အခန်း (၅)
Vol. 1 Ch. 5
နန်ယု အပေါ်ထပ်သို့ တက်ပြီးနောက် ချက်ချင်းဆိုသလိုအားကစားခန်းမသို့သွားလိုက်သည်။ အဝတ်လဲပြီး ခဏမျှ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီးနောက် သူ လမ်းလျှောက်စက်ပေါ်တွင် ဖြည်းဖြည်းချင်းပြေးတော့သည်။
သူ့ခြေလှမ်းများမှာ မမြန်သလို သူ့ ယခင်လေ့ကျင့်ခန်းများနှင့် ယှဉ်ပါကအနှေးလေးပင်။
သို့သော် သူ့ခန္ဓာကိုယ်အသစ်အတွက်မူ အတော်လေးသင့်တော်သည်။ ယခင်နန်ယုသည် ပုံမှန် Body အနေအထားအားထိန်း သိမ်းဖို့ရာ ယောဂကိုသာလေ့ကျင့်ခဲ့ဖူးသည်။ ယခုကဲ့သို့ချွေး ထွက်များသည့် လေ့ကျင့်ခန်းများနှင့် ဝေးနေခဲ့သည်မှာလုံးဝသေချာလို့နေသည်။
သူ စရောက်ခါစက ငါးမိနစ်မပြည့်မီပင် အသက်ရှူကျပ်သွားလောက်မည်ဖြစ်သည်။ ယခုမူ တစ်နာရီကြာအောင်လုပ်နိုင်ခြင်းက စိတ်ကျေနပ်စရာကောင်းလှသည်။
နောက်ဆုံးတော့လည်း ဒါက ငြိမ်းချမ်းတဲ့ကမ္ဘာကြီးပဲလေ။ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေစရာမလိုသလို၊ စက်ဆုပ်ဖွယ်ကောင်းသောအရာများလည်းမရှိချေ။
နန်ယု၏လက်ရှိကြွယ်ဝမှုနှင့်ဆိုရင် သူ့ဘဏ်အကောင့်ထဲရှိငွေနှင့်အသုံးစရိတ်မှာ မယှဉ်နိုင်၊ ပိုက်ဆံရှာဖို့အတွက် အလုပ်လုပ်စရာပင်မလိုတော့ပေ။ ဒါ တကယ်ကို ပြီးပြည့်စုံလှသည်။
အတင်းအဓမ္မထိမ်းမြားခြင်းသည်ပင် သူ့အတွက်အရေးမကြီးတော့သကဲ့သို့ ဖြစ်နေသည်။ နည်းနည်းလေးဟန်ဆောင်ပြလိုက်ရုံနှင့် ပြဿနာအားလုံးကိုဖြေရှင်းနိုင်ပေသည်။
ထို့ကြောင့် နန်ယု “သူမ” ဘာလို့ ဒီလိုပြန်လည်စတင်ဖို့အခွင့်အ ရေးကို လက်လွှတ်လိုက်လဲဆိုသည်ကိုနားမလည်နိုင်ပေ။
ဟုတ်သည်။ နန်ယုသည် “မူလနန်ယု” နှင့် တွေ့ဆုံခဲ့သည်။
ထိုပိန်ချုံးနေသော နန်ယု၊ သူ့ ဆံပင်များမှာ ဖြူရော်နေကာ ကြောက်လန့်နေသည့်ပုံပေါက်နေသည်။ သူမသည် ဤဝတ္ထု၏ ဇာတ်လမ်းတစ်ခုလုံးအားဖြတ်သန်းခဲ့ပြီး နောက်ဆုံးတွင် ညစ် ပတ်ပြီး အနံ့အသက်ဆိုးသောရေမြောင်းထဲ သေဆုံးသွားသော နန်ယုပင်။
ဒါ အင်မတန်မှကြီးမားတဲ့ ထိတ်လန့်စရာဖြစ်နေပုံရသည်။ နန်ယု တစ်ချိန်လုံး “မဟုတ်ဘူး၊ ဒီလိုအရာမျိုးကို ထပ်ပြီးမဖြတ် သန်းချင်ဘူး!” ဟူ၍ တတွတ်တွတ်ရွတ်ကာ အတွေးများထဲမှာ နစ်မြောနေခဲ့သည်။
သူ ပြန်လည်မွေးဖွားခြင်းမျိုးမလိုလားသလို ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ဘဝမျိုးကို ထပ်ပြီးမခံစားချင်ပေ။
ထို့ကြောင့် သူမ ဆန္ဒမှာ ပြင်းပြလွန်း၍ဖြစ်နိုင်ပြီး နန်ယုသည် သူမနှင့် နာမည်တူဖြစ်သူ နန်ယုဖြစ်လာခဲ့သည်။
ဒါကြောင့်မို့လို့ သူမ၏ဆန္ဒ အရမ်းပြင်းပြနေခဲ့ပုံရသည်။
နန်ယုမှာ သူမနှင့် နာမည်တူသည့် “နန်ယု” ဖြစ်လာခဲ့သည်။
တက္ကသိုလ်တုန်းက နန်ယုသည် အခြားမိန်းကလေးများကဲ့သို့ပင် ဝတ္ထုနှင့် anime များကိုနှစ်သက်ခဲ့ပြီး cosplay ဝတ်စုံများ ဝတ်ကာ ကာတွန်းပြပွဲများကိုပင်တက်ရောက်ခဲ့သေးသည်။
"You Are My Light" ဝတ္ထုသည် ဝတ္ထုများထဲတွင် ထူးထူးခြားခြားမကောင်းမွန်လှသလို ဇာတ်လမ်းမှာလည်း အတော်လေး ခေတ်ဟောင်းဆန်သည်။ သူ ထိုဝတ္ထုထဲမှ ရက်စက်ကြမ်း ကြုတ်သည့် မိထွေးနှင့် နာမည်တူနေသဖြင့်ဖတ်မိပြီး မှတ်ချက်လေးပင်ပေးခဲ့သေးသည်။
စာဖတ်သူများစွာက သူမအား စာအုပ်တစ်ခုလုံးကိုရွတ်ပြရန် ပြောခဲ့သော်လည်း နန်ယု ရယ်ပြပြီး ပေါ့ပေါ့ပါးပါးနေခဲ့သည်။
ကံအကြောင်းမလှချက်များ... ခွီး!
ထို့ကြောင့် အခုအချိန် သူ့မှတ်ဉာဏ်များမှာ ပြန်လည်မွေးဖွားလာသည့် “နန်ယု” ၏မှတ်ဉာဏ်များသာ။
ဤရက်များတွင် နန်ယုသည် အားလပ်ချိန်တိုင်း "နန်ယု" ၏ မှတ်ဉာဏ်များကို ပြန်ပြီးစဉ်းစားလေ့ရှိသည်။ သူ့ ကိုယ်ပိုင်ရှုထောင့်နှင့် တတိယလူ၏ရှုထောင့်နှစ်မျိုးစလုံးကိုတစ်ပြိုင် နက်တည်းအသုံးပြုကာ ချမ်းသာသော အမျိုးသမီးတစ်ဦးအနေဖြင့် သူ၏ပျော်ရွှင်သောဘဝကို အနှောင့်အယှက်ဖြစ်စေမည့် အသေးစိတ်အချက်အလက်တစ်ခုမျှပင် မကျန်အောင် သေချာဂရုစိုက်သည်။
ဝူကျန့်ဝေမှာ သူမ ကိုင်တွယ်ဖြေရှင်းရမည့် ပထမဆုံးအရာဖြစ်သည်။
ဇာတ်လမ်းကို စိတ်ထဲမှာတစ်ခေါက်ပြန်ပြီး အပြီးသတ်စဉ်းစားပြီးနောက်မှာ နန်ယု အချိန်နီးလာပြီဖြစ်လို့နောက်ထပ်မိနစ်နှစ်ဆယ်ခန့် လေ့ကျင့်ခန်းတွေလုပ်ပြီးမှ အခန်းထဲပြန်ကာသေချာရေချိုးလိုက်သည်။ ရေချိုးပြီးနောက်မှာတော့ လန်းဆန်းသွားသည်။
ထိုအချိန်တွင် စားပွဲပေါ်ရှိ သူမဖုန်း တုန်ခါလာသည်။ နန်ယု ဖုန်းအား ကောက်ကြည့်လိုက်တော့ သူမ "အခင်ဆုံးသူငယ် ချင်းများ" က နောက်နေ့စျေးထွက်ဖို့ ဖိတ်ခေါ်ထားတာကိုတွေ့လိုက်ရသည်။
နန်ယုမိသားစုမှာ သူမမွေးဖွားလာချိန်မှစ၍ ကြွယ်ဝချမ်းသာခဲ့သောကြောင့် သူ့ အထက်တန်းလွှာဘဝ၏ချိုမြိန်မှုများအား ခံစားရင်းကြီးပြင်းလာခဲ့သည်။
မိဘများနှင့် အစ်ကိုဖြစ်သူမှ အလိုလိုက်ခဲ့သောကြောင့် ဒီမိန်း မငယ်ထံ လူမှုဆက်ဆံရေးတွေကလွဲလို့ အခက်အခဲဆိုတာမျိုးသိပ်မရှိခဲ့ပေ။
သူ သွားလေရာရာတွင် ချီးမြှောက်ခံရပြီး သူမ၏အချစ်ဆုံးသူငယ်ချင်းများမှာ သူမအား အခြားအရာများထက်ပိုမိုဦးစား ပေးကြသည်။ သို့သော် ထိုသို့သော တစ်ဖက်သတ်မြှောက်ပင့်မှုများဖြင့် တည်ဆောက်ထားသော သူငယ်ချင်းသံယောဇဉ်မှာ သဲဖြင့်ပြုလုပ်ထားသော ရဲတိုက်များကဲ့သို့ပင်။ လေတစ်ချက်တိုက်လိုက်သည်နှင့် ပြိုကျသွားနိုင်သည်။
"နန်နန်ပုနန်- မလာတော့ဘူး"
သူတို့နှင့်အတူစျေးထွက်တာက ဘာအကျိုးရှိမှာလဲ ? ၎င်းတို့မှာ နန်ကျီအကြောင်းအား သွယ်ဝိုက်မေးမြန်းနေကြပြီး နန်ယုမရီးဖြစ်လာရန် အိပ်မက်မက်နေကြသည်။
ထို့အပြင် ၎င်းတို့သည် အမြဲတမ်း နန်ယုအား ပိုက်ဆံရှင်းခိုင်းဖို့ တွန်းအားပေးကြသည်။ အဆုံးတွင် နန်ယု၏ကန့်သတ်မဲ့သော black card နှင့်နှိုင်းယှဉ်ပါက သူတို့နှစ်ဦးစလုံးထံအိတ်ဆောင်ပိုက်ဆံအများကြီးမရှိပေ။ ၎င်းတို့လည်း ဒေါ်လာသိန်းပေါင်းများစွာတန်ဖိုးရှိသော ဝတ်စုံတစ်ထည်အားဝယ်နိုင်သည်မှာ သေချာသည်။ သို့သော် နန်ယုသာပေးချေလိုပါက အခြားအရာများအတွက် ငွေချွေတာနိုင်သည် မဟုတ်ပါလား။
နန်ယုအတွက် ထိုငွေလေးမှာ မပြောပလောက်ပေ။
"ကျောက်ကျောက်ပုကျောက်: ယွမ်ယွမ် သဘက်ခါကော အဆင်ပြေလား၊ PAG မှာ ပစ္စည်းအသစ်တွေထွက်ပြီလေ၊ နင် သူတို့အိတ်တွေကို သဘောကျတယ်လို့ပြောဖူးတယ် မဟုတ်လား"
"ဝေဝေပုဝေ: ဟုတ်တယ်၊ ယွမ်ယွမ်၊ ငါတို့ ဈေးအတူမဝယ်ဖြစ်တာကြာပြီ၊ အိမ်ထောင်ကျတာနဲ့ နင်ရဲ့ ညီအစ်မတွေကိုမေ့လို့မရဘူးလေ၊ Smirk.JPG"
နန်ယုအပါအဝင် အဖွဲ့ထဲတွင် လူသုံးယောက်သာရှိပြီး သူတို့၏ နာမည်များကိုကြည့်ခြင်းအားဖြင့် အမှန်ပင်ရင်းနှီးသောသူငယ် ချင်းများဖြစ်ပုံရသည်။
သူတို့သုံးဦးသည် ဆယ်စုနှစ်နီးပါးရင်းနှီးခဲ့ကြပြီး ကျောင်းနေ ဖက်ဘဝကတည်းက စတင်ခဲ့သော သူတို့၏သူငယ်ချင်းသံယောဇဉ်မှာ နန်ယုနှလုံးသားထဲတွင် အတော်လေးအရေးပါသောကြောင့် သူမ ထိုအတွက်ငွေကုန်ခံလိုခဲ့သည်။
သေးသေးမွှားမွှားအရာတွေကို မရေတွက်ဘဲ နန်ယု အကြမ်း ဖျင်းပြန်တွေးလိုက်ရာ ထိုနှစ်ဦးအား သူ ပေးခဲ့သောလက် ဆောင်များ၏စုစုပေါင်းတန်ဖိုးမှာ ယွမ်ဆယ်သန်းကျော်ရှိကြောင်းတွေ့ရှိရသည်။
ရေတွက်ကြည့်လိုက်တော့ အမှန်ပင်အံ့ဩစရာကောင်းသည်။
သို့သော် သူတို့ ဘာတွေပြန်ပေးခဲ့ကြလဲ။
လက်ဖြင့်ပြုလုပ်ထားသော လက်ကောက်များ ?
ခရီးသွားရာမှယူဆောင်လာသော စာအုပ်ညှပ်များနှင့် အမှတ် တရလက်ဆောင်ပစ္စည်းများ ?
ပြီးတော့ စေတနာကိုဖော်ညွှန်းသည့် အမျိုးမျိုးသော “လက် ဆောင်သေးသေးလေး၊ အတွေးအခေါ်ကြီးကြီး” ကဲ့သို့သောအရာများဟာ။ တန်ဖိုးမှာ အရေးမကြီးဘဲ စိတ်ကသာအရေး ကြီးသည်ဆိုသော်လည်း ထိုအမျိုးသမီးများမှာဒေါ်လာသောင်း ဂဏန်း သို့မဟုတ် သန်းပေါင်းများစွာတန်ဖိုးရှိသောလက် ဆောင်များကို လက်ခံစဉ်တွင် စေတနာသည်သာအရေးကြီးသည်ဟု ဆိုကြသည်။
Lol ! ထိုနှစ်ယောက်မှာ ပိရမစ်လုပ်ငန်းလုပ်သည့်သူများထက် ပိုပြီးဦးနှောက်ဆေးကြောရာတွင် တော်ကြသည်။
ယွမ်သန်းဆယ်ဂဏန်းမှာ နန်ယုအတွက် အများကြီးမဟုတ်ပေ။ ဒါပေမဲ့ ဘာလို့ သူက သူတို့ကို ပိုက်ဆံပေးရမှာလဲ ??
ထို့နောက် သူမ "မှတ်ဉာဏ်များ" တွင် ဤအချစ်ဆုံးသူငယ် ချင်းများဟု ယူဆထားသော ထိုနှစ်ဦးမှာ သူမ ကံဆိုးမှုအား မည်သို့ အခွင့်ကောင်းယူခဲ့သည်ကိုပြန်လည်အမှတ်ရသည်။ ၎င်းတို့၏ရုပ်ဆိုးအကျည်းတန်သော မျက်နှာများမှာအမှန်ပင်မနှစ်မြို့ဖွယ်ဖြစ်သည်။
နန်ယု နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွတ်သွားပြီး လက်ညှိုးကို ဆန့်ထုတ်ကာ အကြိမ်အနည်းငယ်ဖိလိုက်သည်။
"နန်နန်ပုနန်- ကောင်းပြီ၊ မနက်ဖြန် မနက် ၁၀ နာရီမှာ PAG မှာ တွေ့မယ်"
ထို့နောက် သူမ ထို Page မှထွက်လိုက်ပြီး သူ့ နာမည်အား ကျွမ်းကျင်စွာပြောင်းလဲလိုက်သည်။
[နန်ယု]
ရိုးရှင်းသည်။ ထိုနှစ်ယောက် နာမည်တူယူမည်ကိုမကြောက်ပေ။
နောက်တစ်နေ့ မနက်ကိုးနာရီ
နန်ယု အောက်ထပ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဆင်းလာသောအခါ ဖေးယွင်ကျင်းသည် အဝတ်အစားများဝတ် ဆင်ပြီးသားဖြင့် သူမအား ထိုင်စောင့်နေသည်ကိုတွေ့ရသည်။
သူ နန်ယုအားမြင်သောအခါ မျက်လုံးများ အရောင်တောက်သွားသော်လည်း တစ်ခုခုကိုတွေးလိုက်မိသကဲ့သို့ တည်ငြိမ်ဟန်ဆောင်ရန်ကြိုးစားလိုက်သည်။
အရင်က အေးစက်စက်ပုံစံနှင့်ယှဉ်ရင် သူ အများကြီးပိုပြီး အသက်ဝင်လာသည်။
အိမ်တော်ထိန်းကျိုး ပြုံးလိုက်ပြီး "သခင်မလေး၊ သခင်လေးက မနက် ၈ နာရီထဲက အဲဒီမှာစောင့်နေတာ"
မနေ့ညက နန်ယု ဖေးယွင်ကျင်းအား အပြင်ခေါ်သွားချင်ကြောင်း ရုတ်တရက်ပြောလာခဲ့သည်။ ဘာကြောင့်ရယ်လို့တော့ အိမ်တော်ထိန်းကျိုးမသိသော်လည်း နန်ယု ဆန္ဒရှိနေသောကြောင့် သူ ဘာမှပြောစရာမရှိပေ။
ထို့အပြင် ခဏ အတူတူအချိန်အနည်းငယ်ကုန်ဆုံးပြီးနောက်မှာ အိမ်တော်ထိန်းကျိုးကလည်း ဖေးယွင်ကျင်းဟာ သိမ်မွေ့ပြီး ကောင်းတဲ့ကလေးတစ်ယောက်ဆိုတာကိုသိသည်။ သဘာဝအားဖြင့် သူနှင့်နန်ယုတို့ ပိုပြီးရင်းနှီးချစ်ခင်တာမျိုးကိုမျှော် လင့်နေခဲ့သည်။
“အလျင်မလိုနဲ့၊ မနက်စာ အရင်စားကြရအောင်”
ကားလမ်းပိတ်တာမျိုးမရှိလျှင်ပင် ဗီလာမှ PAG ဆိုင်သို့ ကားမောင်းသွားလျှင်တစ်နာရီကြာမည်။ ထို့အပြင် စနေနေ့ဖြစ်သောကြောင့် မည်မျှကြာမည်ကို သူ မသိပေ။ သို့သော် နန်ယု စိုးရိမ်ပူပန်ခြင်း လုံးဝမရှိချေ။
သူ မနက်စာကို ဖြည်းဖြည်းချင်းစားပြီး မိတ်ကပ်ကိုဂရုတစိုက် လိမ်းသည်။ ဆယ်နာရီလောက်မှသာ ထရပ်လိုက်သည်။
“ကလေး”
နန်ယု ဖေးယွင်ကျင်းအား နှုတ်ဆက်လိုက်တော့ သူ အမြန်လိုက်လာသည်။
“ကျွန်တော် ဒီမှာ!”
သူ့အသံမှာ နည်းနည်းကျယ်လာပြီး သူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
နန်ယု ပြုံးလိုက်ပြီး ဖေးယွင်ကျင်းနှင့် မျက်နှာချင်းဆိုင်အနေ အထားဖြစ်အောင် ဒူးထောက်လိုက်သည်။
“မင်းကို ဒီနေ့ တာဝန်တစ်ခုပေးချင်တယ်”
“ငါတို့ အပြင်ထွက်ပြီးရင် ငါက မင်းကို တစ်ခုခုကိုကြိုက်လားလို့မေးခဲ့ရင် မင်းက ခေါင်းညိတ်ပြီး ကြိုက်တယ်လို့ပြောရမှာ၊ နားလည်လား”
ဖေးယွင်ကျင်း ကြောင်သွားသော်လည်း မကြာမီ အားရပါးရ ခေါင်းညိတ်လိုက်ပြီး သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာလေး နက်စွာဖြင့် “နားလည်ပါပြီ!”
“တော်တယ်” နန်ယု ထရပ်လိုက်သည်။
“သွားကြစို့”
သူ့ညာလက်မှာ ဖေးယွင်ကျင်းဆီသို့သဘာဝအတိုင်း ဆန့်တန်းလာသည်။ အဓိပ္ပာယ်ကမူ ရှင်းနေသည်။
ဖေးယွင်ကျင်း သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပထမဆုံးအကြိမ် အဖြစ် နန်ယုအားမော့ကြည့်လာသည်။ သူမ မကြည့်နေသည်ကိုသတိထားမိသောအခါ သူ့လက်ကို အဝတ်အစားပေါ်တွင် သုတ်လိုက်သည်။ ပြီးမှ ဘယ်လက်ကိုဆန့်ကာ နန်ယု့လက်ထဲထည့်လိုက်သည်။
သူ့မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး လေကိုညင် သာစွာ ရှူထုတ်လိုက်သည်။ ထိုလုပ်ရပ်မှာ စွမ်းအင်များစွာ ကုန် ခန်းသွားသကဲ့သို့ပင်။
နန်ယု ဖေးယွင်ကျင်း၏မျှော်လင့်ချက်အနည်းငယ်အား မသိကျိုးကျွန်ပြုလိုက်ပြီး သူ့လက်ကိုကိုင်ကာအပြင်ဘက်သို့ဦး တည်လိုက်သည်။
—နွေးထွေးလိုက်တာ၊ နူးညံ့လိုက်တာ
ဖေးယွင်ကျင်း လမ်းကိုငုံ့ကြည့်နေပေမဲ့ သူ့စိတ်ထဲမှာ အတွေးတစ်ခုဖြတ်ခနဲဝင်လာသည်။ “လက်” တစ်ခုလိုပဲ။
"ကျောင်းကျောင်းပုကျောင်း: ငါတို့ ရောက်ပြီ!"
10:20 AM မှာ အုပ်စုစကားပြောခန်းမှ မက်ဆေ့ချ်တစ်ခု ဝင်လာသည်။
"နန်ယု: ကားပိတ်နေတယ်"
"ဝေဝေပုဝေ: ရတယ်၊ ငါတို့စောင့်နေမယ်၊ ယုယု အေးဆေးလာခဲ့"
ဟုတ်တယ်၊ နန်ယု မစိုးရိမ်ပေ။ သူ့ ကားထဲတွင် နေရာအများကြီးရှိသည်။ အစားအသောက်နှင့် ရုပ်ရုပ်ကြည့်လို့ရတာတွေလည်းရှိသည်။ သူ စိတ်ရှိရာအတိုင်းလှဲအိပ်နေနိုင်သည်။
နန်ယု တီဗွီဖွင့်ပြီး ဖေးယွင်ကျင်းအားပေးလိုက်သည်။ သူကမူ တစ်ဝက်လှဲလျောင်းကာဖုန်းကြည့်နေပြီး နှစ်ယောက်သားတစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက်မပေးကြပေ။
ထိုအချိန်တွင် တီဗီမှ ရင်းနှီးသောအသံတစ်သံ ထွက်ပေါ်လာသည်။
“တစ်နေ့မှာ၊ တစ်ချိန်က ငြိမ်းချမ်းခဲ့တဲ့ ရွာလေးတစ်ခုမှာ...”
သူမ မော့ကြည့်လိုက်သောအခါ ရင်းနှီးသည်ကိုတွေ့ရသည်။ ဒါ ကောင်လေးတွေအကြိုက်ဖြစ်တဲ့ Ultraman မဟုတ်ဘူးလား ?
ဖေးယွင်ကျင်းအာရုံစိုက်နေသော အကြည့်ကို မြင်သောအခါ နန်ယု စိတ်ထဲမှသက်ပြင်းချမိသည်။ သွေးအေးပြီးရက်စက်ကြမ်းကြုတ်ကာ လူပေါင်းများစွာကိုကစားခဲ့သော ဇာတ်လိုက်တောင်မှ “Ultraman ၏သွေးဆောင်မှု” ကနေမလွတ်မြောက်နိုင်ပေ။
၁၁း၃၀ နာရီမှာတော့ အုပ်စုစကားပြောခန်းထဲမှာ မက်ဆေ့ချ်တွေ ထပ်ဝင်လာသည်။
"ဝေဝေပုဝေ: ယုယု ဘယ်ရောက်နေပြီလဲ"
ဒီတစ်ခါတော့ နန်ယု ချက်ချင်းမပြန်တော့ပေ။ ဖုန်းကို ခဏကြည့်လိုက်ပြီးနောက် ရှေ့ကတီဗွီဆီထံ အာရုံပြန်ရောက် သွားသည်။
ဇာတ်ဝင်ခန်းမှာ Ultraman ကို ဘီလူးတစ်ကောင်က အနိုင်ယူလိုက်သည့် နေရာသို့ရောက်နေပြီး လူတိုင်းကလည်း သူ့အား ထရပ်ဖို့အတွက် စိုးရိမ်တကြီး တောင်းဆိုနေကြသည်။
ဖေးယွင်ကျင်း သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ တီဗီထဲသို့ပြေးဝင်ပြီး Ultraman အား ဘီလူးနှင့် တိုက်ခိုက်ရာတွင် ကူညီမည့်ဟန်နှင့်။
ကြွပ်—
နန်ယု အာလူးကြော်တစ်ဖဲ့ ကိုက်လိုက်သည်။ Ultramanနောက် ဆုံးတွင် ဘီလူးများအား အနိုင်ယူမည်ကို သူမ သိသော်လည်း သရုပ်ဆောင်များ၏ မျက်နှာများကို ကြည့်နေရုံဖြင့်ပင် အချိန် ကုန်ခံနိုင်ပေသည်။
နန်ယု အသွင်အပြင်အား စွဲလန်းသည်ဟုဝန်ခံသည်။ သူမသည် လူများသာမက လှပသောအရာအားလုံးကိုနှစ်သက်သည်။
ထိုအချိန်တွင် တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့မှာ ထိုမျှ အေးအေးဆေးဆေး မရှိကြတော့ပေ။ သူတို့သည် နန်ယု စောင့် ဆိုင်းရသည်ကို မနှစ်သက်တာသိသောကြောင့် ဆယ်နာရီမတိုင်မီ PAG သို့ ရောက်ရှိခဲ့ကြသည်။
သဘာဝကျစွာပင် သူတို့ပစ္စည်းများစတင်ကြည့်ရှုကြပြီး နန်ယုအား နောက်ပိုင်းတွင် ပေးခိုင်းရန်ရည်ရွယ်ကာ တစ်ယောက်တစ်အိတ်စီရွေးချယ်ထားကြသည်။
သို့သော် ဆယ်နာရီခွဲထိ နန်ယု ရောက်မလာသေးပေ။
စနေ၊ တနင်္ဂနွေနေ့တွေမှာ မြို့တော်၏ကားလမ်းတွေ ပိတ်တာကို သူတို့နားလည်ကြသည်။
ဆယ့်တစ်နာရီရောက်လာသော်လည်း သူမ အရိပ်အယောင်တောင် မမြင်ရသေးပေ။
တုကျောင်းကျောင်းနှင့်ရှုယွီဝေတို့ တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ကြသည်။ သူတို့ နန်ယုအား ဆက် တိုက်တိုက်တွန်းနေလျှင် နန်ယု စိတ်အနှောင့်အယှက်ဖြစ်မှာ သေချာသည်။ သို့သော် သူတို့လည်း PAG မှာ တစ်နာရီကျော်ကြာအောင် လှည့်ပတ်ကြည့်နေကြတာဖြစ်ပြီး နောက်ထပ်ဆိုရင်တော့ အရောင်းဝန်ထမ်းများထံမှ ထူးဆန်းသောအကြည့်များခံရနိုင်သည်။
၁၁ နာရီခွဲသို့ နီးကပ်လာသောအခါ ရှုယွီဝေ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။ သို့သော် နန်ယု စာမပြန်ပေ။
နှစ်ယောက်သား ပင်ပန်းပြီးဆာလောင်နေကြသည်။ ဤကဲ့သို့ ဇိမ်ခံပစ္စည်းဆိုင်မျိုးမှာ အဆာပြေများနှင့် အနားယူစရာနေရာများ ရှိတတ်သော်လည်း သူတို့ အလကားလာစားသူများလို မဖြစ်လိုသောကြောင့် ဆာလောင်မှုကို ခံနိုင်ရည်ရှိရှိစောင့်ဆိုင်းနေကြသည်။ သူတို့ စိတ်ထဲမှ နန်ယုအားကျိန်ဆဲနေကြသော် လည်း သူတို့သာ သိကြသည်။
နောက်ဆုံးတွင် မနက် ၁၂ နာရီ မထိုးခင် မိနစ်အနည်းငယ်အလိုမှာ PAG ဝင်ပေါက်မှာ ရင်းနှီးသည့်ပုံရိပ်တစ်ခု ပေါ်လာသည်။
ဒါ နန်ယုပဲ!
ဒါပေမဲ့ သူ့ဘေးနားက ကလေးက ဘယ်သူလဲ ?
တုကျောင်းကျောင်းနှင့် ရှုယွီဝေ သိပ်ဂရုမစိုက်ကြပေ။
“ယုယု! နင် ရောက်လာပြီ!”
နှစ်ယောက်စလုံး နွေးထွေးစွာ ပြုံးလိုက်ကြပြီး တုကျောင်းကျောင်း နန်ယု၏လက်အား လှမ်းကိုင်ဖို့ပင်ကြိုးစားလိုက်သည်။
“မလုပ်နဲ့၊ ငါ ပူလို့”
နန်ယု ကမ်းလှမ်းမှုအား ပခုံးတွန့်ကာပြောရင်း ခါချလိုက်သည်။ ယခုမှာ နွေဦးအစဖြစ်ပြီး မြို့တော်က အေးစိမ့်နေဆဲပင်။ ဘယ်လိုလုပ် ပူနိုင်မှာလဲ ??
သို့သော် နန်ယု ထိုသို့ပြောလိုက်သောကြောင့် အမှန်တကယ် ပူသည်ဖြစ်စေ၊ မပူသည်ဖြစ်စေ တုကျောင်းကျောင်း ငြင်းခုံမနေတော့ပေ။
သူမ လက်အား ပေါ့ပေါ့ပါးပါး ပြန်ရုပ်သိမ်းလိုက်သည်။
“ယုယု၊ ဒီနေ့ ကားပိတ်တယ်မဟုတ်လား၊ ကံကောင်းလို့ ဝေဝေနဲ့ငါက အစောကြီးထွက်လာတာ ဆယ်နာရီမထိုးခင်ကတည်း က ရောက်နေခဲ့တာ”
တုကျောင်းကျောင်း၏ရည်ရွယ်ချက်မှာ သူတို့ အချိန်အကြာကြီး စောင့်ခဲ့ရကြောင်းကို ပြောပြရန်နှင့် ထိုမှ နန်ယုအား နည်းနည်းလေးတောင်းပန်ချင်စိတ်ဖြစ်စေပြီး အိတ်အတွက် တောင်းဆိုဖို့ ပိုမိုလွယ်ကူစေနိုင်မည်ဖြစ်သည်။
သို့သော် နန်ယု သူ့စကားကို လျစ်လျူရှုလိုက်ပြီး ဖေးယွင်ကျင်းလက်အားဆွဲလိုက်သည်။
“ဖေးယွင်ကျင်းကို မိတ်ဆက်ပေးမယ်”
“ရှောင်ကျင်း၊ အန်တီတွေကို နှုတ်ဆက်လိုက်ပါဦး”
ဖေးယွင်ကျင်းမှာ နာခံတတ်သည်။
“မင်္ဂလာပါ အန်တီတို့”
သူ၏ ချိုသာသောအသံနှင့် ချစ်စရာကောင်းသော၊ နူးညံ့သိမ်မွေ့သောမျက်နှာဖြင့် ထိုမျှငယ်ရွယ်သောအရွယ်၌ပင် သခင်ကြီးဖြစ်နိုင်သည့် အရည်အချင်းတွေကို ပိုင်ဆိုင်ထားသည်။
သူ့ မျက်နှာပေါ်ရှိ မသင့်လျော်သောခြစ်ရာသုံးခုကပင် သူ့ ဆွဲဆောင်မှုအားမလျော့ကျစေပေ။ ကြောင်နှုတ်ခမ်းမွေးများနှင့် ဆင်တူသဖြင့် ချစ်စရာကောင်းသည့် ဆွဲဆောင်မှုလေးဖြင့် ပေါင်းစပ်လိုက်သလိုပင်။
သို့သော် အသက်နှစ်ဆယ်ကျော်အရွယ်တွင် အန်တီဟု အခေါ်ခံရခြင်းမှာ...
တုကျောင်းကျောင်းနှင့်ရှုယွီဝေတို့ အပြုံးများ နည်းနည်းလေး မလှတော့ပေ။ ပထမတော့ သူတို့ ထိုနာမည်မှာ ဖေးမိသားစုကဟု ထင်ခဲ့သည်။ သို့သော် ပို၍အနီးကပ်ကြည့်သောအခါရင်းနှီး နေသည်ကို တွေ့ရသည်။
—နေဦး! အဲဒါ နန်နန် အရင်က စောဒကတက်ခဲ့တဲ့ ဈေးပေါတဲ့လင်ပါသားနာမည် မဟုတ်လား!
နှစ်ယောက်စလုံးအံ့အားသင့်သွားသည်။ နန်နန် ထိုကောင်လေးအားတကယ်တမ်းမုန်းပေမဲ့ ဘာလို့ရုတ်တရက် ဒီကိုခေါ်လာရတာလဲ ?
သူတို့ချင်း ရင်းနှီးနေပုံရသည်။ သူ မိသားစုတစ်ခုလုံးကို ချစ်သွားတာလား ?
နန်ယု သူမရှေ့မှ လူနှစ်ဦး၏အကြည့်များ ပြောင်းလဲသွားသည်အား သတိမထားမိသလိုပင်။ သူမ အရောင်းဝန်ထမ်း၏ကမ်း လှမ်းမှုအားလျစ်လျူရှုလိုက်ပြီး PAG လက်ဝတ်ရတနာကောင် တာသို့ လျှောက်သွားကာကြည့်နေသည်။
ဦးဆောင်နေသော ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်သည့် PAG ၏ လုပ်ငန်းမှာ လက်ကိုင်အိတ်များထက် ကျော်လွန်၍ ၎င်းတို့၏ လက်ဝတ်ရတနာများသည်လည်း ထင်ရှားကျော်ကြားသည်။
“နန်နန် ဘယ်တစ်ခုကို ကြိုက်လဲ၊ ငါတော့ ဒီလက်ကောက်က လှတယ်လို့ ထင်တယ်”
သူမ မစဉ်းစားနိုင်လျှင်လည်း ဆက်စဉ်းစားနေစရာမလိုတော့ပေ။ တုကျောင်းကျောင်း တကယ်ပင် ဆာလောင်နေပြီး အမြန်ဆုံး ပြီးမြောက်အောင် လုပ်လိုက်ရန် စီစဉ်သည်။ ဈေးဝယ်ပြီး သည်နှင့် နန်ယုအား အဆောက်အအုံ၏ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်တွင် ညစာဝယ်ကျွေးခိုင်းမည်။
ထိုစားသောက်ဆိုင်မှာ အဖွဲ့ဝင်စနစ်ရှိပြီး သတ်မှတ်ချက်များမှာလည်းအလွန်မြင့်မားသည်။ သူတို့နှစ်ယောက်မှာ ထိုသတ်မှတ် ချက်များနှင့် ပြည့်မီခြင်းမရှိပေ။ နန်နန်သာ ဝင်နိုင်ပြီး သူတို့ အရင်က အကြိမ်အနည်းငယ် စားခဲ့ဖူးသည်။ အစားအသောက်များမှာ အမှန်ပင်အရသာရှိသည်။
အဓိကအချက်မှာ ထိုနေရာတွင် စားနိုင်ခြင်းမှာ ဂုဏ်ရှိကြောင်းအား သက်သေပြခြင်းပင် ဖြစ်သည်။ ထိုနေရာရှိ လူအများစုမှာ ချမ်းသာသူများ သို့မဟုတ် ဂုဏ်သရေရှိသူများဖြစ်သော ကြောင့် သူတို့နှင့် ရင်းနှီးခြင်းသည် အမြဲကောင်းသောအရာပင်။
နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာပေါ်တွင် ကြွားလုံးထုတ်ရန် လှပသော ဓာတ်ပုံများရိုက်နိုင်မည်ဖြစ်၍ ထိုအချက်အားတွေးလိုက်သောအခါ ပင်ပန်းနွမ်းနယ်မှုမှာ ဘာမျှမဟုတ်တော့သလို ဖြစ်သွားသည်။
“ဒါ မဆိုးဘူးလားလို့”
နန်ယု အရောင်းဝန်ထမ်းအား ရင်ထိုးနှစ်ခု ယူလာရန်တောင်းဆိုပြီးနောက် လှည့်ကာ ဖေးယွင်ကျင်းအား ပိုမိုနီးကပ်စွာကြည့် ရှုနိုင်ရန် ပွေ့ချီလိုက်သည်။
“မင်း ကြိုက်လား”
ဖေးယွင်ကျင်း နန်ယုအားကြည့်ပြီး ပြုံး၍ခေါင်းညိတ်လိုက်သည်။
“ကြိုက်တယ်”
ရင်ထိုးနှစ်ခုစလုံးမှာ စိန်နှင့် ကျောက်မျက်ရတနာအစစ်များဖြင့် ထည့်သွင်းထားပြီး အမှတ်တံဆိပ်၏တန်ဖိုးကြောင့် ၎င်းတို့၏စျေးနှုန်းမှာ မြင်ရသည့်အတိုင်းပင် လှပနေသည်။
တစ်ခုသည် ယွမ် ၈၁၀,၀၀၀ ဖြစ်ပြီး ကျန်တစ်ခုမှာ ယွမ် ၈၈၀,၀၀၀ ဖြစ်သည်။
“ဒါ လှလား”
ယခုတစ်ကြိမ်တွင် မေးခွန်းကို တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အား မေးလိုက်သည်။
ထိုအမျိုးသမီးနှစ်ဦးမှာ သဘာဝအတိုင်း ခေါင်းညိတ်ကြသည်။ နန်ယု ၎င်းတို့အား လက်ဆောင်အဖြစ် ဝယ်ပေးမည်လားဟုပင် တွေးတောနေကြသည်။ သူတို့ လိုချင်သော အိတ်မဟုတ်သော် လည်း လက်ခံနိုင်သည်။
“လှနေသရွေ့တော့...”
နန်ယု ညင်သာစွာ ပြုံးလိုက်သည်။ တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့၏ အပြုံးများ ပိုမိုကျယ်ပြန့်လာသောအခါ သူ ရုတ် တရက် ထပ်ပြောလိုက်သည်။
“ဒီနေ့က ရှောင်ကျင်းနဲ့ပထမဆုံးအကြိမ်တွေ့တာပဲ၊ နင်တို့ အန်တီနှစ်ယောက်က တစ်ခုခုလက်ဆောင်မပေးချင်ကြဘူးလား”
တုကျောင်းကျောင်းနှင့်ရှုယွီဝေတို့၏အပြုံးများ အေးခဲသွားရသည်။
“...အမ်?”
သူတို့နှစ်ဦးမှာ အမှန်ပင် နှစ်ပေါင်းများစွာကောင်းသော သူငယ် ချင်းများဖြစ်ပြီး ထိုအချိန်တွင် သူတို့၏တုံ့ပြန်မှုများမှာ မယုံနိုင်လောက်အောင်တူညီနေကြသည်။
သူတို့ အပြည့်အဝတုံ့ပြန်နိုင်ခြင်း မရှိမီတွင် ဖေးယွင်ကျင်း နန်ယုလက်ပေါ်မှဆင်းကာ သူ့ကိုယ် သူ မတ်မတ်ရပ်ပြီးနောက် သူတို့နှစ်ယောက်အား တစ်ဝက်ခန့်ငုံ့ကာကျေးဇူးတင်လိုက်သည်။
“အန်တီတို့ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန် တော်အရမ်းကြိုက်တယ်”
ထိုသို့ပြောပြီးနောက် သူ ခေါင်းအားမော့လိုက်ပြီး တုကျောင်းကျောင်းနှင့် ရှုယွီဝေတို့အား အပြစ်ကင်းကာချစ်စရာကောင်း သော အပြုံးလေးပြုံးပြလိုက်သည်။ သူ့ သွားစွယ်လေးနှစ်ချောင်းမှာထွက်ပေါ်နေပြီး ဆိုးသွမ်းသည့်… နတ်ဆိုးလေးလိုပင်။