← Chapters

မိုးကြိုးလေပြင်များလှိုင်းထန်သည့်ပမာ

Vol. 107 Ch. 1495

မိုးကြိုးလေပြင်များလှိုင်းထန်သည့်ပမာ

Vol. 107 Ch. 1495

အခန်း (၁၄၉၅) မိုးကြိုးလေပြင်များလှိုင်းထန်သည့်ပမာ

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခန့်ညားထည်ဝါသောရုပ်သွင်ဖြင့် ရောက်ရှိလာသည်။ ပန်ပန်သည်လည်း သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။

ပုံမှန်ဆိုလျှင် ပျင်းရိပျင်းတွဲပုံစံရှိနေတတ်သော”ပန်ပန်” က ယခုတော့ ရက်စက်ကြမ်းကြုတ်သော ဟန်ပန်အပြည့် ပြောင်းလဲနေသည်။

သူက ရန်ကျောက်ကဲမွေးဖားသည့် ဝိညာဉ်သားရဲတစ်ကောင်ဖြစ်လေရာ သခင်ဖြစ်သူ၏ ခံစားချက်တစ်စိတ်တစ်ပိုင်းကို ခံစားနိုင်သည်။

ခြံဝင်းတံခါးပွင့်သွားပြီး အတွင်းမှ ရွှီဖေး ထွက်ပေါ်လာသည်။

သူက ဘာတွေဖြစ်ခဲ့သည်လဲ ၊ ဘယ်သို့သွားမည်လဲဆိုသောမေးခွန်းများကို လုံးဝ အရေးမစိုက်ပေ။

ခေါင်းတစ်ချက်ညိတ်ပြီး...

“ကောင်းပြီ”

ဟုသာ စကားဆိုခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကလည်း အလျင်စလို ရှင်းပြရန် မလိုအပ်ဟု ယူဆသည်။

“လမ်းမှာ ဆက်ပြောတာပေါ့”

သူတို့ညီအစ်ကိုကြားမှ ယုံကြည်မှုက အပိုစကားများ မလိုအပ်ခဲ့ပေ။

အခြားသူများကိုအကြောင်းကြားပြီးနောက် လူနှစ်ယောက်နှင့် သားရဲတစ်ကောင်ပါရှိသော (၃)ယောက်တစ်ဖွဲ့ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှ ထွက်ခွာသွားလေသည်။

သူတို့ ထျန်းစူးစကြာဝဠာမှ ထွက်ခွာသွားပြီး အဆုံးမရှိသော ပြင်ပဗလာနယ်အတွင်းဝင်ရောက်သွားကာ အာကာသအလွှာများကိုဖြတ်ကျော်ပြီးနောက် ရန်ကျောက်ကဲနှင့် တွေ့ဆုံကြသည်။

ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ရောက်လာသော ရွှီဖေးကို ကြည့်ပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်၏။

"ဂိုဏ်းတူအစ်ကို ရွှီဖေး..."

ယခု ရွှီဖေး၏ရောင်ဝါက အနည်းငယ် မတည်မငြိမ်ဖြစ်နေသေးသော်လည်း ဒဏ်ရာများက အတော်လေးသက်သာလာပေပြီ။

ရွှီဖေးက ခရီးထွက်လာရင်း အဖြစ်အပျက် အကြမ်းဖျင်းကို သိရှိထားပြီးဖြစ်သည်။

ယခု ရန်ကျောက်ကဲနှင့်တွေ့ဆုံတော့ သူက ရိုးရှင်းစွာပင် ပြောလိုက်၏။

“သွားမယ်ဆို အမြန်သွားရအောင်”

အမတခုံရုံးက ဟယ်မြန်ကို ငါးစာအဖြစ် အသုံးပြုကာ လမ်းမှန်တာအိုဝါ ဂိုဏ်းသားများကို ဆွဲဆောင်ရန် ကြံစည်နိုင်သည်။

ထို့ကြောင့် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချက်ချင်းလှုပ်ရှားရပေမည်။ အချိန်ဆွဲလေ ရန်သူများအတွက် ပြင်ဆင်ချိန်ပိုရလေဖြစ်၏။

ရန်ကျောက်ကဲက တည်ငြိမ်စွာခေါင်းညိတ်ရင်း...

“အခုပဲ သွားကြမယ်”

စကားဆုံးသွားသည်နှင့် သူ၏ပုံရိပ်ကလှုပ်ခါသွားပြီး နက်မှောင်သည့် သွေးနီရောင်ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ဓားအလင်းတန်းထဲတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေးနှင့် ပန်ပန်တို့ကို ထည့်သွင်းခေါ်ဆောင်ကာ ဗလာနယ်ထဲတွင် ချက်ချင်းပျောက်ကွယ်သွားသည်။

သွေးနီရောင်ဓားအလင်းတန်းက ဗလာနယ်အလွှာအထပ်ထပ်ကို ဖြတ်ကျော်ပြီး “တံတိုင်း” တစ်ခုနှင့်တူသော တည်ရှိမှုဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။

အနားသို့မရောက်မီပင် အတွင်းမှထွက်ပေါ်နေသည့် ပြင်းထန်သောစွမ်းအားကို ရန်ကျောက်ကဲ အာရုံခံမိသည်။ ထိုစွမ်းအားက စကြာဝဠာတစ်ခုလုံးအား လွှမ်းခြုံထားသည့်ပမာ ခံစားရသည်။

"ရောက်ပြီ..."

ရန်ကျောက်ကဲ တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သွေးနီရောင်ဓားအလင်းတန်းပျောက်ကွယ်သွားပြီး သူ၏ပုံရိပ် ပြန်လည်ပေါ်ထွက်လာသည်။

ထို့နောက် သူက ရှေ့တွင်ရှိသော စကြဝဠာကို ကြည့်လိုက်သည်။

ရန်ကျောက်ကဲ ယခင်က အမတခုံရုံးအုပ်ချုပ်သော စကြာဝဠာသို့ ရောက်ခဲ့ဖူးသည်ပင်။ သို့သော် ထိုစဉ်က ငြိမ်းချမ်းရေးကာလတွင် ဖြစ်၏။

ထိုစဉ်က အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ စစ်ပွဲမှအနားယူပြီး ပြန်လည်ထူထောင်နေသည့်ကာလဖြစ်သည်။

စကြာဝဠာနယ်စပ်တွင် ထိပ်တိုက်တွေ့မှုများရှိနေသေးသည့်တိုင် အရာအားလုံးက ငြိမ်းချမ်းနေသေးသည်ဟု ယူဆနိုင်သည်။

ယခုတော့ နှစ်ဖက်လုံး အကြီးစားစစ်ပွဲတစ်ခု ဆင်နွှဲနေပြီး မရေမတွက်နိုင်သော တန်ခိုးစွမ်းအားရှင်များ ပါဝင်တိုက်ခိုက်နေကြသည်။

သို့ဖြစ်ရာ ပတ်ဝန်းကျင်ကမ္ဘာများတွင် ကြီးမားသောအဖျက်စွမ်းအားများ ထုတ်လွှတ်လျှက်ရှိသည်။

ရန်ကျောက်ကဲက ဖြစ်ပွားနေသည့်တိုက်ပွဲကို တည်ငြိမ်စွာကြည့်လိုက်ပြီး အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် နည်းလမ်းကို စဉ်းစားရင်း ရှေ့သို့ဆက်လက်ထွက်ခွာသွားသည်။

ယခု အခြေအနေက ယခင်ကနှင့် လုံးဝ ကွဲပြားနေပေပြီ။

အမတခုံရုံးစကြဝဠာအတွင်းသို့ မဝင်ရောက်မီကပင် အတွင်းမှ ထွက်ပေါ်လာသော ရတနာအလင်းတန်းများက ရန်သူချဉ်းကပ်လာကြောင်း သတိပေးလျှက်ရှိ၏။

ထို့နောက် ချက်ချင်းပင် အတွင်းမှ လူရိပ်တစ်ခုထွက်ပေါ်လာသည်။

“ဘယ်သူလဲ...”

ထိုသူ၏အသံက ခပ်သြသြ ဖြစ်သည်။

ထို့နောက် အမတခုံရုံးမှ သိုင်းကျင့်ကြံသူ(၂)ယောက် ရန်ကျောက်ကဲရှေ့တွင် ပေါ်လာသည်။

ထိုသူများ သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် ရန်ကျောက်ကဲက လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်၏။

သူ၏လှုပ်ရှားမှုက ပေါ့ပါးပြီး သာမန်ဆန်သည်ဟု ထင်ရသည်။ သို့သော် အမတခုံရုံးမှ သိုင်းကျင့်ကြံသူ(၂)ယောက်မှာ ချက်ချင်းပင် ဗလာနယ်ထဲ အငွေ့ပျံပျောက်ကွယ်သွားလေသည်။

ထို့နောက် ရန်ကျောက်ကဲက လက်ဖဝါးကိုဆန့်ထုတ်ပြီး ထိုသူများ၏ ယုံကြည်ခြင်း ရတနာအလင်းတန်းများဆီသို့ ဖိနှိပ်ချလိုက်သည်။

သူက လက်သီးဆုပ်လုက်သည်နှင့် ရတနာအလင်းတန်းများက အလင်းဖန်သားပြင်အဖြစ်ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်း အက်ကွဲသွားသည်။

ထိုအက်ကွဲကြောင်းများမှတစ်ဆင့် ကြီးမားသောအပေါက်ကြီးတစ်ခုဖြစ်လာသည်။

ထိုအပေါက်မှတစ်ဆင့် ကြယ်စင်များဖြင့်တောက်ပနေသည့် နတ်ဘုရားဆန်သော ကောင်းကင်ယံကို တွေ့မြင်လိုက်ရလေသည်။

ရန်ကျောက်ကဲရှေ့တွင် ကမ္ဘာကြီးတစ်ခုထွက်ပေါ်လာသည်။

ထိုကမ္ဘာ၏ကောင်းကင်ယံက ကြယ်တာရာများဖြင့်ပြည့်နက်နေပြီး ၊ ကြယ်စင်များက သင်္ကေတများပမာ တောက်ပလင်းလက်လို့နေသည်။

ယုံကြည်ခြင်း ရတနာအလင်းတန်းများက ကောင်းကင်ယံထိတိုင်ထိုးဖောက်နေပြီး ထိုအလင်းတန်းများ၏အဆုံးသတ်ကို မျက်စိဖြင့်ပင် မတွေ့မြင်နိုင်ပေ။

ရန်ကျောက်ကဲ ရှေ့ဆက်သွားရန် ဟန်ပြင်လိုက်စဉ် သူ့အနောက်ဘက် မှောင်မိုက်သောဗလာနယ်ထဲတွင် ကြယ်စင်ရောင်များ လင်းလက်လာသည်။

ထိုကြယ်စင်ရောင်က ပိုမိုတောက်ပလာပြီး အနီးကပ်လာသည်နှင့် သေးငယ်သောကြယ်စင်က တောက်လောင်နေသော နေမင်းကြီးအဖြစ် ပြောင်းလဲသွားသည်။

ထိုနေမင်းကြီးက ရန်ကျောက်ကဲအနားသို့ အလျှင်အမြန်ရောက်ရှိလာသည်။

အနားသို့ရောက်သည်နှင့် ထိုနေမင်းကြီးက အနည်းငယ်အရှိန်လျော့ကျသွားပြီး အလင်းရောင်လည်း မှေးမှိန်သွားသည်။

ကြီးမားသောနေမင်းကြီးက မှောင်မိုက်သောဗလာနယ်ထဲ ပျောက်ကွယ်သွားသယောင် ထင်မှတ်ရသော်လည်း စကြာဝဠာထဲတွင် အလင်းတန်းများ ကျန်ရှိနေဆဲဖြစ်သည်။

ထို့နောက် အလင်းတန်းများကြားမှ အဖြူရောင်ဝတ် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

နေဝန်းထက်ယံအရှင်သခင် – ကောင်းဟန်ပင် ဖြစ်၏။

“အကွက်တွေလှတယ်နော်... နေဝန်းထက်ယံအရှင်သခင်..."

ရန်ကျောက်ကဲက နောက်လှည့်မကြည့်ဘဲ ရိုးရှင်းစွာပင် ပြောလိုက်သည်။

“ကျွန်တော် ဒီကိုရောက်နေတာတောင် ရအောင်ရှာနိုင်တာပဲ...”

ကောင်းဟန်က သက်ပြင်းချလိုက်ပြီး...

“ငါ့မှာ အဲဒီလို စွမ်းရည်မရှိပါဘူး..."

သူက ဆက်ပြောလိုက်သည်။

“ငါက ဒီနားပတ်ဝန်းကျင်မှာရှိနေလို့ မင်းဆီ အချိန်မီရောက်လာနိုင်ခဲ့တာပါ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ကောင်းဟန်အား လှည့်ကြည့်လိုက်သည်။

“အချိန်မီ... ဟုတ်လား”

ရန်ကျောက်ကဲမျက်ဝန်းများက ပုံမှန်အတိုင်းတည်ငြိမ်နေပြီး သူ၏အတွင်းစိတ်ခံစားချက်ကို ဖတ်ရှုရန် မဖြစ်နိုင်ပေ။

သို့သော် ရန်ကျောက်ကဲမျက်နှာကိုမြင်လိုက်သည်နှင့် ပေါက်ကွဲတော့မည့်မီးတောင်တစ်ခုနှင့် ရင်ဆိုင်ရသည့်ပမာ ကောင်းဟန်စိတ်ထဲ တင်းကျပ်စွာခံစားလိုက်ရသည်။

မီးတောင် တည်ငြိမ်လေလေ ပေါက်ကွဲမှုက ပိုမိုကြီးမားပြင်းထန်လေပင်။

ကောင်းဟန်က...

“ရေပလ္လင်နတ်ဆိုး ၊ မြေကမ္ဘာပလ္လင်နတ်ဆိုးနဲ့ သတ္တုပလ္လင်နတ်ဆိုးတွေအကြောင်း ငါ သတင်းကြားပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့မှာ မဖြစ်မနေလုပ်ရမယ့် တာဝန်တွေရှိနေလို့ မင်းကို ကူညီမပေးနိုင်ခဲ့ဘူး ၊ အဲဒီအတွက် တောင်းပန်ပါတယ်”

ရန်ကျောက်ကဲက ပုံမှန်အတိုင်းပင် တည်ငြိမ်စွာဖြင့်...

“ခင်ဗျားမှာ ထိုးထွင်းသိမြင်မှုနဲ့ အစီအစဉ်တွေရှိတယ်ဆိုတာ ကျွန်တော် အမြဲသိထားပါတယ် ၊ ခင်ဗျားရဲ့လှုပ်ရှားမှုအများစုက အသေးစိတ် အချိန်ကိုက်မှုတွေလိုအပ်တယ် ၊ နည်းနည်းလေးတောင် နှောင့်နှေးလို့မရနိုင်ဘူး ၊ ကိုယ့်ကိစ္စနဲ့ကိုယ်မအားတာ ပုံမှန်ပါပဲ ၊ တောင်းပန်စရာလိုလို့လား”

ကောင်းဟန်က သက်ပြင်းချပြီး...

"အမတခုံရုံးက အဖြူရောင်ကြာပန်းသုခဘုံနဲ့ ရင်ဆိုင်နေရချိန်မှာ အနောက်ဘက်သူတော်စင်ဘုံက ဗုဒ္ဓဘာသာကျင့်ကြံသူတွေက ထိန်းချုပ်မှုရယူထားဆဲပင် ၊ မင်းက ချီထျန်းမဟာသူတော်စင်ကို ကယ်တင်ခဲ့ပြီး ထူးကဲတဲ့ ဆုလာဘ်တွေ ရရှိခဲ့တယ်ဆိုတာ ငါသိတယ် ၊ ဒါပေမယ့် ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရွှေခန္ဓာက အမတခုံရုံးကိုထိုးဖောက်ဖို့ မလုံလောက်ဘူး ၊ ချီထျန်းမဟာသူတော်စင်ရဲ့ ရွှေခန္ဓာဖြစ်နေရင်တောင်၊ ဒါမှမဟုတ် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် လှုပ်ရှားမလာရင်‌တောင် ၊ ရလဒ်ကအတူတူပဲ ဖြစ်မှာပဲ”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ကျွန်တော့်ကို မကူညီချင်ရင် ‌ဘေးမှာပဲရပ်ကြည့်နေလိုက် ၊ ဘာလဲ... ခင်ဗျားက ပြင်ပတာအိုကျင့်ကြံသူတွေကို ကူညီဖို့ စီစဉ်နေတာလား...”

ကောင်းဟန်က ခေါင်းခါယမ်းရင်း...

“ဘယ်က ဟုတ်ရမှာလဲ”

သူက ဆက်ပြောလိုက်သည်။

“ငါက မင်းရဲ့ လှုပ်ရှားမှုတွေကို ပြန်စဉ်းစားဖို့ပဲ ပြောချင်တာပါ”

သူက ရန်ကျောက်ကဲကို ကြည့်ပြီး ဆက်ပြောသည်၊

"မင်းက ငါ့ကို မယုံဘူးဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ အခုက မင်းလုပ်ရပ်ကို ကန့်ကွက်ဖို့ကြိုးစားနေတာလည်း မဟုတ်ဘူး”

“လောလောဆယ်မှာ အဖြူရောင်ကြာပန်းသုခဘုံနဲ့ အမတခုံရုံး တိုက်ခိုက်နေကြတယ် ၊ ဒီအခြေအနေအတိုင်းဆို စစ်ပွဲက နှစ်ပေါင်းရာနဲ့ချီပြီး ဆက်ဖြစ်နေဦးမှာ ၊ အမတခုံရုံးက အားနည်းနေပေမယ့် မျှော်လင့်ချက် မစွန့်လွှတ်သေးဘူး ၊ ဒီလိုအခြေအနေမှာ သူတို့က အဖြူရောင်ကြာပန်းသုခဘုံက ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖို့ပဲ အာရုံစိုက်နေတာ ၊ ငါတို့ဘက်ကို အာရုံစိုက်ဖို့ အချိန်မရှိသလောက်ပဲ"

"မိတ်ဆွေလေးနျဲ့နဲ့ မိတ်ဆွေလေးယွီတို့ရဲ့ကိစ္စက အတော်တဆဖြစ်တာပဲ ၊ တိမ်လွှာခွင်းဧကရာဇ်ရဲ့တပည့်က သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်မချခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး”

“အခုချိန်က သူတို့စစ်ပွဲကနေ ငါတို့အတွက် အမြတ်ထုတ်ဖို့ အကောင်းဆုံးအချိန်ပဲ ၊ သူတို့စစ်ပွဲက ပိုကြာလေ ငါတို့လမ်းမှန်တာအိုဝါဒအတွက် ပိုအကျိုးရှိလေပဲ ၊ မင်း လှုပ်ရှားမယ်ဆိုရင်တောင် အားနည်းတဲ့ဘက်နဲ့ပေါင်းပြီး လက်ရှိ တိုက်ပွဲအခြေအနေကို ထိန်းထားသင့်တယ် ၊ အခု အမတခုံရုံးကိုသွားတိုက်မယ်ဆိုရင် အခြေအနေတွေ ထိန်းမရတော့တဲ့အထိ ဆိုးရွားသွားပြီး မရေမရာတဲ့ နက်ရှိုင်းတဲ့ချောက်နက်ထဲ ပြုတ်ကျသွားနိုင်တယ် ၊ ဉာဏ်ပညာရှိတဲ့လူတစ်ယောက်က ဒီလိုလမ်းမျိုးကို ရွေးချယ်မှာ မဟုတ်ဘူး”

ကောင်းဟန်က မျက်နှာအမူအရာကိုပြင်ဆင်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့်...

“ကျေးဇူးပြုပြီး ကိစ္စကြီးလုပ်ဖို့ စိတ်ထဲထားစေချင်တယ် ၊ အလျင်စလိုမလုပ်စေချင်ဘူး ၊ ငါက အဓိပ္ပာယ်မဲ့စကားတွေ ပြောနေတာမဟုတ်ပါဘူး ၊ ငါနဲ့ပြန်လိုက်ခဲ့ပါ ၊ မင်း ဘယ်တော့မှ စိတ်မပျက်စေရပါဘူး”

ကောင်းဟန်က မယုံကြည်ထိုက်သူတစ်ယောက်ပမာ ဖြစ်သည်။

သို့သော် အလုပ်ကိစ္စတစ်ခုခုလုပ်မည်ဆိုလျှင် သူက ယုံကြည်အားကိုးထိုက်သူတစ်ယောက်ဆိုသည်က သေချာသည်။

“မင်း စိတ်မပျက်စေရပါဘူး” ဆိုသောစကားအရ သူနှင့်ပြန်လိုက်သွားလျှင် ရန်ကျောက်ကဲအတွက် မနစ်နာစေသော ထူးခြားသည့်ဆုလာဘ်များ ရရှိနိုင်သည်ဟု ဆိုလိုခြင်းပင်။

သို့သော် ရန်ကျောက်ကဲက သူ့ကိုအရေးမစိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူက တည်ငြိမ်စွာဖြင့်...

“ခင်ဗျားနဲ့ အနောက်ဘက်သူတော်စင်ဘုံရဲ့ ဆက်ဆံရေးကိစ္စတွေမှာ ကျွန်တော် ဝင်မပါပါဘူး”

ထို့နောက် သူက ပြတ်သားသည့်လေသံဖြင့်...

“ဒါပေမဲ့ ဒီနေ့ ဟယ်မြန် သေမှဖြစ်မယ်”

“ဘယ်အရာက အကျိုးအမြတ်ရှိလဲဆိုတာ ကျွန်တော်သိပါတယ် ၊ ဒါပေမဲ့ လောကမှာ အရာအားလုံးကို အကျိုးအမြတ်နဲ့ပဲ တိုင်းတာလို့မရဘူး”

ကောင်းဟန်က မျက်မှောင်ကျုံ့လိုက်ပြီး...

“မင်းက ရဲရင့်ပြီး မာနထောင်လွှားတဲ့ပုံပေါက်ပေမယ့်... အမြဲတမ်း တည်ငြိမ်ပြီး စိတ်အေးလက်အေးရှိတယ် ၊ အခုကိစ္စတွေက ဖြစ်ပြီးသွားပြီလေ ၊ ဟယ်မြန်ကို သတ်လိုက်ရုံနဲ့ ဘာမှ ပြန်ရလာမှာမဟုတ်ဘူး”

ရန်ကျောက်ကဲက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"အရင်တုန်းက ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာမှာ... ဂိုဏ်းတူအစ်ကိုနျဲ့ဟာ လူသားအထွတ်ထိပ်အဆင့်ကို တက်လှမ်းနိုင်တဲ့ ခွန်အားရှိခဲ့တယ် ၊ ဒါပေမဲ့ သူက ကျွန်တော်တို့ကိုငဲ့ညှာပြီး သိုင်းသူတော်စင် နဝမအဆင့်မှာ ထိန်းချုပ်ထားခဲ့တယ် ၊ နောက်ပိုင်း ချန်ချန်းဟွာက တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကို ရယူဖို့ကြံစည်ပြီး ကျွန်တော့်အဖေကို ခြိမ်းခြောက်လာတော့မှ သူက လူသားအထွတ်ထိပ်အဆင့်ကို တက်လှမ်းခဲ့တာ ၊ သူက တောင်ပိုင်းကိုဓားမိုးပြီး ကျွန်တော့်အဖေကို ကူညီပေးခဲ့တယ် ၊ ကျွန်တော်ကလည်း ချန်ချန်းဟွာ တောင်ပိုင်းနယ်မြေထဲ မကျူးကျော်နိုင်အောင် တားဆီးခဲ့တယ်”

သူက ဆက်ပြောလိုက်သည်။

“ဝမ်ကျန်းချန် ၊ ချင်းယွမ်ဧကရာဇ် ၊ အနက်ရောင်ပိုးသားဧကရာဇ်နဲ့ တခြားသူတွေက ကျွန်တော်တို့ရဲ့ ဝါဒတောင်ဂိုဏ်းကို ဖိအားပေးဖို့ ကြံစည်ပြီး ကျွန်တော့်အမေကိုသတ်ဖို့တောင် ရည်ရွယ်ခဲ့တယ် ၊ အဲဒီအချိန်မှာ ဆရာဦးလေးယွဲ့က အထက်ဘုံကမ္ဘာကို ပြန်ရောက်မလာသေးဘူး ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုနျဲ့က ကျွန်တော်တို့ကို ကူညီခဲ့တယ် ၊ သူက လူသားနတ်ဘုရားဖြစ်ပါလျှက် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်တဲ့ ချင်းယွမ်ဧကရာဇ်ကို တားဆီးပေးခဲ့တယ်”

“ဒီတစ်ခေါက် ရေပလ္လင်နတ်ဆိုး ၊ မြေကမ္ဘာပလ္လင်နတ်ဆိုးနဲ့ သတ္တုပလ္လင်နတ်ဆိုးတွေ ပြန်မွေးဖွားလာတော့ ဂိုဏ်းတူအစ်ကိုနျဲ့နဲ့ ဂိုဏ်းတူအစ်မယွီတို့က ကျွန်တော်တို့ဂိုဏ်းက ရှီကျွင်းတို့သားအမိကိုကယ်တင်နိုင်အောင် ကြိုးစားပေးခဲ့တယ် ၊ ဒါကြောင့် သူတို့တွေ သေမင်းတံခါးဝအထိ ရောက်သွားခဲ့ရတယ် ၊ ဒီလိုသာမဖြစ်ခဲ့ရင် ဂိုဏ်းတူအစ်ကိုနျဲ့ဟာ သတ္တုပလ္လင်နတ်ဆိုးရဲ့လက်ထဲကို ဒီလောက်အလွယ်တကူ ကျရောက်သွားမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ကိစ္စအားလုံးကို ပြန်ပြောပြနေသည်။

သူ့အသံက သာမန်ကိစ္စတစ်ခုကို ပေါ့ပါးစွာပြောနေသည့်ပမာဖြစ်သော်လည်း သူ၏တည်ငြိမ်မှုကတော့ ကောင်းဟန်ကို ကျောရိုးထဲအထိ အေးစိမ့်သွားစေသည်။

ရန်ကျောက်ကဲက ခေါင်းပြန်လှည့်လိုက်ပြီး...

“အခု သူဒုက္ခရောက်သွားတာကို... ကျွန်တော်က အေးအေးဆေးဆေး နေနေရမှာလား”

သူ့မျက်နှာအမူအရာနှင့် လေသံက ပြောင်းလဲသွားပြီး တည်ငြိမ်မှုပျောက်ဆုံးသွားကာ ဒေါသများပေါက်ကွဲထွက်လာသည်။

သူက ကောင်းဟန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထိုအကြည့်က ရေခဲတောင်များ အက်ကွဲနေသည့်ပမာ ထင်မှတ်ရ၏။

ထိုခဏတွင် သူ၏တည်ငြိမ်မှု ပျက်ယွင်းသွားပြီး ကောင်းကင်ယံအထိ လွှမ်းခြုံတော့မည့် ဆူနာမီလှိုင်းလုံးကြီးများဖြင့် အစားထိုးခံလိုက်ရသည့်ပမာပင်။

“အဲဒီတော့ ခင်ဗျား ဘေးဖယ်နေမလား ၊ ကျွန်တော့်လက်ချက်နဲ့ သေချင်သလား ၊ ကြိုက်တာရွေးလို့ရတယ် ၊ ဒါပေမဲ့ အခုချိန်ထိ ကျွန်တော့်စိတ်က ဆင်ခြင်တုံတရားရှိနေသေးတာ မမေ့နဲ့”

သူ၏ပြင်းထန်သောစကားသံ အဆံဒးသတ်သွားသည်နှင့် ရန်ကျောက်ကဲ၏ဦးခေါင်းထက်မှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ပုံရိပ် ပေါ်ထွက်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခါးကိုကိုင်းညွှတ်လိုက်ရာ သူ၏ညာဘက်ပခုံးမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ကောင်းကင်ထိတိုင် ထိုးတက်သွားသည်။

ရွှေရောင်အလင်းတန်းများယှက်နွယ်လာသည်နှင့် ဇာမဏီခရမ်းရွှေရောင်သရဖူဆောင်းထားပြီး ကြာပန်းတိမ်တိုက်ခြေနင်းစီးနှင်ထားကာ ရွှေရောင်သံကြိုးများဖြင့် ထိန်းချုပ်ခံထားရသော ဧရာမမျောက်ဝံကြီးတစ်ကောင်ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ခေါင်းမော့ကာ ကြုံးဝါးအော်ဟစ်လိုက်သည်။

ထိုခဏတွင် အဆုံးမရှိသော မိစ္ဆာချီများက ကမ္ဘာလောကတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ထိုမျောက်ဝံကြီး၏ ကြီးမားသောမိစ္ဆာလက်များက လေထုအားဆုပ်ကိုင်လိုက်ရာ လက်ထဲတွင် ပုံရိပ်နှစ်ခု ဖမ်းဆုပ်ပြီးသား ဖြစ်သွားသည်။

တစ်ယောက်က စိမ်းပြာမိုးကြိုးဧကရာဇ်ဖြစ်ပြီး နောက်တစ်ယောက်က မုန့်ကျန်းစိမ်းပြာကောင်းကင်ကျမ်းကိုကျင့်ကြံထားသည့် လူရွယ်တာအိုဆရာ ဖြစ်သည်။

ကြီးမားသော မျောက်ဝံကြီး၏လက်များက အမတခုံရုံမှ ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူ(၂)ယောက်ကို ဆုပ်ကိုင်ထားသည်။

အမတခုံရုံး၏ စကြာဝဠာတံတိုင်းကိုတွေ့သည်နှင့် လူရွယ်တာအိုဆရာက အံ့သြထိတ်လန့်သွားပြီး...

“မင်းက ဒီကို ဝင်လာရဲတယ်ပေါ့လေ”

စိမ်းပြာမိုးကြိုးဧကရာဇ်က ဒေါသတကြီးဖြင့်...

“ဒီနေ့ ငါသေရမယ်ဆိုရင်တောင်... မင်းလည်း ငါနဲ့အတူ သေရမယ်”

သူ့စကားမဆုံးမီပင် ဧရာမမျောက်ဝံကြီးက သူ၏လက်နှစ်ဖက်ကိုရိုက်ခတ်လိုက်ရာ ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရား(၂)ပါးမှာ ချက်ချင်းပင် ပြားချပ်သွားတော့၏။

ထို့နောက် မျောက်ဝံကြီးက လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး ပြင်ပတာအိုကျင့်ကြံသူ ထျန်းကျွင်းနယ်ပယ်(၂)ယောက်၏ အလောင်းများကို အမတခုံရုံးစကြဝဠာဆီသို့ ပစ်ပေါက်လိုက်သည်။

ထို့နောက် သူက ခုန်ပေါက်လှည့်ပတ်လျှက် အမတခုံရုံးနယ်နမိတ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

သူ ဖြတ်သန်းသွားရာနေရာတိုင်းတွင် ကောင်းကင်ယံက လှုပ်ခါသွားပြီး လမ်းကြောင်းတစ်လျှောက်ကြယ်တာရာများအား ဖျက်ဆီးပစ်လိုက်သည်။

ကြယ်စင်ရောင်များတောက်ပလာပြီး တစ်ခုနှင့်တစ်ခုယှက်နွယ်ကာ ဧရာမမျောက်ဝံကြီးကိုထောင်ဖမ်းရန် အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မျောက်ဝံကြီးက လက်ကိုဆန့်ထုတ်လိုက်ပြီး တောက်ပသောအလင်းတန်းများကိုစုစည်းပြီး ရူယိရွှေတုတ်ကိုထုတ်လွှတ်လျှက် စကြာဝဠာတစ်ခွင် ဝှေ့ယမ်းသွားလေသည်။

ရွှေတုတ် တစ်ချက်လွှဲလိုက်ရုံဖြင့် ကြယ်တာရာအလင်းတန်းများအားလုံး အက်ကွဲပျက်ဆီးသွားသည်။

ထိုအချိန် အဝေးတစ်နေရာမှာ ဗလာနယ်ပွင့်ထွက်သွားပြီး အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ အမတခုံရုံးစကြဝဠာနယ်နမိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာကြောင်း အာရုံခံမိသည်နှင့် အမတခုံရုံးမှ ထျန်းကျွင်းနယ်ပင် ကျွမ်းကျင်သူတစ်ယောက် ဤနေရာသို့ရောက်ရှိလာခြင်းပင်။

"ဘယ်သူလဲ..."

အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူက အော်ဟစ်လိုက်စဉ် သူ၏မျက်ဝန်းထဲ ရွှေရောင်အလင်းတန်းများ လှုပ်ခါသွားသည်။

ထို့နောက် နတ်ဘုရားတစ်ပါးပမာ မျောက်ဝံတစ်ကောက် သူ့ရှေ့သို့ ခုန်ပေါက် ရောက်ရှိလာ၏။

မြင်ကွင်းကိုကြည့်ရင်း ထျန်းကျွင်းနယ်ပယ်ကျင့်ကြံသူ အံ့အားသင့်သွားသည်။

သူက အခြားအရာများကို စဉ်းစားရန်အချိန်မရတော့ဘဲ သူ၏ကျင့်ကြံခြင်းစွမ်းအားကို အဆုံးထိ အသုံးပြုလိုက်သည်။

သူ၏စွမ်းအားရောင်ဝါ ပေါက်ကွဲထွက်လာသည်နှင့် ဦးခေါင်းထက်တွင် တောက်ပသောအလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။

တစ်ဆက်တည်းပင် မိုးကြိုးလေပြင်းများ ထွက်ပေါ်လာပြီး အဆုံးမရှိသော တန်ခိုးစွမ်းအားများ စုစည်းလာသည်။ ရောက်ရှိလာသော ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူ၏ပုံစံက ထိတ်လန့်ဖွယ်ရာအဆင့်သို့ ရောက်ရှိသွားသည်။

ထို့နောက် သူက လက်နက်တစ်ခုထုတ်ယူလိုက်ရာ ရှိသမျှလူတိုင်းကို အံ့အားသင့်သွားစေသည်။

တစ်ချိန်တည်းပင် အမတခုံရုံးနယ်မြေအတွင်းမှ ယုံကြည်ခြင်းအလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏တန်ခိုးစွမ်းအားကို ပိုမိုအားဖြည့်ပေးလိုက်၏။

ထိုခဏတွင် အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူမှာ တန်ခိုးစွမ်းအားထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားသည်။

သို့သော် ဧရာမမျောက်ဝံကြီးက သူ၏ ရူယိရွှေတုတ်ကို ကိုင်မြှောက်ကာ ထိုကျင့်ကြံသူအား ရိုက်ချလိုက်သည်။

“ဘုန်း...”

ကျယ်လောင်သောအသံကြီးထွက်ပေါ်လာကာ ထိုသူ၏ဦးခေါင်းထက်မှ အလင်းတန်းနှစ်ခု တပြိုင်တည်း အက်ကွဲသွားသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ လွှမ်းခြုံထားသော ကြယ်တာရာအလင်းတန်းများမှာလည်း ပြိုကွဲပျက်ဆီးသွားပြီး ရောက်ရှိလာသော ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူမှာ ခေါင်းပြားလျှက် ချက်ချင်းသေဆုံးသွားတော့၏။

All Chapters