← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

"မင်းသူမအကြောင်းကြားဖူးမယ်ဆိုတာ သေချာတယ် ယီယန်းကျူရဲ့ဆိုင်ရှင် သုန်းကွေ့လေ"

စူးယွင်သည် မျက်မှောင်ကြုတ်လိုက်မိ၏။

ကျိန်းသေပေါက်ကို အဲ့ဒါသူမဖြစ်နေတာပဲ။

မနက်အစောပိုင်း၌ လမ်းမထက်တွင် သူတို့ချင်းရင်ဆိုင်တွေ့နေကြစဉ်မှာ သူမလက်ပေါ်ရှိဒဏ်ရာအား သူမမြင်သွားခဲ့ခြင်း ဖြစ်ပေမည်။

သူမထိခိုက်သွားခဲ့စဉ်တွင် စူးယွင်မှာ သူမအနေဖြင့် တိကျသောအကြောင်းပြချက်မရှိပါဘဲ မည်သည်ကြောင့် ပစ်မှတ်ထားခံခဲ့ရသည်ကို သိချင်မိခဲ့၏။

ယခုတွင်တော့ ထိုပြဿနာအိုးကြောင့်ဖြစ်သည်မှာ သိသာနေပြီဖြစ်သည်။

သုန်းရှို့၏အမှုမဲ့အမှတ်မဲ့ စကားများအားနားထောင်ရင်း စူးယွင်၏အမူအယာမှာ အေးစက်‌လာတော့၏။သူမသည် ဤကဲ့သို့ဖြစ်လာနိုင်သည်ကို သံသယဝင်ခဲ့မိပေသိ သူမှဝန်ခံလာသည်ကို ယခုကြားလိုက်ရချိန်တွင်တော့ ထိုသည်ကသာသူမ၏အတွေးများအား ပို၍တိကျလာစေလေသည်။

သူမသည် ခနဲ့တဲ့တဲ့ပြုံးရင်း တည်ငြိမ်သော်ငြား ထက်ရှလှသည့်လေသံဖြင့် ပြောလိုက်၏။

"အစောတုန်းက ရှင်နဲ့ပက်သက်ပြီး ကျွန်မမှားသွားခဲ့တယ်။ရှင်ကလူဖျင်းဖြစ်ရုံတင်မကဘူး မိုက်မဲတာလဲပါ‌‌ေသးတာကိုး"

ဤကဲ့သို့ သိသာနေသောအကြံအစည်ကိုပင်လျှင် သူသည်မသိမြင်နိုင်ခဲ့ပေ။ဒါကြီးက ယုံစရာကောင်းတယ်လို့ သူတစ်ကယ်ထင်နေတာလား။

သူမ၏လုပ်နိုင်စွမ်းတို့အား ဖျက်ဆီးရန်အလို့ငှာ သူမလက်အား ထိခိုက်‌ေစဖို့ မည်ကဲ့သို့ပစ်မှတ်ထားခံခဲ့ရသည်ဆိုသည့်အတွေးမှာ သူမအားထိန်းမနိုင်သိမ်းမရဒေါသထွက်သွားစေသည်။သူမ၏တည်ငြိမ်မှုအား ထိန်းထားသည့်တိုင် သူ၏ကိုယ်ပိုင်တုံးအမှုအား လုံးဝနားလည်ခွင့်ပေးရင်း အချိန်အ‌တန်ကြာသည်ထိ ပြုံးကြည့်နေလိုက်၏။

-----------

စူးယွင်သည် ဖြည်းဖြည်းချင်းထရပ်ကာ သူမစိတ်မှာတော့ အစောကအတွေးများဖြင့် မကြည်မသာဖြစ်နေဆဲပင်။တံခါးမကြီးဘက်မှ တိုက်ခတ်လာသည့် လေအေးတို့အား ခံစားမိလိုက်ရာ သူမသည်စောင်အားတင်းတင်းပတ်ခြုံလိုက်သည်။

"ဒီနေ့စီးပွားရေးအ‌ေခြအ‌ေနက ဘယ်လိုလဲ"

သူမသည် အစောထဲမှ ရှိနေသေးသည့် ဒေါသတို့အားခါချရန် အကြောင်းအရာကောင်းတစ်ခုအ‌ေပါ် အာရုံစိုက်ဖို့ကြိုးစားရင်း မေးလိုက်၏။

ရှောင်ဟယ်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြုံးပျော်နေကာ စကားပြောနေစဉ်မှာလည်း သူမမျက်ဝန်းတို့သည် တလက်လက်တောက်ပနေလေသည်။

"ဩချရလောက်စရာပါပဲ သခင်မလေးရေ။ရောင်းရငွေက ‌ဆိုင်ဖွင့်ပွဲနေ့က အရေအတွက်ကို ကျော်တက်သွားပြီ"

သူမမှာ စိတ်လှုပ်ရှားမှုအားထိန်းချုပ်မထားနိုင်တော့၍ လက်ဟန်ခြေဟန်ဖြင့်ပါ လုပ်ပြနေတော့၏။

စူးယွင်သည် သတင်းကောင်းများကြောင့် ညင်သာစွာပြုံးလိုက်ပြီး သူမစိတ်သည်လည်း အနည်းငယ်မြင့်တက်သွားလေသည်။

"သိပ်ကိုကြားလို့ကောင်းတာပဲ။ငါတို့ရဲ့အားထုတ်မှုတွေက ရလဒ်ကောင်းတွေပြန်ပေးနေပြီထင်တယ်"

ရှောင်ဟယ်သည် စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လာ၏။

"အဲ့တာတွေအကုန်လုံးက သခင်မလေးကြောင့်ပါပဲ။လူတိုင်းက ဆိုင်နဲ့ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးအကြောင်းကို ပြော‌ကုန်ကြပြီလေ။ကျွန်မတို့တွေ မျိုးရိုးမြင့်ဝယ်သူတော်တော်များများကို ရလိုက်တယ်"

စူးယွင်သည် နောက်သို့အသာမှီကာ စောင်၏အနွေးဓာတ်အားခံစားရင်း သတင်းကောင်းများကြောင့် သူမ၏အစောပိုင်း မကျေမချမ်းဖြစ်မှုတို့အတွက် စိတ်သက်သာရာရသွားလေသည်။

"အလုပ်ကို ကောင်းကောင်းလုပ် ရှောင်ဟယ်။ငါတို့က ဘယ်လိုအတားအဆီးကိုမှ ဂရုမစိုက်ဘဲ ရှေ့ကိုဆက်လျှောက်သွားဖို့လိုတယ်"

"ကျိန်းသေတာပေါ့ သခင်မလေး။ကျွန်မတို့က ဆိုင်ကိုတိုးတက်အောင် လုပ်နိုင်ကြမှာပါ"

ရှောင်ဟယ်သည် ပြန်ပြောလိုက်ကာ သူမအသံထဲရှိ ဆုံးဖြတ်ချက်မှာလည်း ထင်ရှားပေါ်လွင်နေလေ၏။

စူးယွင်သည် စိတ်ကျေနပ်မှုဖြင့် ခေါင်းငြိမ့်လိုက်ကာ နောက်ဆုံးတွင်တော့ သူမသည်အနည်းငယ်စိတ်ပေါ့သွားကာ ကိစ္စရပ်များသည် လမ်းကြောင်းမှန်ပေါ်ရှိနေသည်ဟု ယုံကြည်လိုက်တော့သည်။

ထိုသို့ဖြစ်ရသည်မှာလည်း လေလံဈေးမြင့်သည်ကြောင့်ပင်မဟုတ်ရပါဘဲ ချီဖောင်များအား လူတိုင်းမှအမှန်တစ်ကယ်နှစ်သက်ကြသောကြောင့်ပင်။သို့သော်လည်း ကောလဟလများကြောင့် သူတို့သည် ဝတ်စုံများအား ဝယ်ယူရန်တုံ့ဆိုင်းနေခဲ့ကြ၏။ယခုတွင်တော့ ထိုပြဿနာအားဖြေရှင်းပြီးဖြစ်ရာ လူတိုင်းသည်စိတ်သက်သာရာရသွားခဲ့ပြီး သူတို့၏ဝယ်ယူလိုသောဆန္ဒမှာလည်း တိုးမြင့်လာတော့သည်။သူတို့ထဲရှိ အများစုဆိုလျှင် ဝတ်စုံပေါင်းစုံတို့အား ဝယ်ယူသွားခဲ့လေ၏။

လက်ရှိဝမ်ကော၌ ချီဖောင်နှစ်ထည် သုံးထည်မျှသာ လက်ကျန်ချိတ်ဆွဲထားလေသည်။

"အဲ့လိုဆို ကောင်းတယ်"

စူးယွင်သည်ပြောရင်း သူမလက်ချောင်းတို့အားကွေးကာ စားပွဲအားစည်းချက်ကျကျထိနေလိုက်သည်။

"ငွေအချို့ယူပြီး ရှောင်းယွင်နဲ့အခြားလူတွေကို သွားရှာချေ။သူတို့ကို ယီယန်းကျူ အထူးသဖြင့် ဆိုင်ရှင်ကိုစောင့်ကြည့်ထားခိုင်းလိုက်"

"နားလည်ပါပြီ"

အပြင်ဘက်တွင်တော့ ဆည်းဆာနေရောင်ခြည်မှာ ကျောက်ခင်းလမ်းအား ရွှေရောင်‌တို့ဖြင့် ဖြန်းပက်ပေးနေလေ၏။လမ်းလျှောက်သွားနေကြသော လူများထဲရှိ အချို့သည် ယီယန်းကျူတံဆိပ်ဖြင့် ရေးထိုးထားသော ပုံးများအားကိုင်ဆောင်ထားနေသေးသည်။

စူးယွင်သည် သူမ၏ရေနွေးခွက်အားကောက်ကိုင်ကာ ဖြည်းဖြည်းချင်းလှည့်၍ ရေမျက်နှာပြင်ထက် ပျံ့ကျဲသွားသော လှိုင်းငယ်တို့ကိုကြည့်နေလိုက်သည်။

သူမသည် လှုပ်ယမ်းနေသည့် လှိုင်းပုံစံတို့အားကြည့်ကာ ခပ်သာသာလေးပြုံးလိုက်၏။

လက်ရှိအချိန်တွင် လင်းမင်ချန်းနှင့် ရင်ဆိုင်ရန် သူမထံ၌အာဏာမရှိသေးသော်လည်း ဆိုင်ရှင်ပေါက်စတစ်ဦးအား ကိုင်တွယ်ရမည်မှာတော့ မခက်ခဲဟုသူမသေချာလေသည်။

သူမ မကြောက်ဘူးလား။

ကောင်းပြီလေ။စူးယွင်က သူမတောင်းဆိုချက်ကို ဖြည့်ဆည်းပေးရမှာပေါ့။

---------

နောက်တစ်နေ့

နဉ်ကျင်းသည် စောစောစီးစီးရောက်လာကာ ခုံတွင်ဝင်ထိုင်၍ စူးယွင်အားစောင့်နေလေသည်။အခန်းထဲမှ သူမထွက်လာသည်နှင့် သူသည်ဆေးဆီမွှေးအားယူကာ သူမလက်အားအသာလိမ်းပေးလိုက်၏။

"ရှင်ဒီကို လာစရာမလိုပါဘူး။ကျွန်မဘာသာလိမ်းလို့လည်းရပါတယ်"

စူးယွင်မှ ပြောလာသည်။

သူမလက်အား ဒဏ်ရာရ‌ေစရန် သုန်းကွေ့စီစဉ်ခဲ့ကြောင်း သိလိုက်ရစဉ်မှစ၍ စူးယွင်သည် သင့်တင့်သော ကြည့်ရှုစောင့်ရှောက်မှုအပေါ် ပို၍ အာရုံစိုက်ကာသတိထားလာပြီး သူတို့ကို သူမ၏ကိုယ်ပိုင်ခွန်အားဖြင့် ရင်ဆိုင်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။

နဉ်ကျင်းသည် အဖုံးအားပိတ်နေရင်း ပြန်ဖြေလိုက်၏။

"ကိုယ့်မှာ ဘာမှလုပ်စရာမရှိလို့လေ။လမ်းလျှောက်နေရတာကိုက ကိုယ့်ကိုသတ်နေသလိုပဲ"

စူးယွင်သည် သူ့အားမျက်နှာသာတစ်ချက်မပေးဘဲ ဗြောင်ကျကျပြောလိုက်၏။

"ဒါပေမယ့် ဒါလေးကြောင့်နဲ့တင် ရှင်ကလမ်းလျှောက်လာစရာမလိုဘူးလေ"

သူမမှတ်မိသည်သာမှန်ပါက နဉ်ကျင်း၏ခြံဝန်းသည် ဝမ်ကောတင်မကဘဲ အခြားနေရာတစ်ခုနှင့်ပါ ဝေးလှသည်မဟုတ်ပေ။

သူသာအမှန်တစ်ကယ် စိတ်ပြေလက်ပျောက်လမ်းလျှောက်ချင်ပါက သူ့ခြံဝင်းရှေ့ရှိ ကြည်လင်နေသော ရေကြောင်းလမ်းမှာ ပို၍သင့်တော်လေ၏။

နဉ်ကျင်းသည် သူမလက်ပေါ်ရှိဆေးအား သူ၏ခေါက်ယပ်တောင်ဖြင့် အသာအယာခပ်ပေးနေသည်။

"မင်းပျော်လား"

စူးယွင်သည် သတိပြန်ကပ်လာပြီး ရယ်လိုက်မိ၏။

"ရှင်ကကျွန်မစကားပြောတာကို လိုက်သင်နေတာလား"

"တစ်ကယ်လား"

နဉ်ကျင်းသည် သူမအားငုံ့ကြည့်ရင်း သူ့မျက်ဝန်းတို့သည်လည်း စဉ်းစားဟန်ဆောင်နေပုံ‌ေပါ်လေသည်။

"အဲ့စကားကို အရင်ကကိုယ်ပြောခဲ့ဖူးသလားလို့"

"ကလေးဆန်လိုက်တာ"

စူးယွင်သည် သူ့ထံမျက်လုံးလှိမ့်ပြလိုက်၏။

နဉ်ကျင်းသည် နဖူးအားလက်ဖြင့်ဖိကာ ပျော်ပျော်ကြီး ရယ်မောလိုက်သည်။

သူ၏ရယ်သံသည် နွေဦးလေပြေအလား နှလုံးသားထဲအသာပွတ်သပ်သွားပြီး မွှေနှောက်နေတော့၏။

စူးယွင်သည် သူမနားအားပွတ်ချေလိုက်ပြီး သူ့အတွက်ရေနွေးငှဲ့ပေးလိုက်သည်။ခွက်နှုတ်ခမ်းမှကိုင်ထားကာ သူမသည်သူ့ထံကမ်းပေးလိုက်၏။

"မျှတတဲ့အလဲအလှယ်တစ်ခုပဲနော်"

(ဆေးလိမ်းပေးလို့ ရေနွေးတိုက်တာကို ပြောတာပါ)

"ကျေးဇူးပါကွာ"

နဉ်ကျင်းသည် ရေနွေးခွက်အား ယူလိုက်သော်လည်း ခွက်အရွယ်အစားမှာ သေးငယ်လှသောကြောင့် သူတို့၏လက်ချောင်းထိပ်လေးများမှာ အချင်းချင်းပွတ်သပ်ထိတွေ့မိသွားကာ တဒင်္ဂစာနွေးထွေးမှုလေးအား ဝေမျှလိုက်ကြသည်။

သူသည်အမူအယာတစ်ချက်မပျက်ပါဘဲ လက်ခံမှုဖြင့်ခေါင်းငြိမ့်လိုက်၏။

"ဒီနေ့လက်ဖက်ရည်က အရင်ကထက်ပိုချိုမြိန်နေတာပါလား"

စူးယွင်သည် သူမလက်အားပြန်ရုတ်လိုက်ပြီး လက်များပေါ်မေးတင်လိုက်သည်။

သူမမျက်လုံးများမှာ အပြုံးကြောင့်မှေးကျဉ်းသွားပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

"နောက်တစ်ကြိမ်ရှင်ထပ်လာခဲ့ရင် ဒီနေ့ထက်ပိုချိုမြိန်နေရစေမယ်လို့ ကျွန်မကတိပေးပါတယ်"

နဉ်ကျင်းသည် ရေနွေးခွက်အားအသာထိကာ သူ၏လေသံသည် ငြင်သာ၍ ပျင်းတွဲတွဲနိုင်နေသည်။

"ဒါဆိုလဲ မိန်းကလေးစူးရဲ့စကားကို ချေးငှားလိုက်ပြီးတော့ ကိုယ် နဉ်ကျင်းက မျက်နှာပြောင်ပြောင်နဲ့လက်ခံလိုက်ပါ့မယ်"

သူတို့သည် အကြည့်ချင်းဆုံလိုက်ကြကာ ရပ်တန့်သည့်ခလုတ်အား နှိပ်ခဲ့သည့်အလား မြင်နိုင်စွမ်းမရှိသော အပြောင်းအလဲပုံရိပ်တို့မှာ စီးဆင်းရင်းတိုးချဲ့သွားပြီး တိတ်တဆိတ်ဆက်သွယ်နေကြလေ၏။

နဉ်ကျင်းသည် လက်အားဆန့်ထုတ်၍ သူမနားထင်စပ်ရှိ ဆံနွယ်စုလေးကို အသာပွတ်သပ်ရင်း သူ့လက်ချောင်းများသည် သူမနားသန်သီးအား ပွတ်တိုက်သွားလေသည်။သူ၏လေသံမှာ အတန်ငယ်တိုးလျ၍ ဩရှနေ၏။

"ပြီးခဲ့တဲ့ရက်တုန်းက လက်ဖက်ရွက်အိုးတစ်လုံး ကိုယ်ရထားတယ်။ကိုယ်တို့အားလပ်တဲ့အချိန်ကျရင် လက်ဖက်ရည်အရသာကို အတူမြည်းစမ်းကြည့်ကြတာပေါ့"

သူမနားသန်သီးထက်ရှိ အေးစက်မှုသည် စူးယွင်၏နောက်ကျောအား တောင့်တင်းသွားစေသည်။သူမသည် မသိစိတ်အရ နှုတ်ခမ်းအားကိုက်လိုက်မိပြီး ခေါင်းငြိမ့်ပြလိုက်၏။

ခေတ္တအကြာတွင်တော့ ရှောင်ဟယ်သည် သူမစကပ်အား မ,ကိုင်ပြီး ရယ်‌ေမာကာအပြေးဝင်လာလေသည်။

"သခင်မလေး သခင်မလေး သတင်းကောင်း သတင်းကောင်း သတင်းကောင်းအကြီးကြီးပဲ"

All Chapters