ကောင်းကင်နတ်ဘုရားကိုအနိုင်ယူခြင်း
Vol. 107 Ch. 1496
အခန်း (၁၄၉၆) ကောင်းကင်နတ်ဘုရားကိုအနိုင်ယူခြင်း
ဧရာမမျောက်ဝံကြီးတစ်ချက်ရိုက်လိုက်ရုံဖြင့် အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူ သေဆုံးသွားရသည်။
ရွှေရောင်မျောက်ဝံကြီးက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ရူယိရွှေတုတ်ကို လှည့်ပတ်ဝှေ့ယမ်းကာ၊ ပတ်ဝန်းကျင်ရှိ ကြယ်ရောင်အလင်းတန်းများကို ဖျက်ဆီးပစ်လိုက်သည်။
ရန်ကျောက်ကဲက ကောင်းဟန်ကို စိုက်ကြည့်လိုက်သည်။
ကောင်းဟန်၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားပြီး သူက ခေါင်းတစ်ချက်ခါယမ်းကာ ထပ်မံပြောဆိုခြင်း မပြုတော့ပေ။
ရန်ကျောက်ကဲက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အလကားသက်သက် စကားပြောဆိုနေခြင်း မပြုတော့ပေ။
ထို့နောက် သူက တစ်ချက်ပျံသန်းပြီး အမတခုံရုံး နယ်မြေအတွင်းသို့ ဝင်ရောက်သွားကာ ရွှေရောင်မျောက်မျောက်ဝံကြီး၏ ပခုံးပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုခဏတွင် အမတခုံရုံးတစ်ခုလုံး တုန်ခါသွားလျှက် နတ်ဘုရားနယ်မြေများမှ အလင်းတန်းရောင်ဝါများထွက်ပေါ်လာကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထိန်းချုပ်ထားသော ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာဆီသို့ လွှမ်းခြုံလာသည်။
ထိုအချိန် ကောင်းကင်ယံမှ ကြီးမားသော တောင်တန်းများစွာ ဆင်းသက်လာပြီး မျောက်ဝံကြီးကို ဖိနှိပ်ရန် ကြံစည်လာသည်။
ရန်ကျောက်ကဲက အေးစက်စွာ ရယ်မောလိုက်သည်။
ကြီးမားသော ရွှေရောင်မျောက်ဝံကြီးကလည်း အလားတူပင် ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
ကောင်းကင်ကိုပင် ထမ်းပိုးထားနိုင်စွမ်းရှိသော ရွှေရောင်မျောက်ဝံကြီးက ရှေ့သို့ခုန်ဝင်လိုက်ပြီး ပြင်းထန်သော စွမ်းအားရောင်ဝါဖြင့် ဖိနှိပ်မှုအလွှာများကို ဖောက်ထွင်း ပစ်လိုက်၏။
မျောက်ဝံကြီး တစ်ချက်ခုန်ပေါက်လိုက်သည်နှင့် အမတခုံရုံးမှအလွှာများပေါက်ထွက်သွားပြီး နယ်မြေ၏လျှို့ဝှက်ထူးခြားမှုများ ဖွင့်ဟလာသည်။
အမတခုံရုံး ၊ နတ်ဘုရားနယ်မြေ(၃၀၀၀) အတွင်းမှ ကမ္ဘာပေါင်းများစွာက သူတို့၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဤအုတ်မြစ်များနှင့်အတူ နတ်ဘုရားဆန်သော တည်ရှိမှုများလည်း ရှိနေသည်။
နယ်မြေ၏ ထိပ်ဆုံးတစ်နေရာတွင် အလင်းရောင်များ တောက်ပနေသည့် နေရာတစ်ခုရှိနေသည်။
နန်းတော်ပုံစံ အဆင့်ဆင့်တည်ဆော်မှုဖြင့် စေတီတစ်ခုရှိနေပြီး ထိုစေတီက နတ်ဘုရားနန်းတော်တစ်ခုနှင့် ဆင်တူသည်။
ရွှေရောင်မျောက်ဝံကြီးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
သူ့အကြည့်က ရုပ်လုံးပေါ်လာပြီး အလင်းတန်းများနှင့်မီးလျှံများ မျက်ဝန်းအတွင်းမှ စိမ့်ထွက်လာသည်။
ခဏအကြာတွင် ရန်ကျောက်ကဲက မဟာသူတော်စင်၏ ရွှေခန္ဓာပုံရိပ်ယောင် လက်ဖဝါးအတွင်း ခုန်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။
သဏ္ဌန်မဲ့လှေကားထစ်များရှိနေသည့်ပမာ မျောက်ဝံကြီးက လှေကားထစ်များအတိုင်း တစ်ထစ်ချင်းတက်လှမ်းလျှက် “အပေါ်ဆုံး” နတ်ဘုရားနန်းတော်ဆီသို့ ဦးတည်သွားနေသည်။
လမ်းတစ်ဝက်တွင် မရေမတွက်နိုင်သော လှိုင်းလေများ တဟုန်ထိုးမြင့်တက်လာပြီး ကောင်းကင်ယံတွင်တည်ရှိနေသာ မြစ်တစ်စင်း ထွက်ပေါ်လာသည်။
ထိုမြစ်က ထက်ယံဗလာနယ်အားလုံးကို ပိတ်ဆို့ပြီး အောက်ဘက်မှအရာအားလုံးကို လွှမ်းခြုံကာ ဧရာမမျောက်ဝံကြီးကို ဟန့်တားလိုက်ပြီး ရေထဲတွင် နစ်မြုပ်သေဆုံးစေရန် ကြံစည်လိုက်သည်။
ဒဏ္ဍာရီလာကောင်းကင်မြစ်ဖြစ်သော ‘ထျန်းဟယ်မြစ်’ ကို ဤနေရာသို့ ယူဆောင်လာသည့်အလား ထင်မှဝ်ရ၏။
မဟာကပ်ဘေးကြီးဖြစ်ပွားခဲ့စဉ်က ထျန်းဟယ်မြစ်သည်လည်း ကံဆိုးမှုဒဏ်ကို ခံစားခဲ့ရသည်။ ယခုတော့ ထိုထျန်းဟယ်မြစ်၏ပုံတူက အမတခုံရုံးနယ်မြေတွင် ထွက်ပေါ်လာသည်။
ရွှေရောင်မျောက်ဝံကြီးကတော့ မကြောက်မရွံ့ပင် ခြေထောက်နှစ်ဖက်ကိုကားလျှက် မတ်တတ်ရပ်လိုက်၏။
ရန်ကျောက်ကဲအတွက်တော့ ဤရေအရင်းအမြစ်က မြစ်ဝါကိုးကွေ့အစီအရင် ဖန်တီးရန် အလွန်သင့်လျော်သည်။ ထိုသို့ဖြစ်လာပါက သူ၏ကစားကွင်း ဖြစ်လာပေမည်။
ထိုအချိန် ထျန်းဟယ်မြစ်ထဲမှ ကြီးမားသောရောင်ဝါတစ်ခု တဟုန်ထိုးထွက်ပေါ်လာပြီး ထိုအရာက မြစ်ရေနှင့်ပေါင်းစည်းသွားကာ အနှစ်သာရာအားဖြင့် ခွဲခြားမရအောင်ဖြစ်သွားသည်။
ရေထဲမှ နက်နဲပြီး မထင်မရှားသော ဂီတသံများ ထွက်ပေါ်လာသည်။
ကောင်းကင်နတ်ဘုရားတစ်ပါး ဤနေရာသို့ ဆင်းသက်လာခြင်းပင်။
မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်တွင် အတွေ့အကြုံရှိခဲ့သူ ရန်ကျောက်ကဲက ဤမထင်ရှားသော ဂီတသံစဉ်များက ဘာကိုဆိုလိုကြောင်း နားလည်နိုင်ခဲ့သည်။
“မြစ်ဝါ... ကိုးကွေ့... အစီအရင်ကို... ငါ့ရှေ့မှာ... သုံးဖို့... မစဉ်းစားနဲ့...”
ထိုစကားကြားသည်နှင့် ရွှေရောင်မျောက်ဝံကြီး၏မျက်ဝန်းများမှ သွေးနီရောင်နှင့်ရွှေရောင်ရောစပ်နေသည့် အလင်းတန်းများတောက်ပလာပြီး ရေထဲသို့ စူးစိုက်ကြည့်လိုက်သည်။
ထိုသူက ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း မျောက်ဝံကြီးကတော့ ထိုသူ၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုသူက ရွှေရောင်သံခမောက်တစ်လုံးကိုဆောင်းထားပြီး ရွှေရောင်သံချပ်ကာဝတ်ဆင်ကာ ရတနာခါးပိတ်ကိုစည်းထားပြီး အဝါရောင်ခြေနင်းတစ်စုံကိုလည်း စီးနင်းထားသည်။
သူ၏မျက်ဝန်းများက ဝိုင်းစက်ပြူးကျယ်နေပြီး သွားများက ချွန်ထက်လွန်းသည်။
သူ၏ဆံပင်တိုများက မီးရောင်ပမာနီရဲနေပြီး သူ၏လက်ထဲတွင် ပွင့်ချပ်ကိုးလွှာပါသော သွေးနီရောင်ကြေးနီကျိုင်းတံကို ကိုင်ဆောင်ထားသည်။
ထိုပုံပန်းသဏ္ဍာန်ကို မြင်လိုက်သည်နှင့် ရွှေရောင်မျောက်မျောက်ဝံကြီးက အော်ဟစ်လိုက်သည်။
"စိတ်ကူးနတ်ဘုရား... ရန်သူတွေအဖြစ်ပြန်တွေ့ရတာ ရေစက်လို့ပြောရမှာပဲ ၊ ကွမ်ယင်မယ်တော်ရဲ့ ရေကန်ထဲက ရွှေငါးလေးတောင် ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ နယ်မြေထဲ ရေကူးလာနိုင်တယ်ပေါ့..."
လူတစ်ပိုင်း ငါးတစ်ပိုင်းပုံစံရှိသော ထိုတည်ရှိမှုက သူ၏ပြူးကျယ်ဝိုင်းစက်သောမျက်ဝန်းများကို ပိုမိုပြူးကျယ်လိုက်ပြီး ရွှေရောင်မျောက်မျောက်ဝံကြီးကို စူးစိုက်ကြည့်လိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ ၊ မင်းဆိုတဲ့မျောက်တောင် တိုက်တိုင်းအောင်ဗုဒ္ဓဖြစ်သွားပြီ မဟုတ်ဘူးလား”
ရွှေရောင်မျောက်မျောက်ဝံကြီးက ရယ်မောလိုက်သည်။
“အဖြူရောင်ကြာပန်းသုခဘုံမှာတိုက်ခိုက်နေတာတောင် သူတို့က မင်းကို ဒီကိုစေလွှတ်ဖို့ တတ်နိုင်သေးတယ်ပေါ့”
စိတ်ကူးနတ်ဘုရားက နှာမှုတ်လိုက်ရင်း...
“အယောင်ဆောင်ကောင်... မင်း ဘယ်လောက်တော်လဲဆိုတာ ကြည့်တာပေါ့”
သူက ဆက်ပြောလိုက်သည်။
“မင်းက အတုမဟုတ်ဘဲ အစစ်ဆိုရင်လည်း ပြဿနာမရှိဘူး ၊ ငါက အရင်တုန်းကလို မဟုတ်တော့ဘူး ၊ ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်နေပြီ”
သူက ရွှေငါးတစ်ကောင်ဖြစ်ပြီး ဉာဏ်အလင်းရရှိကာ ကျင့်ကြံခြင်းပြုလုပ်နိုင်ခဲ့သည်။
သို့သော် သူက နတ်မိစ္ဆာမျိုးနွယ်မှ ဆင်းသက်လာသူ မဟုတ်ပေ။ သူက ကွမ်ယင်၏သွန်သင်မှုများကိုနားထောင်ပြီး ရှေးဦးစွာ လမ်းမှန်ဗုဒ္ဓဘာသာကို ကျင့်ကြံခဲ့သူ ဖြစ်၏။
သို့သော် ကန့်သတ်ချက်များကြောင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။
နောက်ဆုံး အမတခုံရုံးသို့ဝင်ရောက်ပြီး ပြင်ပတာအိုကျင့်ကြံသူတစ်ယောက် ဖြစ်လာမှသာ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ယုံကြည်ခြင်းအလင်းတန်းအသုံးပြု၍ သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
သူ၏မွေးရာပါ စွမ်းရည်ကြောင့် ရေကိုထိန်းချုပ်သည့်နေရာတွင် ထိပ်တန်းဖြစ်ပြီး ထျန်းဟယ်မြစ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သည်။
သူ၏ကျင့်ကြံခြင်းစွမ်းအားကြောင့် ရန်ကျောက်ကဲသည်ပင် ဤရေအရင်းအမြစ်ကို အသုံးပြု၍ မြစ်ဝါကိုးကွေ့အစီအရင်ကို ဖန်တီးနိုင်ခြင်း မရှိပေ။
သို့သော် ရန်ကျောက်ကဲကလည်း အရေးစိုက်ခြင်း မရှိပေ။
ရွှေရောင်မျောက်မျောက်ဝံကြီးက ရယ်မောလိုက်ရင်း...
"ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားကို ကောင်းကင်နတ်ဘုရားလို့ ခေါ်လို့ရလို့လား...”
သူ့စကားဆုံးသည်နှင့် သူ့လက်ထဲတွင် ရွှေရောင်အလင်းတန်းများ စုစည်းလားပြီး ရူယိရွှေတုတ်အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် သူက ရွှေတုတ်ကိုမြှောက်ကာ စိတ်ကူးနတ်ဘုရားအား ရိုက်ချလိုက်သည်။
စကြဝဠာတစ်ခုလုံးအား ပုံပျက်စေနိုင်သော ကြီးမားသောခွန်အား ပေါက်ကွဲထွက်လာပြီး ထျန်းဟယ်မြစ်သည်ပင် အက်ကွဲသွားကာ ရေများစိမ့်ထွက်လာသည်။
စိတ်ကူးနတ်ဘုရား ဒေါသထွက်သွားသည်။
သူက ပွင့်ချပ်ကိုးလွှာကြေးနီကျိုင်းတံကို ကိုင်မြှောက်ပြီး တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ရွှေရောင်မျောက်ဝံကြီးလက်ထဲမှ ရူယိရွှေတုတ်က အက်ကွဲမည့်လက္ခဏာများ ပြသလာသည်။
လက်နက်အားသာချက် ရှိနေသော စိတ်ကူးနတ်ဘုရားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူက ပိုမိုဖိအားပေးရန် ဆုံးဖြစ်လိုက်ပြီး ရန်ကျောက်ကဲကို အသက်ရှူရန် အခွင့်မပေးဘဲ ဆက်လက်တိုက်ခိုက်ရင်း ကြယ်ရောင်အလင်းတန်းများဖြင့် ထျန်းဟယ်မြစ်ကိုအားဖြည့်ကာ ရေစွမ်းအားကို ပြန်လည်စုစည်းလိုက်သည်။
အမတခုံရုံး၏ နယ်မြေအားသာချက်ကြောင့် စိတ်ကူးနတ်ဘုရား၏စွမ်းအားက သိသိသာသာ တိုးတက်လာသည်။
“မသိနားမလည်တဲ့ ကောင်စုတ်လေး ၊ မင်းက ဒီနေရာကို ဘာထင်နေလဲ ၊ ဒီနေရာမှာ မင်း မာနထောင်လွှားနိုင်မယ်ထင်သလား”
စိတ်ကူးနတ်ဘုရားက ပွင့်ချပ်ကိုးလွှာကြေးဝါကျိုင်းတံကို ကိုင်မြှောက်လျှက် ရန်ကျောက်ကဲမှ ထိန်းချုပ်ထားသော ရွှေရောင်မျောက်ဝံကြီးအား ရိုက်ချလိုက်သည်။
တပြိုင်နက်တည်းပင် ထျန်းဟယ်မြစ် အောက်သို့ကျဆင်းလာပြီး စိတ်ကူးနတ်ဘုရား၏ကျိုင်းတံနှင့် ပေါင်းစည်းသွားသည်။
စွမ်းအားနှစ်ခု ပေါင်းစည်းသည်နှင့် တိုက်ခိုက်မှုများက ပိုမို ထိတ်လန့်ဖွယ်ဖြစ်လာသည်။ ကောင်းကင်နတ်ဘုရားတစ်ပါး၏ တ်ခိုးစွမ်းအားများ အဆက်မပြတ်သွန်းလောင်းထွက်ပေါ်လာသည်။
မိုးကောင်းကင်ပြိုလဲသွားသည့်ပမာ ရေလှိုင်းများကဲ့သို့ ကြီးမားသောစွမ်းအင်က ထျန်းဟယ်မြစ်မှ စီးဆင်းလာသည်။
“ဟွန်း...”
ရွှေရောင်မျောက်ဝံကြီးက အရေးမစိုက်ဟန်ပြုံးလိုက်ပြီး နေရာမှာပင် မလှုပ်မရှား ရပ်တည်နေသည်။ ထို့နောက် သူ၏ဦးခေါင်းထက်တွင် တောက်ပသော အလင်းတန်းနှစ်ခု ပေါ်ထွက်လာသည်။
ထိုအလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်နှင့် မျောက်ဝံကြီး၏စွမ်းအားက ကြောက်မက်ဖွယ်ရာ မြင့်တက်လာ၏။ မျောက်ဝံကြီး၏အမွှေးအမျှင်တိုင်းမှ နေဝန်းများပမာ ပူပြင်းသောမီးလျှံများ ထုတ်လွှတ်လိုက်သည်။
ပြင်းထန်ရက်စက်သောမိစ္ဆာချီက အမှောင်ထုတိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကိုလွှမ်းခြုံကာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။
ရွှေရောင်အလင်းတန်းများ သူ့လက်ထဲ ထပ်မံစုစည်းလာပြီး ရူယိရွှေတုတ်အဖြစ် ပြောင်းလဲသွားပြန်သည်။ သူက လက်နှစ်ဖက်ဖြင့် ရွှေတုတ်ကိုပင့်မြှောက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဝှေ့ယမ်းလိုက်သည်။
ထျန်းဟယ်မြစ်၏ဒြပ်ထုနှင့်အတူ စိတ်ကူးနတ်ဘုရား၏ ပွင့်ချပ်ကိုးလွှာကြေးဝါကျိုင်းတံက မျောက်ဝံကြီးအား ပိတ်ဆို့ထားသည်။
သို့သော် မျောက်ဝံကြီး၏ ရွှေတုတ်က ပြိုကျလာမည့်ကောင်းကင်ယံကို အတင်းအကျပ် ပင့်မြှောက်ပစ်လိုက်သည်။
ပြိုကျလာသည့်ကောင်းကင်ယံမှာ အထက်သို့ပျံတက်သွားပြီး အောက်သို့စီးဆင်းကျနေသောထျန်းဟယ်မြစ်က ပြောင်းပြန်ဖြစ်သွားကာ ရေများမြင့်တက်လာသည်။
မျောက်ဝံကြီးက ထိတ်လန့်ဖွယ်ရာ ပြင်းထန်သောစွမ်းအားဖြင့် ခုန်ပေါက်လိုက်၏။
သူက ရူယိရွှေတုတ်ကို ကိုင်ဆောင်လျှက် စိတ်ကူးနတ်ဘုရား၏ကျိုင်းတံကို လှန်ထုတ်လိုက်ပြီး ဆင်းသက်လာသောကောင်းကင်မြစ်ကိုပါ ပြောင်းပြန်ဖြစ်သွားစေသည်။
ပြီးမှ လေထဲတွင် ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။ ဤတိုက်ကွက်တစ်ခုတည်းဖြင့်ပင် ထျန်းဟယ်မြစ်၏ရေစွမ်းအားက ခဏတာ ပြတ်တောက်သွားသည်။
တိုက်ခိုက်မှုက ပြောင်းပြန်ဖြစ်သွားပြီး ယခု စိတ်ကူးနတ်ဘုရား ပိတ်ဆို့ခံလိုက်ရသည်။
ဧရာမမျောက်ဝံကြီး၏တိုက်ခိုက်မှုများက မိုးသီးများကြွေကျသည့်ပမာ ဆက်တိုက်ဆိုသလိုကျရောက်လာပြီး ရပ်တန့်ခြင်းမရှိပေ။
တိုက်ခိုက်မှုကလျှင်မြန်လွန်းပြီး စွမ်းအားက သူမတူအောင်ပြင်းထန်သည်ဖြစ်ရာ စိတ်ကူးနတ်ဘုရားမှာ ရွှေရောင်မျောက်ဝံကြီးကို ထပ်မံထိန်းထားနိုင်ခြင်း မရှိတော့ပေ။
ရွှေတုတ်ရိုက်ချက်တစ်ချက်က သူ၏ဦးခေါင်းအား ထိမှန်သွားသည်။
ရန်ကျောက်ကဲ၏တိုက်ခိုက်မှုက ကောင်းကင်နတ်ဘုရားတစ်ပါးကိုထိမှန်ပြီး လဲကျသွားစေသည်။
ကံကောင်းစွာပင် ထိုကောင်းကင်နတ်ဘုရား၏ အမတစွမ်းအားရောင်ဝါက အားဖြည့်ပေးထားသဖြင့် သူ့ကိုဒဏ်ရာမရစေရန် ကာကွယ်ပေးလိုက်၏။
သို့သော် စိတ်ကူးနတ်ဘုရားမှာ အားသာချက်မရှိသည့်အခြေအနေသို့ တွန်းပို့ခံနေရဆဲပင်။
စိတ်ကူးနတ်ဘုရား သတိပြန်ဝင်လာပြီး အရေးမစိုက်ဟန် ပြုံးလိုက်သည်။
“မင်း... ငါ့ရဲ့ကောင်းကင်နတ်ဘုရားရုပ်ခန္ဓာကို ထိခိုက်အောင်လုပ်လို့ မရပါဘူး ဟား... ဟား... အွတ်...”
သူ၏ရယ်မောသံ ရုတ်တရက် ပြတ်တောက်သွားသည်။
"ကောင်းကင်နတ်ဘုရား... ဟုတ်လား ၊ မင်းက အဲဒီအမည်နဲ့ ထိုက်တန်လို့လား”
ရက်စက်ကြမ်းတမ်းသောမျောက်ဝံကြီးက ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့်လှမ်းလာပြီး လက်တစ်ဖက်ကိုဆန့်ထုတ်ကာ စိတ်ကူးနတ်ဘုရား၏ဥိးခေါင်းကိုဆုပ်ကိုင်ပြီး ပင့်မြှောက်လိုက်သည်။
ထို့နောက် ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံတစ်သံထွက်ပေါ်လာပြီး စိတ်ကူးနတ်ဘုရားကို မြင်းရထားတစ်စီးသဖွယ် “ကောင်းကင်” ထက်မှ နတ်ဘုရားနန်းတော်ဆီသို့ တွန်းပို့လိုက်လေတော့၏။