အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း ၄၉၆ - ပရောဖက်ပြုချက်ကမှန်နေတာလား
"သားလေး...မင်းတို့ကစားနေတာကြာပြီ...မင်းတို့ရဲ့အစွမ်းကစိတ်ပျက်စရာပဲ"
ထိုအချိန်တွင်ဝိုင်သောက်ရင်း တိုက်ပွဲကိုစောင့်ကြည့်နေသော အေဂါဝမ်က ရုတ်တရက်ထရပ်လိုက်ကာ တိုက်ပွဲရှိရာသို့လျှောက်သွားခဲ့ပြိး ဌာနမှုးဂတ်ဒင်းအား လက်ညိုးထိုးပြလိုက်သည်။
ဌာနမှုးဂတ်ဒင်းသည် အေဂါဝမ်၏မှော်အစွမ်းဖြင့် လွှမ်းခြုံခံလိုက်ရသည့်အတွက် သူ၏လှုပ်ရှားမှုမှန်သမျှ ရပ်တန့်သွားစေရန် တွန်းအားပေးခံလိုက်ရသည်။သူသည်လုံးဝမလှုပ်ရှားနိုင်တော့သည့်အတွက် အခြားသူများကသူ့အားအခက်အခဲမရှိ ဝိုင်းရံတိုက်ခိုက်နိုင်ခဲ့သည်။
"သေစမ်း..."
လူတိုင်းသည် အေဂါဝမ်အားကြောက်လန့်သောအကြည့်ဖြင့် စိုက်ကြည့်မိလိုက်ကြသည်။သူတို့သည် ဌာနမှူးဂတ်ဒင်း၏လှုပ်ရှားမှုများအား ထိန်းသိမ်းရန်အလွန်ပင် အားစိုက်ထုတ်ခဲ့ကြသော်လည်း အေဂါဝမ်ကမူ သူမ၏လက်ညိုးတစ်ချောင်းတည်းဖြင့် လှုပ်ရှားမှုတိုင်းကို ရပ်တန့်နိုင်ခဲ့သည်။
ထိုအရာသည် စစ်မှန်သောမှော်သခင်တစ်ယောက်၏ စွမ်းအားဖြစ်သည်။
"အား...အ...မင်း...မင်း"
စကားလုံးများသည် ဌာနမှုးဂတ်ဒင်း၏လည်ပင်းထဲတွင် ကပ်ညှိနေခဲ့ပြီး သူသည်တစ်စုံတစ်ခုကိုပြောလိုသော်လည်း မပြောနိုင်ခဲ့ပေ။ထို့နောက်တွင် အေဂါဝမ်သည်မန္တန်တစ်ပုဒ်အားရွတ်ဆိုလိုက်ပြီး မကြာမှီတွင် ဌာနမှုးဂတ်ဒင်း၏မျက်နှာ၌ ပြင်းထန်စွာဝေဒနာခံစားနေရသည့် အရိပ်အယောင်များထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ဌာနမှူးဂတ်ဒင်း၏ခန္ဓာကိုယ်သည် စတင်လှုပ်ခါလာခဲ့ပြီး သူ၏မျက်လုံးများကစတင်တောက်ပလာခဲ့သည်။ထို့နောက် သူ၏ခန္ဓာကိုယ်မှထူးဆန်းသောအသံများထွက်ပေါ်လာကာ သူ၏မျက်ခုံးအလယ်တည့်တည့်၌ ထူးဆန်းသောမီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။အေဂါဝမ်သည် သူမ၏လက်ချောင်းများကိုလှုပ်ယမ်းလိုက်ရာ ထူးဆန်းသောမီးတောက်က သူမထံပျံသန်းလာခဲ့သည်။ထို့နောက်တွင် အေဂါဝမ်ကထိုမီးတောက်ကိုဖမ်းဆီး၍ ငြိမ်းသတ်လိုက်တော့သည်။
ထိုထူးဆန်းသောမီးတောက်သည် ဌာနမှူးဂတ်ဒင်း၏ဝိညာဉ်မီးပင်ဖြစ်သည်။ဌာနမှူးဂတ်ဒင်းသည် သူ၏ဝိညာဉ်ကိုလောင်ကျွမ်းစေကာ ထွက်ပြေးရန်အတွက် ရှေးဟောင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။သို့သော် အေဂါဝမ်သည် ဌာနမှူးဂတ်ဒင်း၏အကြံအစည်ကို အလွယ်တကူတွေ့မြင်သွားခဲ့ပြီး ထူးဆန်းသောမီးတောက်ကိုမပြေးရအောင် ဖမ်းဆီးထားလိုက်သည်။
တိုက်ပွဲက ဤသို့ပင်အဆုံးသတ်သွားခဲ့သည်။
ရှောင်ယုသည်အေဂါဝမ်အား ရှုပ်ထွေးသောအကြည့်ဖြင့်စိုက်ကြည့်နေခဲ့သည်။သူသည် အေဂါဝမ်၏စွမ်းအားကြောင့် အမှန်ပင်ထိတ်လန့်နေခဲ့သည်။
အေဂါဝမ်သည် အံ့အားသင့်နေသောရှောင်ယုကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"တိုက်ပွဲပြီးပြီလား...မင်းကပစ္စည်းကောင်းလေးတွေမလိုချင်ဘူးလား...သေချာတာကတော့ ဒီမှာပစ္စည်းကောင်းလေးတွေ အများကြီးရှိတယ်"
ထို့နောက်တွင် အေဂါဝမ်သည် မျက်လုံးမှိတ်ထားလိုက်ပြီး ဆိုဖာပေါ်၌ဆက်အိပ်နေခဲ့သည်။
ရှောင်ယုသည် ထိုကိစ္စနှင့်ပတ်သက်၍ မကျေနပ်သော်လည်း အေဂါဝမ်အား ဘာမှမပြောဝံ့ပေ။ရှောင်ယုသည် သူ့လက်ကိုဝှေ့ယမ်းကာ စိတ်ပညာကောလိပ်အားစတင်ရှာဖွေခဲ့သည်။
မသေမျိုး(အမှောင်)မှော်ပညာအတွက် အကြီးမားဆုံးသောပညာသင်ကြားရာနေရာတဖြစ်လဲ စိတ်ပညာကောလိပ်၌ ကောင်းမွန်သောရတနာများမရှိပါက ထူးဆန်းနေမည်ဖြစ်သည်။
"ဟားဟား...ငါတော့ချမ်းသာပြီဘဲ"
ထိုအခိုက်အတန့်တွင် ရှောင်ယုသည်ကောက်ကျစ်စွာပြုံးလိုက်ပြီး စိတ်ပညာကောလိပ်၏ရတနာများကို ကြည့်လိုက်မီသည်။သူသည်အဘယ်ကြောင့် မပျော်မရွှင်ဖြစ်ရမည်နည်း။
စိတ်ပညာကောလိပ်တွင် မှော်လက်နက်များနှင့်အခြားရတနာများ အများအပြားမရှိသော်လည်း အထူးဂရုစိုက်ရမယ့်ရတနာအချို့ရှိပေသည်။
ရှောင်ယုသည် သေတ္တာတစ်လုံးအားဖွင့်ကြည့်လိုက်ရာ အဖြူရောင်အရိုးချပ်ကာများဖြင့် ထူထပ်စွာထုပ်ပိုးသိမ်းဆည်းထားသည်ကိုတွေ့လိုက်ရသည်။၎င်းတို့သည် ဂတ်ဒင်းဝတ်ဆင်ထားသည့်အရာများနှင့်ဆင်တူသော်လည်း အရည်အသွေးအရဆိုလျှင် သူတို့သည်ဂတ်ဒင်းဝတ်ဆင်ထားသည်ထက် ပိုမိုဆိုးဝါးပေသည်။
သို့သော်လည်း အရည်အသွေးညံ့ဖျင်းနေလျှင်ပင် ၎င်းတို့သည်သာမန်ချပ်ဝတ်တန်ဆာများထက် များစွာပိုမိုအားကောင်းနေသေးသည်။
ရှောင်ယုသည် ၎င်းတို့အားရေတွက်ကြည့်လိုက်ရာ အရေအတွက်၄၀၀ကျော်ရှိကြောင်း တွေ့လိုက်ရသည်။
ထိုချပ်ဝတ်များဖြင့်ဆိုပါက ခြေလျင်တပ်ရင်းငယ်တစ်ခုကို ဖွဲ့စည်းရန်လုံလောက်ပေသည်။
ရှောင်ယုသည် ကာဆိုဦးဆောင်သော သံမဏိမြင်းညီနောင်အဖွဲ့အား တစ်ချက်လှည့်ကြည့်လိုက်ကာ ပြုံး၍ပြောလိုက်သည်။
"ကာဆို...မင်းခြေလျင်တပ်ရင်းတစ်ခုဖွဲ့ချင်လား"
ကာဆိုသည် အရာအားလုံးကိုဘေးမှကြည့်နေခဲ့သည်။သူသည် ဤနေရာသို့မဝင်မှီကပင် သူ့လူများအားတိုက်ပွဲဆုလာဘ်များကိုမလုယူရန် အမိန့်ထုတ်ပြန်ထားခဲ့သည်။ထို့ကြောင့် ကာဆို၏လူများသည်အစမှအဆုံးတိုင် မည်သည့်အရာကိုမှမယူခဲ့ကြပေ။
ယခုရှောင်ယု၏စကားကိုကြားသောအခါ ကာဆိုကအံ့သြသွားခဲ့သည်။
"မင်း...မင်းကဒီလက်နက်တွေအကုန်လုံးကိုပေးချင်နေတာလား"
ရှောင်ယုသည် သံမဏိမြင်းညီနောင်အဖွဲ့၏ သံချပ်ကာများကို တစ်ချက်ကြည့်လိုက်သည်။
"မင်းလက်အောက်ငယ်သားတွေရဲ့ ချပ်ဝတ်တန်ဆာတွေက ကောင်းပါတယ်...ဒါပေမဲ့ ဒီအဖြူရောင်အရိုးချပ်ဝတ်တွေရဲ့အရည်အသွေးက မင်းရဲ့လက်နက်တွေထက် အများကြီးပိုကောင်းတယ်"
"ဒါပေမဲ့...ဒီအရိုးချပ်ဝတ်တွေက အရမ်းစျေးကြီးတယ်လေ"
ကာဆိုသည် ရှောင်ယု၏ရက်ရောမှုကို ကျင့်သားရနေပြီဖြစ်သည့်အတွက်ကြောင့် ဤမျှရက်ရောမှုက သူ့အားထိတ်လန့်အောင်လုပ်ဆောင်နိုင်ဆဲဖြစ်သည်။
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
"လူတိုင်းက တိုက်ပွဲမှာပါဝင်ကူညီခဲ့ကြတဲ့အတွက် လူတိုင်းအကျိုးကျေးဇူးတွေရသင့်တယ်...ဒီလက်နက်တွေက ခြေလျင်တပ်သားတွေအတွက် အရမ်းသင့်တော်တယ်...ခြေလျင်တပ်တွေကဒီလိုချပ်ဝတ်တွေကို ဝတ်ဆင်ထားမယ်ဆိုရင် ပိုပြီးအားကောင်းမှာသေချာတယ်....ငါဒီမြင်ကွင်းကိုကြည့်ဖို့မစောင့်နိုင်တော့ဘူး"
"ဒါပေမဲ့...ဒါက...ညီအစ်ကိုရှောင်...ဒါတွေကအရမ်းတန်ဖိုးကြီးတယ်"
ကာဆိုသည် ရှောင်ယုပေးခဲ့သည့်ရတနာများကို ယခင်ကလက်ခံခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လက်မခံနိုင်ဟုခံစားမိပေသည်။
ရှောင်ယုကရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
"အစ်ကိုကာဆို...ငါကဒီကနေပြီးတော့အကျိုးအမြတ်တွေ အများကြီးရနေပြီလေ...ပြီးတော့မင်းနောက်မှပဲငါ့ကိုပြန်ပေးလို့ရတာပဲ"
"ဒါက..."
ကာဆိုသည် အချိန်အတော်ကြာအောင်တုံ့ဆိုင်းနေသော်လည်း အဆုံးသတ်တွင် အင်တင်တင်ဖြင့်လက်ခံလိုက်တော့သည်။
အရာအားလုံးကိုလုယက်ပြီးနောက်တွင် ရှောင်ယုကနောက်ထပ်စူးစမ်းရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။စိတ်ပညာကောလိပ်တွင် အခန်းပေါင်းများစွာရှိနေသော်လည်း အစွမ်းအထက်ဆုံးကျွမ်းကျင်သူဖြစ်သော ဌာနမှူးဂတ်ဒင်းသေဆုံးသွားပြီးနောက်တွင် ကြီးကြီးမားမားအန္တာရယ်ဟူ၍ မရှိတော့ပေ။
ရှောင်ယုကစိတ်ကောင်းဝင်နေခဲ့ပြီး တစ်လမ်းလုံးတမြူးမြူးဖြင့် သီချင်းဆိုနေခဲ့သည်။
ရှောင်ယုသည် ယခင်က စိတ်ပညာကောလိပ်ကို အကြိမ်ပေါင်းများစွာရောက်ဖူးသော်လည်း တစ်ခါတစ်ရံတွင် မှန်ကန်သောလမ်းကြောင်းကိုရှာဖွေရန် အလွန်ရှုပ်ထွေးနေသည့်အတွက် ခေါင်းကိုက်နေရသည်။
နေ့တစ်ဝက်ခန့်လောက်ထိ ရှာဖွေပြီးသည့်နောက်တွင် ရှောင်ယုသည် အခြားကြီးကြီးမားမားရတနာများကိုမတွေ့ခဲ့ပေ။ထို့ကြောင့်ရှောင်ယုက သူ့လူများကိုပြန်ခေါ်သွားခဲ့သည်။
အခန်း ၄၉၇ - တံခါးကိုတူးဖော်မိခြင်း
ဤနေရာ၏ဝင်ပေါက်သည် အခြားနေရာများ၌ရှိနေနိုင်ပြီး မီရန်ဒါကလည်း ဤအကြောင်းအားရှာဖွေရန်အတွက် လူများကိုစေလွှတ်လိမ့်မည်ဟု ရှောင်ယုကယုံကြည်ခဲ့သည်။
သူသည် ယခုအချိန်၌အပြင်သို့ပြန်ထွက်ခဲ့လျှင် ကြီးမားသောတိုက်ပွဲကို ဆင်နွဲရမည်ဖြစ်သည်။
သို့သော်လည်း စိတ်ပညာကောလိပ်တွင် အခြားသောရတနာအချို့ရှိသင့်သည်ဟု ရှောင်ယုခံစားမိပေသည်။
ထိုအချိန်တွက် မှင်စာလေးသည် တစ်နေရာကိုရုတ်တရက်စိုက်ကြည့်လိုက်ကာ ထူးဆန်းသောလေသံဖြင့်အော်ဟစ်လိုက်သည်။
"အရှင်...ဒီနေရာမှာတစ်ခုခုရှိနေတယ်ထင်တယ်"
ရိုးရိုးသားသားပြောရမည်ဆိုပါက ရှောင်ယုသည်ဤမှင်စာလေး၏စူးရှသောအသံကို ကျင့်သားမရခဲ့ပေ။သူသည်ထိုအသံကိုကြားလိုက်တိုင်းတွင် စိတ်မသက်မသာခံစားရသော်လည်း ဤကောင်သည်အမှန်ပင်အသုံးဝင်ပေသည်။
မှင်စာလေး၏အော်သံကိုကြားသော် ရှောင်ယု၏အကြည့်များက စူးရှတောက်ပလာပြီးမေးမြန်းလိုက်သည်။
"ဘာတွေထူးဆန်းနေတာလဲ"
မှင်စာလေးသည် ရှောင်ယု၏အနားသို့တိုးကပ်လာခဲ့သည်။
"ဒီမှာရှိတဲ့ဖွဲ့စည်းပုံကအတော်လေးကြာနေပြီ...ဒီနေရာကိုတစ်ချက်ကြည့်ပါ...
ဒီနေရာတဝိုက်ကိုသံနဲ့ပြုလုပ်ထားပြီးတော့ ကျောက်ဖြူတွေနဲ့အားဖြည့်ပေးထားတယ်...နံရံရဲ့အခြားနေရာတွေကိုတော့ သာမန်ကျောက်တွေနဲ့ပဲပြုလုပ်ထားတာပဲ"
မှင်စာများသည် ခွဲခြမ်းစိတ်ဖြာရာ၌အလွန်ကျွမ်းကျင်ပေသည်။
ရှောင်ယုသည် ဤကျောက်တုံးများအကြောင်းကို သေချာဘာမှမသိပေ။ဤတံတိုင်းသည် သူ၏အမြင်တွင် အလွန်ရိုးရှင်းပေသည်။သို့သော်လည်း ပညာရှင်များ၏အမြင်တွင် ၎င်းသည်လုံးဝခြားနားပေသည်။
"အပိုစကားတွေပြောမနေနဲ့...ဒါကိုဘယ်လိုဖွင့်ရမှာလဲဆိုတာကိုသိချင်တယ်"
ရှောင်ယုသည် အရာရာတိုင်းအား တိုက်ရိုက်လုပ်ဆောင်ရသည်ကိုသာ နှစ်သက်ပေသည်။
"ဒါကိုငါတကယ်မသိဘူး..."
မှင်စာလေးသည် လက်မှိုင်ကျသွားခဲ့ကာ အပြစ်ကင်းစင်သောလေသံဖြင့်ပြောလိုက်သည်။
"ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူးလား"
ရှောင်ယုက မျက်မှောင်ကြုတ်လိုက်မိသည်။
"အဲ့ဒါကို ဘယ်လိုဖွင့်ရမလဲဆိုတာမသိပေမဲ့...ဒီမှာတစ်ခုခုမှားနေပြီဆိုတာတော့ သေချာတယ်...အရင်လေ့လာကြည့်ခွင့်ပေးပါ...အဆင်မပြေဘူးဆိုရင် အခြားတစ်နည်းနဲ့စမ်းကြည့်လို့ရတယ်"
မှင်စာလေးသည် ရှောင်ယုဒေါသထွက်လာမည်ကိုကြောက်ရွံ့၍ အမြန်ဖြေရှင်းလိုက်သည်။
ရှောင်ယုက သူ၏လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။
"သေချာလေ့လာကြည့် မင်းရဲ့လေ့လာမှုမအောင်မြင်ရင်တောင်မှ ပြသနာမရှိဘူး"
"အရှင်...ဒီလိုနေရာမျိုးကပုံမှန်ဆိုရင် ဖွင့်ရတာအရမ်းခက်တယ်"
တစ်ကြိမ်စစ်ဆေးပြီးနောက်တွင် မှင်စာကရှောင်ယုကိုပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ရှောင်ယုသည်မှင်စာလေးအား စကားပြန်မပြောတော့ဘဲ ခိုင်ရင်းကိုသာမျက်ခုံးပင့်ပြလိုက်သည်။ခိုင်ရင်းသည် ရှောင်ယု၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်ကာ နံရံအားပုဆိန်ဖြင့်ပြေးခုတ်လိုက်သည်။
"ဒါ...ဒါက...အဲလိုလုပ်လို့ရတာပဲလား"
မှင်စာလေးသည် ထိုနေရာတွင်ကျောက်ရုပ်လိုရပ်နေခဲ့ကာ နံရံပြိုကျသွားသည်ကို ပြူးကျယ်သောမျက်လုံးအစုံဖြင့် ကြောင်ကြည့်ကြည့်နေခဲ့သည်။
"လမ်းပွင့်သွားပြီဆိုတော့ သွားကြရအောင်"
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး လူအုပ်ကြီးနှင့်အတူ ရှေ့သို့တိုးသွားခဲ့သည်။ရှေ့တွင်မမြင်တွေ့နိုင်သော အန္တာရယ်တစ်စုံတစ်ခုရှိနေမည်ကို ရှောင်ယုမစိုးရိမ်ပေ။သူသည် အမှောင်ဗိမာန်တော်သို့ပင်ရောက်ဖူးပေရာ ဤနေရာသည်အမှောင်ဗိမာန်တော်ထက် အန္တာရယ်များနိုင်မည်လား။
လူတိုင်းသည် လမ်းကြောင်းအတိုင်းအထဲသို့ဝင်သွားကြသည်။ထိုလမ်းကြောင်းအတွင်း၌ အလင်းရောင်မရှိ၍မှောင်မိုက်နေသော်လည်း လူတိုင်းကဂရုမစိုက်ကြပေ။သူတို့သည် အလင်းကျောက်မျက်အချို့ကိုထုတ်ယူကာ လမ်းကြောင်းကိုအလင်းပေးပြီး အတွင်းထဲသို့အလွယ်တကူဝင်ရောက်နိုင်ရန်အတွက် မှော်ပညာကိုလည်းအသုံးချခဲ့ကြသည်။
အထဲသို့တဖြည်းဖြည်းဝင်ရောက်လာသည်နှင့်အမျှ လမ်းကြောင်းကပိုမိုကျည်းမြောင်းလာခဲ့သည်။တစ်ကြိမ်တည်းတွင် လူအနည်းငယ်ကသာ အတူတကွဖြတ်သန်းနိုင်ခဲ့သည်။
"ရှေ့မှာလမ်းမရှိတော့ဘူး"
လမ်းကြောင်းကိုဦးဆောင်ရှာဖွေနေသည့် မိုင်ယဗ်နှင့်ကာဆိုကပြောလာခဲ့သည်။
ကာဆိုသည် ဤလမ်းကြောင်းကိုရှာဖွေထောက်လှမ်းရန် သင့်တော်သောကင်းထောက်မဟုတ်သော်လည်း သူ၏အစွမ်းထက်သော အကာအကွယ်ကြောင့် မမျှော်လင့်ထားသော တိုက်ခိုက်မှုမှန်သမျှကို ခုခံကာကွယ်နိုင်ခဲ့သည်။
သူ၏ဆူးချွန်ဒိုင်းကာသည် အခြေခံအားဖြင့် ရုတ်တရက်တိုက်ခိုက်မှုများကို တောင့်ခံနိုင်စွမ်းရှိပေသည်။
"မှင်စာလေး...သွားပြီးတော့ထွက်ပေါက်ကိုရှာလိုက်"
ရှောင်ယုက မှင်စာလေးအားပြောလိုက်သည်။
"ဒါက အရင်ကဆိုရင်တံခါးပေါက်တစ်ခုဖြစ်ပေမဲ့ အချိန်အကြာကြီးပိတ်ဆို့ထားခဲ့ပြီးတော့ တစ်စုံတစ်ခုရဲ့ပယောဂမကင်းတာသိသာတယ်...ဒီမှာယန်ဓာတ်မရှိဘူးဆိုတော့ ဖြည်းဖြည်းချင်းတူးထုတ်မှရမယ်"
ယခုတစ်ကြိမ်၌ မှင်စာလေးသည် သူ၏အစွမ်းကိုသက်သေပြခဲ့လေသည်။
သန်မာသောခန္ဓာကိုယ်ရှိပြီး မြေတူးရန်သင့်တော်သောတပ်သားအချို့သည် မြေကိုစတင်တူးဖော်ကြသည်။ယခုတစ်ကြိမ်၌ မှင်စာလေး၏စကားမမှားခဲ့ပေ။ဧရာမတံခါးကြီးသည် မြေကြီးကိုတူးဖော်ချိန်မှသာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။၎င်းသည် အလွန်ဟောင်းနွမ်းကာဆွေးမြေ့နေသည့်အတွက်ကြောင့် မြေလွှာနှင့်ပေါင်းစပ်နေခဲ့ပြီး ဖွင့်ရန်နည်းလမ်းမရှိဘဲ တူးထုတ်ရုံသာတတ်နိုင်ခဲ့သည်။
တံခါးကိုစတင်တူးထုတ်နေသော်လည်း အသုံးမဝင်ဘဲ ရှုပ်ပွနေသောအရာများစွာကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။ရံဖန်ရံခါတွင် ပုလင်းများနှင့်သံဗူးခွံများကိုပင် တူးဖော်ရရှိခဲ့ကြသည်။
"ဒါကိုဆက်တူးရမှာလား...ဒါကဘယ်လောက်ထိနက်တာလဲ"
ရှောင်ယုက မှင်စာလေးကိုထပ်မေးလိုက်သည်။သူတို့သည် အချိန်အကြာကြီး တူးဖော်၍မည်သည့်အရာကိုမှမတွေ့လျှင် သူတို့၏အဖိုးတန်အချိန်များ ကုန်ဆုံးသွားမည်ဖြစ်သည်။
"ငါကျိန်းသေတယ်...အရှင်...တူးဖော်တွေ့ရှိထားတဲ့အရာတွေကိုကြည့်လိုက်ရင် လူ့အသုံးအဆောင်ပစ္စည်းတွေဆိုတာ သိသာနေတာပဲ...ဒါတွေကသာအတုတွေဆိုရင်တော့ ဆက်မတူးသင့်တော့ဘူး...ဒါပေမဲ့ခုကြည့်ရသလောက်ကတော့ ငါတို့သာဆက်လက်တူးဖော်နေမယ်ဆိုရင် ကောင်းမွန်တဲ့အရာတစ်ခုကို ကျိန်းသေပေါက်ရရှိနိုင်လိမ့်မယ်"
မှင်စာလေးသည် တူးဖော်ထားသောမြေဆီလွှာကိုကြည့်ရင်း ပြောလိုက်သည်။
အချိန်အတော်ကြာတူးဖော်ပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်၏သချိုင်းဂူနှင့်တူသော မြေအောက်နေရာသို့ရောက်ရှိလာခဲ့သည်၊ထိုအခိုက်အတန့်တွင် အူသာကိုအလွန်တောက်ပသောအလင်းရောင်က ရုတ်တရက်ဖုံးလွှမ်းသွားခဲ့သည်။
"အား..."
အူသာသည် ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သချိုင်းဂူထံပြေးဝင်သွားခဲ့သည်။
"အူသာနောက်ကိုချက်ချင်းလိုက်..."
ရှောင်ယုက စိတ်မရှည်သောလေသံဖြင့်အမိန့်ပေးလိုက်ကာ အူသာနောက်သို့လူတိုင်းနှင့်အတူ လိုက်လာခဲ့သည်။သူသည် အူသာအား မည်သည့်ပြဿနာမှအဖြစ်မခံနိုင်ပေ။ရှောင်ယုအတွက် အူသာသည်အလွန်ပင်အရေးကြီးပေသည်။
အကယ်၍ အူသာသာတစ်စုံတစ်ခုဖြစ်ပွားသွားခဲ့ပါက ရှောင်ယု၏ဆုံးရှုံးမှုသည် အလွန်ကြီးမားသွားမည်ဖြစ်ပြီး ပြန်လည်ဖွဲ့စည်းထားသောငွေရောင်လက်သည်လည်း နောက်တစ်ကြိမ်ပျက်စီးသွားမည်ဖြစ်သည်။
ရှောင်ယု၊ဂရင်း၊မိုင်ယဗ်နှင့်အခြားလူများသည် တစ်စက္ကန့်လေးတောင်မဆိုင်းဘဲ အူသာနောက်သို့လိုက်လာရင်း ခမ်းနားလှသည့်ခန်းမကြီးတစ်ခုထဲ ရောက်လာခဲ့သည်။
ခန်းမတစ်ခုလုံးကို ကျောက်မျက်ရတနာများဖြင့်အလှဆင်ထားကာ နေရာတိုင်း၌ရောင်ပြန်ဟပ်နေခဲ့သည်။ခန်းမကြီး၏ ခမ်းနားကြီးကျယ်မှုသည် ရှောင်ယုယခင်ကရောက်ဖူးခဲ့သော ကြယ်ငါးပွင့်ဟိုတယ်တစ်ခုနှင့် အတူတူပင်ဖြစ်သည်။
အခန်း ၄၉၈ - မြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်ခြင်း
ခန်းမထဲ၌ ကြီးမားသောရွှေရောင်ရုပ်တုကြီးမှလွဲ၍ အခြားမည်သည်မှမရှိပေ။
ထိုရုပ်တုရှေ့တွင် အလွန်ကြီးမားသောခေါင်းတလားကြီးတစ်ခုရှိနေခဲ့သည်။
"အဲ့ဒါက အူသာရဲ့သချိုင်းပဲ..."
ရှောင်ယုသည် ခေါင်းတလားကိုမြင်သောအခါ ထိုခေါင်းတလားသည် မည်သူ့၏အပိုင်ဖြစ်ကြောင်း ချက်ချင်းနားလည်သွားခဲ့သည်။ထိုအရာသည် သူတချိန်လုံးရှာဖွေနေခဲ့သည့် အူသာ၏သချိုင်းဂူဖြစ်သည်။
အူသာ၏အုတ်ဂူနှင့်စိတ်ပညာကောလိပ်ကြား အကွာအဝေးသည် ထိုမျှမဝေးကွာပေ။ယခုအခါ အူသာ၏သချိုင်းဂူသည် ဤနေရာ၌ရှိနေခဲ့သည်။သူတို့သည်လည်း အူသာ၏သချိုင်းဂူရှိရာသို့ မမျှော်လင့်ဘဲ တူးဖော်မိခဲ့သည်။
ဤနေရာသည် အူသာ၏သချိုင်းဂူဖြစ်ပေရာ အူသာသည်ဤနေရာသို့အမြန်ဆုံးပြေးသွားသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ဤအရာသည် အူသာချန်ရစ်ထားခဲ့သောအမွေဖြစ်သည်။ယခုအခါ အူသာသည်ဤသို့ရောက်လာခဲ့ရာ အမွေကိုသဘာဝအတိုင်းခံစားမိပေသည်။
နောက်ဆုံးတွင်ရှောင်ယုသည် သူ၏အာရုံကိုပြန်လည်စုစည်းနိုင်ခဲ့သည်။သူသည် ပတ်ဝန်းကျင်အားသေချာစစ်ဆေးလိုက်ရာ ကျောက်ရုပ်ထုရှေ့၌ မျက်လုံးမှိတ်ကာ မျောလွင့်နေသောအူသာကို တွေ့လိုက်ရသည်။
ထိုကျောက်ရုပ်တုမှဖြာကျလာသော ရွှေရောင်အလင်းတန်းများသည် အူသာကိုလွှမ်းခြုံထားခဲ့လေသည်။အူသာသည် ထိုရွှေရောင်အလင်းတန်းအားနှစ်ခြိုက်သည့် ကလေးငယ်တစ်ယောက်နှင့်တူနေခဲ့သည်။
"ဒီတစ်ခါတော့ အူသာတကယ်ပြန်လာခဲ့ပြီ"
အူသာ၏လက်ရှိဖြစ်စဉ်သည် မိုင်ယဗ်နှင့်တူညီနေပြီး သူတို့သည်သက်ဆိုင်ရာကိုယ်ပိုင်အမွေများကို ရရှိခဲ့ကြောင်း ရှောင်ယုနားလည်လိုက်သည်။
ထိုအရာသည်ရှောင်ယုအတွက် ကျိန်းသေပေါက်ကောင်းမွန်သောအရာဖြစ်သည်။
လက်ရှိအချိန်တွင် လူတိုင်းသည်ဤနေရာသို့ရောက်လာခဲ့ကြသည်။အူသာ၏လက်ရှိမြင်ကွင်းကို ငွေရောင်လက်၏အဖွဲ့ဝင်များမြင်သောအခါ တစ်ယောက်ပြီးတစ်ယောက်ဒူးထောက်လိုက်ကြသည်။
ယခုလိုဒူးထောက်မှုသည် အလိမ်အညာမဟုတ်ခဲ့ပေ။ဤမြင်ကွင်းမှတဆင့် အူသာသည်အစစ်အမှန်ဖြစ်ကြောင်း သူတို့ပိုမိုယုံကြည်လာခဲ့သည်။လူတိုင်းသည် အူသာ၏သချိုင်းဂူကိုနှစ်ပေါင်းများစွာရှာဖွေခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။
အူသာ၏သချိုင်းသည် မတ်ဂ်မြို့အနီးတွင်တည်ရှိနေလိမ့်မည်ဟု မည်သူမှမထင်ခဲ့ကြပေ။
"ခုငါတို့ဘယ်ကိုရောက်နေတာလဲ..."
ရှောင်ယုက ခန်းမကျယ်ကြီးကိုကြည့်ရင်း မေးမြန်းလိုက်သည်။
"သေချာတော့မသိဘူးအရှင်...ဒါပေမဲ့ငါ့ရဲ့တွက်ချက်မှုတွေအရတော့ မတ်ဂ်မြို့အောက်မှာရှိနေသင့်တယ်ထင်တယ်"
မှင်စာလေးသည် ခုန်ထွက်လာကာ အကြံညဏ်ပေးလိုက်သည်။
ရှောင်ယုက မှင်စာလေးကိုကြည့်၍ခေါင်းညိတ်ပြလိုက်သည်။
"မိုင်ယဗ်...အပြင်ထွက်ပြီးလမ်းရှာကြည့်"
မိုင်ယဗ်ကစကားပြန်မပြောဘဲ ခေါင်းညိတ်ပြကာထွက်ခွာသွားခဲ့သည်။
ရှောင်ယုက လူတိုင်းလိုလိုပင်အူသာကို နှောင့်ယှက်ခြင်းမပြုရန် အမိန့်ပေးထားခဲ့သည်။ထို့ကြောင့် လူတိုင်းသည်ရှောင်ယု၏အမိန့်ကိုစောင့်မျှော်နေကြကာ ဘေး၌ငြိမ်သက်စွာထိုင်နေကြသည်။
လက်ရှိအချိန်တွင် သူတို့သည်စိတ်ပညာကောလိပ်အတွင်းရောက်ရှိနေပြီး အပြင်ဘက်သို့ထွက်ခွာလိုက်သည်နှင့်ကြီးမားသောတိုက်ပွဲကြီးတစ်ခုက စောင့်မျှော်နေပြီဖြစ်ကြောင်း သိရှိထားကြ၍ တိုက်ခိုက်ရန်အဆင်သင့်စောင့်ဆိုင်းနေကြသည်။
မကြာမှီ မိုင်ယဗ်ကပြန်လည်ရောက်ရှိလာခဲ့သည်။
"ထွက်မယ့်လမ်းကိုရှာတွေ့ခဲ့ပြီအရှင်...လမ်းကြောင်းကမတ်ဂ်မြို့ရဲ့ထောင့်ကတောင်ကုန်းမှာဖြစ်တယ်"
"ဒါပဲ..."
ရှောင်ယုသည် မိုင်ယဗ်၏တွေ့ရှိမှုကြောင့် အလွန်ဝမ်းသာသွားခဲ့သည်။
ခွေးကောင်မီရန်ဒါ...မင်းကငါ့မိန်းမတွေနဲ့ပတ်သက်ပြီးတော့ မဟုတ်မမှန်ကြံစည်ရဲတယ်ပေါ့...မင်းတကယ်အသက်မရှင်ချင်တော့ဘူးထင်တယ်
ထို့နောက်တွင်ရှောင်ယုသည် ဂရင်း၊ကာဆိုနှင့်အခြားသူများနှင့်ဆွေးနွေးညှိနှိုင်းခဲ့ကာ နည်းဗျူဟာတစ်ခုအားချမှတ်ခဲ့သည်။ထိုအစီအစဉ်အား အပြီးသတ်ပြီးချိန်တွင် ရှောင်ယု၏မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ရှောင်ယု၏အမြင်တွင် မတ်ဂ်မြို့သည် ဧရာမရွှေပုံကြီးတစ်ခုဖြစ်နေသော်လည်း ကြီးမားသောအန္တာရယ်များကိုကျော်ဖြတ်ခြင်းမပြုဘဲ ၎င်းကိုမရရှိနိုင်ပေ။သို့သော်လည်း ယခုနောက်ဆုံးတွင်မူ သူလိုချင်သည့်အရာကိုရယူရန် နည်းလမ်းပေါင်းများစွာရှိနေခဲ့သည်။
နာရီဝက်ကျော်ကြာမြင့်ပြီးနောက်တွင် အူသာ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ရွှန်းလဲ့တောက်ပသောရွှေရောင်အလင်းများကို ထုတ်လွှတ်လိုက်ရာ လူတိုင်းဘာမှမမြင်ရတော့ပေ။
"နောက်ဆုံးတော့ ငါပြန်လာပြီ"
အူသာ၏နှုတ်ခမ်းများက ပွင့်ဟသွားကာတိုးတိုးလေးရေရွတ်လိုက်သည်။ယခုအခါ အူသာ၏အိပ်စက်နေသောဝိညာဉ်သည် ပြန်လည်နိုးထလာပြီဖြစ်ကြောင်း သီသာပေသည်။
အူသာသည် လေထဲလွှင့်မျောနေရာမှာ မြေပြင်ပေါ်သို့ပြန်လည်ဆင်းသက်လာခဲ့သည်။ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှနေ၍ မြင့်မြတ်သောအော်ရာများကို ထုတ်လွှတ်နေခဲ့သည်။ငွေရောင်လက်မှပါလာဒင်များသည် အူသာပြန်ရောက်လာသည်ကို ကူညီသည့်အနေဖြင့် မျက်ရည်ဖြိုင်ဖြိုင်စီးကျလာကြသည်။
အူသာဆင်းသက်လာသည်နှင့် မူလကတည်ရှိနေသော ဧရာမရုပ်တုကြီးသည်ပြိုကျသွားခဲ့ကာ ခန်းမကြီးတစ်ခုလုံးတုန်ခါလာခဲ့သည်။
"ခန်းမပြိုကျတော့မယ်...လူတိုင်းဒီနေရာကနေထွက်သွားဖို့လုပ်ကြတော့"
ရှောင်ယုက တပ်သားများအားအလျင်စလိုလုပ်ရန် အမိန့်ပေးလိုက်သည်။
လူတိုင်းသည် ချက်ချင်းတုံ့ပြန်လိုက်ကြကာ ထွက်ပေါက်ဆီသို့ဦးတည်ပြေးလွှားလိုက်ကြသည်။ကံကောင်းထောက်မစွာဖြင့် ရှောင်ယု၏တပ်သားများသည် အဖွဲ့ငယ်များအဖြစ်ဖြန့်ခွဲထား၍ထွက်ပေါက်ကိုမပိတ်ဆို့ထားကြပေ။
သူတို့သည် အပြင်သို့အပြေးအလွှားထွက်လာချိန်တွင် ခန်းမကပို၍ပြင်းထန်စွာလှုပ်ခါလာခဲ့သည်။
"ခန်းမပြိုကျပြီဆိုရင် ရန်သူတွေကချက်ချင်းသိသွားလိမ့်မယ်...ဒါကြောင့်ငါတို့ကအမြန်ဆုံးခိုးဝင်တိုက်ခိုက်ဖို့လိုတယ်"
ရှောင်ယုက ကျယ်လောင်စွာအော်ပြောလိုက်သည်။
"ဟုတ်ကဲ့..."
လူတိုင်းက ရှောင်ယု၏အမိန့်ကို တစ်ညီတစ်ညာတည်းတုံ့ပြန်လိုက်ကြသည်။
ထို့နောက်တွင် လူတိုင်းသည် ခန်းမထဲမှအမြန်ထွက်လာကြပြီး မိုင်ယဗ်တွေ့ထားသည့် လမ်းကြောင်းအတိုင်းလိုက်လာကြသည်။များမကြာမှီတွင် သူတို့သည်ဥမင်လှိုဏ်ခေါင်းအတွင်းမှ ထွက်လာကြပြီး တောအုပ်ကိုလှမ်းမြင်လိုက်ရသည်။
"သွား...အဲ့ဒီလူယုတ်မာမီရန်ဒါကိုသွားရှာ"
ရှောင်ယုက အမိန့်ပေးလိုက်သည်။
များမကြာမှီတွင် ကင်းထောက်ပြန်ရောက်လာကာ အက်စ်ဝမ်၊မီရန်ဒါနှင့်ဆခ်တို့သည် မြို့တော်ခန်းမအတွင်း၌ရှိနေပြီး သူတို့၏စစ်တပ်သည်အားမြို့ပြင်၌ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ဤအချိန်သည် မတ်ဂ်မြို့အားဝိုင်းရံရန်အကောင်းဆုံးအချိန်ဖြစ်ကြောင်း ရှောင်ယုနားလည်လိုက်သည်။
ရှောင်ယုက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူခဲ့သည်။သူသည် မိုင်ယဗ်အားစေလွှတ်ကာ အက်စ်ဝမ်အားလုပ်ကြံခိုင်း၍ မြို့တော်ခန်းမသို့ပြန်လာစေခဲ့သည်။
"ဟင်း...ဘာတွေဖြစ်နေတာလဲ"
အက်စ်ဝမ်သည် မျက်မှောက်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်အားစစ်ဆေးကြည့်လိုက်ကာ အနည်းငယ်စိတ်မသက်မသာခံစားလိုက်ရသည်။အက်စ်ဝမ်သည် ဘေးပတ်ပတ်လည်အားစစ်ဆေးကြည့်ပြီးသည့်တိုင်အောင် မည်သည်ကိုမှမတွေ့ရ၍ မသက်မသာခံစားချက်များကပျောက်ကွယ်မသွားဘဲ ပိုမို၍ပြင်းထန်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ...ငါဘာလို့အဆင်မပြေသလိုခံစားနေရတာလဲ"
အက်စ်ဝမ်သည် ချက်ချင်းပင်စိတ်လှုပ်ရှားလာခဲ့သည်။ရုတ်တရက်ဆိုသလို သူ၏လည်ပင်းအေးစက်သွားသလို ခံစားလိုက်ရကာ ဘာမှမသိလိုက်သေးခင် သူ၏ခေါင်းကလေပေါ်လွှင့်ပျံသွားခဲ့သည်။
"အား..."
သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်၌ရှိနေဆဲဖြစ်သော်လည်း သူ၏ခေါင်းကမူလေပေါ်လွှင့်ထွက်သွားခဲ့သည်။
မိုင်ယဗ်၏ခိုးဝင်တိုက်ခိုက်မှုသည် အက်စ်ဝမ်အားငရဲသို့တိုက်ရိုက်ပို့ဆောင်ခဲ့သည်။
ယခုအချိန်တွင် မိုင်ယဗ်သည်ဆဌမအဆင့်ကျွမ်းကျင်သူမဟုတ်ပါက သူမပိုင်ဆိုင်သည့်စွမ်းအားဖြင့် မည်သူ့ကိုမဆိုသတ်ဖြတ်နိုင်စွမ်းရှိပေသည်။
အက်စ်ဝမ်အားသတ်ဖြတ်ပြီးနောက် မိုင်ယဗ်သည်ရှောင်ယု၏အဖွဲ့ထံသို့ပြေးဝင်သွားခဲ့သည်။ရှောင်ယုသည် မီရန်ဒါအားသတ်ဖြတ်ရန် ကြံစည်နေကြောင်း သူမသိထားပေသည်။