← Chapters

ဟယ်မြန် ဘယ်ရောက်သွားပြီလဲ

Vol. 107 Ch. 1493

ဟယ်မြန် ဘယ်ရောက်သွားပြီလဲ

Vol. 107 Ch. 1493

အခန်း (၁၄၉၃) ဟယ်မြန် ဘယ်ရောက်သွားပြီလဲ

ယခင်က အမတခုံရုံးက ပတ်ဝန်းကျင်တစ်ခွင်လှည့်လည်ပြီး လမ်းမှန်တာအိုဝါဒမှ တစ်ယောက်တည်းကျန်ခဲ့သည့် သိုင်းကျင့်ကြံသူများကို လိုက်လံဖမ်းဆီးနေခဲ့သည်။

ယခု နှစ်ဖက်စလုံး၏ အနေအထားများ ပြောင်းပြန်ဖြစ်သွားပေပြီ။

ရန်ကျောက်ကဲတို့က အနီးအနားရှိ အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို စတင်ရှာဖွေတိုက်ခိုက်လာသည်။

ဤအကြိမ်တွင် အမတခုံရုံးမှ ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရားနှစ်ဦးကို စေလွှတ်ခဲ့သည်။ သို့သော် တစ်ဦးမှာ ရန်ကျောက်ကဲ၏ လက်ချက်ဖြင့် သေဆုံးသွားပြီးဖြစ်သည်။

ပြင်ပတာအိုကျင့်ကြံသူများ ဤသတင်းကြားသည်နှင့် အများစုက ပိုမိုသတိထားပြီး ခုခံကာကွယ်ရန် အာရုံစိုက်လာကြသည်။

သူတို့က အဖြူရောင်ကြာပန်းသုခဘုံနှင့် တိုက်ခိုက်နေရသည်ဖြစ်ရာ နေရာပေါင်းစုံတွင် လူများခွဲပြီး တပ်ဖြန့်နိုင်ခြင်း မရှိသေးပေ။

ယခု ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ရပြီး မည်သူ့ကိုမှ အားသာချက်မယူနိုင်တော့သဖြင့် ဆုတ်ခွာရန် စဉ်းစားရတော့သည်။

သို့သော် ရန်ကျောက်ကဲတို့အုပ်စုကလည်း သူတို့ကို ဤမျှလွယ်ကူစွာ ထွက်ပြေးခွင့်ပေးမည်မဟုတ်ပေ။ သူတို့က တွေ့တွေ့သမျှ အမတခုံရုံးမှ ကျင့်ကြံသူများကို လိုက်လံဖမ်းဆီးတိုက်ခိုက်လျှက် ရှိသည်။

အံ့သြစရာကောင်းသည်မှာ သူတို့က စိမ်းပြာမိုးကြိုးဧကရာဇ်၏ တည်နေရာကို ရှာတွေ့သွားခြင်းပင်။

စိမ်းပြာမိုးကြိုးဧကရာဇ်က အခြားတစ်ယောက်နှင့်တိုက်ခိုက်နေပြီး အနိုင်အရှုံး မပြတ်သားသည့်အခြေအနေတွင် ရှိနေသည်။

ရန်ကျောက်ကဲ ရောက်လာချိန်တွင် ကောင်းကင်တစ်ခွင်လုံးဖုံးလွှမ်းထားသော စိမ်းပြာရောင်မိုးကြိုးအလင်းတန်းများကို မြင်တွေ့လိုက်ရသည်။ မိုးကြိုးအလင်းတန်းများက အဆုံးမရှိသော ဗလာနယ်တစ်ခုလုံးအား လွှမ်းခြုံထား၏။

ကောင်းကင်တစ်ခွင် မိုးကြိုးအလင်းတန်းများဖြင့်ဖုံးလွှမ်းပြီး မိုးကြိုးကမ္ဘာတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသော တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် နှိုင်းယှဉ်ပါက စိမ်းပြာမိုးကြိုးဧကရာဇ်၏ မိုးကြိုးစွမ်းအားက များစွာညံ့ဖျင်းလှသည်။

ပိုးစုန်းကြူးနှင့် နေမင်း နှိုင်းယှဉ်ရသလိုပင် ဖြစ်၏။

သို့သော် မိုးကြိုးပင်လယ်က ကျယ်ပြောလှသော ဟင်းလင်းပြင်တစ်လျှောက် ပြန့်နှံ့လျက်ရှိသည်။

မိုးကြိုးအလင်းတန်းများ အဆက်မပြတ် ပေါက်ကွဲထွက်နေသည်ဖြစ်ရာ လူတစ်ယောက်အား မိုးကြိုးငရဲတွင်ပိတ်မိနေသလို ခံစားရစေပြီး ကြောက်ရွံ့မှုကို ခံစားရစေမည်ဖြစ်သည်။

မိုးကြိုးပင်လယ်ထဲတွင် အဆက်မပြတ်လှုပ်ရှားနေသော အရိပ်နှစ်ခုကို တွေ့မြင်ရသည်။

ရန်ကျောက်ကဲ အနီးကပ်ကြည့်ရှုလိုက်တော့ စိမ်းပြာမိုးကြိုးဧကရာဇ်နှင့်တိုက်ခိုက်နေသူမျးက နတ်မိစ္ဆာမျိုးနွယ်မှဖြစ်ကြောင်း သိလိုက်ရ၏။

၎င်းတို့ထဲမှတစ်ယောက်က ကြိုးကြာနီတစ်ကောင်နှင့်တူသည်။

သို့သော် သူ၏ခြေထောက်တစ်ဖက်က အပြာရောင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီရောင်အစက်အ‌ပျောက်များရှိကာ ရှည်လျားသောနှုတ်သီးက အဖြူရောင်ဖြစ်သည်။

ထိုထူးဆန်းသောငှက်မှ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည့်တိုင် မီးလျှံများကို တွေ့မြင်ရခြင်း မရှိပေ။

သို့တိုင် ထိုငှက်မှထုတ်လွှတ်သော ပူပြင်းလှသည့်အပူချိန်က မီးကပ်ဘေးတစ်ခု သက်ဆင်းလာတော့မည့်အလား ထင်မှတ်ရသည်။

ပူပြင်းသော အနီရောင်အလင်းတန်းများက ပတ်ဝန်းကျင်ရှိ မိုးကြိုးများနှင့် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်နေသည်။

သူ၏စွမ်းအားပြင်းထန်မှုက မိုးကြိုးများကဲ့သို့ပင်ဖြစ်ပြီး သူတို့တိုက်ပွဲအတွက် အနိုင်အရှုံးမပြတ်သားသောအနေအထားသို့ ရောက်ရှိစေသည်။

ထိုငှက်က “အပြာရောင်ငှက်” ဟု ခေါ်သော နတ်ငှက်မျိုးစိတ်တစ်မျိုးဖြစ်၏။

အခြား မဟာနတ်မိစ္ဆာက ဝံပုလွေပုံစံရှိသည်။

သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းက ခွေးတစ်ကောင်နှင့်ဆင်တူပြီး ကိုယ်လုံးအောက်ပိုင်းက လူသားပုံစံဖြစ်သည်။

သူ့တစ်ကိုယ်လုံး တောက်ပသည့်အနက်ရောင်အမွှေးများဖြင့် ဖုံးလွှမ်းထားပြီး မျက်လုံးများက သွေးနီရောင်တောက်ပနေသည်။

တိုက်ပွဲတွင် သူ၏ပါးစပ်မှ အနက်ရောင်အခိုးအငွေ့များ ထုတ်လွှတ်လျှက်ရှိသည်။

သို့သော် သူ၏မိစ္ဆာချီက ဘေးတွင်ရှိနေသည့် အပြာရောင်ငှက်လောက် အားကောင်းခြင်း မရှိပေ။ စိမ်းပြာမိုးကြိုးများဖြင့် ဝိုင်းရံခံရသည်နှင့် သူက ယိမ်းယိုင်သောလက္ခဏာများ ပြသနေသည်။

သို့သော် အပြာရောင်ငှက်အကူအညီဖြင့် သူက ယာယီ ခုခံထားနိုင်ခဲ့သည်။

ဤမဟာနတ်မိစ္ဆာနှစ်ဦး၏ ကျင့်ကြံခြင်းအဆင့်က တာအိုဝါဒ၏ နက်ရှိုင်းနတ်ဘုရားအဆင့်နှင့် ညီမျှသည်။

စိမ်းပြာမိုးကြိုးဧကရာဇ်က သူ၏ ကျင့်ကြံခြင်းအားသာချက်ကို အသုံးပြုကာ ရန်သူများကို ဖိနှိပ်ထားပြီး တိုက်စစ်ဖြစ်စေ ခံစစ်ဖြစ်စေ သူ၏ ဆန္ဒအတိုင်း လုပ်ဆောင်နိုင်သည်။

သို့သော် အပြာရောင်ငှက်က အလွန်ရက်စက်ကြမ်းတမ်းလှသည်။

အကယ်၍ သူ၏မိစ္ဆာရောင်ဝါက ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရား၏ ချီစွမ်းအားငါးခုပေါင်းစည်းခြင်းကိုယ်ခန္ဓာအား ထိခိုက်စေမည်ဆိုလျှင် စိမ်းပြာမိုးကြိုးဧကရာဇ် ဒုက္ခအကြီးအကျယ်ရောက်ပေမည်။

နတ်မိစ္ဆာမျိုးနွယ်များက အဖြူရောင်ကြာပန်းသုခဘုံကို အမြဲတမ်း ကူညီထောက်ပံ့ပေးနေခဲ့သည်ပင်။

ထို့ကြောင့် အမတခုံရုံးမှ စိမ်းပြာမိုးကြိုးဧကရာဇ်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံမိသောအခါ နှစ်ဦးနှစ်ဖက် ချက်ချင်းပင် တိုက်ပွဲအခြေအနေသို့ ရောက်ရှိသွားသည်။

နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်ခိုက်နေစဉ် ရန်ကျောက်ကဲ ရုတ်တရက်ရောက်လာသည့်အခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

ရန်ကျောက်ကဲက ချက်ချင်းပင် တိုက်ပွဲအတွင်းခုန်ဝင်လိုက်ပြီး...

“ငါက ပြင်ပတာအိုကျင့်ကြံသူ အမှိုက်ကောငတွေကိုလာရှာတာ...”

ထို့နောက် သူက စိမ်းပြာမိုးကြိုးဧကရာဇ်ကို စူးစိုက်ကြည့်ရင်း ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်...

“ဒီထဲမှာ မပတ်သက်တဲ့သူတွေ ထွက်သွားလို့ရတယ်”

ရန်ကျောက်ကဲက အမတခုံရုံးကို ပစ်မှတ်ထားသည်ဆိုသော်လည်း မဟာနတ်မိစ္ဆာနှစ်ယောက်က ရန်ကျောက်ကဲ၏ ယဉ်ကျေးမှုကင်းမဲ့သော စကားလုံးများကြောင့် ဒေါသထွက်သွားကြသည်။

သို့သော် ရန်ကျောက်ကဲ၏ ကောင်းကင်ခွင်းလှံရှည်က မိုးကြိုးပင်လယ်ကို အပိုင်းပိုင်းဖြတ်ထုတ်လိုက်ကြောင်း တွေ့မြင်သည့်အခါ မဟာနတ်မိစ္ဆာနှစ်ယောက်မှာ ကြိမ်းမောင်းပြောဆိုရန် ဟန်ပြင်ထားသောစကားများပင် ပါးစပ်မှတစ်ဆင့် ရင်ထဲပြန်ဝင်သွားရတော့သည်။

"စိတ်ကြိုက်သာလုပ်တော့...”

မဟာနတ်မိစ္ဆာနှစ်ယောက် ထပ်မံစကားမပြောတော့ဘဲ ချက်ချင်းပင် တိုက်ပွဲကိုစွန့်ခွာကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။

စိမ်းပြာမိုးကြိုးဧကရာဇ်ကတော့ မကျေမနပ်ဖြစ်သွားသည်။

ဤမဟာနတ်မိစ္ဆာနှစ်ယောက်သာ မမျှော်လင့်ဘဲ သူ့ကိုဝင်မတိုက်ခဲ့လျှင် သူ့အနေဖြင့် အချိန်များစွာဖြုန်းတီးစရာမလိုဘဲ ဤစကြဝဠာမှ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။

အနည်းဆုံးတော့ ရန်ကျောက်ကဲ သူ့ကိုရှာတွေ့မည် မဟုတ်ပေ။

ယခုတော့ ရန်ကျောက်ကဲ ရောက်လာပြီဖြစ်ရာ စိမ်းပြာမိုးကြိုးဧကရာဇ်အနေဖြင့် လာရောက်တိုက်ခိုက်မှုကို ရင်ဆိုင်ရပေတော့မည်။

သူက အေးစက်စွာဖြင့်...

“မင်းတို့ အယုတ်တမာတွေ အမှိုက်ကောင်တွေ ၊ အားလုံးအတူတူချည်းပဲ ၊ မကြာခင် မိုးကောင်းကင်က ဒဏ်ခတ်တာကို ရင်ဆိုင်ရတော့မယ်”

ထို့နောက် သူ၏ခန္ဓာကိုယ်က မိုးကြိုးအသွင်ပြောင်းလဲသွားပြီး စိမ်းပြာမိုးကြိုးအလင်းတန်းများက ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

စိမ်းပြာမိုးကြိုးအလင်းတန်းများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ထိုသူ၏လှုပ်ရှားမှုမှန်သမျှကို အေးစက်စွာ စောင့်ကြည့်နေသည်။ ထို့နောက် သူ၏ လက်ဖဝါးနှစ်ဖက်ကို ပင့်မြှောက်ပြီး ပြန်လည်ပူးကပ်လိုက်သည်။

ပတ်ဝန်းကျင်ဟင်းလင်းပြင်ထဲတွင် မိုးကြိုးသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

ပတ်ဝန်းကျင်စကြဝဠာတစ်ခုလုံး တုန်ယင်လှုပ်ခါလာပြီး ပုံသဏ္ဌာန်မရှိသော မိုးကြိုးသွားများ ပတ်ပတ်လည်တွင် ပြန့်ကျဲနေသလို ခံစားရသည်။

ထို့နောက် မိုးကြိုးသွားများ တစ်နေရာတည်းသို့ စုစည်းလာပြီး ပျံ့ကျဲ့နေသော စိမ်းပြာမိုးကြိုးများအားလုံးကို တစ်နေရာတည်းတွင် ပိတ်ဆို့ထားလိုက်သည်။

"ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး..."

စိမ်းပြာရောင်မိုးကြိုးများစုစည်းသွားပြီး တာအိုဆရာတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ မိုးကြိုးအလင်းတန်းများအောက်တွင် သူ၏မျက်နှာက ရှုံ့မဲ့လျှက် ရှိသည်ကိုတွေ့ရသည်။

ရန်ကျောက်ကဲ၏ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး ပေါက်ကွဲထွက်သွားပြီး စိမ်းပြာမိုးကြိုးဧကရာဇ်ကို ချက်ချင်းပင် သူ၏ မူလနေရာသို့ ပြန်တွန်းပို့လိုက်သည်။

စိမ်းပြာမိုးကြိုးဧကရာဇ် ထပ်မံစကားမပြောနိုင်မီ ရန်ကျောက်ကဲက သူ့ရှေ့သို့ ရောက်ရှိလာလေသည်.

ရန်ကျောက်ကဲက လက်ဖဝါးကို မြှောက်လိုက်ပြီး ရန်သူ၏ဦးခေါင်းအား ဖိချလိုက်သည်။

တစ်လောကလုံးအား လွှမ်းမိုးနိုင်သော ထိတ်လန့်ဖွယ်ရာ အငွေ့အသက်သည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး စိမ်းပြာမိုးကြိုးဧကရာဇ်အား ထွက်ပြေးရန် မျှော်လင့်ချက်များကင်းမဲ့စေသည်။

သူက ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရားဆိုသောအဆင့်က သာမန်မဟုတ်ပေ။

ရန်ကျောက်ကဲ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ရင်ဆိုင်ရသည့်တိုင် စိမ်းပြာမိုးကြိုးဧကရာဇ်က စိတ်တည်ငြိမ်နေဆဲဖြစ်၏။

ဗလာနယ်ထဲမှ စိမ်းပြာမိုးကြိုးများက သူဆီသို့ စုစည်းလာပြီး ကောင်းကင်ကိုပင် ထိုးဖောက်နိုင်သော လှံတစ်ချောင်းအဖြစ် အသွင်ပြောင်းကာ ရန်ကျောက်ကဲ၏ လက်ဖဝါးဆီသို့ ပစ်လွှတ်လိုက်သည်။

ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့စွာ ရပ်တန့်နေသည်။

သူက ရှေးဟောင်းနတ်ဘုရားတစ်ပါးပမာ နတ်တောင်တစ်လုံးကို ကိုင်မြှောက်လျှက် စိမ်းပြာမိုးကြိုးဧကရာဇ်ဆီသို့ ပစ်ပေါက်လိုက်သည်။

စိမ်းပြာမိုးကြိုးဧကရာဇ်၏ မြင်ကွင်းထဲတွင် ထိုအရာက မိုးနှင့်မြေကို ဖျက်ဆီးပိုင်ခြားပြီး စကြာဝဠာ ပြန်လည်ဖန်ဆင်းသည့်ပမာ ခံစားလိုက်ရသည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က မိုးကြိုးလှံတစ်ချောင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် လည်ပတ်မှု ရပ်တန့်သွားသည်။

မိုးကြိုးလှံကတော့ ချက်ချင်းပင် ဖျက်ဆီးခံရပြီး တည်ရှိမှုကင်းမဲ့သွားသည်။

ခဏတာ ရပ်တန့်ပြီးနောက် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ဆက်လက်သက်ဆင်းလာပြီး စိမ်းပြာမိုးကြိုးဧကရာဇ်ဆီသို့ ဖိချလာသည်။

စိမ်းပြာမိုးကြိုးဧကရာဇ် ထိတ်လန့်တကြားဖြစ်ကာ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

သို့သော် မိုးကြိုးလှံက ခဏတာ ဟန့်တားထားနိုင်ခဲ့သည့်တိုင် စိမ်းပြာမိုးကြိုးဧကရာဇ်မှာ ဤဖိနှိပ်တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က စိမ်းပြာမိုးကြိုးဧကရာဇ်၏ ပုခုံးပေါ်သို့ ကျရောက်လာပြီး သူ၏တစ်ကိုယ်လုံး တုန်ယင်သွားစေသည်။

ချီစွမ်းအားငါးခုပေါင်းစည်းခြင်းက အကာအကွယ်ပေးထားသဖြင့် စိမ်းပြာမိုးကြိုးဧကရာဇ် ဒဏ်ရာမရရှိခဲ့ပေ။ သို့သော် ထိုအခိုက်အတန့်တွင် အဆုံးမရှိသော အလေးချိန်တစ်ခုက သူ့ထံသို့ ပိကျလာသည့်ပမာ ခံစားလိုက်ရသည်။

ရုတ်တရက် စကြဝဠာထဲတွင် တိုင်လုံးတစ်ခုထွက်ပေါ်လာပြီး တိုင်လုံးအစွန်းတစ်ဖက်က ကျယ်ပြန့်သည့်စကြာဝဠာကိုထောက်မထားပြီး ကျန်တစ်ဖက်က သူ့ထံသို့ဖိကျလာကာ မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။

ရန်ကျောက်ကဲက သူ့ကို အေးစက်စွာ စိုက်ကြည့်နေပြီး ထိုအကြည့်က သူ့အားသေလူအဖြစ်သတ်မှတ်ထားသည့်ပမာပင်။

နတ်သက်ကြွေဓားသိုင်း သူ့ထံသို့ သက်ဆင်းလာပြီး စိမ်းပြာမိုးကြိုးဧကရာဇ်ကို ချက်ချင်းပင် နက်ရှိုင်းနတ်ဘုရားအဆင့်သို့ ပြုတ်ကျသွားသည်။

အစောပိုင်းက သူ့ထံမှထွက်ပေါ်နေသည့် အဆုံးမရှိသော တန်ခိုးစွမ်းအားက ချက်ချင်းပင် ငြိမ်သက်သွားပြီး သူ၏ခန္ဓာကိုယ် သွေးကြောဆုံချက်တိုင်းမှ သွေးများပန်းထွက်လာသည်။

“အယုတ်တမာကောင် ၊ အမှိုက်ကောင်... မင်း ငါ့ကို သတ်ရဲတယ်ပေါ့လေ”

စိမ်းပြာမိုးကြိုးဧကရာဇ်မှာ နတ်သက်ကြွေဓားသိုင်းကို ရင်ဆိုင်ရသည့်အခါ ထိတ်လန့်တကြားဖြစ်သွားရ၏။

ရန်ကျောက်ကဲက အေးစက်စွာဖြင့်...

"မင်းက ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီတို့ကို လိုက်ဖမ်းတဲ့အထဲမှာပါဝင်ခဲ့တယ် ၊ အဲဒီကတည်းက မင်းက သေဖို့လုံလောက်သွားပြီ”

သူက ဆက်ပြောလိုက်သည်။

"မင်းအတင်းအကျပ် ခိုင်းစေခဲ့တဲ့ ဟယ်မြန်လည်း အတူတူပဲ"

စိမ်းပြာမိုးကြိုးဧကရာဇ်က ထူးဆန်းစွာပြုံးလိုက်ပြီး...

“ငါက နတ်မိစ္ဆာနှစ်ကောင်နဲ့တွေ့လို့ နောက်မှာကျန်နေခဲ့တာ ၊ ဒါပေမဲ့ အခု ဟယ်မြန်ကတော့ အမတခုံရုံးကို ရောက်သွားလောက်ပြီ”

သူက ဆက်ပြောလိုက်သည်။

“မင်း သူ့ကိုသတ်ချင်ရင်... သတ္တိရှိရင် အမတခုံရုံးကို လိုက်သွားလေ ၊ မင်း ဘယ်တော့မှ ပြန်မလာနိုင်ဘူးဆိုတာ ငါ အာမခံတယ်”

“မင်းက တန်ခိုးစွမ်းအားကြီးတာ မှန်ပါတယ် ၊ ဒါပေမဲ့ နက်ရှိုင်းနတ်ဘုရားအဆင့်ပဲ ရှိသေးတယ်လေ ၊ အမတခုံရုံးကိုသွားပြီး ဘာလုပ်နိုင်မှာလဲ ၊ ဒီနေရာမှာသာ မင်း မာန်တက်ကြွားဝါနိုင်ပေမယ့် ငါတို့ အမတခုံရုံးမှာ ကောင်းကင်ဘုံအရှင်တွေ အများကြီးပဲ ၊ အဲဒီကိုရောက်သွားရင် မင်း ဒီလောက်မာန်တက်နိုင်ဦးမလား ကြည့်တာပေါ့”

All Chapters