အခန်း (၃)
Vol. 1 Ch. 3
ပိုက်ဆံရှိသရွေ့ အိမ်ပြောင်းရွှေ့ခြင်းမှာ အလွန်လွယ်ကူသော ကိစ္စပင်။
နန်ယု မနက်ခင်းတွင် ရဲအားဖုန်းဆက်ခဲ့ပြီး နေ့လယ်တွင်အိမ်ပြောင်းရွှေ့ကာ ညနေတွင်ဗီလာအိမ်ကြီးရှိကုတင်ပေါ်အိပ်စက်အနားယူနေခဲ့သည်။
သူ ဖေးမိသားစုအိမ်တွင် နေ့လယ်စာပင်မစားချင်ခဲ့ဘဲ ထိုနေ ရာ၌ လူသားစားသည့်နတ်ဆိုးတစ်ကောင် သို့မဟုတ် ဘီလူးတစ်ကောင်ခိုအောင်းနေသကဲ့သို့ ပြုမူခဲ့သည်။
ထိုသို့ပြုမူပုံသည် ဖေးမိသားစုမှ သက်ကြီးရွယ်အိုများအား အလွန်ဒေါသထွက်စေခဲ့သော်လည်း ၎င်းတို့ထံဒေါသထွက်ခွင့် မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့မျက်နှာများမှာ ပိုလို့ရှုံ့မဲ့နေခဲ့သည်။
ဒါပေမယ့် စကားပုံတစ်ခုရှိတယ်: "မင်း မပျော်ဘူးဆိုတာ သိလိုက်ရတော့ ငါ စိတ်အေးရတယ်" ဆိုသလိုပေါ့
နန်ယု ရွေးချယ်ခဲ့သောအိမ်မှာ ကြီးမားသည့်ဥယျာဉ်ပါရှိပြီး လေးထပ်ရှိသည့် အနောက်တိုင်းစတိုင်အဆောက်အအုံဖြစ် သည်။ ပတ်ဝန်းကျင်မှာလှပပြီး လေကောင်းလေသန့် ရကာ မြို့နှင့်သိပ်မဝေးသဖြင့် အနည်းဆုံး အပြင်စာများမှာစားလို့ရ လေသည်။
ရုတ်တရက်ချမ်းသာလာသော ရိုးရှင်းသည့် အမျိုးသမီးတစ်ဦးအနေဖြင့် နန်ယုသည် ကြက်ကြော်၊ နို့လက်ဖက်ရည်၊ ဘာဘီကျူး၊ ကင်ထားသည့်အသားတုတ်ထိုးနှင့် အခြားသောအရ သာရှိသည့် အစားအစာများကို အလွန်ပင်လွမ်းဆွတ်တမ်းတနေခဲ့သည်။
သူ အိမ်အသစ်သို့ပြောင်းရွှေ့သည့် ထိုညနေခင်းတွင် ဗီလာမှ ပထမဆုံးဧည့်သည်အားကြိုဆိုခဲ့သည်။ ထိုသူမှာ နန်မိသားစု ၏လက်ရှိခေါင်းဆောင်ဖြစ်ပြီး နန်ယု၏အစ်ကိုဖြစ်သူ နန်ကျီပင်။
"နင် ပြောင်းလာတာကို ဘာလို့ ဝန်ထုပ်ဝန်ပိုးပါခေါ်လာရတာလဲ"
ဗီလာ၏အလုပ်ခန်းထဲ နန်ကျီ သူ့ညီမ နဖူးအားစိတ်ပျက်အား ငယ်စွာထိုးလိုက်သည်။
"နင် တကယ်ပဲ မိသားစုတစ်ခုလုံးကိုမချစ်ဘဲမနေနိုင်ဘူးလား"
နန်ကျီ ဤညီမကိုတကယ် ချစ်သလို မုန်းလည်း မုန်းသည်။ နန်မိသားစုသည်ချမ်းသာပြီး အင်အားကြီးမားကာ နန်ယုကိုယ် တိုင်လည်း အဆင်ပြေနေပြီဖြစ်ကာ အဘယ့်ကြောင့် ဖေးယီကျန့် အားတွယ်ကပ်ဖို့ ရွေးချယ်ခဲ့သည်ကိုနားမလည်နိုင်ချေ။ သူ့မျက်နှာမှာထက်မြက်ပုံပေါ်သော်လည်း ဘာမှအသုံးမဝင်ပေ။
"ကော"
နန်ယု သူ့လက်ကိုရိုက်ချလိုက်ပြီး "ကျွန်မ အဲ့ဒီလောက်ထိမမိုက်ပါဘူး"
ဖေးယွင်ကျင်း ဝတ္ထုထဲမှဇာတ်လိုက်ဖြစ်သည်ကို သိထားသော် လည်း နန်ယုတွင် ၎င်းနှင့် ဆက်ဆံရေးတည်ဆောက်ရန် သို့ မျက်နှာသာပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူ ကလေးကိုလက်ခံခဲ့ခြင်းမှာ ယခင်ကပြောခဲ့သလိုပင် သူ့အဓိကရည်မှန်းချက်မှာ ဖေးမိသားစုမှထွက်ခွာရန်ဖြစ်သည်။ အကယ်၍ သူမ သဘောမတူခဲ့ပါက အခြေအနေသည်ကြန့် ကြာနေမည်ဖြစ်ပြီး၊ ထိုသို့ဆက်လက်ကြန့်ကြာနေပါက နောက် ထပ် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ မည်သူမှမသိနိုင်ပေ။
ဒုတိယအချက်မှာ နန်ယုကိုယ်တိုင်ပင်။
သူသည် မူလနန်ယုမဟုတ်သလို ဖေးယီကျန့် အပေါ် မူလနန်ယု၏ခံစားချက်များအတိုင်း မခံစားရပေ။ သို့သော် ၎င်းမှာ သူ တစ်ယောက်တည်းသာသိသော လျှို့ဝှက်ချက်ဖြစ်သည်။
နန်ယု အသက် ၁၈ နှစ်ကတည်းက ဖေးယီကျန့်အား ချစ်ခဲ့ရာ ယခု အသက် ၂၅ နှစ်တွင် ၇ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
ဖေးယွင်ကျင်း မိခင်နှင့်ပတ်သက်သော ကိစ္စပေါ်ပေါက်ခဲ့ချိန်တွင် ဖေးယီကျန့်ကိုယ်တိုင်ထက်ပင် နန်ယုပိုမိုဒေါသထွက်ခဲ့သည်။ ထိုသို့ ဒေါသထွက်ခဲ့ခြင်းကပင် သူမ ဖေးယီကျန့်အား မနှစ်သက်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။
သူ့ ဘဝ၌ မျှော်လင့်ချက်မရှိတော့ဟုထင်ခဲ့သော်လည်း......
ထို့ကြောင့် လက်ထပ်ခြင်းသည် မိထွေးဖြစ်ခြင်းကိုဆိုလိုသော် လည်း သူ ဂရုမစိုက်ခဲ့ပေ။ ဖေးယီကျန့် သူမအားလက်ထပ်ရန် ဆန္ဒရှိနေသမျှ သူ ဖေးယီကျန့်၏တရားဝင်ဇနီးဖြစ်လာနိုင် သည်။
"နန်ယု" သည် ဖေးယီကျန့် သူမ၏အရည်အချင်းကောင်းများကို တဖြည်းဖြည်းသိမြင်လာမည်ဖြစ်ပြီး သူတို့ထံကလေးများ ရရှိကာ ပျော်ရွှင်သောမိသားစုတစ်ခုအား တည်ဆောက်နိုင်မည်ဟု ခိုင်မြဲစွာယုံကြည်ခဲ့သည်။
ဤအရာနှင့်ပတ်သက်၍ လက်ရှိနန်ယုကမူ "အချစ်ရူးတာ မကောင်းဘူး" ဟု ရိုးရှင်းစွာပြောလိုက်ချင်သည်။
သို့သော် ပြဿနာမှာ သူမသည် ဤအချစ်ရောဂါခံစားနေရသော ပုံစံဖြင့်သာရှိနေခဲ့ခြင်းဖြစ်သည်။ သူ ရုတ်တရက် အသိ ဉာဏ်ပြန်လည်ရရှိသွားပြီဟုပြောပါက မည်သူယုံကြည်မည်နည်း။
အခြားသူများ ဂရုမစိုက်နိုင်သော်လည်း သူမနှင့် နှစ် ၂၀ ကျော် အတူနေထိုင်ခဲ့သည့် သူ့မိသားစုမှာ မည်သို့တုံ့ပြန်မည်နည်း။ ၎င်းတို့ သံသယဝင်ကြမည်လား ?
မှတ်ဉာဏ်များနှင့် ဝတ္ထုများတွင် နန်မိသားစုက သူမအား ငယ်စဉ်ကလေးဘဝကတည်းက အလွန်ချစ်ခင်ခဲ့သည်ဟုဖော်ပြထားသော်လည်း၊ နန်ယုမှာ ဖေးယိကျန့်အပေါ် ခံစားချက်မရှိသလို၊ နန်မိသားစုအပေါ်၌လည်းခံစားချက်မရှိခဲ့ပေ။
သူမ ထိုအန္တရာယ်ကိုမူ စွန့်စားရဲခြင်းမရှိချေ။
နန်ယု၏ မူလအစီအစဉ်မှာ ကွာရှင်းရန်အတွက် တစ်နှစ်အချိန်ယူရန်ဖြစ်သည်။ ထိုသို့ တစ်နှစ်အချိန်ယူရခြင်း၏ ရည်ရွယ် ချက်မှာ ပူးပေါင်းစီမံကိန်းအပေါ် သက်ရောက်မှုများကိုလျှော့ ချရန်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် အိမ်တွင်တစ်ကိုယ်တည်းနေထိုင်ခဲ့ရသည့် သူ ကိုယ်တိုင်လည်း ဖေးယိကျန့်မှာ သူ့ဘဝအတွက် သင့်တော်သောသူမဟုတ်ကြောင်းကို နောက်ဆုံးတွင် သိရှိနားလည်ကာ ကွာရှင်းရန်တောင်းဆိုနိုင်မည်ဖြစ်သည်။
ကလေးကိုလည်း အကြောင်းပြချက်အဖြစ်အသုံးပြုနိုင်သည်။ သူ့ အနေဖြင့် ကလေးအားကောင်းမွန်စွာ “သွန်သင်”ကာ အိမ် ထောင်ရှင်မကောင်း၊ မိခင်ကောင်းတစ်ဦးအဖြစ်ပြုမူပါက ဖေးယီကျန့် စိတ်ဝင်စားလာမည်ဟု ယူဆခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် ထိုသို့ဖြစ်မလာခဲ့ပေ။
အတိုချုပ်ပြောရရင် သူ့ဘေးကင်းလုံခြုံမှုကို အာမခံနိုင်သရွေ့ နန်ယု မိမိကိုယ်ကို အလျှော့ပေးခြင်းမျိုးပြုလုပ်မည်မဟုတ်ချေ။
"အေးပါ၊ အေးပါ၊ နင်ကသာ အတော်ဆုံး"
နန်ကျီ နန်ယုအား ကောင်းစွာနားလည်သည်ဟု ယုံကြည်ထားပြီး မိမိကံကြမ္မာကိုလည်း လက်ခံလိုက်ပုံရသည်။ ထို့ကြောင့် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့ပေ။
ပြောရမည်ဆိုလျှင် နန်ယု ပြောင်းရွှေ့ရန်သဘောတူလိုက်သည့်အတွက် သူ အံ့အားသင့်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ဖေးမိသားစုအိမ်တော်သို့ရောက်ဖူးပြီးဖြစ်ရာ ထိုနေရာရှိလေထုကြောင့် ညီမဖြစ်သူသည် ထိုနေရာ၌အကြာကြီးနေရပါက နေမကောင်းဖြစ်မည်ကိုပင် အလွန်စိုးရိမ်ခဲ့ရသည်။
"ဒီတစ်ခါတော့ နင် တော်တယ်"
နန်ကျီမျက်နှာထက် အပြုံးတို့ ချက်ချင်းပြန်လည်နေရာယူလာခဲ့သည်။ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လည်း ဖြစ်ပါစေတော့၊ နန်မိသားစုမှာ ကလေးတစ်ယောက်ကိုပျိုးထောင်ဖို့ ပိုက်ဆံအများ ကြီးရှိတယ်၊ သူ့ညီမ အဲ့နေရာကနေ ထွက်သွားနိုင်သရွေ့ အဆင်ပြေသည်။
"နင် တစ်ယောက်တည်း အဲ့ဒီမြေခွေးအိုကြီးဖေးရှင်းလင်ကို ရင်မဆိုင်နိုင်မှာကို ငါ တကယ်စိတ်ပူနေခဲ့တာ"
နန်ကျီမှာ နန်ယုအိမ်ပြောင်းရန်ဆန္ဒရှိပြီး အထောက်အထားများရှာဖွေခိုင်းကြောင်းသိရှိလိုက်ရသောအခါ သူ အမှန်တကယ်စိုးရိမ်ခဲ့သည်။
သို့သော် နန်ကျီရော နန်မိဘများပါ တိုက်ရိုက်ဝင်ရောက်စွက် ဖက်၍မရနိုင်ပေ။ ထိုသို့လုပ်ခဲ့ပါက မိသားစုကိစ္စသည် ဖေးနှင့် နန်မိသားစုကြားက ကိစ္စတစ်ခုဖြစ်သွားနိုင်ပြီး နန်ယုအတွက် အဆက်အသွယ်လုံးဝမဖြတ်ဘဲ ထွက်ခွာဖို့ပိုခက်ခဲစေလိမ့် မည်။
နန်မိသားစုသည် ဖေးမိသားစုအားကြောက်ခြင်းမဟုတ်ဘဲ နန်ကျီမှာ နန်ယုကိုကြောက်ခြင်းပင်။ နန်ယုအား အတင်းအကျပ် ထွက်ခိုင်းလျှင် ပိုဆိုးသည့် အကျိုးဆက်များဖြစ်လာမည်ကို သူ တကယ်စိုးရိမ်ခဲ့သည်။
ကံကောင်းစွာပင် နန်ယု သူ့ဘာသာ သူ နားလည်သွားပြီး အရာအားလုံးအဆင်ပြေသွားခဲ့သည်။
နန်ယု ခေါင်းညိတ်လိုက်သည်။ ဖေးမိသားစုနှင့်မတူဘဲ နန်မိသားစုမှာ ရိုးရှင်းသည်။
အဖိုးနန်၏မျိုးဆက်မှစတင်၍ မျိုးဆက်သုံးဆက် ကြိုးစားအားထုတ်ခဲ့သောကြောင့် နန်မိသားစုသည် မြို့တော်ရှိ ဂုဏ်အရှိဆုံး မိသားစုလေးခုထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ၎င်းမှာ နန်မိသားစု၏ဉာဏ်ရည်နှင့် စည်းလုံးမှုကိုပြသနေခြင်းပင်။
အနည်းဆုံးတော့ သူတို့အား တားဆီးနေမည့် ဆွေမျိုးများမရှိချေ။
မိသားစုလေးခုထဲတွင် သက်တမ်းအတိုဆုံး မိသားစုဖြစ်သည့် နန်မိသားစုသည် “ခေတ်ပေါ်သူဌေး” ဟု မလွဲမသွေ သရော်ခံခဲ့ရသည်။ အချို့ကမူ နန်ယုနှင့် ဖေးယီကျန့်တို့၏လက်ထပ် ထိမ်းမြားမှုမှာ နန်မိသားစုအတွက် ထိုမကောင်းသည့် ဂုဏ်သတင်းအား ဖယ်ရှားရန် နည်းလမ်းတစ်ခုဟုခန့်မှန်းကြသည်။
ထိုသို့သောသူများသည် အရာများကို လိုသည်ထက်ပိုတွေးခဲ့ကြသည်။
"ဒါနဲ့၊ ဒီရက်ပိုင်း ယီကျန့် ဘယ်ရောက်နေလဲဆိုတာ ငါ့ကို ဘာလို့ မမေးတာလဲ"
နန်ကျီ ကုလားထိုင်ကိုဆွဲယူကာ သူ့ခြေထောက်များအား ချိတ်လိုက်ပြီး ပေါ့ပေါ့ဆဆပုံစံဖြင့်ထိုင်လိုက်သည်။ မားမားနန်သာ ဤနေရာတွင် ရှိနေပါက သူ့ နားရွက်ကိုဆွဲပြီး ဆူပူကြိမ်းမောင်းနေပေလိမ့်မည်။
နန်ယုမှာ နန်ကျီ သူမ ပြောင်းလဲမှုအားသိချင်နေမည်ကို သိသောကြောင့် အဖြေတစ်ခုကိုကြိုတင်ပြင်ဆင်ထားသည်။
"ကောကို မေးလည်းအဓိပ္ပာယ်မရှိဘူးလေ၊ သူ မကြာခင်အထိ ပြန်လာမှာမဟုတ်ဘူး"
သူ့လေသံတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များပါရှိနေခဲ့သည်။
စိတ်ပျက်အားငယ်မှုများစုပုံလာသောအခါ ဆုံးဖြတ်ချက်များ ချမှတ်ရန် ပိုမိုသဘာဝကျလာသည်။
နန်ကျီ နန်ယု၏အပြုအမူကို မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် မောင်နှမနှစ်ယောက်သည် ဖေးယီကျန့်ကိစ္စနှင့် ပတ် သက်၍ အကြိမ်ရေမရေမတွက်နိုင်အောင် ငြင်းခုံခဲ့ကြပြီးဖြစ်သလို အဆုံးတွင် ညီမဖြစ်သူလက်ထပ်ခဲ့ပြီးဖြစ်ရာ ချက်ချင်းကွာရှင်းရတာမျိုးမဖြစ်စေချင်ပေ။
"ဖေးမိသားစုရဲ့ ပြည်ပစီမံကိန်းတွေ ဒီရက်ပိုင်းအဆင်မပြေဘူး၊ အဲ့ကောင် တကယ်အလုပ်ရှုပ်နေတာပဲ"
ပြောရလျှင် ဖေးယီကျန့်သည် အသက် ၂၀ အရွယ်တွင်ဖေးမိသားစုခေါင်းဆောင်ဖြစ်လာခဲ့ရာ သူ့ထံအရည်အချင်းရှိသည် မှာသေချာသည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ဖေးမိသားစုမှာ အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦးဦးကိုစော်ကားမိခဲ့ခြင်း ရှိ၊ မရှိကိုမူ ရှင်းလင်းစွာ မသိရပေ။
စီမံကိန်းဆယ်ခုအနက် ခုနစ်ခု သို့မဟုတ် ရှစ်ခုခန့် မအောင်မြင်ခဲ့ကြပေ။
မအောင်မြင်ရခြင်း၏အကြောင်းရင်းများမှာလည်း အလွန်ထူး ခြားဆန်းကြယ်သည်။
ဥပမာအားဖြင့်ဆိုရသော် မြေကွက်တစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီး စီမံကိန်းစတင်ခဲ့ရာ တစ်ဝက်တစ်ပျက်ရောက်ချိန်တွင် လွန်ခဲ့ သော နှစ်တစ်ထောင်ခန့်က ရှေးဟောင်းဘုရင့်ဂူသင်္ချိုင်းကြီးတစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ၎င်းသည် သုတေသနပြုရန် အလွန်တန်ဖိုးရှိသည်ဖြစ်ရာ စီမံကိန်းကို ရပ်ဆိုင်းလိုက်ရသည်အထိ ဖြစ်ခဲ့လေသည်။
၎င်းတို့၏ရက်ရောမှုနှင့် မျိုးချစ်စိတ်ဓာတ်ကို ပြသရန်ရည် ရွယ်၍ ဖေးမိသားစုသည် ထိုမြေအားနိုင်ငံတော်သို့ အခမဲ့ပင် လှူဒါန်းခဲ့လေသည်။
နောက်ထပ်တစ်ခုမှာမူ သူတို့သည် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ထိပ်တန်းကြော်ငြာကိုယ်စားလှယ်တစ်ဦးကိုငှားရမ်းပြီး၊ ထုတ်ကုန်ကြေညာချက်ထုတ်ကာ ထုပ်ပိုးခြင်းနှင့် ကုန်ပစ္စည်းများကိုပါ ရိုက်နှိပ်ပြီးစီးခဲ့သော်လည်း၊ ရောင်းချခြင်းပင် မပြုလုပ်ရသေးမှီ...
ထိုလူသည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပြည့်တန်ဆာလုပ်ငန်းများ၌ ပါဝင်ပတ်သက်မှုဖြင့် ဖော်ထုတ်ခံခဲ့ရသည်။ ထိုအဖြစ်ကြောင့် ဖေးအုပ်စု၏စတော့ဈေးကွက်မှာ ရက်ပေါင်းများစွာ ဆိုးရွားစွာကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရသည်။
သို့သော် ထိုကဲ့သို့သောကိစ္စများအတွက် ဖေးယီကျန့်ကိုအပြစ် တင်၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အောင်မြင်ခဲ့သော စီမံကိန်းအနည်းငယ်ပင်လျှင် သူ့လက်ရာများသာဖြစ်ပေသည်။
ထို့ကြောင့် လူအများစုသည် ဖေးမိသားစု၏ကံဆိုးမှုအပေါ်သာ သက်ပြင်းချနိုင်ခဲ့ကြလေသည်။
"ပြဿနာတစ်ခုထပ်ပေါ်လာပြန်ပြီ၊ ဖေးမိသားစုက ဘာကြောင့် ဒီလောက်ထန ကံဆိုးနေရတာလဲ"
နန်ယု သူ့ စရိုက်နှင့်ကိုက်ညီစွာပင် ဖေးမိသားစုဘာဖြစ်ဖြစ် ဂရုမစိုက်ကြောင်း ညည်းညူလိုက်သည်။ သူ အိမ်ထောင်မပြုမီ ပိုင်ဆိုင်မှုများအားလုံးကို စာချုပ်စာတမ်းဖြင့် မှတ်တမ်းတင်ထားပြီးဖြစ်သောကြောင့် ထိုငွေများမှာ သူ့ ဘဝတစ်သက်လုံးကိုသက်တောင့်သက်သာနေနိုင်စေမည်ဖြစ်သည်။
ထိုစကားကိုကြားသောအခါ နန်ကျီ အဓိပ္ပာယ်ပါသောအကြည့်တစ်ချက် ပေးလိုက်သည်။
"ကံကောင်းတာတဲ့လား၊ တစ်ခါတစ်လေမှာ မတော်တဆဖြစ် ရပ်တွေက ကံတရားသက်သက်ကြောင့်တော့ မဟုတ်ဘူး"
"ငါ ဖေးယီကျန့်ကို နားမလည်နိုင်တော့ဘူး"
နန်ကျီနှင့် ဖေးယီကျန့်တို့မှာ အသက်အရွယ်နှင့် မိသားစုနောက် ခံအခြေအနေချင်းတူညီကြသည်ဖြစ်ရာ လူအများက သူတို့နှစ်ဦးကို နှိုင်းယှဉ်လေ့ရှိကြသည်။ အများစုမှာ နန်ကျီသည် ဖေးယီကျန့်ထက် အမြင်နှင့်ကံပိုကောင်းသဖြင့် သူ့ကိုသာ သာလွန်သည်ဟု မှတ်ယူကြသည်။
သို့သော်လည်း ပါဝင်ပတ်သက်သူဖြစ်သည့် နန်ကျီကိုယ်တိုင်ကမူ ထိုသို့မယူဆခဲ့ပေ။ ဖေးယီကျန့်ဟူသော ထိုလူမှာမူ လွန် စွာလျှို့ဝှက်တတ်သူဖြစ်သည်ဟု သူ တွေးခဲ့သည်။
သူ နန်ယုနှင့် ဖေးယီကျန့် လက်ထပ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ရခြင်းမှာ သူ့ညီမ၏ ဉာဏ်တစ်ထွာတစ်မိုက်ဖြင့် ဖေးယီကျန့်အားမနိုင်နိုင်သည်ကို သိရှိထားသောကြောင့်ပင်။ ထို့ပြင် ညီမဖြစ်သူသည်မှာ ရောင်းစားခံရပြီးနောက် ပိုက်ဆံကိုပါရေတွက်ပေးရလိမ့်မည်အထိ ဖြစ်လာနိုင်သည်ဟု စိုးရိမ်ခဲ့သည်။
— ကြိုတင်မှန်းဆ၍ မရနိုင်ခြင်းလော ??
နန်ယု ဖေးယီကျန့်စရိုက်နှင့် ပုံပန်းသွင်ပြင်အားပြန်လည်အမှတ်ရလိုက်သည်။ သူ နောက်တစ်ခဏတွင် ရဟန်းဝတ်လိုသည်ဟု ဆိုလာခဲ့လျှင်ပင် သူ အံ့သြမည်မဟုတ်ပေ။
သို့သော် နန်ယုသည် သူ့အကြောင်းအား နန်ကျီနှင့်ဆက်လက်ဆွေးနွေးလိုခြင်းမရှိတော့ပေ။
"ကော၊ ကျွန်မ နားတော့မယ်၊ ဒီနေ့ မနက် ငါးနာရီကတည်းက ထခဲ့ရတာ၊ ညနေထိ အလုပ်တွေရှုပ်နေတော့တော်တော်ပင်ပန်းနေပြီ"
"အိမ်ပြန်တော့မလား၊ နေဦးမလား ?"
နန်ကျီ ပြန်တော့မည်ဖြစ်ကြောင်း အရိပ်အယောင်ပြကာထရပ်လိုက်သည်။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသည်သာမက နန်ယုအတွက် အလွန်စိုးရိမ်ခဲ့ရသဖြင့် ယနေ့တစ်နေကုန်ဘာတစ်ခုမျှ အာရုံမစိုက်နိုင်ခဲ့ပေ။ ယခုအခါ နန်ယု အဆင်ပြေကြောင်းသေချာပြီဖြစ်ရာ လုပ်လက်စအလုပ်များဆက်လုပ်ရပေမည်။
"ပြီးတော့ ပါးနဲ့မားလည်း နောက်အပတ် ဗုဒ္ဓဟူးနေ့လောက် ပြန်လာတော့မယ်တဲ့၊ ဒီကိစ္စကို ဘယ်တော့ပြောပြမလဲ"
"ကျွန်မ မျက်နှာချင်းဆိုင် ပြောပြလိုက်ပါ့မယ် မဟုတ်ရင် သူတို့ စိတ်ပူနေကြဦးမှာ ပြီးတော့ တစ်ညတည်းနဲ့ပြန်လာဖို့ အပြေးအလွှား လုပ်နေကြဦးမယ်၊ မလိုအပ်ဘူး"
နန်ကျီကို ပြန်ပို့ပြီးနောက် နန်ယု သက်သောင့်သက်သာ ရေချိုးပြီး သူ၏ နူးညံ့ပျော့ပျောင်းသောကုတင်ပေါ်လှဲလျောင်းနေခဲ့သည်။ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သောအပြုံးများနေရာယူထားသည်။
မနက်ဖြန်ကျရင် နေဖင်ထိုးတြ့အထိအိပ်နိုင်ပြီ!
နံနက်ကိုးနာရီတွင် နန်ယု နံနက်စာပြင်ဆင်ရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ့ အိစက်မျုအချိန်ဇယားမှာ မတည်ငြိမ်သေးသောကြောင့်လားမသိ၊ နံနက်ခုနစ်နာရီကျော်ကျော်တွင် အိပ်ရာနိုးလာခဲ့ပြီး ပြန်အိပ်မပျော်တော့ပေ။ စောစောထရန် စိတ်မပါသောကြောင့် နန်ယု ယခုအချိန်အထိ အိပ်ယာထဲအ ချိန်ဆွဲနေခဲ့ခြင်းဖြစ်သည်။
"အိမ်တော်ထိန်းကျိုး၊ ဘယ်တုန်းကရောက်နေတာလဲ"
နန်ယု၏ပထမဆုံးအမြင်မှာ စားပွဲတွင်ထိုင်ကာ အိမ်အကူများအား ပန်းကန်များပြင်ဆင်ခိုင်းနေသော ရင်းနှီးသည့် မိတ်ဆွေဟောင်းတစ်ဦးကိုဖြစ်နေသည်။
"ခုလေးတင်ပဲ ရောက်တာ၊ မတွေ့ရတာနှစ်အတော်ကြာပြီဆိုတော့ သခင်မလေးက ပိုတောင်လှလာသေးတယ်"
အိမ်တော်ထိန်းကျိုး ကြင်နာစွာပြုံးလိုက်သည်။ ၎င်းသည် အသက်ခြောက်ဆယ်နီးပါးရှိနေပြီဖြစ်ကာ နန်ယု ကြီးပြင်းလာသည်အထိ ကြည့်ရှုခဲ့သူလည်းဖြစ်သည်။
ကံမကောင်းစွာဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်က အိမ်တော်ထိန်းကျိုး၏ဇနီးသည်မှာ ရောဂါဝေဒနာအပြင်းအထန်ခံစားခဲ့ရသည်။ အခြားသူများကို ယုံကြည်စိတ်ချစွာမအပ်နှံရဲသဖြင့် သူ အလုပ်မှနုတ်ထွက်ကာ သူမနှင့်အတူ နောက်ဆုံးနေ့ရက်များကို အတူတူဖြတ်သန်းရန်အိမ်ပြန်ခဲ့သည်။
ဤကမ္ဘာ၏မူရင်းဇာတ်လမ်းအရဆိုလျှင် အိမ်တော်ထိန်းကျိုးမှာအမည်အပြည့်အစုံနှင့် နောက်ခံဇာတ်ကြောင်းမရှိဘဲ ဇာတ်သိမ်းပိုင်းတွင်သာဖော်ပြခံရသည့် အရံဇာတ်ကောင်သက်သက်သာ။
ဖေးမိသားစုမှ တစ်ခါမှမခွဲခွာခဲ့ရသော နန်ယုအနေဖြင့် အိမ်တော်ထိန်းအသစ်တစ်ဦးကို လိုအပ်ခဲ့ခြင်းမရှိပေ။
သို့သော်လည်း ဇာတ်သိမ်းပိုင်းတွင် အိမ်တော်ထိန်းကျိုးမှာ နှစ်စဉ်နှစ်တိုင်း နန်ယု၏သင်္ချိုင်းဂူသို့ သွားရောက်လည်ပတ်ခဲ့ သည့် တစ်ဦးတည်းသောသူဖြစ်သည်။
ထိုအချိန်တွင် သူအသက်ရှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ သုသာန်သို့လစဉ်လတိုင်းသွားရောက်၍ နန်ယု၊ သူမ၏မိဘများနှင့် နန်ကျီတို့ထံလည် ပတ်ခဲ့သည်ဟုဖော်ပြထားသည်။
ထို့ကြောင့် အိမ်တော်ထိန်းအသစ်တစ်ဦးကိုရှာဖွေစဉ် နန်ယု
အိမ်တော်ထိန်းကျိုးအား အလျင်အမြန်ဆက်သွယ်ကာလာရောက်ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းခဲ့သည်။
နှစ်ဦးသား ခဏတာစကားဖောင်ဖွဲ့ပြီး နန်ယု နံနက်စာစားတော့မည့်ဆဲဆဲတွင် သူ့နောက်ဘက်မှ ခြေသံတစ်စုံကို
ကြားလိုက်ရသည်။
ထိုခြေသံမှာ အိမ်အကူတစ်ဦး၏ခြေသံဖြစ်ပြီး သူမသည် ဖေးယွင်ကျင်းလက်ကိုဆွဲထားခဲ့သည်။
ကလေးထိန်းထားရန် အစီအစဉ်ကို ကြိုတင်စဉ်းစားထားခြင်းမရှိသောကြောင့် ခြံဝန်းထဲတွင် ကျွမ်းကျင်အဆင့်ကလေးထိန်းများရှိမနေသည်မှာ သဘာဝကျလှသည်။ အစောဆုံးရောက်ရှိနိုင်မည့်အချိန်မှာ နေ့လယ်ပိုင်းဖြစ်သောကြောင့် ကလေးများအား ကိုယ်တိုင်ပြုစုစောင့်ရှောက်ဖူးသည့် အိမ်အကူတစ်ဦးကို ယာယီထိန်းခိုင်းရန်စီစဉ်ပေးခဲ့သည်။
အနာဂတ်ဇာတ်လိုက်သည် ယခုအခါတွင် ပိန်ပိန်ညှောင်ညှောင် ကလေးငယ်တစ်ဦးဖြစ်ပြီး မနေ့ကထက် အနည်းငယ်ပိုကောင်းနေပုံရသည်။ သူသည် တကယ်တမ်းတွင် ကျန်းမာရေးကောင်း မွန်သော်လည်း ကလေးထိန်းထံမှနှိပ်စက်မှုခံခဲ့ရသည်။
ကောင်းမွန်စွာပြုစုပေးရန် အချိန်အနည်းငယ်လိုအပ်နိုင်ပြီး ယခုအချိန်တွင်မူ သနားချင့်စဖွယ်ပုံပေါက်နေသည်။
အသက်လေးနှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း သုံးနှစ်အရွယ်ကလေးကဲ့သို့ ပိန်ပိန်ညှောင်ညောင်ရှိပြီး မျက်နှာထက်မည်သည့် ခံစားချက်မျှ မရှိပေ။ သူ နန်ယုကိုသာ မျက်တောင်ခတ် ကြည့်နေပြီး ယဉ်ကျေးစွာနှုတ်ဆက်ခြင်းမပြုခဲ့ပေ။
"မင်္ဂလာပါ၊ မဒမ်"
အိမ်အကူမှာ ပြုံးလျက် "သခင်လေးက သိပ်လိမ္မာပါတယ်၊ ဒီမနက်ခြောက်နာရီကတည်းက အိပ်ရာနိုးနေပြီး၊ မနက်စာစားပြီးတော့ ခြံထဲမှာလမ်းလျှောက်တာလေးတွေ လုပ်ခဲ့ပါတယ်"
သူမသည် မကြာသေးမီကမှ အလုပ်စဝင်ခဲ့သူဖြစ်သောကြောင့် နန်ယု၏ကိစ္စရပ်များကို ကောင်းစွာမသိပေ။ သူ သိသည်မှာ သူ့အားအပ်နှံထားသည့် တာဝန်ကိုကောင်းစွာထမ်းဆောင်ရမည်ဟူ၍သာ။
"အင်း၊ ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
နန်ယု ခေါင်းညိတ်လိုက်ပြီးနောက် အိမ်တော်ထိန်းကျိုးအား ကြည့်ကာ "အိမ်တော်ထိန်းကျိုး၊ ကလေးအာဟာရပညာရှင်တစ်ယောက်ရှာပေးပါဦး၊ မသိရင် ကျွန်မက သူ့ကို နှိပ်စက်ထားတယ် ထင်နေကြဦးမယ်"
ဖေးယွင်ကျင်း ဘယ်လောက်ကြာကြာနေရသည်ဖြစ်စေ ဖေးမိသားစုမှပေးနေသည်ဖြစ်ရာ နန်ယုအနေဖြင့် ထိုငွေအားမလို အပ်သော်လည်း ကောင်းမှုကုသိုလ်တစ်ခုအဖြစ်သာ မှတ်ယူခဲ့သည်။
"ဟုတ်ကဲ့၊ ရပါတယ်"
အိမ်တော်ထိန်းကျိုး ကလေး၏နောက်ခံအားသိသော်လည်း ကလေးမှာ အပြစ်ကင်းစင်သည်ဟု ယူဆသည်။ ဖေးယွင်ကျင်းအား ထိုသို့မြင်ရသောအခါ မူလကတည်းကသဘော ထားပျော့ပျောင်းသူဖြစ်သည့် အိမ်တော်ထိန်းကျိုးမှာကလေးအတွက်ပိုကောင်းသောဘဝကို မျှော်လင့်မိခဲ့သည်။
"ဒီကလေးကအရမ်းပိန်တယ်၊ အာဟာရပြည့်ဝဖို့လိုတယ်"
အိမ်တော်ထိန်းကျိုး၏ဇနီးသည်မှာ ကျန်းမာရေးကြောင့် ကလေးမရှိခဲ့ပေ။ နန်ယုသည် သူ ကလေးများကို ချစ်မှန်းသိသောကြောင့် အဆင်သင့်ရှိနေသောကလေးကို အခွင့်ကောင်း ယူလိုက်သည်။
"ဒါဆို သူ့ကို အိမ်တော်ထိန်းကျိုးလက်ထဲပဲအပ်လိုက်ပါ့မယ်၊ သူ့ကိုယ်အလေးချိန် တစ်ပေါင်တက်လာတိုင်း ဆုကြေးငွေ ယွမ် ၁၀,၀၀၀ ပေးပါ့မယ်"
"သခင်မလေးပြောတာ မှန်ပါတယ်"
အိမ်တော်ထိန်းကျိုးစိတ်ထဲတွင် နန်ယုသည် စိတ်လိုလိုက်တတ်သော်လည်း စိတ်ရင်းကောင်းသော မိန်းကလေးတစ်ဦးဖြစ် သည်ဟု အမြဲမှတ်ယူထားခဲ့သည်။
"မင်္ဂလာပါ သခင်လေး၊ ဦးလေးက ဒီကအိမ်တော်ထိန်းပါ၊ နာမည်ကကျိုး"
အိမ်တော်ထိန်းကျိုးသည် ဖေးယွင်ကျင်းအားအသိဉာဏ်မဲ့သော ကလေးတစ်ဦးကဲ့သို့ သဘောမထားခဲ့ပေ။ မိမိကိုယ်ကို သေချာစွာမိတ်ဆက်ပြီးနောက် သူ့ညာလက်ကို ဆန့်တန်းကာ ဖေးယွင်ကျင်းလက်နှင့် နှုတ်ဆက်ဖလှယ်ခဲ့သည်။
အဘိုးအိုနှင့် ကလေးလေး၊ ဘယ်လောက်တောင် စိတ်နှလုံး နွေးထွေးစရာကောင်းလိုက်တဲ့ မြင်ကွင်းလဲ!
နန်ယုသည် ကိုယ်ပိုင်အစီအစဉ်များဖြင့် ထိုကိစ္စအားလုံးဝလျစ် လျူရှုလိုက်သည်။
သူ အဝတ်အစားသစ်များ၊ လှပသော လက်ဝတ်ရတနာများ၊ အရသာရှိသော စားသောက်ဆိုင်များဖြင့် ပျော်ရွှင်စွာဈေးဝယ်ထွက်ရင်း အချိန်တိုင်းကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့သည်။
နတ်ပြည်သို့ရောက်လုနီးနီး လူသားဖြစ်သည့် ဖေးယီကျန့်နှင့် မတူဘဲ သူသည် ထိုမျှသာမန်ဆန်သည့် ပျော်ရွှင်မှုမျိုးကိုနှစ် သက်သူဖြစ်သည်။ ဘဝကတိုတောင်းလွန်းရာ အစွမ်းကုန် ပျော်ရွှင်စွာမဖြတ်သန်းပါက ဆုံးရှုံးမှုတစ်ရပ်မဟုတ်ပါလား ?
ချမ်းသာသောအမျိုးသမီးတစ်ဦး၏ ပျော်ရွှင်ဖွယ်ဘဝတွင် နစ်မြုပ်နေရင်း မူရင်းဝတ္ထုမှအမျိုးသားဇာတ်ဆောင်အားလုံးဝမေ့လျော့သွားခဲ့သည်။
သူမနှင့် ဖေးယွင်ကျင်းတို့သည် အချိန်ဇယားများ မတူညီဘဲ အတူတူမစားသောက်ဖြစ်ကြသဖြင့် တစ်အိမ်တည်းတွင် နေ ထိုင်သော်ငြား ပထမဆုံးနေ့မှစ၍ တစ်ဦးကိုတစ်ဦးမတွေ့ကြရတော့ပေ။
နန်မိဘများ ပြန်လာပြီးနောက် နန်ယုသည် နန်မိသားစုအိမ်တွင် နောက်ထပ်နှစ်ပတ်ကြာသွားရောက်နေထိုင်ခဲ့သည်။ နောက်ဆုံးတွင် မိဘများ၏ "လေးလံသော" မေတ္တာကိုမခံနိုင်တော့သဖြင့် သူ့ ကိုယ်ပိုင် ဗီလာသို့ပြန်လည်ဆုတ်ခွာလာခဲ့သည်။
သူသာ ဆက်စားနေပါက တစ်လမပြည့်မီဆယ်ပေါင်တက်သွားမည်ဖြစ်သည်။
ဖေးမိသားစုအိမ်တွင် ကျသွားသောအလေးချိန်အနည်းငယ်မှာ လွန်ခဲ့သော နှစ်ပတ်အတွင်းပြန်လည်ပြည့်တင်းလာခဲ့သည်။
သို့သော် ဗီလာထဲသို့ခြေချလိုက်စဉ် အိမ်တော်ထိန်းကျိုးမှ ကလေးတစ်ဦးကို လက်ဆွဲကာ လျှောက်လာသည်ကိုမြင်လိုက်ရသောအခါ ကမ္ဘာကြီးကိုအကုန်သိသည်ဟု ထင်ထားသည့် နန်ယုပင် စိတ်ရင်းမှန်ဖြင့် မေးခွန်းတစ်ခုကိုမေးမြန်းမိခဲ့သည်။
"အိမ်တော်ထိန်းကျိုး၊ ဒါ ဘယ်သူလဲ ?"
အိမ်တော်ထိန်းကျိုး ရယ်မောလိုက်သည်။
"သခင်မလေး၊ သခင်မလေးက ဟာသဉာဏ်ရှိလိုက်တာ၊ ဒါ သခင်လေးလေ"
နန်ယု: ...???
ထိုကလေးထံ နက်မှောင်ပြီး ကြည်လင်နေသောမျက်ဝန်းများ၊ သိမ်မွေ့သောမျက်နှာသွင်ပြင်နှင့် ပါးပြင်တွင်ပင် ကလေးအဆီများ အနည်းငယ်ရှိနေသေးသည်။
ဒါ ဖေးယွင်ကျင်းလား ??
"ချစ်စရာကောင်းတယ်" ဟူသော စကားလုံးမှာ သူ့အားဖော်ပြရန် သေချာပေါက်သုံးနိုင်သည်!
သူ ပိန်လှီနေဆဲဖြစ်သော်လည်း အနည်းဆုံး စိတ်ဓာတ်နှင့်ခွန် အားများမှာ ပိုမိုကောင်းမွန်နေပုံရပြီး ဖေးယီကျန့်နှင့်အနည်း ငယ်တူနေသည်။
နန်ယု ဇာတ်လိုက်ကြီးပြင်းလာသောအခါ မည်မျှချောမောမည်ကိုသိထားသော်လည်း သူ နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်လပင် မရှိသေးပေ။ ထိုပြောင်းလဲမှုမှာ အလွန်ကြီးမားလွန်းနေသည်။
"မား"
နန်ယုအတွေးများကို တုန်လှုပ်ဖွယ်ရာအသံတစ်ခုက ဖြတ်တောက်လိုက်သည်။ ထိုကလေးသည် သူမ မျက်နှာအား ကြည့်၍ ကလေးသံဖြင့် ထိုစကားလုံးနှစ်လုံးကိုလေးလေးနက်နက်ခေါ်လိုက်သည်။
နန်ယု: "..."
သူ ဘာနာကျင်မှုမှမရှိဘဲ မိခင်တစ်ယောက်ဖြစ်လာတာလား ?