← Chapters

သေခြင်းတရားကမင်းကိုစောင့်နေတယ်

Vol. 107 Ch. 1500

သေခြင်းတရားကမင်းကိုစောင့်နေတယ်

Vol. 107 Ch. 1500

အခန်း (၁၅၀၀) သေခြင်းတရားကမင်းကိုစောင့်နေတယ်

ရွှေရောင်အမွှေးများရှိသောမျောက်ဝံကြီး၏ ကြီးမားသောလက်ဖဝါးဖြင့် ဖမ်းဆုပ်ခံရပြီးနောက် စိတ်ကူးနတ်ဘုရား နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

သူ၏မျက်ဝန်းများက ပြူးထွက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း သွေးများဖြင့် ပြည့်နက်သွားသည်။

သူက အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူနှင့် ချီစွမ်းအားငါးခု ပေါင်းစည်းခြင်းကို ရရှိထားသော ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သည်။

သို့သော် ကြောက်မက်ဖွယ်ရာဆုပ်ကိုင်မှုက ပိုမိုတင်းကျပ်လာသည်နှင့်အမျှ စိတ်ကူးနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

စိတ်ကူးနတ်ဘုရား နာကျင်စွာအော်ဟစ်ရင်း လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်နေသည်။ သူက ရုန်းကန်ရင်းဖြင့် ကျောက်စိမ်းရောင်အလင်းတန်းများကို အကူအညီအဖြစ် ဆင့်ခေါ်လိုက်သည်။

သို့သော် ကြောက်မက်ဖွယ်ရာ လက်ဖဝါးထက်မှ ရွှေ‌ရောင်အမွှေးများက ရွှေရောင်တိုင်လုံးများသဖွယ် ထောင်မတ်လာသည်။

ထိုရွှေရောင်တိုင်လုံးများက ကျောက်စိမ်းရောင်အလင်းတန်းများ ချဉ်းကပ်မလာစေရန် တားဆီးလိုက်၏။ ရွှေရောင်အမွှေးအမျှင်များ ထောင်မတ်လာသည်နှင့်အမျှ ကြီးမား‌သော လက်ဖဝါးကြီးက ပိုမိုကြီးမားလာသည်။

ဆုပ်ကိုင်မှုက ပိုမိုခိုင်မာလာသည်နှင့် စိတ်ကူးနတ်ဘုရား အော်ဟစ်လိုက်ပြီး သူ၏ မူလပုံစံဖြင့်သော ဧရာမရွှေငါးကြီးအဖြစ် အတင်းအကျပ်ပြောင်းလဲခံလိုက်ရသည်။

သူက တာအိုဝါဒနှင့် ဗုဒ္ဓဘာသာလမ်းကြောင်းတွင် ကျင့်ကြံခဲ့ပြီး သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခ့သည်။ ထို့ကြောင့် သူ၏ နတ်မိစ္ဆာအသွင်ကို စွန့်လွှတ်ပြီးဖြစ်လေရာ နဂိုပုံစံသို့ ပြန်လည်ပြောင်းလဲခြင်း မရှိခဲ့ပေ။

သို့သော် သူ့ကိုဖမ်းဆုပ်ထားသော ထိတ်လန့်ဖွယ်ရာ ကြီးမားသော ‌မျောက်ဝံလက်ကကြီးက ယင်နှင့်ယန်ကို ပြောင်းပြန်လှန်လိုက်ပြီး ကမ္ဘာ့ဥပဒေများကို ပုံပျက်စေကာ စိတ်ကူးနတ်ဘုရား၏ တစ်သက်တာ အောင်မြင်မှုများကို အတင်းအကြပ် ဖျက်ဆီးပစ်ခဲ့သည်။

ရွှေရောင်အလင်းတန်းများဖြင့် ကျယ်ပြန့်သောနယ်ပယ်ထဲတွင် ခရမ်းရွှေရောင်ဇာမဏီသရဖူကိုဆောင်းနှင်းပြီး ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ကာ ကြာပန်းအမြစ် ပိုးသားခြေနင်းကိုစီးထားသော ဧရာမမျောက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။

တစ်ချက်မျှကြည့်ပါက သိပ်ကြီးမားပုံမပေါ်သော်လည်း သူ၏ မားမားမတ်မတ် ရပ်တည်နေသောပုံရိပ်က ကမ္ဘာ့နယ်နမိတ်များကို ဖြတ်ကျော်တော့မည့်အလား ထင်မှတ်ရသည်။

သူ၏ ရွှေမျက်စံမီးမျက်စိများက ပြူးကျယ်စွာဖွင့်ထားပြီး ကောင်းကင်တွင် ဆွဲထားသော နေမင်းကြီးနှစ်လုံးနှင့် ဆင်တူသည်။

သူ့ထံမှ ထိန်းချုပ်မရသော ရိုင်းစိုင်းရက်စက်မှု စွမ်းအားများ ထွက်ပေါ်လာပြီး အမတခုံရုံးတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

အလယ်ခေတ်တွင် ကောင်းကင်ဘုံနန်းတော်အား မွှေနှောက်ခဲ့သောပုံရိပ်က တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။

သမိုင်းပုံပြင်များအတွင်း တံဆိပ်ခတ်ထားသော ဒဏ္ဍာရီသည် ကမ္ဘာတစ်ခုလုံး၏ မျက်ဝန်းများရှေ့တွင် တစ်ဖန်ထင်ရှားစွာ ပြန်လည်ပြသခံရသည်။

အလင်းရောင်အတွင်းမှ ပုံရိပ်ထွက်ပေါ်လာသည်နှင့် သူက လက်အားတင်းကျပ်စွာဆုပ်ကိုင်လျှက် ရွှေငါးကြီးအား အမှုံအမွှားဖြစ်သွားသည်အထိ ညှစ်ချေပစ်လိုက်သည်။

စိတ်ကူးနတ်ဘုရားမှာ ကြောက်မက်ဖွယ်မျောက်ဝံကြီး၏ လက်ဖဝါးအောက်တွင် ဖိညှစ်ခံရပြီး သေဆုံးသွားခဲ့သည်။

အမတခုံရုံးမှ ကောင်းကင်ဘုံအရှင်တစ်ပါးသည် ချက်ချင်းပင် ပျက်စီးသွားလေသည်။

အလင်းရောင်များထဲမှပုံရိပ်၏ စွမ်းအားရောင်ဝါက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး ကောင်းကင်ကိုးထပ်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဧရာမမျောက်ဝံကြီးက တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓတို့ကို လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်က ရက်စက်ကြမ်းတမ်းပြီး သွေးနီရောင်အရိပ်များဖြင့် ပြည့်နေသည်။

သူက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တိုးလာပြီး လက်နှစ်ဖက်ကိုမြှောက်ကာ ဗုဒ္ဓ(၂)ပါးကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်၏။

“အို ကရုဏာကြီးတော်မူသောဘုရား... သတ်ဖြတ်လိုသောအငွေ့အသက်များကို ရပ်တန့်စေလိုက်ပါ”

စန္ဒကူးဗုဒ္ဓ သက်ပြင်းချလိုက်သည်။

ကြာပန်းများက ပန်းပင်လယ်ကြီးအဖြစ်ပြောင်းလဲသွားပြီး ဧရာမမျောက်ဝံကြီးနှင့် သူ့အကြားရှိ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

အစိမ်းရောင်ကြာပန်းများ ဖြတ်သန်းသွားသည်နှင့် ဗလာနယ်အလွှာများတင်းကျပ်သွားပြီး လေထုပုံပျက်သွားကာ ဗုဒ္ဓနယ်မြေတစ်ခု ထွက်ပေါ်လာသည်။

စန္ဒကူးဗုဒ္ဓက ထိုဗုဒ္ဓနယ်မြေကို အမတခုံရုံးနယ်မြေအတွင်း ဆင်းသက်စေလိုက်ပြီး ‘ကြာပန်းစကား’ တန်ခိုးစွမ်းအားဖြင့် ပေါင်းစည်းကာ ဓမ္မဖြင့် အပြည့်အဝထိန်းချုပ်နိုင်သည့် ကမ္ဘာတစ်ခု ဖန်တီးလိုက်သည်။

ခြွင်းချက်အနည်းငယ်မှလွဲပြီး ကောင်းကင်နတ်ဘုရားများသည်ပင် ဤကမ္ဘာထဲသို့ဝင်ရောက်လာပါက သူတို့၏လှုပ်ရှားမှုများမှာ စန္ဒကူးဗုဒ္ဓအလိုကျ လည်ပတ်သွားရပေမည်။

သို့သော် ယခု သူရင်ဆိုင်နေရသည့်ရန်သူက ထိုခြွင်းချက်အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်နေသည်။

ရန်ကျောက်ကဲထိန်းချုပ်ထားသည့် ဧရာမမျောက်ဝံကြီးက နားအူလောက်အောင်ကျယ်လောင်သည့်အသံဖြင့် အော်ဟစ်လိုက်သည်။

“မင်းက ဘာကောင်မို့လို့ ငါ့ကိုအမိန့်ပေးနေရတာလဲ”

မျောက်ဝံကြီးက ကောင်းကင်ထက်ခုန်တက်လိုက်ပြီး အရှေ့ဆီသို့ မျောက်ဝံလက်သည်များဖြင့်ကုတ်ချလိုက်ရာ စွမ်းအားပြည့်ဝသောရောင်ဝါက ပတ်ဝန်းကျင်ကိုလွှမ်းခြုံသွားသည်။

စန္ဒကူးဗုဒ္ဓ၏ နက်နဲထူးဆန်းသော ဗုဒ္ဓနယ်မြေမှာ မျောက်ဝံကြီး၏လက်သည်းများဖြင့် ဆုတ်ဖြဲခံလိုက်ရသည်။

ယခု ထိုမျောက်ဝံကြီးက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် အထွတ်ထိပ် မဟုတ်တော့ပေ။ သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။

ဤမျောက်ဝံကြီးက ချီထျန်းမဟာသူတော်စင်၏ အထွတ်ထိပ်တန်ခိုးစွမ်းအားများနှင့် မယှဉ်နိုင်သော်လည်း ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ကောင်းကင်နတ်ဘုရားများထဲတွင် ထိပ်တန်းဖြစ်တည်မှု ဖြစ်လာခဲ့သည်။

ဧရာမမျောက်ဝံကြီးက သွားစွယ်များပေါ်သည်အထိ ပြုံးလိုက်ပြီး သူ၏လက်နှစ်ဖက်တွင် အားပိုထည့်လိုက်သည်။

စန္ဒကူးဗုဒ္ဓက စိတ်ကူးနတ်ဘုရားကဲ့သို့သော ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားမဟုတ်ဘဲ စစ်မှန်သည့် ဗုဒ္ဓတစ်ပါး ဖြစ်၏။

အနောက်ဘက်သူတော်စင်ဘုံမှ အခြားသောဗုဒ္ဓများသည်ပင် သူ၏တန်ခိုးစွမ်းအားကို အထင်မသေးရဲကြပေ။

သို့သော် ယခုတော့ ‌မျောက်ဝံကြီး၏လက်သည်းများက ဘေးသို့ဆန့်ထွက်လာပြီး စန္ဒကူးဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်သည်။

သူ၏စကားလုံးများဖြင့်ဖွဲ့စည်းထားသော ‘ကြာပန်းစကား’ စွမ်းအားသည်ပင် ထိရောက်မှု ရပ်ဆိုင်းသွားခဲ့သည်။

ဘေးတွင်ရှိနေသည့် တိုက်တိုင်းအောင်ဗုဒ္ဓက ရက်စက်ကြမ်းကြုတ်သော ဧရာမမျောက်ဝံကြီးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

စန္ဒကူးဗုဒ္ဓက...

“ကံကြမ္မာပေးလာရင် ရှောင်လည်း မလွတ်နိုင်ဘူး”

တိုက်တိုင်းအောင်ဗုဒ္ဓက ခေါင်းခါယမ်းရင်း...

“အမှန်ပဲ... ကျုပ်ရဲ့ မူလပုံစံကို ပြန်ပြီးပြောင်းလဲရမယ်လို့ လုံးဝ ထင်မထားမိဘူး ၊ အား... ကျုပ်ရဲ့ကျင့်ကြံခြင်းကလည်း ပြီးပြည့်စုံတဲ့အဆင့်ကို မရောက်သေးဘူး”

စကားဆုံးသွားသည်နှင့် သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားသည်။

သူ၏ ဦးခေါင်းအလုံး(၂၀)နှင့် လက်(၁၈)ဖက် ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော ဗုဒ္ဓရောင်ခြည်အလင်းတန်းသည်လည်း မှေးမှိန်သွားသည်။

ထို့နောက် သူ၏အသွင်အပြင်က အနောက်သို့ခရီးသွားစဉ်က စွန်းရှင်ကျေပုံစံမျိုး ပြောင်းလဲသွားသည်။

အမွှေးများဖုံးလွှမ်းနေသည့်မျက်နှာဖြင့် ဘုန်းတော်ကြီးဝတ်ရုံဝတ်ထားသော မျောက်ဝံတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

စန္ဒကူးဗုဒ္ဓက ‌ဗုဒ္ဓနယ်မြေကိုအသုံးပြုထားသဖြင့် တိုက်တိုင်းအောင်ဗုဒ္ဓသည်လည်း သူ၏မူလပုံစံ ပြန်လည်ပြောင်းလဲရန် အချိန်လုံလောက်စွာ ရရှိခဲ့သည်။

သူက ရန်ကျောက်ကဲထိန်းချုပ်ထား‌သော ချီထျန်းမဟာသူတော်စင်ကို စူးစိုက်ကြည့်လိုက်သည်။ အံ့သြစရာကောင်းစွာပင် သူတို့ပုံစံများက တူညီနေလေ၏။

စွန်းရှင်ကျေက အသက်ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး ခေါင်းကို စောင်းလိုက်ရာ သူ၏နားထဲမှ အပ်ငယ်တစ်ချောင်း ပျံသန်းထွက်ပေါ်လာသည်။

ထိုအပ်ငယ်က လေထုနှင့်ထိတွေ့သည်နှင့် ကြီးမားလာပြီး ရူယိရွှေတုတ်အဖြစ် ပြောင်းလဲသွားသည်။

ဤလက်နက်ကို သူ၏စွမ်းအားဖြင့် ထိန်းချုပ်ထားခြင်းမဟုတ်ပေ။

ဤသည်က ရူယိရွှေတုတ်အစစ်ဖြစ်ပြီး အတိတ်တစ်ချိန်က ချီထျန်းမဟာသူတော်စင်က ကောင်းကင်ဘုံကို အောင်နိုင်စဉ်က အသုံးပြုခဲ့သောလက်နက် ဖြစ်၏။

ထူးခြားရက်စက်သော လွှမ်းမိုးနိုင်စွမ်းက ပတ်ဝန်းကျင်တစ်ခွင်အား လွှမ်းခြုံလျက် ကြီးမားသောဖိအားတစ်ခု ယူဆောင်လာသည်။

ထိုရွှေတုတ် ဤအတိုင်းရပ်တည်နေခြင်းကပင် အမတခုံရုံး၏ မိုးကောင်းကင် ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

စွန်းရှင်ကျေက ရူယိရွှေတုတ်ကို မြှောက်ကိုင်လျက် ချီထျန်းမဟာသူတော်စင်အားတိုက်ခိုက်ရန် ထိုးဖောက်ဝင်ရောက်လာသည်။

“သိပ်ကောင်းတယ်”

ချီထျန်းမဟာသူတော်စင် အော်ဟစ်လိုက်သည်။

ထို့နောက် သူ၏လက်ဖဝါးထဲတွင် ရွှေရောင်အလင်းတန်းများ စုစည်းပြီး ရူယိရွှေတုတ်တစ်ခု ဖြစ်ပေါ်လာသည်။

သူက ထိုရွှေတုတ်ကိုပင့်မြှောက်လျှက် ဝင်ရောက်လာသော တိုက်ခိုက်မှုကို ခုခံကာကွယ်လိုက်သည်။

ရွှေတုတ်နှစ်ခု ရိုက်ခတ်မိသည်နှင့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘုန်း...”

တုန်ခါမှုလှိုင်းများက လေးဘက်လေးတန်သို့ ပျံ့နှံ့သွားပြီး ကောင်းကင်ယံတွင်ရှိနေသော နန်းတော်သည်ပင် မရပ်မနား တုန်ခါလာသည်။

ချီထျန်းမဟာသူတော်စင်၏ ရွှေတုတ်ကည် အလင်းစများအဖြစ် ပြိုကွဲသွားခဲ့ပြီး စွန်းရှင်ကျေ၏ စစ်မှန်သော ရူယိရွှေတုတ်ကတော့ ကောင်းကင်ယံသို့ လွင့်ထွက်သွားသည်။

ရွှေတုတ်က လေထဲပျံဝဲနေစဉ် ကြီးမားသော ဧရာမလက်ဖဝါးတစ်ဖက်က ၎င်းကို ဖမ်းဆုပ်လိုက်သည်။

စွန်းရှင်ကျေက ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ရင်း...

“မင်းရဲ့ ဒီပုံစံက ခဏလောက်ပဲ တည်ရှိနိုင်မှာပါ ၊ ဒါပေမဲ့ မင်းရဲ့ ခဏတာပြောင်းလဲမှုက ငါတို့အတွက် ခံနိုင်ရည်ရှိဖို့ ခက်လွန်းတယ်”

ရူယိရွှေတုတ်၏ အခြားတစ်ဖက်မှ လွှဲပြောင်းလာသော ပြင်းထန်သည့်တန်ခိုးစွမ်းအားက သူ့လက်ကို ထုံကျဉ်စေပြီး သူ၏ ဆုပ်ကိုင်မှုကို တဖြည်းဖြည်း လျော့ရဲလာစေသည်။

စွန်းရှင်ကျေ သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး လက်ထဲမှ နတ်တုတ်ကို ပြတ်သားစွာပင် လွှတ်ချလိုက်သည်။

ချီထျန်းမဟာသူတော်စင်၏ ဆွဲအားအပြင် သူကလည်း ထပ်မံအားထည့်ကာ ရွှေတုတ်ကို ရန်သူထံသို့ တွန်းပို့လိုက်၏။ တစ်ချိန်တည်းမှာပင် တွန်းပို့လိုက်ခြင်း၏ ဆန့်ကျင်ဘက်အင်အားကို အသုံးပြုပြီး သူက ဆုတ်ခွာရန် အခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်။

စန္ဒကူးဗုဒ္ဓက တိုက်တိုင်းအောင်ဗုဒ္ဓအသွင် ပြန်လည်ပြောင်းလဲသွားသော စွန်းရှင်ကျေကို အလျင်အမြန် ကာကွယ်ပေးလိုက်ပြီး နှစ်ယောက်သား အမတခုံရုံးမှ ထွက်ပြေးသွားကြသည်။

ချီထျန်းမဟာသူတော်စင်က သူ၏ပုံစံကိုတည်ငြိမ်စေလိုက်ပြီး လက်ထဲတွင် ရူယိရွှေတုတ်ကိုကိုင်ဆွဲကာ ကောင်းကင်ဆီသို့ခေါင်းမော့ကြည့်ပြီး ကြုံးဝါးဟိန်း‌ဟောက်လိုက်သည်။

အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသော နတ်သံမဏိတုတ်က သူ့လက်ထဲတွင်လည်ပတ်ကာ အောက်ဘက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

ကောင်းကင်ကိုးထပ်ပမာတည်ဆောက်ထားသော အမတခုံရုံးမှာ သံတုတ်ဖြင့်ထိမှန်ခံရပြီး တစ်စိတ်တစ်ပိုင်း ပြိုကျသွားသည်။

အမတခုံရုံးတစ်ခုလုံး စောင်းသွားပြီး ရွှေရောင်တောက်ပနေသည့် ဘုံကိုးဆင့်စေတီများနှင့် နန်းဆောင်များ ပြိုကျသွားသည်။

အမတခုံရုံးထဲရှိ နတ်ဘုရားများမှာ အရာအားလုံး ဖုံမှုန့်အဖြစ်ပြိုကွဲပျက်ဆီးသွားသော ပရမ်းပတာအခြေအနေထဲ ပိတ်မိသွားကြသည်။

အပျက်အဆီးများက အဝေးနေရာအထိ ဆက်တိုက်ပျံ့နှံ့ကာ လွင့်စင်သွားပြီး မြေမျက်နှာပြင်ကိုပါ ထိခိုက်သွားစေသည်။

ခဏအကြာတွင် ဆန့်ကျင်ဘက်အရပ်ဆီသို့ ပျံသန်းသွားသော ပုံရိပ်တစ်ခု တွေ့လိုက်ရ၏။

ထိုသူက ဟယ်မြန် ဖြစ်သည်။

သူက နောက်ဘက်မှ စွမ်းအားရောင်ဝါတစ်ခုကို အာရုံခံမိသဖြင့် လှည့်ကြည့်လိုက်ရာ ၊ သူ့ကို ကြိုဆိုနေသည်က သွေးနီရောင်နေမင်းနှစ်စင်းအလား ကြီးမားသော မျက်လုံးနှစ်လုံးဖြစ်ပြီး ထိုမျက်လုံးများက သူ့ဆီသို့ တစစ နီးကပ်လာနေသည်။

“ငါ ပြောစရာရှိတယ်”

ဟယ်မြန်က အော်ဟစ်လိုက်သည်။

"ဘာပြောစရာ ရှိတာလဲ”

ရန်ကျောက်ကဲက သူ့စကားကို နားမထောင်ခဲ့ပေ။

ဧရာမမျောက်ဝံကြီး၏ လက်ဖဝါးက အောက်သို့ပြုတ်ကျလာပြီး ဟယ်မြန်၏ခန္ဓာကိုယ်မှာ သဲလွန်စပင်မကျန်ဘဲ အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားသည်။

“သေခြင်းတရားက မင်းကိုစောင့်နေတယ်လို့ ငါပြောရင်... မင်းရဲ့ကံတရားက သေချာပေါက် သေရမှာပဲ”

All Chapters