← Chapters

မဟာမာရူယိ

Vol. 107 Ch. 1504

မဟာမာရူယိ

Vol. 107 Ch. 1504

အခန်း (၁၅၀၄) မဟာမာရူယိ

ရောင်စဉ်ငါးမျိုးဖြင့်တောက်ပနေသော အလင်းတန်းများထဲမှ ဗုဒ္ဓက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို စူးစိုက်ကြည့်လိုက်ပြီး...

“မင်းက တစ်နေ့တခြား ပိုပြီးရဲတင်းလာနေတယ် ၊ ဒါက အော်မီတော်ဖော်ဗုဒ္ဓရဲ့ဆန္ဒမဟုတ်မှာ စိုးရွံ့မိပါတယ်”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလျက်...

“ဗုဒ္ဓတွေဆိုတာ လောကီရေးရာတွေကြောင့် ဘယ်တော့မှ ညစ်နွမ်းခြင်းမရှိဘူး ၊ ဒါပေမဲ့ လိုအပ်ရင်တော့ တချို့ကိစ္စတွေကို ပြုလုပ်ရလိမ့်မယ် ၊ ပြီးတော့ ငါက ဘိုးဘေးဗုဒ္ဓတွေရဲ့စကားကို လိုက်နာတဲ့သူတစ်ယောက်ပါ ၊ ငါ့ရဲ့လုပ်ရပ်ကို ဘိုးဘေးဗုဒ္ဓတွေအားလုံး မြင်တွေ့ကြမှာပဲဖြစ်တယ် ၊ တကယ်လို့ ငါသာ ဘိုးဘေးဗုဒ္ဓတွေကို ဆန့်ကျင်မယ်ဆိုရင် မင်းကို လာတွေ့မှာတောင် မဟုတ်ဘူး”

ရောင်စဉ်ငါးမျိုးထဲတွင်ရှိနေသည့်ဗုဒ္ဓက ရိုးရှင်းသောလေသံဖြင့်...

“မင်းဘက်က မှန်တယ်ဆိုရင်တောင်... ငါ ဝင်ပါဖို့ ရည်ရွယ်ချက်မရှိဘူး”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“ဟုတ်ပါပြီ ၊ ဒါပေမဲ့ ငါ လက်ဆောင်တစ်ခု ယူလာခဲ့တယ် ၊ မင်းကို သေချာပေါက် စိတ်မပျက်စေရပါဘူး”

ထို့နောက် သူ၏ဦးခေါင်းနောက်ဘက်ရှိ ရောင်ခြည်စက်ဝန်း တစ်ချက်တုန်ခါသွားပြီး ရှေးဟောင်းမီးအိမ်အတွင်းမှ သရိယဓာတ်တော်တစ်ခု ပျံသန်းထွက်ပေါ်လာသည်။

ထိုသရီရဓာတ်တော်ကိုကြည့်ရင်း ရောင်စဉ်ငါးသွယ်ထဲတွင်ရှိနေသောဗုဒ္ဓ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

သူက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို ခဏမျှ စိုက်ကြည့်ပြီးနောက် မေးမြန်းလိုက်သည်။

“ဒီပစ္စည်းက မင်းဆီမှာ ဘယ်လိုလုပ်ရှိနေတာလဲ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပြုံးလိုက်ပြီး...

“ငါ့ဆီမှာ တစ်ခုပဲရှိတယ် ၊ ဒါပေမဲ့ တခြားနှစ်ခု ဘယ်မှာရှိလဲဆိုတာ ငါသိတယ် ၊ တစ်ခုက လောင်ကျွင်းဆီမှာ ၊ နောက်တစ်ခုက မီလဲ့ကိုယ်တော်ဆီမှာပဲ”

ခဏမျှတိတ်ဆိတ်နေပြီးနောက် ရောင်စဉ်ငါးမျိုးအလင်းတန်းများက လေထဲတွင်လှည့်ပတ်သွားပြီး ထို သရီရဓာတ်တော်ကို သိမ်းဆည်းလိုက်သည်။

ထို့နောက် အလင်းတန်းများထဲမှ ဗုဒ္ဓက မတ်တတ်ရပ်လိုက်ပြီး...

“ပြောပါ... ငါ ဘာလုပ်ရမလဲ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

“ဒီကိစ္စကို ငါဦးဆောင်မယ်”

ထိုဗုဒ္ဓက ထပ်မံစကားမပြောတော့ပေ။

တောက်ပသော အလင်းတန်းများ တဟုန်ထိုးတက်လာပြီး ဗုဒ္ဓဘာသာနယ်မြေမှ ချက်ချင်းထွက်ခွာသွားလေသည်။

အနောက်ဘက်သူတော်စင်ဘုံအပြင်ဘက်မှာတော့ ပိုင်ရှုန်းကိုယ်တော်က စောင့်နေသည်။

သူတို့နှစ်ယောက်တွေ့ဆုံပြီးနောက် အဆုံးမရှိသောပြင်ပဗလာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။

***

အဆုံးမရှိစကြာဝဠာထဲတွင်...

နတ်ဆိုးအုပ်စုက ငရဲကိုးထပ်သို့ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်သည်။

လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ဦးဆောင်သော နတ်မိစ္ဆာမျိုးနွယ် ထပ်တန်းတန်ခိုးစွမ်းအားရှင်များနှင့် ရင်ဆိုင်နေကြသည်။

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က သူ၏သားဖြစ်သူအတွက် လက်စားချေရန် ရန်ကျောက်ကဲအား ရှာဖွေရန် ရည်ရွယ်ခဲ့သည်။

သို့သော် တာအိုဝါဒ၏ကောင်းကင်နတ်ဘုရားများက ၎င်း၏လိုက်လံရှာဖွေမှုကို ဟန့်တားခဲ့သည်။ ထို့ကြောင့် နှစ်ဖက်ကြား ကြီးမားသောတိုက်ပွဲကြီး ဖြစ်ပွားခဲ့ခြင်းပင်။

အနောက်ဘက်သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များက ဘေးမှစောင့်ကြည့်နေခဲ့ကြသည်။ အမှန်တော့ ဤဗုဒ္ဓဘာသာ ကျင့်ကြံသူများကို အထူးသတိထားရန်လိုအပ်၏။

မကြာမီ လူတိုင်းမျှော်လင့်မထားသည့် သတင်းတစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသခဲ့သည်။

ထို့နောက် သူက အမတခုံရုံးကိုထိုးဖောက်ကျူးကျော်ကာ အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များစွာကို သတ်ဖြတ်ခဲ့ပြီး အမတခုံရုံးကို အရှက်ရစေခဲ့သည်။

အမှန်တော့ ဤကိစ္စက အမတခုံရုံး၏ အခြေခံအုတ်မြစ်ကိုပင် ယိမ်းယိုင်သွားစေနိုင်သည်။ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ပြင်ပတာအိုကျင့်ကြံသူတို့ကြား မျှခြေမှာ ထပ်မံဖျက်ဆီးခံခဲ့ရသည်။

အမတခုံရုံးမှာ အချိန်မရွေး ပြိုလဲသွားနိုင်သည့် ဖြစ်နိုင်ခြေကို ရင်ဆိုင်နေရသည်။

အင်အားစု(၃)ခုမှ တန်ခိုးစွမ်းအားရှင်များကြားရှိ အခြေအနေက ပို၍ပင်သိမ်မွေ့လာသည်။

အချို့သောမဟာနတ်မိစ္ဆာများက အမတခုံရုံးသို့ဦးတည်ရန် ထွက်ခွာသွားကြသည်။ မည်သို့ပင်ဖြစ်ရေ ဤနေရာတွင် ဖြစ်ပေါ်နေသောတိုက်ပွဲကလည်း ပိုမိုပြင်းထန်နေလေ၏။

ရန်ကျောက်ကဲက အမတခုံရုံးမှ ထွက်ခွာသွားပြီဆိုသောကြောင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အလျင်စလို လိုက်ပါသွားခြင်း မရှိတော့ပေ။

ထိုအစား သူက စောမင်ကျန့်တို့အုပ်စုအားပစ်မှတ်ထားလိုက်သည်။ ထိုသူများထံမှ ရန်ကျောက်ကဲနှင့် ထျန်းစူးစကြာဝဠာ၏တည်နေရာကို သိရှိနိုင်ရန် သူက မျှော်လင့်ခဲ့ခြင်းပင်။

ဘေးမှစောင့်ကြည့်နေသည့် ဗုဒ္ဓဘာသာကိုယ်တော်များတွင်လည်း ကွဲပြားသောအမြင်များ စတင်ဖြစ်ပေါ်လာသည်။

အချို့က အမတခုံရုံးကိုကူညီရန်ရည်ရွယ်ခဲ့ပြီး အချို့ကတော့ ဤနေရာမှာပင် နတ်မိစ္ဆာမျိုးနွယ်များကို ဆက်လက်စောင့်ကြည့်ရန် ရည်ရွယ်ကြသည်။

သူတို့က ဤနေရာမှနတ်မိစ္ဆာများ အဖြူရောင်ကြာပန်းသုခဘုံကိုကူညီပြီး အမတခုံရုံးအား သွားရောက်တိုက်ခိုက်မည်ကို တားဆီးထားလိုကြ၏။

လမ်းမှန်တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားအဆင့်တန်ခိုးစွမ်းအားရှင်များ၏ စိတ်ထားကတော့ များစွာပိုမိုရိုးရှင်းသည်။

ရန်ကျောက်ကဲက သူ၏ရည်မှန်းချက်အောင်မြင်ပြီး အမတခုံရုံးမှ ထွက်ခွာသွားပြီဖြစ်ရာ သူတို့အနေဖြင့် နတ်မိစ္ဆာများရော ၊ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့်ပါ ဆက်လက်တိုက်ခိုက်ရန် အကြောင်းမရှိတော့ပေ။

သူတို့အနေဖြင့် ဤနေရာမှ အမြန်ထွက်ခွာသွားပြီး မည်သည့်ပြဿနာမှ ဖြစ်ပေါ်မလာအောင် ဖြည်းဖြည်းချင်းအစီအစဉ်ဆွဲကြရပေမည်။

နတ်မိစ္ဆာမျိုးနွယ်အချို့ စစ်မြေပြင်မှ စတင်ထွက်ခွာသွားသည်နှင့် မူလက ထိန်းထိန်းသိမ်းသိမ်းရှိခဲ့သော အခြေအနေင ပြိုကွဲသွားသည်။

တစ်ယောက်တည်း တိုက်ခိုက်နေခြင်းဖြင့် ကြီးကျယ်သောအောင်မြင်မှု ရရှိမည် မဟုတ်ပေ။

ထို့ကြောင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်မှာလည်း ရန်ငြိုးကိုဘေးဖယ်လျှက် စစ်မြေပြင်မှဆုတ်ခွာကာ အမတခုံရုံးဆီသို့ ဦးတည်လိုက်သည်။

ထိုအချိန် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားမဟာနတ်မိစ္ဆာများကို ဟန့်တားလာကြသည်။

သို့သော် သူတို့ရရှိသောသတင်းအသစ်က သူတို့၏ဆုံးဖြတ်ချက်များကို ပြောင်းလဲသွားစေသည်။

သူတို့က ချက်ချင်းပင် နတ်မိစ္ဆာများကို မတိုက်ခိုက်တော့ဘဲ ပစ်မှတ်ပြောင်းလဲလိုက်ပြီး ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များကို ဟန့်တားလာကြသည်။

ဤထူးဆန်းသော ပြောင်းလဲမှုက စောမင်ကျန့်၊ ဝူတန့်မယ်တော်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ကို စိတ်ရှုပ်ထွေးစေခဲ့သည်။

သူတို့စိတ်ထဲ သံသယများ စတင်ဖြစ်ပေါ်လာသည်။

အမတခုံရုံး၏ အခြေအနေက အလွန်ဆိုးရွားနေပုံရသည်ဖြစ်ရာ ၊ အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများအနေဖြင့် သူတို့၏တိုက်ခိုက်မှုကို အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များအပေါ်တွင်သာ ဦးစားပေးသင့်သည်။

သို့သော် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားသောမဟာနတ်မိစ္ဆာများ ထွက်ခွာသွားသည့်တိုင် သူတို့က အဘယ့်ကြောင့် လမ်းမှန်တာအိုဝါဒမှ ကျင့်ကြံသူများကို ဟန့်တားခဲ့ကြပါသနည်း။

သူတို့တွင် အခြားရည်ရွယ်ချက်များ ရှိနေနေနိုင်ပါသလား။

ရန်ကျောက်ကဲပြုလုပ်ခဲ့သည့်အတိုင် ပုံတူကူးချကာ အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များပူးပေါင်းပြီး အမတခုံရုံးအဆက်အနွယ်များကို လုံးဝသုတ်သင်ပစ်ရန် ရည်ရွယ်နေခြင်းလား။

ဤသည်က ကျေနပ်ဖွယ်ရာ ရလဒ်တစ်ခု ဖြစ်လာနိုင်သည်။

သို့သော် လမ်းမှန်တာအိုဝါဒကို တာအိုအဓိပတိတစ်ယောက်က ဦးမဆောင်မီ လောင်ကျွင်း၏ နားလည်ရခက်သော သဘောသဘာဝကြောင့် ရလဒ်များကို ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။

အကြောင်းမှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ယခုထိ တည်ရှိနေသေးသောကြောင့်ဖြစ်သည်။

အကယ်၍ သူက ဘုရားလောင်းနှင့် ယုံကြည်ခြင်းစွမ်းအား ယှဉ်ပြိုင်မှုကို ရပ်တန့်ပြီး သူ၏စိတ်အာရုံကို အခြားကိစ္စများဆီသို့ လွှဲပြောင်းလိုက်ပါက တာအိုအဓိပတိတစ်ဦးအနေဖြင့် ပြုလုပ်နိုင်သော အရာများင မရေမတွက်နိုင်လောက်အောင် များပြားလှသည်။

“အနောက်ဘက်သူတော်စင်ဘုံက ဒီအချက်ကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး”

တောင်ပိုင်းချန်စန်းဧကရာဇ်က ပြောလိုက်သည်။

“သူတို့မှာ တခြားပြင်ဆင်မှုတွေရှိမှာပဲ ၊ ဘာပဲဖြစ်ဖြစ် အနောက်ဘက်သူတော်စင်ဘုံရဲ့အခြေခံအုတ်မြစ်က သိပ်ကိုခိုင်မာလွန်းတယ်”

***

ထိုအချိန်...

ရန်ကျောက်ကဲမွှေနှောက်သွားသည့် အမတခုံရုံးမှာ နောက်ထပ်ပြဿနာတစ်ခုဖြင့် ရင်ဆိုင်နေရသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အဖြူရောင်ကြာပန်းသုခဘုံက အခြေအနေကိုအခွင့်ကောင်းယူပြီး ရက်စက်ကြမ်းကြုတ်သော ကျူးကျော်မှုတစ်ခု စတင်ခဲ့သည်။

အမတခုံရုံးက အင်အားသုံး ခုခံကာကွယ်ခဲ့သော်လည်း သူတို့ဘက်မှ အင်အားနည်းလာသလို ခံစားရသည်။

အကြောင်းမှာ သူတို့တွင် စိတ်ကူးနတ်ဘုရားကဲံသို့သော တန်ခိုးစွမ်းအားရှင်များ မရှိတော့သောကြောင့်ပင်။

အရေးကြီးဆုံးအချက်မှာ အမတခုံရုံး၏ ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းများကျဆင်းလာနေပြီး အမတခုံရုံးမှ နတ်ဘုရားများ တဖြည်းဖြည်းအားနည်းလာခြင်းပင် ဖြစ်သည်။

ယခင်က တည်ငြိမ်နေခဲ့သော ရှေ့တန်းစစ်သည်များ ယိမ်းယိုင်လာသည်။

အမတခုံရုံး စကြာဝဠာအပြင်ဘက် အဆုံးမရှိသော ဗလာနယ်ထဲတွင် အနောက်ဘက်သူတော်စင်ဘုံမှ လမ်းမှန်ဗုဒ္ဓဘာသသာကျင့်ကြံသူများနှင့် ချန်စန်းရှင်းဟိုင်မှ နတ်မိစ္ဆာများက နောက်ထပ်စစ်မြေပြင်တစ်ခု စတင်ခဲ့ကြသည်။

မကြာမီ မိစ္ဆာစွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ဦးဆောင်သော မဟာနတ်မိစ္ဆာများ၏ အင်အားဖြည့်တပ်ဖွဲ့ ရောက်ရှိလာသည်။

တစ်လျှောက်လုံးထိန်းထားသည့်ဒေါသများကိုဖွင့်ထုတ်ကာ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ချက်ချင်းပင် သတ်ဖြတ်မှုကို စတင်ခဲ့သည်။

စစ်ကူမရှိသော ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ ရန်သူ၏တိုက်ခိုက်မှုကို ခက်ခဲစွာ ခုခံခဲ့ရသည်။

တကယ်တော့ သူတို့သည်လည်း ဖြည်းဖြည်းချင်း ဆုတ်ခွာသည့်အရိပ်အယောင်များပြသလာပေသည်။ သူတို့အကူအညီမရှိဘဲ အမတခုံရုံးက အခြေအနေကို ဆက်ထိန်းထားရန် မဖြစ်နိုင်တော့ပေ။

သို့သော် ထိုအချိန် ဗလာနယ်ထဲတွင် ဖန်းသားရောင်စဉ်ဗုဒ္ဓအလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။ ဗုဒ္ဓရောင်ခြည်များထဲတွင် ရောင်စဉ်ငါးမျိုးအလင်းတန်းများထွက်ပေါ်လာပြီး မရပ်မနား လှည့်ပတ်လျှက်ရှိ၏။

မြင်ကွင်းကိုတွေ့သည်နှင့် နတ်မိစ္ဆာမျိုးနွယ် ထိပ်တန်းတန်ခိုးစွမ်းအားရှင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် နေရာတွင်ရှိနေသူများအားလုံး နာမည်တစ်ခုကို သတိရလိုက်မိကြသည်။

ရှေးခေတ်အချိန်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်”ခုန်ရွှမ်း”__ သူ့ကို “မဟာမာရူယိ” ဟုလည်း ခေါ်ဆိုကြသည်။

သူ၏ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းများဖြင့် ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းခေတ်တွင် ကြီးကျယ်သော စစ်ပွဲများကို အောင်နိုင်ခဲ့ပြီး တာအိုဆရာ’လုယာ’ နှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတို့သည်ပင် သူ၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကြောင့် ဆုတ်ခွာသွားရဖူးသည်။

တာအိုအဓိပတိတစ်ဦးဖြစ်သည့် တာအိုဆရာ’ကျူးထီ’ပင်လျှင် သူ၏ ရောင်စဉ်ငါးမျိုး တန်ခိုးစွမ်းအားဖြင့် ဝါးမျိုခြင်းကို ခံခဲ့ရဖူးသည်။

သို့သော် တာအိုဆရာ’ကျူးထီ’ လွတ်မြောက်သွားခဲ့ပြီး စကြာမုနိအဖြစ်နှင့် ခုန်ရွှမ်းကို အနိုင်ယူခဲ့ကာ ဗုဒ္ဓဘာသာသို့ ဝင်ရောက်စေခဲ့သည်။

မည်သို့ပင်ဖြစ်စေ တာအိုအဆင့်အောက်တွင်ရှိသော ကျင့်ကြံသူများအနေဖြင့် ဤရောင်စဉ်ငါးမျိုးအလင်းတန်းများကိုရင်ဆိုင်ရသည့်အခါ အထူးသတိထားရပေမည်။

ကောင်းကင်နတ်ဘုရားအဆင့်တန်ခိုးစွမ်းအားရှင်များထဲမှာပင် ခုန်ရွှမ်း၏ ရောင်စဉ်ငါးမျိုး နတ်ဘုရားအလင်းတန်းများကို ခံနိုင်ရည်ရှိသူ အနည်းငယ်သာ ရှိသည်။

“မင်းက ဘာလို့ တံခါးပိတ်ကျင့်ကြံနေရာက ထွက်လာတာလဲ”

တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က နက်ရှိုင်းသောလေသံဖြင့် မေးလိုက်သည်။

“မင်း တစ်လျှောက်လုံး ဘယ်သူ့ဘက်မှမလိုက်ဘဲ နေခဲ့တာ မဟုတ်လား”

ဖန်သားရောင်စဉ်အလင်းတန်းထဲတွင် ရောင်စဉ်ငါးမျိုးအလင်းရောင်များ လည်ပတ်နေပြီး ဗုဒ္ဓတစ်ပါး၏ အရိပ်သဏ္ဌာန် ထွက်ပေါ်လာသည်။

“ငါက တာအိုကိုရရှိဖို့ အခွင့်အရေးတစ်ခု ခံစားခဲ့ရတယ် ၊ ဒါကြောင့် ဒီတစ်ကြိမ်တော့ ဘက်လိုက်ရလိမ့်မယ်”

***

(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဗုဒ္ဓ ၊ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)

All Chapters