← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

“ဒါမျိုးကို ပြန်လည်တုံ့ပြန်မှု လို့ခေါ်တယ်ဆိုတာ ကိုယ်သိတယ်”

စူးယွင်သည် မျက်လုံးပြူးလေးဖြင့် သူ့ထံကြည့်လိုက်မိ၏။

ဒါကြီးက ပြန်လည်တုံ့ပြန်မှုဆိုပြီး ယူဆလို့ရတယ်ဆိုတာ သေချာရဲ့လား။

ပစ္စည်းနှစ်ခုကြားရှိ တန်ဖိုးကွာခြားမှုမှာ အလွန်များပြားလွန်းလှပေသည်။

သူမသည် တောက်တစ်ချက်ခေါက်လိုက်မိကာ မျက်ခုံးများအားပင့်၍

“အဝတ်အစားတစ်စုံစာက ဘာမှမတန်ပါဘူး။ဒီပစ္စည်းနဲ့ ယှဉ်လို့ကိုမရတာပါ”

နဉ်ကျင်းသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းခွန်းတုံ့ပြန်လာ၏။

“ကိုယ့်စိတ်ထဲမှာတော့ အဲ့ဝတ်စုံက ရွှေစတစ်ထောင်တန်ပါတယ်”

သူ၏လေသံမှာ နူးညံ့သိမ်မွေ့နေဆဲပင်။

သို့သော် စူးယွင်၏နှလုံးခုန်နှုန်းများမှာတော့ မှားယွင်းကုန်ကြကာ အသက်ရှူပင်မှားသွားခဲ့ရပြီး သူမအား ရပ်နေသည့်နေရာမှာပင် ယောင်တိယောင်ဝါးဖြင့် အူတူတူဖြစ်နေစေခဲ့သည်။

“မင်းအသိစိတ်လွတ်သွားပြီလား”

နဉ်ကျင်းသည် သူမထံပါး ဖြည်းဖြည်းချင်းချဉ်းကပ်ကာ သူမ၏မေးစေ့ကို သူ့လက်ဖြင့်အသာပင့်ကိုင်လိုက်၏။

“တုတ်တုတ်မှကို မလှုပ်တော့ဘူး”

သူ့ထံမှကူးစက်လာသည့် အနွေးဓာတ်ကို ခံစားမိလိုက်၍ စူးယွင်၏လက်ချောင်းလေးများမှာ လက်သီးဆုပ်လိုက်မိသွားသည်။

“ကျွန်မ”

သူသည် သူမဦးခေါင်းအား အသာလှည့်ကာ ချိန်ညှိပေးရင်း သူမဆံထုံးထဲသို့ ကြွေပန်းဆံထိုးလေးကို မြဲနေအောင်ထိုးစိုက်ပေးလာ၏။

နှစ်ခြိုက်သဘောတွေ့သွားသည့် အရိပ်အယောင်တစ်ချက်မှာ နဉ်ကျင်း၏မျက်လုံးများတွင်း ထင်ဟပ်နေကာ ထိုအကြောင်းအား ထုတ်ပြောရန်လဲ ဝန်မလေးနေပေ။

“မင်းနဲ့တစ်ကယ်လိုက်တယ်”

သူမလေးအား ပန်းချီကားတစ်ချပ်သဖွယ် နူးညံ့၍အစဉ်အမြဲ လှပနေသည်ဟု ယူဆနိုင်သော်ငြား သူမဆံနွယ်များထက်ရှိ ယိမ်းနွဲ့နေသော ကြွေပန်းဆံထိုးမှာ သူမလေးထံ မျက်စိမလွှဲနိုင်လောက်သော နှစ်လိုမှုကိုပါ ပေါင်းထည့်ပေးလာလေ၏။

“ပုံမှန်ဆို ရိုးရှင်းလွန်းနေတာလေ။အရောင်အသွေးနည်းနည်းလောက် ထပ်ဖြည့်လိုက်တာက မင်းရဲ့စိတ်အခြေအနေကို ပိုကောင်းလာစေလိမ့်မယ်”

ဝမ်ကောတွင် များပြားသော အလုပ်ဝန်နှင့် အရင်းအနှီးမလုံလောက်မှုပြဿနာတို့ ရှိနေ‌ေသာကြောင့် စူးယွင်သည် အမြဲတစေ သူမဆံပင်များအား ဖဲကြိုးတစ်ချောင်းဖြင့်သာ အလွယ်ချည်နှောင်ထားခဲ့ရသည်။

သို့သော် ဤဆံထိုးအား သူ့တူမထံမှ နဉ်ကျင်းတွေ့လိုက်ရသော် သူမနှင့်ကျိန်းသေလိုက်ဖက်လိမ့်မည်ဟု ခံစားခဲ့ရ၏။

သူ၏တူမဖြစ်သူမှ သူ့အပေါ်အကြိမ်ပေါင်းများစွာ လှည့်ကွက်များသုံးခဲ့လျှင်ပင် ထိုက်တန်သည်ဟု ထင်မြင်မိဆဲပင်။

စူးယွင်သည် လက်အားဆန့်၍ဆံထိုးအား ထိလိုက်ရာ ဆံထိုးထက်စွဲထင်နေသေးသည့် အနွေးဓာတ်လေးမှာ လျှပ်စီးကြောင်းတစ်ခုလို သူမလက်ချောင်းထိပ်များတစ်လျှောက်၌ စီးဝင်သွားတော့၏။

ဆောင်းဦးရေအလျင်အလား သိမ်မွေ့လှသည့် သူမမျက်ဝန်းတို့အား သူနှင့်အကြည့်ချင်းဆုံရန် ပင့်ကြည့်လိုက်ကာ နှစ်လိုဖွယ်ကောင်းလှသည့်အပြုံးလေးဖြင့်

“ကျွန်မနဲ့တစ်ကယ်လိုက်တယ်လို့ ရှင်ထင်တယ်ပေါ့”

စူးယွင်သည် အလှအပကြိုက်သူလေးတစ်ဦးဖြစ်ပါသော်ငြား လောကဓံကြောင့်ထိုဝါသနာလေးကို လွတ်လွတ်လပ်လပ် မဖော်ပြမိအောင်ထိန်းသိမ်းထားခဲ့ရသည်။

“အမ်း”

နဉ်ကျင်းသည် သူမ၏ဆံနွယ်အချို့အား လက်ဆန့်၍ သပ်တင်ပေးလိုက်၏။

“မင်းမှန်ထဲကြည့် ကြည့်လိုက်လေ”

စူးယွင်သည် မှန်ရှေ့သွားကာ သူမဆံပင်များအား သပ်ရပ်အောင်ပြင်လိုက်သည်။သူမှသူမအား မလိမ်ခဲ့သည်ကို တွေ့လိုက်ရရာ ခံစားချက်များ မြှင့်တက်လာပြီး သူမခံစားနေရသည့် ပင်ပန်းနွမ်းနယ်မှုတို့မှာလည်း ခဏချင်းပင် ပျောက်ကွယ်သွားလေတော့၏။

“ရှင့်မှာတစ်ကယ်ကို အမြင်ကောင်းရှိတာပဲ”

နဉ်ကျင်းသည် သူမထံလျှောက်လာပြီး မှန်ထဲမှသူမပုံရိပ်ကို စိုက်ကြည့်နေလိုက်သည်။လရောင်အောက်ရှိ သူမ၏သိမ်မွေ့သော အလှတရားမှာ သူ၏နှလုံးကြိုးမျှင်တို့အား ပျော်ရွှင်မှုဖြင့်တုန်ယင်သွားစေလေ၏။

“အဓိက,ကတော့ မင်းကြောင့်ပါပဲ”

(T-N /လူကလှလို့ ဆံထိုးနဲ့လဲလှတာပါဆိုပြီး ပြောချင်တာပါ)

စူးယွင်သည် ရုတ်တရုတ်ဆိုသလို ခေါင်းလှည့်ကြည့်လိုက်သည်။သူတို့ကြားရှိ အကွာအဝေးသည် သူ့မျက်လုံးများထဲရှိ တုံ့ပြန်မှုတိုင်းအား မြင်နိုင်သည်ထိ နီးကပ်လွန်းလှ၏။

သိမ်မွေ့မှု၊အပြုံးရိပ်တစ်ခု၊ပြီးတော့ ထပ်ရှိနေသေးတာက……ပိုပြီးနက်ရှိုင်းတဲ့ဆိုလိုရင်းအရိပ်အယောင်တစ်ခုခုရှိနေသေးတယ်။

စူးယွင်၏ ပါးပြင်လေးများမှာ ရဲတက်လာပြီး သူမနှုတ်ခမ်းတစ်စုံမှ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပေသိ အချိန်အတော်ကြာသည်ထိ စကားမပြောနိုင်ခဲ့ချေ။

နဉ်ကျင်းသည် ခြေတစ်လှမ်းနောက်ဆုတ်ကာ သူတို့ကြား၌ အကွာအဝေးတစ်ခု ဖန်တီးပေးလိုက်၏။

သူ၏ခေါက်ယပ်တောင်အားသုံးကာ သူမခေါင်းအား အသာပုတ်လိုက်သည်။

“သွားကြစို့”

“သွားမယ်?”

စူးယွင်မှာ ရှုပ်ထွေးသွားရ၏။

ဒါကရော ဘာ‌ေရွှ့ကွက်လဲ။

အခုချက်ချင်း…..လက်ငင်းကို သူကသွားချင်နေတာလား။

နဉ်ကျင်းသည် သူမ၏ညာဘက်လက်ကောက်ဝတ်အား အသာဆွဲကိုင်ကာ သူမအားအပြင်ဘက်ခေါ်ထုတ်သွားတော့သည်။

“ရှောင်ဟယ်က အခုအလုပ်ရှုပ်နေတာလေ။ကိုယ်ကပဲ မင်းကို သမားတော်ဆီလိုက်ပို့ပေးမယ်”

ဤသည်မှာ ယနေ့သူရောက်လာရသည့် အကြောင်းရင်းများထဲရှိ တစ်ခုဖြစ်သည်။

သူမမှာ အလုပ်ရှုပ်လွန်းပြီး ဆေးခန်းသွားရန်မေ့သွားမည်ကို သူစိုးရိမ်လှ၏။

စူးယွင်သည် သူ့ထံမျက်လုံးလှိမ့်ပြလိုက်သည်။

“ကျွန်မရှင်နဲ့တစ်ကယ်ကို မသွားချင်ဘူးနော်”

အဲ့ဒါက တစ်ကယ်ကြီးလိုအပ်နေလို့လား။

ဒဏ်ရာသည် ယနေ့မနက်ကတည်းမှ နာတောင်မနာကျင်‌ေတာ့ပေ။

ဆေး‌ေပးခန်း

စူးယွင်သည် သမားတော်စစ်ဆေးနိုင်ရန် သူမဘယ်လက်အား ဆန့်ထုတ်ပေးလိုက်၏။

“မိန်းကလေး ဒဏ်ရာကအဆင်ပြေပါတယ်။အရမ်းမနက်ပါဘူး။မင်းပြန်ရောက်တဲ့အခါ ဆေးတစ်ချို့လိမ်းလိုက်ရုံနဲ့ ပျောက်သွားလိမ့်မယ်”

“ဘာမှမဖြစ်နိုင်ပါဘူးလို့ ကျွန်မရှင့်ကို မပြောခဲ့ဘူးလား”

စူးယွင်သည် ဘေး၌ရပ်ကာ သမားတော်ဆေးပြင်ပေးနေသည်အား ကြည့်နေသည့် နဉ်ကျင်းထံ စိုက်ကြည့်လိုက်၏။

“ရှင်က‌ေလ လူကြီးတစ်ယောက်ဖြစ်နေတာတောင် အရေးမဟုတ်တာကို အရာလုပ်နေတယ်”

နဉ်ကျင်းသည် သူမအားလျစ်လျူရှုကာ သမားတော်နှင့် ဆွေးနွေးနေသည်။

“အရည်အသွေးအကောင်းဆုံး အမာရွတ်လိမ်းဆေးပြင်ပေးပါနော်။သူမလက်ပေါ်က ဒဏ်ရာရဲ့ဘယ်လိုအရိပ်အယောင်ကိုမှ ကျွန်တော်မတွေ့ချင်ဘူး”

ဖြန်း!

စူးယွင်သည် သူ့လက်မောင်းအား ရိုက်ချလိုက်၏။

“ဟေး ရှင်ကတစ်ကယ်ကြီး ဝင်ပါလွန်းနေတာမဟုတ်ဘူးလား”

“အဘွားကြီးတွေတောင် ဒီလောက်ပစိပစက်များမနေကြဘူး”

“ဘာရယ်”

သူမစကား၏ နောက်ဆုံးပိုင်းမှာ တိုးတိမ်သွား၍ သူသည်ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။

စူးယွင်သည် ဒေါသတကြီးပြန်ဖြေလိုက်သည်။

“ဘာမှမဟုတ်ဘူး”

ယခုလေးတင် သူမပြောလိုက်သည်မှာ ကောင်းသည့်စကားဟုတ်မနေဟု ခံစားမိနေ၍ နဉ်ကျင်းသည် မျက်လုံးများအား မှေးကျဉ်းကြည့်လိုက်၏။

ထိုအချိန်တွင် သမားတော်မှ ဆေးများပြင်ဆင်ပြီးသွား၍ သူ့ထံကမ်းပေးလိုက်သည်။

“ဆေးကို တစ်နေ့သုံးကြိမ်လိမ်းပေး ပြီးတော့ လိမ်းရင်ထူထူလေးလိမ်းနော်”

“ကောင်းပါပြီ”

နဉ်ကျင်းသည် ဆေးအားယူကာ စားပွဲပေါ်သို့ ငွေပြားတစ်ပြားတင်ပေးလိုက်၏။

လမ်းမထက်တွင် နှစ်ဦးသားမှာ ဘေးချင်းယှဉ်လျှောက်နေကြသည်။စူးယွင်သည် သူမလက်များအား လွှဲယမ်းကာ သူမမျက်ဝန်းတို့မှာတော့ သူ၏မေးစေ့ထံစိုက်ကြည့်နေခဲ့၏။

“သူဌေးနဉ် ရှင်ကတစ်ကယ်ကိုချမ်းသာပြီး အာဏာရှိမယ့်ပုံပဲနော်”

“တစ်ကယ်တော့ မဟုတ်ပါဘူး”

နဉ်ကျင်းသည် ဆီစိမ်စက္ကူထီးအားကိုင်ထားရာမှ စူးယွင်ဘက်ဆီ ပိုပိုသာသာ ဆောင်းပေးလာသည်။

“ကိုယ့်မှာ ဆိုင်အချို့ရှိ‌ေနရုံပါပဲ”

စူးယွင်သည် သူချမ်းသာများအား အထင်သေးသည့်အကြည့်မျိုး သူမမျက်နှာထက် တပ်ဆင်ကာ တောက်တစ်ချက်ခေါက်လိုက်၏။

သူမသည် ခေါင်းအားလှည့်လိုက်ပြီး ဈေးဝယ်ထွက်ရန် ရည်ရွယ်နေကြောင်းအား သူ့ထံရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

သူမမှ အလေးအနက်ဖြစ်နေသည်ကို တွေ့လိုက်ရရာ နဉ်ကျင်းသည် သူမအား စိတ်လျှော့ရန်ပြောဖို့ပြင်‌ေနစဉ် သူမမှရှေ့သို့ ဦးတည်၍ ရုတ်တရက်ကြီး လှစ်ကနဲပြေးထွက်သွားသည်ကို တွေ့လိုက်ရ၏။

“ဖြည်းဖြည်းသွားလေ”

နဉ်ကျင်း၏ ခြေလှမ်းကျယ်ကြီးများသည် အကွာအဝေးအား အမြန်လိုက်မှီလာပြီး သူမကိုမိသွားလေသည်။

သူသည် သူမလက်အားဆုပ်ကိုင်၍ သူ့လေသံမှာလည်း စိုးရိမ်မှုအရိပ်အယောင်တို့ ရောနှောနေကာ ဂရုဏာဒေါသောဖြင့်ပြောလိုက်၏။

“လမ်းပေါ်မှာ ရထားလုံးတွေအများကြီးရှိနေတာလေ။ဒီလိုလျှောက်ပြေး‌ေနတာက အန္တရာယ်များလွန်းတယ်”

“ကျွန်မသိပါတယ်”

စူးယွင်သည် သူ့အားပြန်ခံပြောကာ သူမလက်အားပြန်ဆွဲ၍ အနီးနားရှိစင်ထံ ပြေးသွားလိုက်သည်။

အရောင်းစင်သည် လက်ဝတ်လက်စား‌ပစ္စည်းအသေးလေးများဖြင့် ပြည့်နေလေ၏။

စူးယွင်သည် ပြုံးကာကြုံရာတစ်ခုကောက်ယူ၍ နဉ်ကျင်းထံပြလိုက်သည်။

“ရှင်ဘယ်လိုထင်လဲ”

နဉ်ကျင်းသည် ဤကဲ့သို့အရာမျိုးအပေါ် အထူးတလည်စိတ်ဝင်စားမှုမရှိသော်ငြား သူမ၏ခံစားချက်ကို မဖျက်ဆီးချင်၍ ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်၏။

“အမ်း”

စူးယွင်၏ နှုတ်ခမ်းများမှာ မဲ့ကျသွားပြီး ဆွံ့အသွားရသည်။

“အမ် ကျွန်မအဲ့ကိုသွားကြည့်လိုက်ဦးမယ်”

သူ၏တုံ့ပြန်မှုကို မစောင့်တော့ပဲ သူမသည်ပြေးထွက်သွားလိုက်၏။

နောက်စက္ကန့်ပိုင်းတွင်

“အား-”

ရင်းနှီးနေသည့်အသံအားကြားလိုက်ရချိန်တွင် နဉ်ကျင်း၏စိတ်တင်းအားမှာ လွတ်ထွက်သွားတော့သည်။သူပြေးသွားလိုက်ရာ သူမဘေးရှိ သွေးအိုင်နှင့်မြေကြီးထက် လဲကျနေသည့် စူးယွင်ကိုသာတွေ့လိုက်ရ၏။

All Chapters