သတ်ဖြတ်ခြင်း
Vol. 160 Ch. 2279
အဝေးတွင် ပိုမိုများပြားသော တန်ခိုးရှင်များ ချဉ်းကပ်လာကြသည်။ ခြေလှမ်းအနည်းငယ်ဖြင့် သူတို့သည် ယဇ်စင်ထံသို့ ရောက်လာသည်။
ရီဖူရှင်းက ရောက်လာသော လူအုပ်အား စစ်ဆေးကြည့်သည်။ သူတို့အားလုံးမှာ သန်မာသော အရှိန်အဝါများ ရှိကြ၏။ သူတို့မှာ မှော်နက်လောကမှ ကွဲပြားခြားနားသော အင်အားစုများ ဖြစ်ကြပေမည်။ သို့သော်လည်း လက်တလောအခြေအနေအရ သူတို့က ယာယီမဟာမိတ်ဖွဲ့လိုက်ကြဟန်ရှိသည်။ သူတို့အားလုံး၏အကြည့်များက ရီဖူရှင်းတို့ထံကို ရောက်နေသည်။
ထိုမြင်ကွင်းအရ လူငယ်သည် မှော်နက်လောက၏အရေးပါသောသူတစ်ဦးဖြစ်ကြောင်း သိနိုင်သည်။ ထိပ်သီးအင်အားစုများအားလုံးက သူ့အား အလေးထားကြရဟန်ရှိသည်။
လူငယ်က အတင့်ရဲစွာ ပြုမူရဲသည်မှာ မထူးခြားတော့။ သူတို့ သည်နေရာကို ရောက်လာသည်နှင့် လူငယ်က ပထမဆုံး ပြောသော စကားမှာ သူ၏ကျင့်ကြံခြင်း နှောင့်ယှက်ခံရသည့်အကြောင်း ဖြစ်နေသည်။
“အကြီးအကဲက ဘုံထဲကလူတွေကို ဘေးဖယ်ခိုင်းလိုက်လို့ ရမလား” ရီဖူရှင်းက မေးသည်။ ရန်ဟောင်ချန်းက ခေါင်းညိတ်သည်။ ချက်ချင်းပင် သူ၏စိတ်စွမ်းအားသည် ဘုံတစ်ခုလုံးကို ဖြန့်ကျက်သွား၏။ ချက်ချင်းပင် ဘုံတစ်ခုလုံးမှ တန်ခိုးရှင်များသည် မမြင်ရသော ဖိအားကို ခံစားကြရသည်။ သူတို့အတွက်မှာ ထိုဖိအားသည် နတ်ဘုရားတစ်ပါးအလားပင်။
“သွားကြ…” ရန်ဟောင်ချန်းက ဆိုသည်။ ကြောက်မက်ဖွယ် အကောင်အထည်မဲ့စွမ်းအားသည် ဘေးပတ်ပတ်လည်သို့ ပျံ့လွင့်သွား၏။ ထိုအခိုက်တွင် ဘုံတစ်ခုလုံးမှ တန်ခိုးရှင်များသည် နောက်ကို လွင့်သွားကြ၏။ စွမ်းအားသည် တန်ခိုးရှင်များအား ဘုံ၏နယ်စပ်စည်းသို့အထိ တွန်းထုတ်လိုက်သည်။ သူတို့သည် ကြယ်အလင်းအရံအတား၏အပြင်ဘက်သို့အထိ ဖယ်ထုတ်ခံရ၏။ ၎င်းက သူတို့အား ကာကွယ်ပေးခြင်းတစ်မျိုးလည်း ဖြစ်သည်။
ကောင်းကင်ထက်တွင် ရန်ဟောင်ချန်းက လက်ထဲမှ နှင်တံကို မြောက်လိုက်သည်။ ကြယ်အလင်းများသည် သူ၏မျက်လုံးများမှ တစ်ဆင့် တောက်ပသွားလျှက်ပင် သူသည် မြေပြင်မှ လူများကို ကြည့်သည်။ နတ်ဘုရားကဒ်ဘေးတန်ခိုးရှင်သည်ပင် ထိုအခိုက်၌ အန္တရာယ်၏အငွေ့အသက်ကို ခံစားရသည်။ ရန်ဟောင်ချန်း မည်မျှ သန်မာသည်ကို သူ ခံစားရ၏။
တစ်စုံတစ်ယောက်က သူ့အား နေမင်းနတ်နန်းတော်မှ တိုက်ပွဲအကြောင်းကို ပြောပြသည်။ အနက်ရောင်အကြီးအကဲ၏အမူအရာက ပြောင်းလဲသွားသည်။ သူ့ဝတ်စုံမှ သေခြင်းတရား၏အငွေ့အသက်များသည် ပိုမိုထူထဲလာ၏။
“သူတို့ကို သတ်” ရီဖူရှင်းက အမိန့်ပေးသည်။ သူ၏လေသံမှ ခိုင်မာသော ဆုံးဖြတ်ချက်ကို တွေ့နိုင်သည်။
မှော်နက်လောကမှ တန်ခိုးရှင်များသည် မူလဘုံမှ အပြစ်မဲ့လူများအား မျိုးတုံးသတ်ဖြတ်ခဲ့သည်။ သူတို့၏လက်ထဲတွင် မရေမတွက်နိုင်သောလူများနှင့် ဘုံများ ဖျက်ဆီးခံရသည်။ ထိုသို့သော အပြစ်ကို ခွင့်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။ ရီဖူရှင်းက တစ်ဘက်လူ၏အဆင့်အတန်း ဂရုမစိုက်ဘဲ သတ်ဖြတ်ရန် ဆုံးဖြတ်ထားသည်။
ဝုန်း…
ကြယ်တာရာဓားများသည် ကောင်းကင်ထက်မှနေ၍ လေထဲမှ တန်ခိုးရှင်များထံသို့ ဦးတည်သွားသည်။ အသန်မာဆုံးသော ကြယ်တာရာဓားသည် အနက်ရောင်အကြီးအကဲထံသို့ ဦးတည်သည်။ ဓားသည် ဥက္ကာခဲ၏စွမ်းအားဖြင့် ကျဆင်းလာ၏။
အနက်ရောင်အကြီးအကဲက ကောင်းကင်ကို တစ်ချက်ကြည့်သည်။ အဆုံးမဲ့သော အနက်ရောင်အလင်းများသည် ကောင်းကင်၌ ပြည့်နှက်လာခဲ့သည်။ ဧရာမအနက်ရောင်ဘီလူးကြီးတစ်ကောင်သည် လေထဲ ဖြစ်ပေါ်လာ၏။ ၎င်းကား လက်အများအပြားပါဝင်ကာ အမှောင်နတ်ဘုရားတစ်ပါးအလား ကြီးမားကာ ကြောက်စရာကောင်းသည်။ သူ၏လက်များက တပြိုင်နက်တည်း တွန်းထုတ်ကာ လေဟာနယ်ကို ပြိုကွဲစေလျှက် နတ်ဓားများအား တိုက်ခိုက်သည်။
အင်အားနှစ်ခု ရင်ဆိုင်တွေ့၏။ ချက်ချင်းပင် ကောင်းကင်နှင့်မြေပြင်အကြား အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့ကာ ပြင်းထန်သော မုန်တိုင်းများ ဖြစ်ပေါ်လာ၏။ ထိပ်သီးတန်ခိုးရှင်များသည်ပင် နောက်ကို လွင့်သွားကြသည်။ ရန်ဟောင်ချန်းနှင့် အနက်ရောင်အကြီးအကဲတို့သည်သာ တိုက်ပွဲနေရာ၌ တည်ငြိမ်စွာ ရပ်နေကြသည်။
ရီဖူရှင်းသည်လည်း အဝေးကို လွင့်သွားခဲ့သည်။ သူက တိုက်ပွဲနေရာကို ကြည့်ကာ အေးစက်စွာ ပြောသည် “ကျုပ်ကို ကြည့်နေစရာ မလိုဘူး။ သူတို့အားလုံးကို သတ်”
သူ့အနီးမှ ထိပ်သီးတန်ခိုးရှင်များအားလုံးက အရပ်မျက်နှာအသီးသီးသို့ ပြေးဝင်သွားကြသည်။ မှော်နက်လောကမှ ထိပ်သီးများသည်လည်း လူအုပ်ထဲမှ ထွက်လာကြသည်။ ချက်ချင်းပင် ကောင်းကင်ထက်၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာသည်။ မြင်ကွင်းကား နေမင်းနတ်နန်းတော်၌ တိုက်ပွဲထက် ကြောက်စရာကောင်းသည်။
အတန်ကြာလျှင် မြေပြင်သည် နှစ်ခြမ်းကွဲသွားကာ ဘုံတစ်ခုလုံးမှာ ပင့်ကူမျှင်များကဲ့သို့ ကွဲကြောင်းများဖြစ်သွားခဲ့သည်။ ၎င်းသည် ရန်ဟောင်ချန်း၏တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည် မရှိပါ။
တခြားတစ်နေရာတွင် ရီဖူရှင်းသည် လေထဲတွင် တစ်ယောက်တည်း ရပ်နေသည်။ သူ၏အကြည့်က လူတစ်ယောက်တည်းထံသို့ ရောက်နေ၏။ သူသည် ယဇ်စင်ထက်တွင် ကျင့်ကြံနေခဲ့သော လူငယ်အား ကြည့်နေခြင်းဖြစ်သည်။ ထိုလူသည် ဘုံများစွာမှ အပြစ်မဲ့လူများ အသတ်ခံရခြင်းအတွက် အဓိက တရားခံဖြစ်သည်။
လူငယ်က တစ်စုံတစ်ခုကို ခံစားမိဟန်ရသည်။ သူကလည်း ရီဖူရှင်းအား လှမ်းကြည့်၏။ အကြည့်ချင်းဆုံသည်တွင် သူတို့၏မျက်လုံးများမှ နတ်အလင်းများ ထွက်ပေါ်လာသည်။
ဝုန်း…
ရီဖူရှင်း၏မျက်လုံးများမှ အလင်းများဖြာထွက်လာကာ ၎င်းသည် တစ်ဘက်လူ၏စိတ်နယ်ပယ်အား ထွင်းဖောက်ရန် ကြိုးစား၏။ ၎င်းကား သူ၏မှော်မျက်လုံးပညာဖြစ်သည်။
သို့သော်လည်း လူငယ်၏အကြည့်ကလည်း တူညီစွာပင် ကြောက်စရာကောင်းသည်။ သူ၏မျက်လုံးထဲတွင် သေမင်း၏အရိပ်တစ်ခု ပေါ်လာကာ သန့်စင်သော သေခြင်းအငွေ့အသက်များသည် ရီဖူရှင်း၏မှော်မျက်လုံးစွမ်းအားကို သန့်သတ်၏။
လူငယ်၏အကြည့်က ရုတ်တရက် ပို၍ ကြောက်စရာကောင်းလာသည်။ သေမင်း၏အလင်းသည် သူ့မျက်လုံးမှ ထွက်ပေါ်လာ၏။ ချက်ချင်းပင် ၎င်းက ရီဖူရှင်းထံသို့ မြန်ဆန်စွာ တိုးဝင်လာသည်။
ရီဖူရှင်းကား ထိုနေရာတွင်ပင် မလှုပ်မရှား ရပ်နေသည်။ သေခြင်းအငွေ့အသက်များ သူ့ကို လာရောက်ရစ်ပတ်၏။ သို့သော်လည်း ၎င်းတို့သည် ရီဖူရှင်းအား မည်သို့မှ ထိခိုက်စေနိုင်ခြင်း မရှိချေ။
ရီဖူရှင်း၏ရုပ်ခန္ဓာကား အလွန်မြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေပြီးဖြစ်သည်။
လူငယ် မျက်မှောင်ကြုတ်သွားသည်။ မူလဘုံကို ရောက်ကတည်းက သူသည် ရီဖူရှင်း၏နာမည်ကို ကြားဖူးသည်။ သို့သော်လည်း ဤမျှ သန်မာမည်ဟု မထင်ထားပေ။
လူငယ်သည်လည်း မှော်နက်လောကတွင် အလွန်ကျော်ကြားသူဖြစ်သည်။ သူ၏ကျင့်ကြံဆင့်မှာလည်း ရီဖူရှင်းထက် တစ်ဆင့်မြင့်၏။
ရီဖူရှင်းသည် ရန်ဟောင်အဆင့်ခုနစ်ဖြစ်ကာ သူသည် အဆင့်ရှစ်ရန်ဟောင်ဖြစ်သည်။
လူငယ်က လက်ညိုးကိုရှေ့သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ထက်တွင် သေခြင်းအငွေ့အသက်များသည် ကြောက်မက်ဖွယ်ရာ မြစ်ငယ်တစ်စင်းအလား ဖြစ်ပေါ်လာပြီး ရီဖူရှင်းထံသို့ လှိုင်းလုံးများအလား တစ်ဝုန်းဝုန်း ရိုက်ခတ်လာကြ၏။
၎င်းတို့သည် ရီဖူရှင်းအား ဖြတ်တိုက်သွားသောအခါတွင်လည်း ရီဖူရှင်းကား မည်သို့မှ တုန့်ပြန်ခြင်း မရှိချေ။
ဤတိုက်ခိုက်မှုသည် အဆင့်ရှစ်ရန်ဟောင်များကိုပင် ချက်ချင်း သတ်ပစ်နိုင်စွမ်းရှိ၏။ သို့သော်လည်း ရီဖူရှင်း၏ခန္ဓာကိုယ်ကား ဖျက်ဆီးမရနိုင်သော အင်မော်တယ်တစ်ပါးအလား ထင်မှတ်ရသည်။
သူ၏တိုက်ခိုက်မှုက အမှန်တကယ်ပင် ရီဖူရှင်းအား ထိခိုက်စေနိုင်စွမ်း မရှိချေ။ လူငယ်က အန္တရာယ်၏အငွေ့အသက်ကို စတင်ခံစားလာရသည်။
ဟူး..
ရီဖူရှင်း ရုတ်တရက် ရှေ့ကို ပြေးထွက်သွားသည်။ မီးလျှံများ ရစ်သိုင်းလျှက်ပင် သူက အနက်ရောင်လူငယ်ရှေ့သို့ ရောက်လာ၏။
လူငယ်ထံမှ ကြောက်မက်ဖွယ် အနက်ရောင်လှိုင်းများ ထွက်လာသည်။ ချက်ချင်းပင် ထိုနေရာတစ်ခုလုံးသည် သေခြင်းအငွေ့အသက်များ လွှမ်းခြုံသွား၏။ သူ၏အကြည့်က သူ့ထံ ပြေးဝင်လာသော ရီဖူရှင်းအား ကြည့်လိုက်သည်။