အခန်း (၂၀)
Vol. 2 Ch. 20
စူးယွင်သည် ပျင်းတိပျင်းရွဲဟန်ဖြင့် ခုံပေါ်မှီထိုင်လိုက်သည်။
“ဘာကများမင်းကိုဒီလောက်ထိပျော်အောင် လုပ်လိုက်တာပါလိမ့်”
“အဲ့ဒါ.....အဲ့ဒါက....”
ရှောင်ဟယ်သည် စိတ်လှုပ်ရှားလွန်း၍အမြန်ပြေးချလာသည်ဖြစ်ရာ အမောဆို့သွားပြီး စကားပင်မပြောနိုင်တော့ချေ။
“အလျင်မလိုပါနဲ့”
စူးယွင်သည် သူမထံရေတစ်ခွက်ပေးကာ နောက်ကျောအား အသာပုတ်ပေးလိုက်၏။
“အရင်ဆုံးရေတစ်ငုံလောက်သောက်လိုက်ပါဦး”
ရေနွေးကြမ်း၏မွှေးရနံ့နှင့် ချိုမြိန်မှုသည် သူမလည်ချောင်းအား ရှင်းသွားစေသည်။
ရှောင်ဟယ်သည် နှုတ်ခမ်းထက်တင်ကျန်နေသေးသည့် ရေစက်တို့အားလျှာဖြင့်သပ်ကာ ရေနွေးခွက်အား စားပွဲပေါ်ပြန်တင်၍ သူမတင်ပါးပေါ် လက်များတင်လိုက်၏။
“မြို့အနောက်ခြမ်းကလင်းမိသားစုလေ ချိတ်ပိတ်ခံလိုက်ရပြီတဲ့”
စူးယွင်သည် ထိုနေ့တွင်ဖြစ်ပျက်သမျှတို့အား ရှောင်ဟယ်ထံမနေ့ည၌ ပြောပြခဲ့ပြီးဖြစ်သည်။
ထိုအကြောင်းများအားကြားပြီးသော် ရှောင်ဟယ်မှာဒေါသူပုန်ထသွားတော့၏။သူမသည် ယနေ့မနက်စောစောကတည်းမှ ရှောင်းယွင်နှင့်အတူ ယီယန်းကျူထံချက်ချင်းသွားကာ ဆိုင်အားမျက်စိဒေါက်ထောက်ကြည့်ခဲ့သည်။
သူတို့တစ်တွေ ဆိုင်ဆီပြန်ရန်ပြင်ဆင်ချိန်တွင်တော့ မြို့အနောက်ဘက်ရှိလင်းမိသားစု၏ပဋိပက္ခအကြောင်းအား လမ်းသွားလမ်းလာအချို့ ဆွေးနွေးနေခဲ့ကြသည်ကို ကြားလိုက်ကြ၏။
“လင်းမိသားစု”
စူးယွင်သည်မျက်မှောင်ကြုတ်ကာ သူမအားကြည့်လိုက်သည်။
“အဲ့ဒါငါသိတဲ့မိသားစုလား”
စူးယွင်သည် ဝမ်ကော၏စီးပွားရေးအပေါ် အာရုံပိုစိုက်ထား၍ မြို့တော်ထဲရှိ မျိုးရိုးမြင့်မိသားစုများ၏အကြောင်းကို ကောင်းကောင်းသိမထားသေးပေ။မြို့အနောက်ခြမ်းရှိ ဤလင်းမိသားစုသည် လင်းမင်ချန်းနှင့်သက်ဆိုင်သည့် မိသားစုလားဆိုသည်ကိုတော့ဖြင့် သူမလည်းမသေချာချေ။
ရှောင်ဟယ်သည် ခေါင်းငြိမ့်၍ပြန်ဖြေလာ၏။
“ကျွန်မသိချင်လို့သွားကြည့်ခဲ့တယ်။မြို့အနောက်ဘက်က လင်းမိသားစုက တော်ဝင်ခုံရုံးရဲ့အလုပ်သမားဝန်ကြီးဌာနနဲ့ ဆက်သွယ်နေတဲ့လူတဲ့လေ။ပြောကြတာတော့ သူတို့တွေက ရေလမ်းကြောင်းစီမံကိန်းက ရန်ပုံငွေတွေကို သဲ့ယူပြီး အဲ့ပိုက်ဆံတွေနဲ့ စံအိမ်တစ်လုံးဝယ်လိုက်တယ်တဲ့”
“မြို့အရှေ့ဘက်မှာလည်း သူနဲ့ဆိုင်တဲ့အိမ်လွတ်နှစ်လုံးရှိပြီးတော့ သူကနံရံလွတ်တစ်ခုကိုတောင် ဆောက်ခဲ့တာတဲ့လေ။အဲ့နံရံလွတ်ကြီးကို တူနဲ့ရိုက်ဖြိုလိုက်တာ အထဲမှာရွှေတွေပဲတွေ့ခဲ့တယ်လို့ ကျွန်မကြားတယ်”
နံရံတွေကိုရွှေအပြည့်နဲ့ဆောက်ထားတဲ့ ကိုယ်ပိုင်အိမ်နှစ်လုံး။
စူးယွင်သည် ထိုမျှပမာဏများများအား မည်သို့စုထားသည်နှင့် ထိုသို့လုပ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်တိုးတက်မှုကို မည်မျှနှောင့်နှေးစေခဲ့သည်အား တွေးပင်မတွေးနိုင်တော့ပေ။
“သူတို့တွေက အဲ့အကြောင်းတွေကို ဘယ်လိုလုပ်ရှာတွေ့သွားကြတာလဲ”
စူးယွင်မှာ မရေမရာဖြစ်သွားရ၏။လူမသိ သူမသိဖြင့် ဝှက်ထားခဲ့သော ဤမျှများပြားသည့်ငွေပမာဏမှာ ခလုတ်တိုက်ရုံဖြင့် ပေါ်ထွက်လာသည်ဆိုသည်မှာ မဖြစ်နိုင်ပေ။
“ကံဆိုးလို့ဖြစ်နိုင်မလား”
ရှောင်ဟယ်မှာ ဟန်အမူအယာဖြင့်ပြောလာ၏။
“ဒီလုပ်ရပ်တွေက လူအာရုံစိုက်မှုကို မဆွဲဆောင်နိုင်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”
“အရင်ကတော့ သူ့ရဲ့အာဏာနဲ့ အခြားလူတွေအပေါ်အနိုင်ကျင့်လို့ရတယ်လို့ သူထင်ခဲ့မှာပဲ။ဒါပေမယ့် အခုသူ့ကိုကြည့်လိုက်ပါလား လုံးဝပျက်စီးသွားပြီလေ”
သူမသည်စကားပြောရင်း လက်သီးအားတင်းတင်းဆုပ်ကာ လေထဲသို့ နှစ်ကြိမ်လောက် ထိုးယမ်းလိုက်သည်။
စူးယွင်သည် ရှောင်ဟယ်၏ပိုလွန်းသောအမူအယာကြောင့် မရယ်မိဘဲမနေနိုင်တော့ပေ။သူမသည်ပါးစပ်အားအုပ်ကာ ရယ်လိုက်၏။
“ဒီလိုမျိုးတွေဖြစ်သွားတဲ့အပေါ် မင်းကအရမ်းကျေနပ်နေသလိုပဲ”
“ဘာလို့မပျော်ရမှာလဲ”
ရှောင်ဟယ်သည် သူမဘေးဝင်ထိုင်ကာ မှီလိုက်၏။
“ပိုကောင်းတဲ့သတင်းရှိသေးတယ်။သုန်းရှို့ရဲ့ ခြေတွေလက်တွေက အခုသုံးစားမရတော့ဘူးတဲ့”
“အကုန်သုံးစားမရတော့ဘူးလား”
စူးယွင်သည် အံ့အားသင့်မှုကြောင့်မျက်လုံးများပင် ပြူးကျယ်သွားရသည်။
“အသေးစိတ်ကို ကျွန်မသေချာမသိပေမယ့် အပြင်ကနေကြားခဲ့ရတာလေ။မကြာသေးဘူးရယ် မနေ့ညက သူမူးရူးနေအောင်သောက်လာပြီး အိမ်ပြန်လမ်းမှာ တွင်းတစ်ခုထဲခြေေချာ်ပြီး ပြုတ်ကျတာတဲ့လေ”
“လူတွေသူ့ကိုတွေ့တဲ့အချိန်မှာ သူကသွေးတွေရွှဲနေပြီး သူရဲ့ခြေတွေလက်တွေလည်း ကျိုးနေပြီတဲ့။ကံကောင်းလို့ သူအသက်ရှင်ခဲ့ပေမယ့် သူ့ရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက်က အိပ်ယာပေါ်မှာပဲ ကုန်ဆုံးရတော့မှာလေ။အရင်နှစ်တွေထဲက သူ့အတွက်စီစဥ်ထားတဲ့ စေ့စပ်ကြောင်းလမ်းကိစ္စတောင်မှ သူ့သတို့သမီးလောင်းက လာဖျက်သိမ်းသွားတယ်တဲ့။သူမကသူ့လိုလူတစ်ယောက်နဲ့ လုံးဝလက်မထပ်နိုင်ဘူးလို့ ပြောခဲ့တယ်ဆိုပဲ”
ရှောင်ဟယ်၏လေသံမှာ စကားပြောလေ စိတ်လှုပ်ရှားလေဖြစ်လာကာ ပျော်ရွှင်မှုတို့ပြည့်နှက်နေလေ၏။
စူးယွင်သည် နှုတ်ခမ်းအား တင်းတင်းစေ့ကာသက်ပြင်းချရင်း
“တွင်းထဲပြုတ်ကျပြီး ခြေတွေလက်တွေတောင်ကျိုးတယ်ဆိုတော့ သူတော်တော်ကို မူးရူးနေအောင် သောက်ထားလို့နေမှာ”
သူမသည်သုန်းရှို့အား သဘောမကျပေသိ သူ့ထံတွင်ဤကဲ့သို့ ဆိုးရွားသောကံတရားသက်ရောက်သွားသောကြောင့် မစာနာမိဘဲမနေနိုင်ပါပေ။
သို့သော်လည်းပဲ စူးယွင်သည် လုံးဝကြီးကို ကြင်နာသနားနေတတ်သောသူမဟုတ်လေရာ သူ့အတွက်သုံးစက္ကန့်ကြာအောင်သာ သနားပေးလိုက်၏။
ထိုအချိန်တွင် တစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့သည့် နဉ်ကျင်းသည် ရုတ်ချည်းစကားပြောလာသည်။
“ဖြစ်နိုင်တာက ကံတရားတစ်ပတ်လည်သွားပုံပါပဲ”
“တစ်ကယ်လား”
စူးယွင်သည် သူမမျက်ဝန်းများထဲ စူးစမ်းလိုစိတ်အရိပ်အယောင်တို့ဖြင့် သူ့ထံလှည့်ကြည့်လိုက်၏။
နဉ်ကျင်း၏လေသံမှာတည်ငြိမ်နေဆဲပင်။
“ဖြစ်နိုင်ပါတယ်”
“အိုး”
စူးယွင်သည် သာမန်ကာလျှံကာပြန်ဖြေကာ သူမအကြည့်တို့အား ပြန်လွှဲလိုက်၏။
သူမ၏နှလုံးသားထဲတွင်တော့ ဝဲဂယက်လေးတစ်ခုမှာ ဘောင်ဘင်ခတ်နေတော့သည်။ထိုကိစ္စနှင့်ပက်သက်၍ မရိုးရှင်းသောတစ်စုံတစ်ရာရှိနေပုံပါပင်။
နောက်ဆုံးအကြိမ်မှ သူ့စကားများအရ......သူသည်အမှန်တစ်ကယ်ကိုပင် မည်ကဲ့သို့ေသာလူစားမျိုးပင်နည်း။
ဆယ်စက္ကန့်ကြာပြီးနောက် စူးယွင်သည်ပြုံးကာ နဉ်ကျင်းနှင့် သူမ၏ပုံမှန်စကားဝိုင်းကိုဆက်လိုက်တော့သည်။
ဤရက်များတွင် စူးယွင်မှာအလုပ်အများကြီးမလုပ်ဘဲ သူမလက်အားအနားပေးထားခဲ့၏။သူမသည်ရှောင်ဟယ်အား သူမလုပ်ငန်းနှင့်ပက်သက်ပြီး လမ်းညွှန်ပြတန်လျှင်ပြလိုက် ထိုသို့မဟုတ်ပါက တံခါးဝ၌ခုံလေးဖြင့်ထိုင်ကာ ဆိုင်နားနီးချင်းတို့ဖြင့်စကားဖောင်ဖွဲ့လေ့ရှိသည်။
“မိန်းကလေးစူး ညည်းကြားပြီးပြီလား”
ဘေးဘက်ရှိစားသောက်ဆိုင်မှ အဒေါ်လီသည် နေကြာစေ့အချို့ကိုင်ကာ ရောက်လာပြီးစူးယွင်ထံပြောလာ၏။
“မြို့အနောက်ဘက်ကလူလေ နယ်နှင်ဒဏ်ခံလိုက်ရတယ်တဲ့။ေနာက်ပြီး သူ့အမျိုးသမီးကတော့ မျိုးရိုးနိမ့်အနေနဲ့ မသတ်မှတ်ခံရဘူးလေ။ဒါပေမယ့်လည်း သူတို့ရဲ့နှစ်ရှည်စီးပွားရေးလုပ်ငန်းတွေကတော့ ဒီအတိုင်းပျောက်ပျက်ကုန်ကြတာပဲပေါ့”
လင်းမိသားစု၏အမှုအခင်းမှာ ဤရက်များတွင်း မြို့တော်၏ပြောစမှတ်ပြုစရာဖြစ်နေပြီး ပတ်ဝန်းကျင်ရှိလူတိုင်းသည်လည်း ထိုအကြောင်းအားဆွေးနွေးရသည်ကို နှစ်သက်ကြလေသည်။
“ကျွန်မကြားပြီးပါပြီ”
စူးယွင်သည် ခေါင်းငြိမ့်လိုက်ပြီး အဒေါ်လီထံမှ နေကြာစေ့လက်တစ်ဆုပ်စာကို လှမ်းယူလိုက်၏။
“လင်းမိသားစုရဲ့ဆွေမျိုးနီးချင်း သုန်းမိသားစုကရော ဘယ်လိုနေလဲ။သူတို့က ဘာမှမထိခိုက်လိုက်ဘူးလား”
ဤမင်းဆက်၏ဥပဒေများအရ ထိုကဲ့သို့ကြီးမားသော အာဏာအလွှဲသုံးစားမှုမျိုးသည် နှစ်ဖက်ဆွေမျိုးများထံပါ ငြိစွန်းတတ်လေသည်။
“ဒါကထူးဆန်းတဲ့အချက်ပဲလေ”
အဒေါ်လီသည် နေကြာစေ့ခွံအား ထွေးထုတ်လိုက်၏။
“သုန်းမိသားစုကလုံးဝကို မထိခိုက်လိုက်ဘူး။ဆိုင်ရှင်သုန်းဆိုရင် သူ့ဆိုင်ကိုဆက်ဖွင့်နေပြီး နောက်လရဲ့အထည်ချုပ်ပြိုင်ပွဲအတွက်တောင် ပြင်ဆင်နေသေးတယ်”
“အထည်ချုပ်ပြိုင်ပွဲ ဟုတ်လား”
စူးယွင်သည် မျက်မှောင်ကြုံ့ကာမေးလိုက်သည်။
“အဲ့ဒါကဘာလဲ”
“အာ လုပ်စမ်းပါ ညည်းကတော့ တစ်ကယ်ကိုတစ်ခုခုတော့ တစ်ခုခုပဲ။ညည်းဆိုင်ကဖွင့်ထားတာကြာလှနေပြီကို အဲ့အကြောင်းတောင်မသိဘူးပေါ့လေ”
အဒေါ်လီသည် သူမလက်ပေါ်ရှိ မုန့်အစအနများအား ခါချကာအသေးစိတ်ရှင်းပြရင်း ပြောလာ၏။
“အထည်ချုပ်ပြိုင်ပွဲကို ကုန်သည်ကြီးများအသင်းက ကြီးမှူးကျင်းပတာလေ။သုံးနှစ်ပြည့်တိုင်း တစ်ကြိမ်လုပ်ပေးတယ်။အနိုင်ရသူက အကြံပြုချက်နေရာတစ်ခုနဲ့ ထိပ်တန်းချုပ်လုပ်သူ အရင်းအမြစ်တွေကို ရလိမ့်မယ်”
မြို့တော်ရှိ စီးပွားရေးလမ်းမမှာ ကျယ်ပြန့်လွန်းလှပြီး ထိုလမ်းမအား လမ်းပန်းဆက်သွယ်ရေးအရာရှိများမှ ဖွဲ့စည်းပေးထားသည့် အဖွဲ့တစ်ခုမှကြီးကြပ်လေသည်။ဤအဖွဲ့အား မြောက်များစွာသော အသင်းခွဲများဖြင့် ပိုင်းခြားထားပြီး စီးပွားရေးလောကထဲသို့ သက်ဝင်လှုပ်ရှားမှုအသစ်များထည့်သွင်းရန် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးလေ၏။အဝတ်အထည်အဖွဲ့သည် အဝတ်အစား၊ဖိနပ်များနှင့် အလှဆင်ပစ္စည်းများကို တာဝန်ယူစီမံခန့်ခွဲရသည့် အဖွဲ့ခွဲတစ်ခုသာဖြစ်လေသည်။သုံးနှစ်ပြည့်တိုင်း ထိုအဖွဲ့ခွဲသည် အထည်ချုပ်ပြိုင်ပွဲအား လက်ခံကျင်းပကာ ဆိုင်ဖွင့်ထားသူဖြစ်စေ ကိုယ်ပိုင်ဝါသနာပါသည့်သူဖြစ်စေ လူတိုင်းပါဝင်ယှဉ်ပြိုင်နိုင်လေသည်၊၊