အနောက်ဘက်မှဗုဒ္ဓ
Vol. 107 Ch. 1503
အခန်း (၁၅၀၃) အနောက်ဘက်မှဗုဒ္ဓ
“စွမ်းအားအကြီးဆုံး အဆက်အနွယ်တဲ့လား...”
ကောင်းဟန်က သူမစကားကို ထပ်ရေရွတ်ရင်း ပြုံးလျှက် ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... စောမင်ကျန့်တောင် သူတို့ဘက်ရောက်သွားပြီ ၊ ပြီးတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကလည်း ထျန်းစူးစကြာဝဠာကိုရောက်နေပြီဆိုတော့ ဝူတန့်မယ်တော်ကလည်း သူတို့ဘက်မှာပဲ ရပ်တည်မှာပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ တာအိုရောင်းရင်း’စော’ နဲ့ ဝူတန့်မယ်တော်မရှိရင်တောင်မှ ရန်ကျောက်ကဲက အတိတ်တစ်ချိန်က ချီထျန်းမဟာသူတော်စင်ရဲ့ တန်ခိုးစွမ်းအားကို ပြန်အသက်သွင်းနိုင်ခဲ့တယ် ၊ ခဏတာပဲဆိုပေမယ့် ဒါက... တကယ့်ကို ထိတ်လန့်စရာပဲ”
သူက ချီးကျူးမှုအပြည့်ဖြင့် စကားဆိုလိုက်ရင်း သက်ပြင်းလည်းချလိုက်မိ၏။
လင်ချင်းက...
“ပြီးတော့ သူတို့ဘက်မှ မိန်းကလေး’ဖန်းယွင်ရှန်း’ လည်း ရှိသေးတယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တာအိုရောင်းရင်း’ကောင်းချင်းရွှမ်’ ကလည်း နတ်ဘုရားသုတ်သင်အစီအရင်နဲ့ နတ်ဘုရားသတ်ဖြတ်ဓားကို ရထားတယ်လေ”
ကောင်းဟန်က နဖူးကိုလက်ဖြင့်ပွတ်လိုက်ရင်း...
“ဒီလိုဖြစ်လာမယ်လို့ ငါတို့ မျှော်လင့်ထားပြီးသားပါ ၊ ဒါပေမဲ့ သူတို့ ဒီလောက်အထိ အရှိန်အဟုန်နဲ့တိုးတက်သွားတာက အရမ်းမြန်နေတယ် မဟုတ်ဘူးလား”
လင်ချင်းက သူ့စကားကို ပြန်မဖြေဘဲ စကားဆိုလိုက်သည်။
“ဒီကိစ္စကို တောင်ပိုင်းချန်စန်းဧကရာဇ်ထံ အမြန်ဆုံးသတင်းပို့ရမယ်”
ကောင်းဟန်က ခေါင်းညိတ်ရင်း...
“ဒါပေါ့... တာအိုအဓိပတိတွေတောင် ထိတ်လန့်သွားကြတာလေ”
ရန်ကျောက်ကဲ တိုက်ခိုက်နေစဉ် ကောင်းဟန်က အမတခုံရုံးနယ်မြေနှင့် အလွန်နီးကပ်သည့်နေရာတွင် ရှိနေခဲ့သည်။ သူက ရန်ကျောက်ကဲကို အကူအညီမပေးခဲ့သလို ထွက်ခွာသွားခြင်းလည်း မရှိပေ။
သူက စကြာဝဠာနယ်ခြားတွင်ရှိနေပြီး အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။
ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုပေါင်းစည်းလိုက်သည့်အခါ ပိုမိုအားကောင်းသော တည်ရှိမှုတစ်ခု လှုပ်ရှားလာခဲ့သည်။
ကောင်းဟန်သည်လည်း နတ်ဘုရားတံခါး၊ အဖြူရောင်ကြာပန်း၊ အစိမ်းရောင်ကြာပန်းနှင့် ကြေးဝါခေါင်းလောင်းတို့ကို တွေ့မြင်ခဲ့သည်ပင်။
သူက ထိုအရာများကိုတွေ့မြင်ခဲ့သော်လည်း ၎င်းတို့အနားသို့ကပ်ရန် နည်းလမ်းမရှိခဲ့ပေ။
သာမန်လူတစ်ယောက် နေမင်းကို ခေါင်းမော့ကြည့်သည့်ပမာ ဖြစ်သည်။ နေမင်းက အမြင်အာရုံထဲတွင်ရှိနေသော်လည်း ၎င်းကို ထိတွေ့ဆက်နွယ်ရန် မဖြစ်နိုင်ပေ။
လင်ချင်းက...
“သူက ချီထျန်းမဟာသူတော်စင်ရဲ့ပုံစံကို တကယ်ပဲ ပုံတူကူးချနိုင်ခဲ့တယ်ဆိုရင် တာအိုအဓိပတိတွေ ထိတ်လန့်သွားတာ အံ့သြစရာမရှိပါဘူး”
ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုက အမတခုံရုံး၏ ကောင်းကင်ယံနန်းတော်ကို ပရမ်းပတာဖြစ်သွားစေခြင်းကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က သိပ်ပြီးဂရုမထားခဲ့ပေ။
သို့သော် ထိုရွှေခန္ဓာ(၃)ခုက တစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်သည့်အခါ ထုတ်လွှတ်သည့်တန်ခိုးစွမ်းအားနှင့် ကိုယ်ဟန်အမူအရာက အလွန်အားကောင်းလှသဖြင့် ချီထျန်းမဟာသူတော်စင်ကိုယ်တိုင် ရောက်ရှိလာသကဲ့သို့ ထင်မှတ်ရသည်။
ထို့ကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က မလွှဲမရှောင်သာ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။
ကျောက်စိမ်းရောင်များတောက်ပနေသည့် နတ်ဘုရားတံခါးက အမတခုံရုံး၏ အဓိကစွမ်းအားဖြစ်ပြီး ထိုတံခါးထွက်ပေါ်လာခြင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် လှုပ်ရှားလာခြင်းပင် ဖြစ်၏။
ကောင်းဟန်က...
“နောက်ပိုင်း ထွက်ပေါ်လာတဲ့ အဖြူရောင်ကြာပန်းက ဘုရားလောင်း’မီလဲ့ကိုယ်တော်’ ပဲ”
သူက ဆက်ပြောလိုက်သည်။
“သူက လူငယ်ကောင်းကင်ဘုံအရှင် အမတခုံရုံးမှာ ဆက်ပြီးသောင်းကျန်းမှာကို သဘောကျတယ်လေ ၊ ဒါကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို တားဆီးလိုက်တာ”
“ပိုပြီးထူးခြားတာကို ပြောရမယ်ဆိုရင်... နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့တဲ့ အော်မီတော်ဖော်ဗုဒ္ဓတောင် ထွက်ပေါ်လာခဲ့တာပဲ”
အနောက်အရပ်မှဆင်းသက်လာသည့် အစိမ်းရောင်ကြာပန်းက အနောက်ဘက်သူတော်စင်ဘုံ၏ ခေါင်းဆောင် – အော်မီတော်ဖော်ဗုဒ္ဓပင် ဖြစ်သည်။
သူက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ကူညီရန် ဆင်းသက်လာခဲ့သော်လည်း တစ်စုံတစ်ယောက်က သူ့ကို တားဆီးခဲ့သည်။
လင်ချင်းက...
“အဲဒီလူက အရှေ့ဧကရာဇ်လား”
ကောင်းဟန်က ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... ကြေးဝါခေါင်းလောင်းက အစိမ်းရောင်ကြာပန်းကို ဟန့်တားခဲ့တာ ၊ အဲဒါက နတ်မိစ္ဆာတွေဘက်က အရှေ့ဧကရာဇ်က အော်မီတော်ဖော်ဗုဒ္ဓကို တားဆီးလိုက်တာပဲ ၊ အနောက်ဘက်သူတော်စင်ဘုံမှာ တခြားတန်ခိုးစွမ်းအားရှင်တွေ ရှိနေသေးပေမယ့် အဖြစ်အပျက်က အရမ်းမြန်ဆန်တော့ တုံ့ပြန်ဖို့ အချိန်မရခဲ့ဘူးလေ”
သူက ဆက်ပြောလိုက်သည်။
“လူငယ်ကောင်းကင်ဘုံအရှင်က အဖြူရောင်ကြာပန်းသုခဘုံ ၊ ကျဲရှင်ကမ္ဘာ ၊ ဒြပ်စင်ငါးပါးတောင်က ချီထျန်းမဟာသူတော်စင်ကို ကယ်တင်ခဲ့တယ်ဆိုတာ ငါသိထားပေမယ့် သူရသွားတဲ့အကျိုးအမြတ်က အဲဒီလောက်ခမ်းနားမယ်လို့ ထင်မထားမိဘူး”
လင်ချင်းသည် မျက်မှောင်ကြုတ်ရင်း...
“ချီထျန်းမဟာသူတော်စင်က သူ့ရဲ့ကျင့်ကြံခြင်းအားလုံးကို စွန့်လွှတ်ခဲ့တာလား”
ကောင်းဟန်က အလေးအနက်တွေးတောနေပြီးမှ...
“အဲဒီလိုမဟုတ်ဘူးဆိုရင်တောင်... အမှန်တရားက အဲဒီလောက်နီးနီးပဲ ၊ အရင်တုန်းက လင်စန်းတောင်က စကြာမုနိဗုဒ္ဓက ချီထျန်းမဟာသူတော်စင်ကို ဖိနှိပ်ထားခဲ့တယ် ၊ သူ့ကို ဘယ်လိုကယ်တင်ရမယ် ဒါမှမဟုတ် သူလွတ်မြောက်သွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး ၊ ဒါပေမဲ့ အခုတော့ ကြည့်ရတာ လူငယ်ကောင်းကင်ဘုံအရှင် ဒြပ်စင်ငါးပါးတောင်က ရရှိခဲ့တဲ့ အကျိုးအမြတ်တွေက ငါတို့တွေးထားတာထက် အဆမတန် ကျော်လွန်နေတာပဲ”
လင်ချင်းက ကောင်းဟန်ကိုကြည့်လိုက်ရင်း...
“ဒါပေမဲ့ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး မလှုပ်ရှားခဲ့သလို လောင်ကျွင်းလည်း မလှုပ်ရှားခဲ့ဘူး”
ကောင်းဟန်က...
“တာအိုအဆင့် ထိပ်တန်းတန်ခိုးရှင်တွေရဲ့ တွေးခေါ်ပုံကို ငါတို့မသိနိုင်တာ ပုံမှန်ပဲလေ”
လင်ချင်းက သူ့ကို ကြည့်လျက် တိတ်ဆိတ်နေသည်။
ကောင်းဟန်က ဖြည်းညင်းသည့်လေသံဖြင့်...
“ငါ စိတ်ရင်းနဲ့ပြောတာပါ ၊ ဒါပေမဲ့ ငါလည်း အဲဒီလို မသိနိုင်ဖြစ်နေတာကို သဘောမကျပါဘူး”
လင်ချင်းက...
“ဒီ ပရမ်းပတာကိစ္စဖြစ်ပြီးတဲ့နောက် အမတခုံရုံးရဲ့ဂုဏ်သိက္ခာတော့ အကြီးအကျယ် ထိခိုက်သွားပြီပဲ ၊ အဖြူရောင်ကြာပန်းသုခဘုံကလည်း ထပ်ပြီးကျူးကျော်လာလိမ့်မယ် ၊ အတိုင်းအဆမဲ့ ကောင်းကင်ဘုံအရှင်ရဲ့ အခြေခံအုတ်မြစ်ယိမ်းယိုင်သွားဖို့က ကံတရားအတိုင်းပဲပေါ့”
သူမက တွေးတွေးဆဆဖြင့် ဆက်ပြောလိုက်သည်။
“သူ တာအိုအဆင့်က ပြုတ်ကျသွားနိုင်မလား...”
ကောင်းဟန်က...
“ငါလည်း သေချာမပြောရဲဘူး... တောင်ပိုင်းချန်စန်းဧကရာဇ်မှာ ဘာအစီအစဉ်ရှိလဲ ကြည့်ရမှာပဲ”
လင်ချင်းက ခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်နေသည်။
သူက မှောင်မိုက်သည့်အဝေးတစ်နေရာ အဆုံးမဲ့ဟင်းလင်းပြင်အား စူးစိုက်ကြည့်ရင်း အတွေးထဲနစ်မျောသွားလေသည်။
***
အနောက်ဘက်သူတော်စင်ဘုံရှိရာသို့ အစိမ်းရောင်ကြာပန်းနှစ်ခု ဆင်းသက်လာသည်။
တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓတို့ ပြန်လည်ရောက်ရှိလာခြင်းသာပင်။
ဗုဒ္ဓနှစ်ပါး၏ မျက်နှာအမူအရာက ပကတိတည်ငြိမ်နေပြီး စိတ်အနှောင့်အယှက်ဖြစ်မှု အရိပ်အယောင်မျှ မတွေ့ရပေ။ သို့သော် သူတို့နှစ်ယောက်လုံး စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
စန္ဒကူးဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေအစိတ်အပိုင်းအချို့ ပျက်ဆီးသွားခဲ့သည်။ သူတော်စင်ဘုံသို့ ပြန်လည်ရောက်ရှိပြီးနောက် သူ ၎င်းကို ဖြည်းညင်းစွာ ပြန်လည်ပြုပြင်နေခဲ့သည်။
ထိုအချိန် သူတော်စင်ဘုံမှ အစိမ်းရောင်ကြာပန်းတစ်ခု ထပ်မံပေါ်ထွက်လာသည်။ ကြာပန်းထက်တွင် ရှေးဟောင်းရွှေခန္ဓာဗုဒ္ဓတစ်ပါး ထိုင်နေ၏။
သူ့ကိုကြည့်ရသည်မှာ အချိန်ရေစီးကြောင်းတလျှောက် အနိမ့်အမြင့်စီးဆင်းမှုများကို ဖြတ်ကျော်ခဲ့ပြီး ယနေ့အချိန်ထိ အသက်ရှင်သန်လာသူတစ်ယောက်နှင့် ဆင်တူသည်။
ထိုဗုဒ္ဓ၏ ဦးခေါင်းနောက်တွင် စက်ဝန်းပမာ ဗုဒ္ဓရောင်ခြည်တောက်ပနေပြီး ထိုအရာက ဧရာမနေဝန်းတစ်ခုနှင့် ဆင်တူသည်။
ထိုဗုဒ္ဓရောင်ခြည်ထဲတွင် ရှေးဟောင်းဖန်သားမီးအိမ်တစ်လုံး တည်ရှိနေသည်။
ထိုဗုဒ္ဓကိုတွေ့မြင်သည်နှင့် တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓတို့နှစ်ယောက်လုံး ဂါရဝပြုလိုက်ကြသည်။
“မငြိမ်းသောမီးအိမ်ဗုဒ္ဓကို ကန်တော့ပါတယ်”
ရောက်လာသူက မငြိမ်းသောမီးအိမ် ရှေးဟောင်းဗုဒ္ဓ ဖြစ်သည်။
သူက ရှေးဟောင်းဗုဒ္ဓတို့၏ ခေတ်အဆက်ဆက် ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံခဲ့ပြီး မငြိမ်းသောမီးအိမ်ဗုဒ္ဓ ဖြစ်လာခဲ့ည်။
နောက်ပိုင်း အနောက်ဘက်သူတော်စင်ဘုံသို့ရောက်ရှိလာပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအဖြစ် ဘွဲ့အမည် ခံယူခဲ့၏။
သူက ကနဦးကောင်းကင်မတိုင်ခင်က မွေးဖွားခဲ့သော ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ပါးဖြစ်ပြီး တည်ရှိသမျှ ဗုဒ္ဓများထဲတွင် သက်တော်အကြီးဆုံးဖြစ်သည်။
တာအိုဆရာကျူးထီ စကြာမုနိဗုဒ္ဓဖြစ်လာသည်မှာ မငြိမ်းသောမီးအိမ်ဗုဒ္ဓက သူ့ကို အလယ်ပိုင်းသုခဘုံသို့ ခေါ်ဆောင်လာခဲ့သောကြောင့် ဖြစ်၏။
သို့သော် အလယ်ပိုင်းသုခဘုံက အဖြူရောင်ကြာပန်းသုခဘုံအဖြစ် ပြောင်းလဲသွားသောအခါ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသည်လည်း အနောက်ဘက်သူတော်စင်ဘုံသို့ နေရာရွှေ့ပြောင်းခဲ့သည်။
နှစ်ပေါင်းများစွာအတွင်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အနောက်ဘက်သူတော်စင်ဘုံမှ တစ်ဖဝါးမှ မခွာခဲ့ပေ။ ထို့ကြောင့် သူ့အကြောင်း သိရှိသူနည်းပါးသည်။
ထို့ကြောင့် သူရောက်ရှိလာသည့်အခါ တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓတို့ အံ့အားသင့်သွားကြရသည်။
စန္ဒကူးဗုဒ္ဓက...
“ချီထျန်းမဟာသူတော်စင်ကိစ္စအတွက် ကြွလာခြင်းဖြစ်ပါသလား”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလျှက်...
“အမတခုံရုံးအတွက်ပဲ...”
သူက ဆက်ပြောလိုက်သည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ထိခိုက်မှာမဟုတ်ပေမယ့် အမတခုံရုံး မြန်မြန်ပျက်ဆီးသွားလို့ မဖြစ်ဘူး”
စန္ဒကူးဗုဒ္ဓက...
“အရှင်ဘုရား ဘာများအမိန့်ရှိချင်လို့ပါလဲ”
မငြိမ်းသောမီးအိမ်ဗုဒ္ဓ၏အကြည့်က သူတို့နှစ်ယောက်ထံသို့ ဖြတ်သန်းသွားပြီး နူးညံ့သောအသံဖြင့်...
“မင်းတို့နှစ်ယောက် ငါ့ကိုယ်စား တစ်နေရာကိုသွားပေးပါ”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏စကားကိုကြားတော့ စန္ဒကူးဗုဒ္ဓက တိုးလျသည့်လေသံဖြင့်...
“အရှင်ဘုရားအမိန့်ကို တပည့်တော်တို့ နာခံပါ့မယ် ၊ တပည့်တော်တို့ မကြောက်ဘူးဆိုပေမယ့် တပည့်တော်တို့လမ်းကြောင်းကို တချို့သူတွေဟန့်တားမှာကို စိုးရွံ့မိပါတယ်”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...
“စိတ်မပူါနဲ့ ၊ ငါအားလုံး ပြင်ဆင်ထားပြီးပြီ ၊ ဒါကြောင့် မင်းတို့က တာဝန်ကိုပဲ အာရုံစိုက်သင့်တယ်”
တိုက်တိုင်းအောင်ဗုဒ္ဓက...
“အဲဒီလိုလုပ်ရင် လောင်ကျွင်း ဒေါသထွက်သွားနိုင်မလား”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...
“အရင်ကဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ် ၊ အခုတော့ ဖြစ်နိုင်ခြေ မရှိသလောက်ပဲ”
တိုက်တိုင်းအောင်ဗုဒ္ဓက ခဏမျှတွေးတောပြီးနောက်
“ကောင်းပြီ ၊ ဒါဖြင့် အခုပဲသွားပါ့မယ်”
ထို့နောက် ဗုဒ္ဓနှစ်ပါး အနောက်ဘက်သူတော်စင်ဘုံမှ ချက်ချင်းထွက်ခွာသွားကြသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသည်လည်း စန္ဒကူးဗုဒ္ဓ၏ ဗုဒ္ဓနယ်မြေမှ ထွက်ခွာသွားသည်။ သူက အနောက်ဘက်သူတော်စင်ဘုံကို ဖြတ်သန်းပြီး အခြားနေရာတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုနေရာက စန္ဒကူးဗုဒ္ဓနေထိုင်ရာနေရာကဲ့သို့ ပြီးပြည့်စုံသည့်ဉာဏ်ပညာ ရရှိထားခြင်း မရှိပေ။
သို့သော် ဤနေရာက ပိုမိုခိုင်မာအားကောင်း၏။
နယ်မြေအတွင်းမှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ၊ တည်ငြိမ်သောဖန်သားရောင်စဉ်များအပြင် ရောင်စဉ်ငါးမျိုးအလင်းတန်းများလည်း ယိုစိမ့်ထွက်ပေါ်လျှက် ရှိသည်။
အနီရောင်မီးလျှံနှင့် အစိမ်းရောင်အလင်းတန်းများ လောင်ကျွမ်းတောက်ပနေပြီး ရွှေညိုရောင်အလင်းနှင့် ရွှေဖြူရောင်အလင်းသည်လည်း ထက်ရှစွာ တောက်ပလျှက် ရှိ၏။
နက်မှောင်သည့်အလင်းကတော့ ထာဝရစီးဆင်းနေသော မြစ်တစ်စင်းပမာ ဖြစ်သည်။
ဤ ရောင်စဉ်ငါးမျိုးအလင်းတန်းများက အချင်းချင်းရန်လိုမှုမရှိဘဲ အေးဆေးစွာပင် စဉ်ဆက်မပြတ်လည်ပတ်နေသည်။
ဤဗုဒ္ဓနယ်မြေတွင် ဗုဒ္ဓတစ်ပါးနေထိုင်လေသည်။
ထိုဗုဒ္ဓတွင် ဦးခေါင်း(၂၄)ခုနှင့် လက်(၁၈)ဖက်ရှိသည်။ သူ၏လက်တစ်ချောင်းချင်းစီတွင် ပန်း ၊ ထီး ၊ ဦးထုပ် ၊ ပန်းအိုး ၊ ဝဇီရဆေးတံ ၊ ရွှေခေါင်းလောင်း ၊ ရွှေမြား ၊ ငွေသွားလှံရှည် ၊ အလံ ၊ ကြာပန်း ၊ အင်းချပ် ၊ သပိတ် ၊ လှံရှည် ၊ ဓားရှည်နှင့် ကျမ်းစာ စသည်များကို ကိုင်ဆောင်ထားသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ရောက်ရှိလာကြောင်း တွေ့မြင်သည်နှင့် ထိုဗုဒ္ဓက မျက်လုံးများဖွင့်ကြည့်လိုက်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...
“ဒီတစ်ခါတော့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်”