← Chapters

မထင်မှတ်သည့်ဆုလာဘ်

Vol. 107 Ch. 1501

မထင်မှတ်သည့်ဆုလာဘ်

Vol. 107 Ch. 1501

အခန်း (၁၅၀၁) မထင်မှတ်သည့်ဆုလာဘ်

ချီထျန်းမဟာသူတော်စင်၏ လက်ဖဝါးအောက်တွင် ကောင်းကင်နတ်ဘုရားအဆင့်ရှိ စိတ်ကူးနတ်ဘုရားပင်လျှင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုနည်းသူစွာပင် ယခု သူ၏လက်ဖဝါးဖြင့် ဖိချေလိုက်ရာ “ဟယ်မြန်” ဆိုသည့် တည်ရှိမှုအမှတ်အသားအားလုံး ပျောက်ကွယ်သွားရတော့သည်။

ဧရာမမိစ္ဆာလက်ကြီးက ထိုနေရာတွင် ရပ်တန့်မသွားခဲ့ပေ။

သူက ရှေ့ဆက်သွားလိုက်ပြီး ပျက်ဆီးနေသည့် အမတခုံရုံးကိုပါ ဖျက်ဆီးပစ်လိုက်သည်။

ရန်ကျောက်ကဲက သူ့ရှေ့မှ အမတခုံရုံးကို စူးစိုက်ကြည့်နေသည်။

သူက တစ်ချက်ပြုံးလိုက်စဉ် ဧရာမမျောက်ဝံကြီးက ရူယိရွှေတုတ်ကိုကိုင်မြှောက်ပြီး အမတခုံရုံးအား အောက်သို့ ပြိုကျလာသည်အထိ ရိုက်နှက်ချလိုက်သည်။

အမတခုံရုံး၏ ကျန်ရှိနေသေးသောနန်းဆောင်များ ဖျက်ဆီးခံလိုက်ရပြီး နန်းတော်တစ်ခုလုံး ယိုင်နဲ့ပျက်ဆီးသွားလေသည်။

အမတခုံရုံးမှကျင့်ကြံသူများ၏ သေဆုံးသူအရေအတွက် မရေတွက်နိုင်အောင် များပြားလှသည်။ ထိုသေဆုံးသူများထဲတွင် အလားအလာကောင်းများစွာရှိသော ထူးချွန်လူငယ်များလည်း ပါဝင်သည်။

အမတခုံရုံးမှ ကျင့်ကြံသူဖြစ်လင့်ကစား အရည်အချင်းရှိသည်ဆိုပါက ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းဖြင့် အားဖြည့်ပေးမည်ဆိုလျှင် ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ရှိသည်။

သို့သော် ရန်ကျောက်ကဲ၏ရွှေတုတ်က အောက်သို့ပြိုကျလာပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်ဖြစ်ရာ ထိုအလားအလာကောင်းသူများမှာလည်း သမိုင်းထဲတွင် မြှုပ်နှံခံရပြီး အမှတ်ရစရာ သဲလွန်စတစ်စုံတစ်ရာပင် မကျန်ရစ်ခဲ့ပေ။

ကြီးမားသော မျောက်မိစ္ဆာကြီးက ခေါင်းကိုလှည့်လိုက်ပြီး နတ်ဘုရားတံခါး အဖြူရောင်ကြာပန်းနှင့် အခြားထူးဆန်းသော ဖြစ်စဉ်များ ထွက်ပေါ်လာရာ ဗလာနယ်သို့ လှမ်းကြည့်လိုက်သည်။

ထို့နောက် တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓ ထွက်ခွာသွားသော ဦးတည်ရာကို ကြည့်လိုက်ပြီး သူ၏သံတုတ်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။

သူက မြေပြင်ကိုခြေဆောင့်ပြီး တစ်ချက်နင်းလိုက်ရာ အမတခုံရုံး၏ နယ်မြေတစ်စိတ်တစ်ပိုင်း ထပ်မံပြိုကျသွားသည်။

ပြီးနောက် သူက လှည့်ပတ်ခုန်ပျံလိုက်ပြီး အမတခုံရုံးစကြာဝဠာနှင့် ဝေးကွာရာ ဗလာနယ်အစွန်အဖျားသို့ထွက်ခွာသွားပြီး ပျောက်ကွယ်သွားတော့၏။

ပြင်ပဗလာနယ်အစွန်အဖျားသို့ရောက်ရှိပြီးနောက် ချီထျန်းမဟာသူတော်စင် အနည်းငယ်ရှေ့ဆက်သွားလိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး ခန္ဓာကိုယ်မှထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများက သုံးပိုင်းခွဲထွက်သွားသည်။

ထို့နောက် ရန်ကျောက်ကဲ ၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ရွှီဖေးနှင့် ပန်ပန်တို့ ထွက်ပေါ်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေးနှင့် ပန်ပန်တို့၏ ဦးခေါင်းထိပ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ၊ ခဏကြာမှ ထိုအလင်းတန်းများက သူတို့ပခုံးများဆီသို့ စီးဆင်းဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် စကြာဝဠာတစ်ခွင်လွှမ်းခြုံထားသော ဖိနှိပ်နိုင်စွမ်းမြင့်မားသည့် မစ္ဆာချီများသည်လည်း ပျံ့လွင့်သွားသည်။

သူတို့(၃)ယောက်လုံး အတော်လေး ပင်ပန်းနွမ်းနယ်နေကြလေသည်။

သူတို့မျက်နှာများထက် ပင်ပန်းမှုများပြည့်နက်နေပြီး စွမ်းအား‌ရောင်ဝါများသည်လည်း အားနည်းလျှက် ရှိ၏။

“နောက်ဆုံးတော့... တာအိုရောင်းရင်းနျဲ့နဲ့ တာအိုရောင်းရင်းယွီကို သစ္စာဖောက်ခဲ့တဲ့ကောင်ကို သတ်ပစ်လိုက်နိုင်ပြီ”

ရွှီဖေး အလွန်ပင်ပန်းနွမ်းနယ်နေသည့်တိုင် သူ့မျက်နှာထက် အပြုံးရိပ်ထင်ဟန်နေသည်။

ရန်ကျောက်ကဲက...

“ဂိုဏ်းတူအစ်ကိုရွှီ... မင်းတို့အားလုံး အနားယူလိုက်ကြဦး ၊ ကျန်တဲ့ကိစ္စ ငါ့တာဝန်ထားလိုက်”

ရွှီဖေး ခေါင်းညိတ်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

ပန်ပန်မှာတော့ ဂွမ်းလုံးပမာ ခန္ဓာကိုယ်ကိုကွေးထားပြီး အိပ်ပျော်နေသည်မှာ ဟောက်သံများပင်ထွက်နေပေပြီ။

ရန်ကျောက်ကဲက အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး သူတို့(၃)ယောက်ကို အင်္ကျီလက်ထဲသို့ သိမ်းဆည်းလိုက်ပြီး ခရီးဆက်ထွက်လာသည်။

ယခု ရန်ကျောက်ကဲက နောက်ထပ် ကြီးမားသည့်ပစ္စည်းတစ်ခုကို သယ်ဆောင်လာပေသည်။

ထိုအရာက ချီထျန်းမဟာသူတော်စင်၏ လက်နက် ၊ စစ်မှန်သော ရူယီရွှေတုတ်ပင်။

အတိတ်တစ်ချိန်က ချီထျန်းမဟာသူတော်စင်က ဒြပ်စင်ငါးပါးတောင်အောက်တွင် ဖိနှိပ်ခံခဲ့ရပြီး သူ၏ခန္ဓာကိုယ်တစ်ပိုင်းက စွန်းရှင်ကျေအဖြစ် ခွဲထွက်သွားခဲ့သည်။

ထို့နောက် ဘုန်းတော်ကြီးစန်းကျန့်က စကြာမုနိဗုဒ္ဓ၏ ညွှန်ကြားချက်အတိုင်း စွန်းရှင်ကျေကို တောင်အောက်မှလွှတ်ပေးခဲ့သော်လည်း ချီထျန်းမဟာသူတော်စင်ကတော့ ဆက်လက်ဖိနှိပ်ခံထားရဆဲပင်။

စွန်းရှင်ကျေ ထွက်ခွာသွားစဉ် သူနှင့်အတူ ရူယီရွှေတုတ်ကို ယူဆောင်သွားခဲ့သည်။

အနောက်သို့ခရီးသွားမှတ်တမ်း ခရီးစဉ်တစ်လျှောက် ရက်စက်ကြမ်းတမ်းသော နတ်မိစ္ဆာသားရဲများစွာသည် ဤလက်နက်အောက်တွင် သေဆုံးခဲ့ရပြီး သွေးချောင်းစီးသော ဇာတ်လမ်းတစ်ခု ကျန်ရစ်ခဲ့သည်။

စွန်းရှင်ကျေ ဉာဏ်အလင်းရပြီး တိုက်တိုင်းအောင်ဗုဒ္ဓအဖြစ် ပြောင်းလဲသွားပြီးနောက် သူက ဤလက်နက်ကို အသုံးမပြုဘဲသိမ်းဆည်းထားလိုက်ရာ ထင်ရှားမှု အနည်းငယ်သာ ရှိတော့သည်။

ယနေ့ သူက ဤလက်နက် ထပ်မံအသုံးပြုရန် ဖိအားပေးခံခဲ့ရသည်။ ဤရတနာ၏တန်ခိုးဖြင့်သာလျှင် သူက အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့သည်။

သို့သော် နာမည်ဆိုးဖြင့် ကျော်ကြားသော ဤလက်နက်သည် ရန်ကျောက်ကဲ ထိန်းချုပ်ထားသော ချီထျန်းမဟာသူတော်စင်ပုံရိပ်ယောင် လက်ထဲသို့ ကျရောက်သွားခဲ့သည်။

အခြားရှုထောင့်မှကြည့်လျှင် ဤသည်က ပျောက်ဆုံးနေသောပစ္စည်းတစ်ခုအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။

ဤဧရာမသံတုတ်ကို ယူဆောင်လာရုံဖြင့်ပင် ရန်ကျောက်ကဲမှာ ကြီးမားသောအလေးချိန်တစ်ခုက သူ့ကို အောက်သို့ဆွဲချနေသည့်ပမာ ခံစားနေရသည်။

ဤသံတုတ်က သူထိတွေ့ခဲ့ဖူးသော အကြီးမားဆုံး ရတနာများထဲမှ တစ်ခုဟု ယူဆနိုင်သည်။

ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် တန်ခိုးစွမ်းအားတစ်ခုတည်းဖြင့်ပင် ထိုက်ရွှီးမူလနတ်ဘုရားများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

သို့တိုင် ဤလက်နက်ကတော့ သူ့လက်ထဲတွင် အတော်လေး အဆင်မပြေ ဖြစ်နေရသည်။

ဤလက်နက်ကို သယ်ဆောင်သွားရုံဖြင့်ပင် အတော်လေးဒုက္ခတွေ့နေပြီး အသုံးပြုရမည်ဆိုလျှင်တော့ ပြောဖွယ်ရာပင် မရှိတော့ပေ။

ရန်ကျောက်ကဲ မျက်လုံးများကို လှန်လိုက်ရင်း...

“၁၃၅၀၀ ကျင်း အလေးချိန်ရှိတဲ့ ဒီသောက်ပစ္စည်းကတော့... ၊ ထျန်းဟယ်မြစ်ရဲ့ကောင်းကင်ကို ထောက်ပံ့ထားတဲ့သံမဏိထောက်တိုင်ဖြစ်နေတယ်ဆိုတာ မထူးဆန်းတော့ပါဘူး”

ထျန်းဟယ်မြစ်ဆိုသည်က ရေထဲတွင် ကြယ်စင်များကူးခတ်လှုပ်ရှားလျှက်ရှိသော အဆုံးမရှိသည့် ကောင်းကင်မြစ်တစ်ခု ဖြစ်သည်။

ကြယ်တစ်လုံးတည်းမှ ထုတ်လွှတ်သော လည်ပတ်စွမ်းအားသည်ပင် မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသည်ဖြစ်ရာ ကြယ်စင်များစွ တပြိုင်တည်း လည်ပတ်နေမည်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

ဤသံတုတ်က ထျန်းဟယ်မြစ်ကို ဖိနှိပ်ထိန်းချုပ်နိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်ပြီး မည်သည့် ပုန်ကန်မှုမျှ မဖြစ်ပေါ်စေရန် ဟန့်တားနိုင်သည်။

ဤမျှလေးလံနေသည်မှာ သံသယဝင်စရာ မရှိတော့ပေ။

ထို့ပြင် ဤရတနာ၏ထူးခြားမှုက အလေးချိန်တစ်ခုတည်း မဟုတ်ပေ။ ရန်ကျောက်ကဲ ဤရွှေတုတ်ကို ထိတွေ့မိသည်နှင့် သူ၏စိတ်ခံစားချက်များ လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ သူ၏မှတ်ဉာဏ်ထဲမှ ဒဏ္ဍာရီလာ အဖိုးတန်လက်နက်ကိုရရှိခဲ့သည့်အတွက် ပျော်ရွှင်နေဆဲ ဖြစ်၏။

ယခု သူက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ ဤရူယိရွှေတုတ်ဖြင့် တွဲဖက်အသုံးပြုခြင်းက သူ၏တန်ခိုးစွမ်းအားကို မလွှဲမရှောင်သာ တိုးမြှင့်ပေးနိုင်သည်။

ဟယ်မြန်၊ စိမ်းပြာမိုးကြိုးဧကရာဇ်နှင့် အခြားသူများကို သတ်ဖြတ်ခြင်းက ရန်ကျောက်ကဲ၏ မူလရည်မှန်းချက်ဖြစ်သည်။ သူတို့ကိုမသတ်ဖြတ်နိုင်ပါက သူ့အတွက် အနိုင်ရသည်ဟု မဆိုနိုင်ပေ။

သူ၏မူလရည်မှန်းချက်အောင်မြင်သည့်အပြင် ဤရူယိရွှေတုတ်ကို ရရှိလာခြင်းကတော့ ထပ်ဆောင်းဆုလာဘ်တစ်ခုဖြစ်သည်။

လက်ရှိတွင် ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာကိုထိန်းချုပ်ရန် အပြည့်အဝ အဆင်မပြေသေးသော်လည်း ဤနှစ်ခုပေါင်းစည်းလိုက်ပါက ရန်ကျောက်ကဲအနေဖြင့် ယခင်က တွေးပင်မတွေးရဲသောအရာများကို လုပ်ဆောင်နိုင်ပေမည်။

“ငရဲကိုးထပ်၊ အမတခုံရုံး...”

ရန်ကျောက်ကဲသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

သူ၏တည်ငြိမ်သောမျက်ဝန်းများထဲတွင် ခံစားချက်များထွက်ပေါ်လာပြီးကြီးမားသောလှုပ်ခတ်မှုတစ်ခု ထွက်ပေါ်လာသည့်ပမာ ထင်မှတ်ရ၏။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အနီးကပ် ဂရုတစိုက် စောင့်ကြည့်ရင်း ထျန်းစူးစကြာဝဠာသို့ ဆက်လက် ခရီးနှင်လာသည်။

ရွှီဖေးနှင့် အခြားနှစ်ဦးသာမက ရန်ကျောက်ကဲပင်လျှင် ပင်ပန်းနွမ်းနယ်မှု ပြင်းထန်စွာ ခံစားနေရသည်။

ထိုက်ချူးနတ်လက်ချောင်းသိုင်း အသုံးပြုပြီး နက်ရှိုင်းချီစွမ်းအား(၃)ခု ပေါင်းစည်းကာ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုကို ပေါင်းစည်းလိုက်ရသည့်အတွက် သူ၏စွမ်းအားသည်လည်း များစွာကုန်ခမ်းသွားခဲ့သည်။

ဤသို့သော အခြေအနေတွင် ရန်သူများက သူ၏ပင်ပန်းနွမ်းနယ်မှုကို အခွင့်ကောင်းယူရန် ကြံစည်လာမည်ကို အထူးသတိထားရပေမည်။

“အိုး...”

ဆက်လက်ခရီးနှင်ရင်း ရန်ကျောက်ကဲ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူလှည့်ကြည့်လိုက်တော့ အဝေးတစ်နေရာ အမှောင်ထုထဲမှထွက်ပေါ်လာသော တောက်ပသည့်နေရောင်ခြည်တစ်ခုအား တွေ့လိုက်ရ၏။

ရန်ကျောက်ကဲက ထိုနေရောင်ခြည်ကို ခံစားချက်ကင်းမဲ့စွာ စူးစိုက်ကြည့်လိုက်သည်။ ထိုနေရောင်ခြည်က နေဝန်းထက်ယံအရှင်သခင် ကောင်းဟန်မှ ဖြစ်ပေါ်လာသည်ကို သူ သိရှိလေသည်။

ထို့နောက် နေရောင်ခြည်မှေးမှိန်သွားပြီး အဖြူရောင်ဝတ် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်လူငယ်က ရန်ကျောက်ကဲအား ကူရာကယ်ရာမဲ့သည့်အမူအရာဖြင့် ကြည့်လိုက်လေသည်။

ပြီးမှ သူက သက်ပြင်းချရင်း...

“လူငယ်ကောင်းကင်ဘုံအရှင်ဆိုတာ ထူးခြားတဲ့သူပဲ ၊ သာမန်လူတွေ စိတ်ကူးတောင်မယဉ်ရဲတဲ့ ဆူညံပွက်လောရိုက်မှုမျိုးကို အမြဲဖန်တီးနိုင်တာပဲ”

ကောင်းဟန်၏ စကားသံသည် စိတ်ရင်းမှန်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး “လူငယ်ကောင်းကင်ဘုံအရှင်” ဟူသော ဘွဲ့အမည်ကို ခေါ်ဆိုရာတွင် ယခင်ကဲ့သို့ လှောင်ပြောင်သံ မပါဝင်တော့ပေ။

“နေဝန်းထက်ယံအရှင်သခင်က နောက်နေပြန်ပါပြီ”

ရန်ကျောက်ကဲက တည်ငြိမ်စွာ ပြန်ဖြေသည်။

“ဒါပေမဲ့ ဘာလို့ အခု ဒီကိုရောက်လာတာပါလဲ ၊ ကျွန်တော့်ကို ကြိုဆိုဖို့လား ဒါမှမဟုတ် အပြစ်ရှာဖို့လား”

ကောင်းဟန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြုံးလိုက်ရင်း...

“ငါက မင်းရဲ့လုပ်ရပ်တွေကို အပြစ်ရှာဖို့ မဝံ့ရဲပါဘူး ၊ ပြီးတော့ မင်းက မင်းကိုလာကြိုဖို့ တခြာတစ်ယောက် စီစဉ်ထားပြီးပြီပဲ ၊ ငါက စည်းမကျော်ရဲပါဘူး”

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် အမှောင်ထုတစ်ဖက်ခြမ်းမှ ဓားအလင်းတန်းတစ်ခု တောက်ပလာသည်။

ဓားအလင်းတန်းနှင့်အတူ အစိမ်းရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ချဉ်းကပ်လာနေပြီး သူမနှင့်အတူ နက်ရှိုင်းချီစွမ်းအားများဖြင့် ရစ်ပတ်ထားသည့် ရှေးဟောင်းဓားတစ်လက် ယူဆောင်လာသည်။

ကောင်းချင်းရွှမ် နတ်ဘုရားသတ်ဖြတ်ဓားနှင့်အတူ ရောက်ရှိလာခြင်းပင်။

All Chapters