← Chapters

အမတခုံရုံးတွင်ပွဲကြမ်းခြင်း

Vol. 107 Ch. 1497

အမတခုံရုံးတွင်ပွဲကြမ်းခြင်း

Vol. 107 Ch. 1497

အခန်း (၁၄၉၇) အမတခုံရုံးတွင်ပွဲကြမ်းခြင်း

ဖြစ်စဉ်များစွာဖြင့်ပြည့်နက်နေသည့် နတ်ဘုရားနယ်မြေနန်းတော်ရှုခင်းက ယခု သိသာစွာ ပြောင်းလဲသွားသည်။

ကောင်းကင်ကိုးထပ်ကို လှုပ်ခတ်စေသော ရက်စက်သော အော်ဟစ်သံနှင့်အတူ ကြောက်မက်ဖွယ်ရာ မျောက်ဝံကြီးက စိတ်ကူးနတ်ဘုရားကို ဆုပ်ကိုင်လျှက် ကောင်းကင်ထက်သို့ ဦးတည်ထွက်ခွာသွားသည်။

ထို့နောက် မြည်ဟည်းသံတစ်ခုထွက်ပေါ်လာပြီး သူက နန်းတော်များဆီသို့ ကြယ်ရောင်အလင်းတန်းဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်၏။

နန်းတော်ခန်းဆောင်များဆီမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး အဆောက်အဦများကို ကာကွယ်ပေးလိုက်သည်။

သို့သော် စိတ်ကူးနတ်ဘုရားကို ရထားတစ်စင်းသဖွယ် ဆုပ်ကိုင်ထားသည့် မျောက်ဝံကြီးက အဆောက်အဦများကို အကြောက်အရွံ့မရှိ ဝင်တိုက်လိုက်သည်။

ရွှေရောင်အလင်းတန်းများ တုန်ခါသွားပြီး ဧရာမမျောက်ဝံကြီး၏တိုက်ခိုက်မှုကြောင့် အပေါက်တစ်ခုဖြစ်ပေါ်သွားသည်။

ရွှေရောင်မျောက်ဝံကြီးက လုံးဝ ရပ်တန့်ရန် ရည်ရွယ်ချက် မရှိပေ။

သူက လက်ကိုလွှဲလိုက်ပြီး စိတ်ကူးနတ်ဘုရားကိုအသုံးပြုကာ နန်းတော်များဆီ ထပ်မံရိုက်နှက်လိုက်သည်။

“ဘုန်း...”

ကျယ်လောင်သောအသံနှင့်အတူ နန်းတော်နံရံတစ်ဖက် ဖျက်ဆီးခံလိုက်ရ၏။

စိတ်ကူးနတ်ဘုရား၏မျက်နှာ မည်းမှောင်သွားပြီး ကြုံးဝါးအော်ဟစ်လိုက်သည်။ သူ အော်ဟစ်လိုက်သည်နှင့် ပတ်ဝန်းကျင် အမတခုံရုံးနန်းတော်များ တပြိုင်တည်း တုန်ခါလာသည်။

ထို့နောက် ကောင်းကင်ယံအမြင့်ထက်တွင် ခမ်းနားတင့်တယ်သော နန်းဆောင်စင်မြင့်များထွက်ပေါ်လာပြီး စင်မြင့်တစ်ခုစီ၏အထက်တွင် အစီအရင်တစ်ခုစီ လည်ပတ်လျှက်ရှိသည်။

နန်းတော်များမှထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများမှေးမှိန်သွားကာ ကျောက်စိမ်းရောင်အလင်းတန်းများဖြင့် အစားထိုးခံလိုက်ရသည်။

ကျောက်စိမ်းရောင်အလင်းတန်းများ ပေါ်ထွက်လာသည်နှင့် စကြဝဠာတစ်ခုလုံ အသွင်ပြောင်းလဲသွားပြီး တစ်လောကလုံး မှောင်မှိုင်းရီဝေသွားသည်။

အိပ်မက်နှင့်လက်တွေ့ ပြောင်းလဲသွားသည်နှင့်အမျှ ဘုံကိုးဆင့်ရှိသောစေတီ(၉)ခု ထွက်ပေါ်လာသည်။ စေတီတစ်ခုက အလွန်မြင့်မားပြီး ကျန်(၈)ခုက အနည်းငယ်ပိုနိမ့်သည်။

မြင့်မားသည့် ဘုံကိုးဆင့်စေတီက လေထုအလယ်တွင်ရပ်တန့်နေပြီး ကျန်စေတီ(၈)ခုက ပင်မ ဘုံကိုးဆင့်စေတီကို အရပ်(၈)မျက်နှာမှ ဝိုင်းရံထားသည်။

စေတီ(၉)ခု၏ လွှမ်းခြုံမှုအောက်တွင် စကြာဝဠာအခိုးအငွေ့ဟင်းလင်းပြင်၏ တည်နေရာပြောင်းလဲသွားပြီး ဆွဲယူစုပ်ငင်သည့် စွမ်းအားများ ထွက်ပေါ်လာသည်။

ဧရာမမျောက်ဝံကြီးမှာ ချက်ချင်းပင် ကြီးမားသောဖိအားတစ်ခု ခံစားလိုက်ရပြီး ထိုဖိအားက သူ့ကို လှုပ်ရှားမရနိုင်အောင် ဖိနှိပ်ထားသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြည့်တင်းမှုအောက်တွင် စိတ်ကူးနတ်ဘုရား၏ အားနည်းနေသော အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။

ကြယ်တာရာများရွေ့လျားလာသည်နှင့်အမျှ သူ၏လွတ်လပ်သောလှုပ်ရှားမှု ပြန်လည်ရရှိလာပြီး ရွှေရောင်မျောက်ဝံကြီးကို တန်ပြန်တိုက်ခိုက်မှ စတင်လိုက်သည်။

ဤပြောင်းလဲမှုနှင့်အတူ တိုက်ပွဲအခန်းကဏ္ဍက ပြောင်းပြန်ဖြစ်သွားပြန်သည်။

စိတ်ကူးနတ်ဘုရားက...

“မာန်တက်နေတဲ့ ကောင်စုတ်လေး ၊ ငါတို့ကြားက ကွာခြားချက်ကို အခုထိနားမလည်သေးဘူးလား ၊ နားမလည်ရင်လည်း အကြောင်းသိအောင် ပြရတာပေါ့”

သူက ဆက်ပြောလိုက်သည်။

"ငါ စစ်မြေပြင်ကို စွန့်ခွာပြီး ဒီကို ရောက်လာရတဲ့ အကြောင်းက မင်းတို့အားလုံးကို ထောင်ချောက်ဆင်ပြီးဖမ်းဆီးဖို့ပဲ”

“မင်း ဘယ်အချိန်ကစပြီး ဒီမျောက်ဝံစွမ်းအားကိုရခဲ့တယ်ဆိုတာ မသိပေမယ့်... အဲဒါက အရေးမကြီးဘူး ၊ မင်းအနေနဲ့ မင်းအဘိုးငါ့ဆီမှာ ဘာမှဖုံးကွယ်ထားနိုင်မယ်မထင်နဲ့ ၊ မင်းရဲ့ စွမ်းရည်အသစ်ကိုနှိမ်နင်းဖို့ ငါအားလုံးစီစဉ်ထားပြီးသား...”

စိတ်ကူးနတ်ဘုရား၏ ပွင့်ချပ်ကိုးလွှာကြေးဝါကျိုင်းတံက ထျန်းဟယ်မြစ်ရေနှင့်ပေါင်းစည်းသွားပြီး သိသိသာသာ စွမ်းအားမြင့်မားလာသည်။

မျောက်ဝံကြီးက ဘုံကိုးဆင့်စေတီ(၉)ခုကြားတွင် ဖိနှိပ်ခံထားရပြီး ကျိုင်းတံရိုက်ချက်က သူ့ထံသို့ ခမ်းနားကြီးကျယ်စွာဖြင့် ကျရောက်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ဖြစ်ပေါ်လာသော ရွှေရောင်မျောက်ဝံကြီးက...

“မင်းက ငါ့ကိုထောင်ဖမ်းဖို့ ဒီကိုရောက်လာတယ်ပေါ့ ... ဟုတ်လား”

ထို့နောက် ဧရာမမျောက်ဝံကြီးက ရူယိရွှေတုတ်ကို ကောင်းကင်ယံထက်ပင့်မြှောက်ထိုးညွှန်လိုက်ပြီး စိတ်ကူးနတ်ဘုရား၏ကျိုင်းတံကို ပိတ်ဆို့လိုက်သည်။

ယခင်အချိန်က အမတခုံရုံးမှ ကောင်းကင်နတ်ဘုရား(၄)ပါးမှာ စောမင်ကျန့်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ယခုအချိန်ထိ ဆုံးရှုံးခဲ့ရသော ကောင်းကင်နတ်ဘုရားများကို လုံးလုံးလျားလျား အစားထိုးနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် အမတခုံရုံး’ ကောင်းကင်နတ်ဘုရားဦးရေသည် အဖြူရောင်ကြာပန်းသုခဘုံထက် များစွာ နည်းပါးနေပြီဖြစ်သည်။

သို့ဖြစ်ရာ တိုက်ပွဲရင်ဆိုင်ရချိန်တွင် သူတို့၏အားနည်းချက်က ပို၍သိသာထင်ရှားလာသည်။

သို့တိုင် ဤသို့သောအခြေအနေမှာပင် ရန်ကျောက်ကဲတို့အားရင်ဆိုင်ရန် စိတ်ကူးနတ်ဘုရားက ဤနေရာသို့ စေလွှတ်ခံရသည်။

မျှော်လင့်သည့်အတိုင်းပင် ရန်သူက ရန်ကျောက်ကဲတို့အတွက် ထောင်ချောက်များ ကြိုတင်ပြင်ဆင်ထားခဲ့သည်။

လမ်းမှန်တာအိုဝါဒကျင့်ကြံသူများ ဟယ်မြန်ကို လာရောက်ရှာဖွေပါက စိတ်ကူးနတ်ဘုရားက သူတို့ကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ကြံစည်ထားသည်။

ဘုံကိုးဆင့်စေတီများမှ တန်ခိုးစွမ်းအားလွှမ်းခြုံလာပြီး ဖိအားတစ်ခုထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက အထက်သို့ မော့ကြည့်လိုက်ရာ စိတ်ကူးနတ်ဘုရားတစ်ယောက်တည်း မဟုတ်ဘဲ အခြားပြင်ပတာအိုကျင့်ကြံသူများ ရှိနေသေးသည်ကို သတိပြုလိုက်မိ၏။

ဘုံကိုးဆင့်စေတီများထဲတွင် ပုံရိပ်များကို မှုန်ဝါးဝါး မြင်ရသည်။

ဘုံကိုးဆင့်စေတီတစ်ခုစီတွင် ပြင်ပတာအိုကျင့်ကြံသူ ထိုက်ရွှီးအစစ်အမှနတ်နတ်ဘုရားတစ်ဦးစီ ရှိနေပြီး မရေမတွက်နိုင်သော နက်ရှိုင်းနတ်ဘုရားများနှင့် အစစ်အမှနတ်နတ်ဘုရားများက ထိုနေရာများကို ထိန်းချုပ်ထားသည်။

နက်ရှိုင်းနတ်ဘုရားများနှင့် အစစ်အမှနတ်နတ်ဘုရားများက အံ့ဩစရာ မရှိပေ။

သို့သော်၊ အမတခုံရုံး အားနည်းနေသော အခြေအနေတွင် ထိုက်ရွှီးမူလနတ်ဘုရားများကိုစေလွှတ်ခြင်းက သိသာထင်ရှားသော ကိစ္စဖြစ်သည်။

အဖြူရောင်ကြာပန်းသုခဘုံထက် အားနည်းနေသည့်တိုင် သူတို့အနေဖြင့် ရန်ကျောက်ကဲကို ဝိုင်းထားရန် ဤမျှလောက် အင်အားကြီးမားသော တပ်ဖွဲ့ကို စေလွှတ်နိုင်ဆဲဖြစ်သည်။

စိတ်ကူးနတ်ဘုရားက အောင်နိုင်သူတစ်ယောက်ပမာ ပြုံးလိုက်ရင်း...

"မင်းကို ဘာတွေ စောင့်ကြိုနေလဲဆိုတာ မသိသေးဘူးမဟုတ်လား..."

သူက ဆက်ပြောလိုက်သည်။

“အခု မင်း ဘယ်ကိုထွက်ပြေးမလဲ ကြည့်တာပေါ့”

သူက မထီမဲ့မြင်ပြုံးလိုက်ပြီး လက်နက်နှစ်ခု ထိခတ်မိသည့်နေရာတွင် ကျောက်စိမ်းအလင်းတန်းအလွှာတစ်ခု စိမ့်ထွက်လာပြီး ထိုအလင်းတန်းက ရူယိရွှေတုတ်ဆီသို့ ပျံ့နှံ့သွားသည်။

ထို့နောက် ထိုအလင်းတန်းက မျောက်ဝံကြီး၏လက်ဆီသို့ ပျံ့နှံ့သွားသည်။

ကျောက်စိမ်းအလင်းတန်းစွန်းထင်ခံရသည်နှင့် ဧရာမမျောက်ဝံကြီး’လက်များက ကျောက်စိမ်းသားအဖြစ်ပြောင်းလဲသွားပြီး နေရာမှာပင် တောင့်တင်းသွားသည်။

ကျောက်စိမ်းအလင်းတန်းက ဆက်လက်ပျံ့နှံ့လာပြီး ရွှေရောင်မျောက်ဝံကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားရန် ပြင်ဆင်နေသည်။

ရန်ကျောက်ကဲက အေးစက်စွာဖြင့်...

"ထွက်ပြေးရမယ် ဟုတ်လား ၊ ငါက ဘာလို့ထွက်ပြေးရမှာလဲ”

ထိုစကားကြားတော့ စိတ်ကူးနတ်ဘုရား အံ့အားသင့်သွားသည်။

ထို့နောက် မျောက်ဝံကြီးဘေးတွင် ဝဝဖိုင့်ဖိုင့်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

ထိုသတ္တဝါက ပန်ပန်ဆိုသည့် ဖီရှိုးကောင် ဖြစ်၏။

ပန်ပန်က ခါတိုင်းကဲ့သို့ ပျင်းရိထိုင်းမှိုင်းသောပုံစံမရှိတော့ဘဲ ရက်စက်ကြမ်းတမ်းသောအသွင်ဖြင့် ပြည့်နက်နေသည်။

သူက ကောင်းကင်ဆီသို့ခေါင်းမော့လျှက် အော်ဟစ်ကြုံးဝါးလိုက်ပြီး သူ၏နောက်ကျောမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများ ဗလာနယ်ထဲတွင်စုစည်းသွားပြီး ချက်ချင်းပင် နောက်ထပ် ရွှေရောင်မျောက်ဝံကြီးတစ်ကောင် ထွက်ပေါ်လာသည်။

စိတ်ကူးနတ်ဘုရား မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်း..."

ပန်ပန်ထိန်းချုပ်ထားသော ကြီးမားသည့်မျောက်ဝံကြီးက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ရူယိရွှေတုတ်ကို လေရဟတ်သဖွယ်လှည့်ပတ်ကာ စိတ်ကူးနတ်ဘုရား၏ ဦးခေါင်းဆီသို့ ရိုက်ချလိုက်သည်။

စိတ်ကူးနတ်ဘုရားက ၎င်းကို ရိုးရှင်းသော ပုံရိပ်ယောင်ဟု ယူဆခဲ့သည်။

သို့သော် မိုးမြေကိုပြောင်းပြန်လှန်စေနိုင်သော ထိတ်လန့်ဖွယ်ရာစွမ်းအားကို ခံစားလိုက်ရပြီးနောက် သူ အလွန်အံ့အားသင့်သွားရသည်။

သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ဖြစ်ပေါ်လာသော မျောက်ဝံကြီးကို ဖိနှိပ်ရန် စွန့်လွှတ်လိုက်ပြီး ချက်ချင်း ဘေးသို့ ရှောင်တိမ်းလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်များကိုခါချလိုက်ရာ ကျောက်စိမ်းအလင်းတန်းများ မှေးမှိန်သွားရသည်။ ထို့နောက် ရွှေရောင်မျောက်ဝံကြီးက ရိုင်းစိုင်းစွာ အော်ဟစ်လိုက်ပြီး ရွှေတုတ်ကိုထပ်မံလှည့်ပတ်ကာ ပစ်မှတ်ကို တိုက်ခိုက်လိုက်သည်။

၎င်း၏ ရက်စက်မှုနှင့် ရိုင်းစိုင်းမှုသည် ယခင်ထက် ပို၍ သိပ်သည်းလာသည်။

"ဘယ်လိုလုပ် နှစ်ကောင်ဖြစ်နေရတာလဲ ၊ ဘာတွေဖြစ်နေတာလဲ..."

စိတ်ကူးနတ်ဘုရား ဒေါသထွက်သွားသည်။

"နှစ်ကောင်ဖြစ်နေရင်လည်း ဘာဖြစ်လဲ"

သူက အော်ဟစ်လိုက်ပြီး ရေစီးကြောင်းများဖြင့်ဖွဲ့စည်းထားသော တူတစ်လက်ကို မျောက်ဝံကြီးထံသို့ ပစ်လွှတ်လိုက်သည်။

ထို့နောက် သူက လက်နှစ်ဖက်ကို အောက်သို့ ဖိချလိုက်ရာ ဘုံကိုးဆင့်စေတီအားလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး၊ အတွင်းမှ ပြင်းထန်သော ကြုံးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကျောက်စိမ်းအလင်းရောင်များတောက်ပလာပြီး ကိုးဆင့်စေတီများဖြင့် လွှမ်းခြုံထားသော ဗလာနယ်က အေးခဲသွားသယောင်ရှိသည်။

ထိုသို့ဖြစ်ခြင်းက မျောက်ဝံကြီး(၂)ကောင်ကို အေးခဲသွားပြေီး နေရာမှာပင် ပယင်းထဲနစ်မြုပ်သွားသည့်ပမာ ဖြစ်သည်။

စိတ်ကူးနတ်ဘုရား အပြင်သို့ပျံသန်းထွက်ခွာလာပြီး ဘုံကိုးဆင့်စေတီများအတွင်းမှ ပြင်ပတာအိုကျင့်ကြံသူအုပ်စုက ဘုံကိုးဆင့်စေတီ၏ ကျောက်စိမ်းရောင်အလင်းရောင်ဖြင့် လွှမ်းခြုံထားသော နေရာမှ အလျင်အမြန် ထွက်ခွာလာကြသည်။

ဘုံကိုးဆင့်စေတီများက တစ်သားတည်းပေါင်းစပ်သွားသည့်ပမာဖြစ်ပြီး မျောက်ဝံကြီးနှစ်ကောင်ကို ပိတ်ဆို့လျှက် အောက်ဘက်သို့ ထိုးဆင်းသွားသည်။

အလွန်အမင်းထူးခြားသော ကန့်သတ်ချက်များကို အပြည့်အဝအသုံးပြုပြီး ဘုံကိုးဆင့်စေတီ တန်ခိုးစွမ်းအားက အရန်ကျောက်ကဲအား ကောင်းကင်ယံထက်ရှိ နတ်ဘုရားနန်းတော်မှ အဝေးဆီသို့ ဆွဲယူသွားသည်။

ဖန်းယွင်ရှန်း၏ နည်းစနစ်များက အမတခုံရုံးအတွက် လျှို့ဝှက်ချက်မဟုတ်ပေ။

ငရဲကိုးထပ်မှမိစ္ဆာများနှင့် တိုက်ပွဲအပြီးတွင် ဖန်းယွင်ရှန်း အမတခုံရုံးသို့ ရောက်ရှိလာမည်လား မသေချာသော်လည်း အမတခုံရုံးက သူတို့အစီအစဉ်ထဲတွင် သူမကို ထည့်သွင်းစဉ်းစားထားခဲ့၏။

စိတ်ကူးနတ်ဘုရားချမှတ်ထားသော ထောင်ချောက်များက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကိုရည်ရွယ်ပြီး ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။

ယခု ဖန်းယွင်ရှန်း ထွက်ပေါ်မလာဘဲ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာနှစ်ခု ပေါ်ထွက်လာခဲ့သည်။

စိတ်ကူးနတ်ဘုရားက ရန်ကျောက်ကဲကိုဖမ်းဆီးရန် စိတ်ဆန္ဒကိုထိန်းချုပ်လိုက်ပြီး အလျှင်အမြန် တိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်။

သူက ကျယ်လောင်သည့်အသံဖြင့်...

“ငါရှိနေသရွေ့ မင်းတို့ မာန်တက်နိုင်မယ်မထင်နဲ့ ၊ မင်းတို့က မျောက်နှစ်ကောင်ပဲလေ... အလကားဟာတွေ”

ရွှေရောင်မျောက်ဝံကြီး ကောင်းကင်ယံဆီသို့ ကြုံးဝါးအော်ဟစ်လိုက်သည်။

“မင်းတို့လို အဆင့်နိမ့်ကောင်တွေက ဒီလိုလုပ်နိုင်မယ်ဆိုတာ သေချာလို့လား”

အော်သံအဆုံးသတ်သွားသည်နှင့် ရွှီဖေး၏ပုံရိပ် လေထုထဲတွင် ထွက်ပေါ်လာသည်။

သူက စကားတစ်ခွန်းမှမဆိုဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် တူညီသော လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွှတ်လိုက်ရာ ညာဘက်ပခုံးရှိ မျောက်ဝံတက်တူးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

အမတခုံရုံးမှလူများ အံ့အားသင့်သွားကြသည်။

တတိယ မျောက်ဝံကြီးတစ်‌ကောင် ထွက်ပေါ်လာသည် မဟုတ်ပါလား။

ရက်စက်ကြမ်းတမ်းသော မျောက်ဝံကြီး(၃)ကောင်က တူညီသောပုံစံဖြင့် ရူယိရွှေတုတ်များကို စကြာပုံစံလှည့်ကာ မြေပြင်ဆီသို့ ထောက်ထားလိုက်သည်။

ထိုအခါ ကောင်းကင်ထောက်တိုင် (၃)ခုရှိနေသည့်ပမာ ဖြစ်သွားပြီး အောက်ဘက်သို့ကျဆင်းနေခြင်း ချက်ချင်းရပ်တန့်သွားသည်။

ထို့နောက် ရူယိရွှေတုတ်သုံးချောင်း တပြိုင်နက် လှည့်ပတ်လိုက်ပြီး ဘုံကိုးဆင့်စေတီထောင်ချောက်ကို ဖျက်ဆီးပစ်လိုက်သည်။

မိုးမြေပြောင်းပြန်လှန်ခံလိုက်ရသည့်ပမာ ကျောက်စိမ်းအလင်းတန်းများ နေရာအနှံ့သို့ ပျံ့ကျဲသွား၏။

မျောက်မိစ္ဆာ(၃)ကောင်က ရွှေတုတ်များကို ရက်စက်စွာ ဝှေ့ယမ်းလိုက်ရာ ကမ္ဘာမြေတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခတ်သွားသည်။

သူတို့၏ ပထမဆုံးတိုက်ကွက်က အရှေ့ဆီသို့ဖြစ်ပြီး စိတ်ကူးနတ်ဘုရား ကောင်းကင်ထက်မှ အောက်သို့လိမ့်ဆင်းကျသွားသည်။

ဒုတိယတိုက်ကွက်က အနောက်ဘက်သို့ဖြစ်ပြီး ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားများနှင့် အစစ်အမှနတ်နတ်ဘုရားများကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေသည်။

တတိယတိုက်ကွက်က အလယ်ဆီသို့ဆင်းသက်လာပြီး ပြင်ပတာအိုကျင့်ကြံသူ ထိုက်ရွှီးနတ်ဘုရားအချို့၏ အသက်ကို ချက်ချင်း သိမ်းဆည်းသွားသည်။

ရွှေရောင်မျောက်ဝံကြီး၏ ကြုံးဝါးသံနှင့်အတူ တိုက်ခိုက်မှုတစ်ခုက အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ခန္ဓာကိုယ်ထက်ကျရောက်သွားပြီး ၊ ထိုသူက နတ်ဘုရားနန်းတော်အဆောက်အဦနှင့် ရိုက်ခတ်မိသွားသည်။

ထို့နောက် နောက်တစ်ကြိမ်တိုက်ကွက်တစ်ခု ထိမှန်သွားပြီး ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူ၏ ရုပ်အလောင်းနှင့်အတူ ကြီးမားသောနန်းတော်ကြီး ပျက်ဆီးသွားပြန်သည်။

"သစ္စာဖောက်ကောင်... မင်း ငါ့လက်ကလွတ်မယ်ထင်သလား”

ကြီးမားသောမျောက်ဝံကြီးက သူ၏ခြေထောက်ကိုမြှောက်လိုက်ပြီး ရက်စက်စွာ နင်းချလိုက်ရာ ပြိုကျသွားသောနန်းတော်မှာ အနောက်ဘက်သို့လွင့်စင်သွားပြီး ဘုံကိုးဆင့်စေတီများထက်သို့ပြုတ်ကျကာ ထိုစေတီများကိုပါ ဖျက်ဆီးပစ်လိုက်သည်။

ပြိုကျမှုက ဘုံကိုးဆင့်စေတီများကိုထိမှန်သွားသည်နှင့် နန်းဆောင်များလွင့်စင်ထွက်ခြင်းသည်လည်း ရပ်တန့်သွားသည်။

ကျောက်စိမ်းအလင်းတန်းများတောက်ပလာပြီး နန်းတော်အဆောက်အဦ ထပ်မံပြိုကျခြင်းမရှိစေရန် ကာကွယ်ပေးလိုက်၏။

သို့သော် နန်းတော်နံရံတစ်ခု ပေါက်ကွဲထွက်သွားပြီး အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ်က ရန်ကျောက်ကဲအား အံ့အားသင့်မှုအပြည့်ဖြင့် စူးစိုက်ကြည့်နေ၏။

ထိုပုံရိပ်က “ဟယ်မြန်” ပင် ဖြစ်သည်။

All Chapters