← Chapters

သစ္စာဖောက်ကိုခြေရာခံခြင်း

Vol. 107 Ch. 1491

သစ္စာဖောက်ကိုခြေရာခံခြင်း

Vol. 107 Ch. 1491

အခန်း (၁၄၉၁) သစ္စာဖောက်ကိုခြေရာခံခြင်း

သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ရှင်သန်လာခြင်းနှင့်အတူ ငရဲကိုးထပ်အတွင်း နတ်ဆိုးရောင်ဝါများ တဟုန်ထိုး မြင့်တက်လာသည်။

ကျင့်ကြံခြင်းအဆင့်နိမ့်သူများက ဤရောင်ဝါကို မခံစားမိကြပေ။

သို့သော် ထိပ်တန်းတန်ခိုးစွမ်းအားရှင်များအများစုကတော့ သိမြင်ခံစားနိုင်ခဲ့ကြသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၊ သစ်သားနတ်ဆိုးနှင့် အခြားမဟာနတ်ဆိုးများကို ဆန့်ကျင်တိုက်ခိုက်နေသော ဗုဒ္ဓဘာသာကျင့်ကြံသူများ၊ တာအိုကျင့်ကြံသူများနှင့် နတ်မိစ္ဆာများ စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကျုံ့လိုက်မိကြသည်။

ထိုသူများထဲတွင် အနောက်ဘက်သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်စကြာဝဠာမှ တံခါးပိတ်ကျင့်ကြံရာမှထွက်လာကြသော ထိပ်တန်းအကြီးအကဲအချို့ ပါဝင်သည်။

ယခု သူတို့အားလုံး ငရဲကိုးထပ်ဆီသို့ ချက်ချင်းဦးတည်သွားခဲ့ကြသည်။

သို့သော် ထိုခဏတွင် ငရဲကိုးထပ်က အသက်ဝင်လာသည့်ပမာ ထိုကောင်းကင်နတ်ဘုရားအဆင့်ရှိသူများ ဝင်ရောက်မည်ကို ပိတ်ဆို့ဟန့်တားလိုက်သည်။

သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ရှင်သန်လာခြင်းအတွက် ထုံးတမ်းအစီအရင်က လျှင်မြန်လွန်းလှသည်။ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် ရေပလ္လင်ကိုနတ်ဆိုးတို့နှင့် နှိုင်းယှဉ်ပါက များစွာပိုမိုလျင်မြန်သည်။

မကြာမီ ပြင်းထန်သော နတ်ဆိုးရောင်ဝါများ တဖြည်းဖြည်း လျော့ပါးသွားသည်။ သို့တိုင် ထိုရောင်ဝါများက ပို၍စူးရှရက်စက်သော သဘောသဘာဝကို ပြသနေသည်။

ငရဲကိုးထပ်ချောက်နက်အတွင်းရှိ နတ်ဆိုးပင်လယ်ထဲတွင် ထူးဆန်းသောကမ္ဘာတစ်ခုပမာ သတ္တုရောင်ခြည်များ အေးစက်စွာ တောက်ပထွန်းလင်းနေသည်။

ဤသည်က ထိပ်တန်းမဟာနတ်ဆိုး (၁၂) ပါးအနက် တစ်ပါးပြန်လည်ရောက်ရှိလာခြင်း သင်္ကေတပြသခြင်းပင်။

ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ မတတ်သာစွာ ပြန်လည်ဆုတ်ခွာသွားရပြီး ငရဲကိုးထပ်သည်လည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ဆုတ်ခွာသွားသူများက မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အခြားမဟာနတ်ဆိုးများကို ဝိုင်းဝန်းတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၊ အရိပ်နတ်ဆိုးနှင့် ငရဲကိုးထပ်ရှိ အခြားမဟာနတ်ဆိုးများက သူတို့၏ရပ်တည်မှုကို ဆက်လက်ထိန်းထားရန် မလိုအပ်ဟု ယူဆခဲ့ကြသည်။ ထို့‌ကြောင့် သူတို့က ငရဲကိုးထပ်သို့ ပြန်လည်ဆုတ်ခွာရန် အာရုံစိုက်လိုက်ကြ၏။

ရန်ကျောက်ကဲက ငရဲကိုးထပ်တွင် ဆူညံပွက်လောရိုက်သွားသည့်သတင်းကို ကြားသိပြီး သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ရှင်သန်လာကြောင်း သိရှိသောအခါ သူ့စိတ်ထဲ စိုးရိမ်မှုများ ပြည့်နှက်လာသည်။

သူက ကောင်းချင်းရွှမ်နှင့် ပြန်လည်ပူးပေါင်းပြီး အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် နျဲ့ကျင်းရှန်၊ ယွီယဲ့နှင့် ယွဲ့ကျန့်ပေတို့ကို ဆက်လက်ရှာဖွေခဲ့ကြသည်။

“မဟာနတ်ဆိုးတစ်ပါး လူပြန်ဝင်စားဖို့ ရုပ်ခန္ဓာရွေးချယ်တဲ့အခါ ကျင့်ကြံခြင်းအဆင့်တွေ ၊ ပါရမီရှိတာတွေကို အရေးမစိုက်ဘူး ၊ သူတို့နဲ့လိုက်ဖက်ညီတဲ့ရုပ်ခန္ဓာကိုပဲ အဓိကထားပြီးစဉ်းစားတယ်”

ရန်ကျောက်ကဲနှင့် အခြားသူများ၏စိတ်ထဲ အတွေးများရစ်ဝဲလျှက် ရှိ၏။

“ဒါပေမဲ့ ရက်စက်ကြမ်းတမ်းပြီး ဖြောင့်မတ်တဲ့သူတွေက သတ္တုပလ္လင်နတ်ဆိုးရဲ့ ရုပ်ခန္ဓာဖြစ်လာဖို့ လွယ်ကူတယ်”

သို့ဖြစ်ရာ သတ္တုပလ္လင်နတ်ဆိုးနှင့်လိုက်ဖက်သည့် ရုပ်ခန္ဓာတွင် ဓားသိုင်းကျင့်ကြံသူ အများစုပါဝင်သည်။

ရန်ကျောက်ကဲက မျက်မှောင်ကျုံ့ရင်း...

“သတ္တုပလ္လင်နတ်ဆိုးက ဒီကိစ္စကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တာပဲ ၊ ဒီလိုဖြစ်မယ်လို့ အရိပ်အမြွက်လေးတောင် မသိခဲ့ရဘူး...”

ရုတ်တရက် သူ၏မျက်နှာအမူအရာပြောင်းလဲသွားပြီး စကားကိုရပ်တန့်လိုက်ပြီး အခြားသူများကို လှမ်းကြည့်လိုက်သည်။ အခြားသူများကလည်း သူ့ကိုပြန်ကြည့်လိုက်ကြသည်။

ခဏအကြာမှ ရန်ကျောက်ကဲက ရှေ့ဆက်သွားရင်း...

“ဆရာဦးလေးယွဲ့ရဲ့ သဲလွန်စရပြီ...”

ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ပေးပို့လာသည့်သတင်းစကားကို လက်ခံယူပြီးနောက် ရန်ကျောက်ကဲတို့အုပ်စု သူနှင့်တွေ့ဆုံရန် ချက်ချင်းထွက်ခွာသွားကြသည်။

ယွဲ့ကျန့်ပေ ဖြတ်သန်းသွားလာပြီး လျှို့ဝှက်စည်းတံဆိပ်များ ထားရှိခဲ့ရာနေရာတဝိုက်သို့ ဖုယွင်ချီ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုစည်းတံဆိပ်များမှတစ်ဆင့် ရန်ကျောက်ကဲတို့အပ်စု သဲလွန်စများ ဆက်လက်ရှာဖွေခဲ့ကြသည်။

ရန်ကျောက်ကဲက ရှေ့ဆက်သွားရင်း မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နက်လာသည်။

“ခဏလေး...”

သူက ပတ်ဝန်းကျင်ကို ခဏမျှ လှည့်ပတ်ကြည့်ရှုပြီး အခြားဦးတည်ရာတစ်ခုသို့ ထွက်ခွာသွားကာ မှောင်မိုက်ကျယ်ပြန့်သော ပြင်ပဗလာနယ်ထဲသို့ ခဏမျှ စူးစိုက်ကြည့်နေသည်။

ထို့နောက် ရန်ကျောက်ကဲ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ မြူခိုးငွေ့များလွင့်ပြယ်သွားပြီး သူ၏မြင်ကွင်းထဲသို့ တောက်ပသောစည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

ရန်တိ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက သူ့နောက်သို့ လိုက်ပါသွားကြသည်။

ထိုစည်းတံဆိပ်ကို ခဏမျှစစ်ဆေးပြီးသည်နှင့် တစ်စုံတစ်ခု မူမမှန်ကြောင်း သူတို့အားလုံး သတိပြုမိလိုက်ကြသည်။

“ဒီစည်းတံဆိပ်ကို လျှို့ဝှက်ထုံးတမ်းနဲ့ ဖုံးကွယ်မထားဘူး ၊ ဒီထဲကသတင်းအချက်အလက်တွေကို ဘယ်သူမဆို သိနိုင်တယ်”

ရန်ကျောက်ကဲ စည်းတံဆိပ်ကိုဖွင့်လိုက်သည်နှင့် နျဲ့ကျင်းရှန် ချန်ထားခဲ့သော သတင်းစကားများကို တွေ့ရှိလိုက်ရသည်။

ထိုသတင်းစကားများထဲတွင် နျဲ့ကျင်းရှန်က သူနှင့်ယွီယဲ့၏အခြေအနေကို အကျဉ်းချုံး ဖော်ပြထားပြီး သူတို့ကို ရှာဖွေနိုင်ရန် သဲလွန်စများကိုလည်း ထားရှိခဲ့သည်။

သို့သော် ရန်ကျောက်ကဲတို့အုပ်စု ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိက်ရသည်။

စည်းတံဆိပ်ထဲမှသတင်းအရ စုန်းဟွမ်မြင့်မားဧကရာဇ် ကျန်းပုရွှီးနှင့် အမတခုံရုံးမှလူများက သူတို့ကို ဖမ်းဆီးနေသည်။

အကယ်၍ သူတို့သာ ဤစည်းတံဆိပ်များကိုတွေ့ရှိပြီး အချက်အလက်ရယူနိုင်မည်ဆိုလျှင် ယွီယဲ့တို့ကို အလွယ်တကူ ခြေရာခံနိုင်မည်ဖြစ်သည်။

ရန်ကျောက်ကဲက...

“ဂိုဏ်းတူအစ်ကိုနျဲ့က ဒီလောက် သတိလက်လွတ်ပြုမူမှာမဟုတ်ဘူး ၊ တကယ်တမ်း ဘာတွေဖြစ်သွားခဲ့တာလဲ”

ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် ထိုအကြောင်းများကို ဆက်လက်စဉ်းစားရန် အချိန်မရှိတော့ပေ။ သူတို့က နျဲ့ကျင်းရှန်ထားရှိခဲ့သော သဲလွန်စများအတိုင်း ချက်ချင်း လိုက်သွားခဲ့ကြသည်။

ခဏအကြာမှာတော့ သူတို့ရှေ့တွင် ဓားအလင်းတန်စတစ်ခုထွက်ပေါ်လာပြီး သူတို့ထံသို့ ပျံသန်းလာနေသည့် လူတစ်ယောက်ကိုတွေ့ရသည်။

အခြားသူမဟုတ် ၊ ယွဲ့ကျန့်ပေပင် ဖြစ်၏။

ရန်ကျောက်ကဲတို့အုပ်စုကိုမြင်တော့ သူက ပါးစပ်ဟလိုက်သည့်တိုင် စကားသံတစ်သံမှ ထွက်မလာခဲ့ပေ။

ခဏမျှ ရပ်တန့်နေပြီးမှ ယွဲ့ကျန့်ပေက တိုးလျသည့်လေသံဖြင့်...

“မိတ်ဆွေလေးယွီ ဒဏ်ရာအပြင်းအထန်ရထားတယ် ၊ သူ့ကို ဂရုတစိုက် ဆေးကုသပေးဖို့လိုတယ်”

သူတို့၏မြေးမ‌လေးဖြစ်သော ယွီယဲ့၏အခြေအနေကိုမြင်သည့်အခါ ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့ စိတ်ထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရသည်။

ရန်ကျောက်ကဲ၊ ရန်တိနှင့် အခြားသူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့စိတ်ထဲ စိုးရိမ်မှုများ ပို၍ပြင်းထန်လာသည်။

ယွီယဲ့ကိုကြည့်ပြီးနောက် လုန်ရှင်းချွမ်က ဝမ်းနည်းမှုကိုထန်းချုပ်ရင်း ယွဲ့ကျန့်ပေကို မေးလိုက်သည်။

“ကျင်းရှန်ရော ဘယ်မှာလဲ...”

ယွဲ့ကျန့်ပေ၏ အကြောင်းပြန်မှုက တိတ်ဆိတ်မှုတစ်ခုသာ ဖြစ်သည်။

ရန်ကျောက်ကဲတို့အုပ်စု ဦးခေါင်းမှ ခြေဖျားအထိ အေးစိမ့်မှုတစ်ခု စီးဆင်းသွားသည့်ပမာ ခံစားလိုက်ရသည်။

ရန်တိက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...

“သူ... သူ အသတ်ခံလိုက်ရတာလား ဒါမှမဟုတ်...”

ယွဲ့ကျန့်ပေက သူတွေ့မြင်ရသည်များကို အကျဉ်းချုံးပြောပြလိုက်ရာ အားလုံး တိတ်ဆိတ်သွားကြသည်။

ရန်ကျောက်ကဲက အံတင်းတင်းကြိတ်ရင်း...

“ကျန်းချင်းချောင်... ပြီးတော့ အမတခုံရုံးက အဆင့်မရှိတဲ့အမှိုက်ကောင်တွေ...”

အဖြစ်အပျက်များကိုနားထောင်ရင်း တိမ်လွှာခွင်းဧကရာဇ်နှင့် ပိုးသားဧကရာဇ်တို့ သက်ပြင်းချလိုက်ကြသည်။

လုန်ရှင်းချွမ်က တည်ကြည်သောမျက်နှာထားဖြင့်...

“ကျောက်ကဲ... တခြားနည်းလမ်းတစ်ခုခု မရှိတော့ဘူးလား”

ရန်ကျောက်ကဲ မျက်လုံးများကိုမှေးမှိတ်လိုက်ပြီး ကျင့်ကြံသည့်ပမာ အာရုံစူးစိုက်မှုအခြေအနေသို့ ဝင်ရောက်သွားသည်။ သူက စိတ်ထဲမှ ဒေါသမီးလျှံများကို ဖိနှိပ်ထားရင်း တည်ငြိမ်စွာတွေးတောနိုင်ရန် အတင်းအကျပ် ကြိုးစားနေသည်။

ကျန်းပုရွှီးနှင့် အမတခုံရုံးမှလူများကြောင့် နျဲ့ကျင်းရှန်က သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြန်လည်ဝင်စားရာ ရုပ်ခန္ဓာဖြစ်သွားသည်ဆိုခြင်းက သူတို့အတွက်တော့ အိပ်မက်ဆိုးတစ်ခုပမာပင်။

သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ရှင်သန်လာပြီးနောက် သူ့အနေဖြင့် ချက်ချင်းပင် တန်ခိုးစွမ်းအား အထွတ်ထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိမည် မဟုတ်ပေ။

သို့သော် လူတစ်ယောက် အမှောင်ဘက်ခြမ်းသို့ကျရောက်သွားပါက မည်မျှပြင်းထန်စွာ ဒဏ်ရာရထားပါစေ ထိုဒဏ်ရာများ ချက်ချင်းသက်သာပျောက်ကင်းသွားပေမည်။

ယွီယဲ့ကဲ့သို့ ဝိညာဉ်ပြိုကွဲလုနီးပါးအခြေအနေသို့ ရောက်ရှိနေသူများနှင့် အတိတ်က ယင်းရှီယန်ကဲ့သို့သောသူများသာလျှင် ခြွင်းချက်ဖြစ်သည်။

အကယ်၍ သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် လိုက်ဖက်ညီသောရုပ်ခန္ဓာက ယွီယဲ့ဖြစ်ခဲ့မည်ဆိုပါမူ ကျန်းပုရွှီးနှင့် အခြားသူများကို ဆက်လက်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့သော် နျဲ့ကျင်းရှန် အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားပါက သူ၏ဒဏ်ရာများ ပြန်လည်ပျောက်ကင်းသွားမည်ဖြစ်သည်။

ဤအခြေအနေတစ်ခုတည်းဖြင့်ပင် ကျန်းပုရွှီးနှင့် အခြားသူများ နျဲ့ကျင်းရှန်ကို ဆက်လက်တိုက်ခိုက်ရန် မစွမ်းဆောင်နိုင်တော့ပေ။

ထို့ပြင် နျဲ့ကျင်းရှန်က မူလသမ္မာတရားကပ်ဘေးကို စိန်ခေါ်ကျော်ဖြတ်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သိုင်းကျင့်ကြံသူတစ်ယောက် အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားပါက သူတို့၏ကျင့်ကြံခြင်းအဆင့်က လျှင်မြန်စွာမြင့်တက်လာရန် အလားအလာရှိသည်။

ကျင့်ကြံခြင်းအဆင့်နိမ့်လေ ထိုအလားအလာက ပိုများလေ ဖြစ်သည်။

သို့သော် နတ်ဘုရားအဆင့်ရောက်ရှိပြီးသူများအတွက်တော့ ကျင့်ကြံခြင်းအဆင့်တက်ရန်မှာ မိုးနှင့်မြေကိုဖြတ်ကျော်ရသည့်ပမာ အခွင့်အရေးနည်းပါးလွန်း၏။

နျဲ့ကျင်းရှန်က အပြင်းအထန် ဒဏ်ရာရထားသည်ဖြစ်ရာ ၊ ဒဏ်ရာများပျောက်ကင်းရန်အတွက အမှောင်ဘက်ခြမ်းသို့ ဆင်းသက်သွားခြင်းဖြစ်ပါက သူ၏ ကျင့်ကြံခြင်းအဆင့် ခုန်တက်ရန် အလားအလာကို ဆုံးရှုံးသွားနိုင်သည်။

ထို့ကြောင့်ပင် ကျန်းပုရွှီးက ယွီယဲ့ကို သတ်ဖြတ်ရန် အခွင့်အရေးကို လက်လွှတ်လိုစိတ် မရှိခဲ့ခြင်းဖြစ်၏။

ကျန်းပုရွှီးက သူ့အတွက် အန္တရယ်ရှိမည်ဟု မထင်မှတ်ခဲ့‌ပေ။

နျဲ့ကျင်းရှန်က ငြိမ်သက်ခြင်းအဆင့် နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းသွားနိုင်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ထိုအချက်ကြောင့်ပင် ကျန်းပုရွှီးနှင့် အခြားသူများ အသက်ပျောက်ကုန်ကြရခြင်း ဖြစ်၏။

“ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ... ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ...”

ရန်ကျောက်ကဲ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ရေရွတ်လိုက်သည်။

“ဂိုဏ်းတူအစ်ကိုနျဲ့ရဲ့ ရုပ်ခန္ဓာက အရမ်းထူးခြားတယ် ၊ တခြားသူတွေ အမှောင်ဘက်ခြမ်းကိုကျရောက်ဖို့ တစ်ဆင့်ပဲလိုအပ်ပေမယ့် သူ့အတွက်က နှစ်ဆင့်လိုအပ်တယ်”

“ဒါပေမဲ့ အဲဒီအချက်ကြောင့်ပဲ သူ အမှောင်ဘက်ခြမ်းကိုကျရောက်သွားတဲ့အခါ သူများတွေနဲ့မတူတော့တာပဲ”

ရန်ကျောက်ကဲက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

“ကနဦးကောင်းကင်က ထာဝရတည်မြဲတယ် ၊ နှောင်းပိုင်းကောင်းကင်ရဲ့ လွှမ်းမိုးမှုကို ဘယ်တော့မှ မခံရဘူး ၊ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးက ကမ္ဘာဖန်ဆင်းခြင်းအချိန်ကတည်းက ပေါ်ပေါက်လာခဲ့တာ ၊ သူတို့က ကနဦးကောင်းကင်က ဆင်းသက်လာတာ မဟုတ်ဘူး...”

ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။

ယွဲ့ကျန့်ပေက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲက...

“တခြား မဟာနတ်ဆိုးတွေရဲ့ ရုပ်ခန္ဓာတွေနဲ့ယှဉ်ရင် ဂိုဏ်းတူအစ်ကိုနျဲ့က သူ့ကိုယ်သူ ပိုပြီး ထိန်းချုပ်နိုင်လိမ့်မယ် ၊ ဒါပေမဲ့...”

အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အချိန်အတန်ကြာမှ ယွဲ့ကျန့်ပေက...

“ဖြစ်တာက ဖြစ်ပြီးသွားပြီပဲလေ ၊ အခုတော့ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“အခုအရင်ဆုံး... ကျင်းရှန်နဲ့ ယွီယဲ့ကို သစ္စာဖောက်ခဲ့တဲ့သူ ဘယ်သူလဲဆိုတာ ရှာရမယ်”

သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။

“တစ်ယောက်ယောက်က ကျင်းရှန်ရဲ့စည်းတံဆိပ်တွေကို ဖွင့်သွားခဲ့တယ် ၊ အဲဒီလျှို့ဝှက်စည်းတံဆိပ်တွေကိုဖွင့်နိုင်တဲ့သူ ငါတို့အဖွဲ့ထဲမှာပဲ ရှိတယ်”

ရန်ကျောက်ကဲက အေးစက်စွာဖြင့်...

“အဲဒီကောင် မလွတ်စေရဘူး”

ထို့နောက် ရန်ကျောက်ကဲက သူ၏လက်ဖဝါးများကိုဖြန့်လိုက်ပြီး အစောပိုင်းက တွေ့ရှိခဲ့သော နျဲ့ကျင်းရှန်ထားခဲ့သည့် စည်းတံဆိပ်ကို ပြသလိုက်သည်။

ယွဲ့ကျန့်ပေနှင့် အခြားသူများသည်လည်း သူတို့တွေ့ရှိထားသည့် နျဲ့ကျင်းရှန်ထားခဲ့သည့် အခြားသောစည်းတံဆိပ်များကို ရန်ကျောက်ကဲလက်ထဲ လွှဲပေးလိုက်ကြသည်။

All Chapters