိုတွေ့လိုက်ချိန်တွင် ရုတ်တရက်ပြုံးပြီးပြောလိုက်သည်။
"မင်းသားလေးမီရန်ဒါ...ငါဒီကိုရောက်လာတယ်ဆိုတာကြီးကြီးမားမားပူးပေါင်းကြံစည်မှုတစ်ခုကိုဆောင်ရွက်ဖို့ပါ...ဒီကောင်ကဝင်ရောက်နှောင့်ယှက်ဖို့ငါမမျှော်လင့်ထားဘူး...သူကငါ့ရန်သူလည်းဖြစ်တဲ့အတွက် သူ့ကိုဖမ်းဆီးပြီးငါ့ဆီအပ်လိုက်တာပိုကောင်းမယ်ထင်တယ်...အဲ့ဒါဆိုရင်မင်းသားလေးစိတ်ကူးမယဉ်နိုင်တဲ့ အကျိုးအမြတ်တွေကို ငါပေးနိုင်တယ်"
"အိုး...ယင်ခီအာ မင်းကမတ်ဂ်မြို့မှာနေတာဖြင့်ကြာလှပြီ...ငါနဲ့တကယ်ပူးပေါင်းချင်တယ်ဆိုရင် အစောကတည်းကငါ့ကိုပြောရောပေါ့...ခုမှဘာလို့ပြောတာလဲ"
မီရန်ဒါသည် ငတုံးတစ်ယောက်မဟုတ်ပေ။ယင်ခီအာသည် အမြဲလိုလိုလျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းနေသည့်အတွက် ထိုအမျိုးသမီးသည်မရိုးရှင်းဟု ခံစားမိနေခဲ့သည်။
"ဘာလို့လဲဆိုတော့ အချိန်မကျသေးလို့ဘဲ...မင်းသားမီရန်ဒါနဲ့ငါက ဘက်တူအကျိုးစီးပွားလုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်တယ်...တကယ်လို့ငါတို့ဘက်ကကြီးကြီးမားမားအကျိုးကျေးဇူးတွေရခဲ့ရင် မင်းသားကိုခွဲဝေပေးဖို့ကတိပေးနိုင်တယ်...မင်းသားလေးကို လန်းစ်အင်ပါယာရဲ့ဧကရာဇ်ဖြစ်အောင် ငါလုပ်ဆောင်ပေးနိုင်တယ်"
မုတ်ဆိတ်နီကပြန်ဖြေလိုက်သည်။
"အဲ့ဒါအမှန်ပဲလား..."
မီရန်ဒါသည် သူ့ရဲ့ထင်မြင်ချက်ကို ချက်ချင်းထုတ်မပြောသော်လည်း သူ၏မျက်လုံးများကလောဘကြီးသည့် အရိပ်အယောင်ကိုဖော်ပြလာခဲ့သည်။
သူသည်သိုးတစ်ကောင်မဟုတ်ဘဲ လောဘကြီးသောဝံပုလွေတစ်ကောင်ဖြစ်သည်။ထိုအမျိုးသမီး၏စကားထံ၌ မသေချာသည့်အခြေအနေ အနည်းငယ်ရှိနေကြောင်းသူခံစားမိသော်လည်း ထိုအကြောင်းကိုမပြောခဲ့ပေ။အဆုံးသတ်တွင် သူတို့နှစ်ယောက်လုံးသည် ရှောင်ယုအားဖမ်းဆီးလိုသည့်အတွက် ဆုံးရှုံးစရာထပ်မရှိတော့ပေ။
"ခုတော့မင်းသေရတော့မယ်ရှောင်ယု..."
ရှောင်ယုသည် အချိန်ဆွဲရန်ပြင်ဆင်နေကြောင်း သတိထားမိလိုက်၍ မီရန်ဒါသည်အော်ဟစ်လိုက်ပြီး မြှားဖြင့်ပစ်ရန်အမိန့်ပေးလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင်မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက လေထဲမှဆင်းသက်လာကာ ရှောင်ယုအားဝိုင်းထားသည့် စစ်သားများကိုပစ်ချလိုက်သည်။
ဂရစ်ဖင်များရောက်ရှိလာခဲ့ပြီ....
အဆုံးသတ်တွင် ရှောင်ယုကစိတ်သက်သာရာရသွားခဲ့သည်။သူသည် သိုလှောင်လက်စွပ်အတွင်းမှနေ၍ ကျန်ဗုံးအားလုံးကိုလျင်မြန်စွာထုတ်ယူလိုက်ပြီး မီရန်ဒါရှိရာအရပ်သို့ ချိန်ရွယ်ပစ်ချလိုက်သည်။
ပေါက်ကွဲမှုထွက်ပေါ်လာသည့် ပေါက်ကွဲမှုလှိုင်းကြောင့် မြေပြင်သည်ပြင်းထန်စွာတုန်ခါသွားခဲ့ကာ ပေါက်ကွဲမှုများက နေရာတိုင်း၌ဖြစ်ပွားနေခဲ့သည်။ဖုန်မှုန့်များက နေရာအနှံ့ ပြန့်ကျဲသွားသည့်အချိန်တွင် လူတိုင်းသည် သူတို့၏ရှေ့မှမြင်ကွင်းကို ကြည်လင်ပြတ်သားစွာမမြင်ရတော့ပေ။
ထိုသို့မငြိမ်မသက်ဖြစ်နေသည့်အချိန်တွင် မီချဲလ်နှင့်သူမ၏အမေတို့သည် သူတို့၏ခန္ဓာကိုယ်အား တစ်စုံတစ်ယောက်ကပွေ့ဖက်သွားကြောင်း ခံစားမိလိုက်သည်။နောက်အခိုက်အတန့်တွင် သူမတို့သည်လေပေါ်လွှင့်တက်သွားခဲ့ပြီး ပျံသန်းနေသောဧရာမသားရဲတစ်ကောင်အပေါ်သို့ ရောက်ရှိနေကြောင်းတွေ့လိုက်ရသည်။
မီချဲလ်သည်ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်ရာ ရှောင်ယုသည် သူမ၏အနီးတွင်ရှိနေသော ဂရစ်ဖင်တစ်ကောင်၏ထိပ်၌ထိုင်၍ ပြုံးပြနေသည်ကိုတွေ့လိုက်ရသည်။ရှောင်ယု၏အပြုံးကိုတွေ့မြင်ချိန်တွင် မီချဲလ်သည်ရုတ်တရက်နွေးထွေးသွားသလို ခံစားလိုက်ရသည်။ရှောင်ယုနှင့်ရှိနေသရွေ့ သူမ၏ပတ်ဝန်းကျင်သည် လုံခြုံကြောင်း မီချဲလ်ခံစားမိလိုက်သည်။
Thank For Reading.