အခန်း (၁၂)
Vol. 2 Ch. 12
ဖေးယွင်ကျင်း ပွဲမှပြန်ရောက်ပြီးနောက် စိတ်မလုံခြုံမှုအားခံစားနေရသောကြောင့် နန်ယု အပေါ်အလွန်အမင်းတွယ်ကပ်နေခဲ့သည်။ ထို့ပြင် ပုံမှန်ကပ်တွယ်မှုမျိုးမဟုတ်ချေ။
သူ မူကြိုကျောင်းမှပြန်ရောက်သည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ နန်ယုအားရှာခြင်းပင်။ သူ မည်သည့် ထူးခြားသော လုပ်ရပ်ကိုမျှ မလုပ်ဆောင်ဘဲ သူမအား တစ်ချက်ကြည့်လိုက်ပြီး သူ အတန်းထဲတွင် ဖန်တီးခဲ့သောလက်မှုပညာများဖြစ်သည့် စက္ကူခေါက်ခြင်း၊ ရွှံ့စေးရုပ်များ စသည်တို့ကိုပေးအပ် လာသည်။
စနေ၊ တနင်္ဂနွေနေ့များတွင် ဖေးယွင်ကျင်း အတန်းသို့သွားရန်မလိုသည့်အခါ ပန်းကန်ပြားပေါ် မနက်စာအားတင်ဆောင်ကာ နန်ယု အောက်ထပ်သို့ ဆင်းလာသည်နှင့် ချက်ချင်းယူလာပေးလေ့ရှိသည်။
၎င်း၏ခြေတိုလေးများဖြင့် ပြေးလွှားနေသည်ကိုမြင်ရသော အခါ နန်ယု အကြိမ်အနည်းငယ်မျှကြောက်လန့်သွားခဲ့ရသည်။ ထိုကလေး အချိန်မရွေးထိခိုက်မိသွားမည်ကို သူ စိုးရိမ်နေခဲ့သည်။
သို့သော် ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက်တွင်မူ ဖေးယွင်ကျင်း အခြားသူများထက် ပိုမိုလျင်မြန်စွာပြေးလွှားသွားတတ် သည်။ သူ ပစ္စည်းများအားချလိုက်သည်နှင့် တစ်ပြိုင်နက်အမြန်ဆုံး အရှိန်ဖြင့်ပြေးလွှားသွားတော့သည်။
နန်ယု : ...
တစ်စုံတစ်ယောက် ထပ်မံထွက်ပြေးရန် ကြိုးစားနေစဉ်တွင် နန်ယု သူ့နောက်ကျောမှ ကော်လာအားဆွဲကိုင်လိုက်၏။
"ရပ်လိုက်!"
ဖေးယွင်ကျင်း ရုတ်တရက်ရပ်တန့်သွားသည်။
နန်ယု လက်အားဆန့်တန်းလိုက်ပြီး ၎င်းအား သူမဘက်သို့ လှည့်လိုက်သည်။
"မင်း ငါ့ကိုတစ်ခုခု ပြောချင်တာရှိလို့လား"
ဖေးယွင်ကျင်း သူ့ခေါင်းအား လျင်မြန်စွာခါရမ်းလိုက်သည်။
"သေချာလား"
သူ သူ့ခေါင်းကို ပိုမြန်မြန်ခါရမ်းလိုက်ပြန်သည်။
"ကောင်းပြီ၊ ငါ့တော့ ပြောစရာရှိတယ်" နန်ယု ညင်သာစွာ သက်ပြင်းချလိုက်သည်။
"ငါ မင်းကို ကတိတစ်ခုပေးမယ်"
"မင်းအဖေနဲ့ ငါ လက်ထပ်နေသရွေ့ ငါ မင်းကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး"
ဖေးယွင်ကျင်း သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး ချက်ချင်းဘာစကားမှမဆိုချေ။
နန်ယု- "ခင်ပွန်းနဲ့ ဇနီးဆိုတာ ဘာလဲဆိုတာ မင်း သိလား"
အနာဂတ်ဇာတ်လိုက်မင်းသားသည် ယခုမူ အသက်လေးနှစ်မျှသာရှိသေးသည့် ကလေးငယ်တစ်ဦးသာဖြစ်နေသေးသည်။ နန်ယု ကလေးနားမလည်မည်ကို စိုးရိမ်၍ ထပ်မံမေးမြန်းလိုက်သည်။
ထိုတစ်ကြိမ်တွင် ဖေးယွင်ကျင်း နောက်ဆုံး၌စကားစလိုက် သည်။
"ကျွန်တော် သိတယ်"
ဖေးယွင်ကျင်း၌ ဖေးယီကျန့်နှင့်ပတ်သက်သည့် မှတ်ဉာဏ်များ မရှိသော်လည်း နန်ယုနှင့် ဖေးယီကျန့်တို့လက်ထပ်ခဲ့ကြသည့်အ တွက် နန်ယု သူ့အားဂရုစိုက်ကြောင်း သူ သိသည်။
နန်ယု သူ့ ညာဘက်လက်သန်းအား ထောင်လိုက်သည်။ "လက်သန်းချင်း ချိတ်ပြီးကတိပေးကြမလား"
ဖေးယွင်ကျင်း သူ့လက်ကိုချက်ချင်းမဆန့်ထုတ်ဘဲ နန်ယုအား အလေးအနက် ကြည့်လျက်ပြောလိုက်သည်။
"အန်တီ၊ ကျွန်တော် အနာဂတ်မှာပိုက်ဆံအများကြီးရှာပြီး အန်တီ့ကို အကုန်ပေးပါ့မယ်"
ဆိုလိုသည်မှာ သူ့ကိုစွန့်ပစ်မသွားပါနဲ့ဟု တောင်းဆိုလိုက်ခြင်းပင်။
ထိုစကားကို ကြားသောအခါ နန်ယု မရယ်ဘဲမနေနိုင်ပေ။ သူ ဖေးယွင်ကျင်း ညာဘက်လက်အားအတင်းဆွဲယူလိုက်ပြီး သူမ လက်သန်းနှင့် ချိတ်လိုက်သည်။
"ကောင်းပြီ၊ ကံကောင်းပါစေ"
ထိုအခါ အရွယ်ရောက်ပြီးသူနှင့်ကလေးနှစ်ဦးလုံး တစ်ပြိုင် နက်တည်း ပြုံးလိုက်ကြပြီး၊ အိမ်တော်ထိန်းကျိုးပင် သက်ပြင်း ချလိုက်မိသည်။
ဖေးယီကျန့်မှာ လူကောင်းတစ်ယောက်မဟုတ်သော်လည်း သူ့သားမှာမူ လုံးဝကွဲပြားခြားနားသည်။ ယဉ်ကျေးသိမ်မွေ့ပြီး အသိဉာဏ်ရှိသည်။
ထို့နောက် အိမ်တော်ထိန်းသည် ဖေးယီကျန့်သာတစ်သက်လုံး ပြည်ပတွင် ကောင်းမွန်စွာနေထိုင်နိုင်သည်ဟု တွေးတောလာခဲ့သည်။ နန်ယု၏ပုံစံအရဆိုလျှင် ဖေးယွင်ကျင်းလေးနှင့် တစ် ယောက်တည်းနေရခြင်းကပင် လုံလောက်စွာပျော်ရွှင်နေသည်။
ထိုအတွေးနှင့်အတူအိမ်တော်ထိန်းကျိုး ဖေးယွင်ကျင်းအတွက် မနက်ဖြန်၌ မည်သည့် အရသာရှိပြီး အာဟာရဖြစ်စေမည့် အစားအစာများပြင်ဆင်ရမည်ကို အလျင်အမြန်စတင်စဉ်းစားခဲ့သည်။ ကလေးတစ်ဦးအား ပြုစုပျိုးထောင်ခြင်းမှာ အမှန်ပင်စိတ်ကျေနပ်ဖွယ် အတွေ့အကြုံတစ်ခုဖြစ်သည်။
နှစ်လနီးပါး ဂရုတစိုက်ကျွေးမွေးပြီးနောက် ဖေးယွင်ကျင်းသည် အခြားကလေးများနှင့် မည်သို့မျှကွဲပြားခြားနားပုံမရတော့ပေ။ အထူးသဖြင့် သူ့အရပ်နှင့် ကိုယ်အလေးချိန်တွင် ပိုမို သိသာလာသည်။ အဘယ်ကြောင့်ဆိုသော် သူ့ ရုပ်ရည်တွင် သိသိသာသာ အားသာချက်ရှိနေသေးသောကြောင့်ဖြစ်သည်။
ယခုလို ပျော်ရွှင်မှုကြောင့် သူ့သွားနှစ်ချောင်းအားမှေးမှိန်စွာ မြင်ရသည်မှာ ဖေးယွင်ကျင်းသည်ချစ်စရာကောင်းပြီး တောက်ပနေခဲ့သည်။
"ဒါနဲ့ မင်း ကျောင်းမှာ သူငယ်ချင်းအသစ်တွေရပြီလား"
နန်ယု ဖေးယွင်ကျင်း၏စိတ်မလုံခြုံမှုအား သူ့တွင်ပတ်ဝန်း ကျင်ကျဉ်းမြောင်းခြင်းကြောင့်ဟု သံသယရှိခဲ့သည်။
တစ်နှစ်တာကာလသည် ရှည်သည်လည်းမဟုတ်၊ တိုသည်လည်းမဟုတ်ပေ။ ဖေးယွင်ကျင်းတွင် သူငယ်ချင်းအနည်းငယ် ပိုများပါက သူမ ဒီလောက်ထိ စိတ်မကောင်းဖြစ်နေမည် မဟုတ်ပေ။
ဖေးယွင်ကျင်း ထိုမေးခွန်းကိုကြားသောအခါ မျက်မှောင် ကြုတ်လိုက်လေတော့သည်။
"မရဘူး၊ သူတို့အားလုံးက ဆူညံလွန်းတယ်"
ဒီကလေးက တကယ်ကိုအလိုမကျတတ်တာပဲ !!
နန်ယု ရယ်လိုက်သည်။
"တစ်ယောက်မှ မရှိဘူးလား၊ ရှောင်ကျင်း သူငယ်ချင်းကောင်းတချို့ ရှာကြည့်လေ၊ အရမ်းပျော်ရမှာနော်"
ဖေးယွင်ကျင်း ဆက်ခေါင်းခါနေသည်။
"ဒါဆို အန်တီမှာကော သူငယ်ချင်းကောင်းတွေရှိလား"
သူ့မျက်လုံးများထဲ အပြစ်ကင်းစင်မှုများပြည့်နေပြီး လေသံမှာလည်းရိုးသားခဲ့သည်။
ဟွန့်—
နန်ယု ရင်ဝအား အထိုးခံလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူမ အပြစ်ကင်းသောစကားများ၏ အဓိပ္ပာယ်ကိုချက်ချင်း ခံစားလိုက်ရသည်။
နန်ယုထဲ အမှန်တကယ် သူငယ်ချင်းကောင်းတစ်ယောက်မှ မရှိပေ။
တုကျောင်းကျောင်းနှင့် ရှုယီဝေတို့မှာ ထိုအမည်အောက် လုံးဝမပါဝင်နိုင်ပေ။ အခြားသူများမှာမူ သူ့မိသားစုနောက်ခံကြောင့်သာ မျက်နှာချိုသွေးနေခြင်းဖြစ်နိုင်သည်။
နန်ယု သူ့အရင် စိတ်ဆိုးဒေါသထွက်တတ်သော စရိုက်ကြောင့် အမှန်တကယ် သူငယ်ချင်းကောင်းများရရှိရန် ခက်ခဲခဲ့ကြောင်း သိသည်။ သူသာ မိသားစုနောက်ခံမရှိပါက မည်သူကမှ သူ့အားသည်းခံနိုင်မည်မဟုတ်ပေ။ ပုံမှန်လူများမှာ နှိပ်စက်မှုဒဏ်အား ခံစားလိုသောသူများမဟုတ်ကြချေ။
အခုကော ဘာလို့မရှိတာလဲ ??
သူ့ အပြစ် မဟုတ်ဘူးဟု နန်ယု ခံစားရသည်။
နန်ယု အကြောင်းပြချက်မရှိဘဲ ရင်ထဲနာကျင်မှုအား ခံစားလိုက်ရသည်။ သူ့ လက်ကိုဆန့်ထုတ်၍ ဖေးယွင်ကျင်းမျက်နှာအား ဖမ်းဆုပ်လိုက်သည်။
"ငါက လူကြီး၊ လူကြီးတွေက သူငယ်ချင်းမလိုအပ်ဘူး"
ထို့နောက် သူ မတ်တပ်ထရပ်ပြီး အိမ်တော်ထိန်းကျိုးဘက်သို့ လှည့်လိုက်သည်။
"ဦးလေးကျိုး၊ ကားပြင်လိုက်ပါ၊ ဒီနေ့ ရှောင်ကျင်းနဲ့ ကျွန်မ အပြင်ထွက်စားမယ်"
သူငယ်ချင်းမရှိသေးသည့်အတွက် သူ ကလေးအားအပြင်ခေါ်ကာ လောကကြီးကိုပြသရန် ဆုံးဖြတ်လိုက်သည်။ ကျယ်ပြန့် သောရှုထောင့်တစ်ခုသည် သိမ်ငယ်သောအခြေအနေများမှ ရုန်းထွက်ရန်ပိုမိုလွယ်ကူစေသည်။
ပေကျင်းမြို့တွင် ဧပြီလသည် ပြန်လည်မွေးဖွားခြင်း၏အချိန် အခါသမယပင်။
မိဘများစွာသည် ၎င်းတို့ကလေးများကို သဘာဝအလှတရားများအား နီးနီးကပ်ကပ်ခံစားစေရန်အတွက် စနေ၊ တနင်္ဂနွေရက်များတွင် အပြင်ထွက်လည်ပတ်ခြင်းနှင့် ပျော်ပွဲစားထွက်ခြင်းများပြုလုပ်တတ်ကြသည်။
ကြီးမားသော ဗီဒီယိုဂိမ်းခန်းမတစ်ခု၏ဝင်ပေါက်တွင် နန်ယု ဖေးယွင်ကျင်းအား ကြည့်လိုက်ပြီး သူ့မျက်လုံးများ ပြူးကျယ်လာကာ ဂုဏ်ယူစွာပြုံးလိုက်သည်။
"ဒီနေရာက အရမ်းကောင်းတယ်မလား ? ဒီနေ့ မင်းကို လောကကြီးကိုပြပေးမယ်"
ပျော်ပွဲစားထွက်တာက ဘာအကျိုးရှိမှာလဲ ??
ဖေးယွင်ကျင်းသည် သူတို့ဗီလာအိမ်ရှိ ကြီးမားသော ဥယျာဉ်ထဲတွင် ကစားနေခြင်းကိုပင်ငြီးငွေ့နေပေလိမ့်မည်။ ထို့အပြင် သူငယ်တန်းမှလည်း ၎င်းတို့ကလေးများကို အပြင်ထွက်လည် ပတ်ခြင်းများ မကြာခဏစီစဉ်ပေးတတ်သည်။
အစစအရာရာတွင် နန်ယု ဗီလာအိမ်ဝန်းမှာ ပန်းခြံကြီးတစ်ခုနှင့်လူလုပ်ရေကန်တစ်ခုကဲ့သို့ အားသာချက်ရှိသည်။
သင့်လျော်သောကာကွယ်မှုအစီအမံများ ပြုလုပ်ထားသရွေ့ စိုးရိမ်စရာမရှိပေ။
ထို့ကြောင့် နန်ယု အရာအသစ်တစ်ခုအား စမ်းရန်ဆုံးဖြတ်လိုက်သည်။
သူ ရှေ့ကောင်တာသို့ သွားရောက်ကာ ဂိမ်းဒင်္ဂါးအချို့ကိုလဲ လှယ်ခဲ့ပြီးနောက် ဖေးယွင်ကျင်အား ရိုးရိုးကြွက်ဖမ်း ဂိမ်းစက် ဆီသို့ ခေါ်ဆောင်သွားလေသည်။
၎င်းမှာ ဖေးယွင်ကျင်း အရပ်နှင့်အံကိုက်ဖြစ်သည်။ အဝေးဆုံးအမှတ်အချို့ကို သူ မမီနိုင်သော်လည်း ၎င်းသည် အရေးမကြီးပေ။
ပျော်ရွှင်မှုသည် ရလဒ်ထက်ပိုအရေးကြီးသည်။
နန်ယု ဖေးယွင်ကျင်း လက်ထဲသို့ တူတစ်ချောင်းကိုထိုးထည့်ပေးလိုက်ရာ ဖေးယွင်ကျင်း ဘာလုပ်ရမှန်းမသိဘဲ အူကြောင် ကြောင်ဖြစ်လျက် သူ့ကိုကြည့်နေတော့သည်။
မကြာမီ သီချင်းသံ စတင်ထွက်ပေါ်လာပြီး သူ့မျက်စိရှေ့တွင် ကြွက်ခေါင်းများ ပေါ်လိုက် ပုန်းလိုက်လုပ်နေသည်ကိုမြင်လိုက် ရသည့်အခါ ဖေးယွင်ကျင်း နေရာတွင်ကြက်သေသေသွားရတော့သည်။
"အန်တီ၊ အန်တီ"
လူများ ကြောက်ရွံ့လာသောအခါ သူတို့၏အနီးဆုံးသူများကို အလိုလိုခေါ်တတ်ကြသည်။ ထို့ကြောင့်ပင် ဖေးယွင်ကျင်း၏ စိတ်မှာ နန်ယုအပေါ်၌သာ အပြည့်အဝစူးစိုက်နေကြောင်း သိသာပေသည်။
"အား--"
ညင်သာသော သက်ပြင်းတစ်ချက်နှင့်အတူ ဖေးယွင်ကျင်းသည် မွှေးကြိုင်သောပွေ့ဖက်မှုတစ်ခုတွင် ပါဝင်သွားခဲ့ပြီး သူ့လက်သေးသေးလေးမှာ နန်ယူ၏လက်ကြီးကြီးတစ်စုံဖြင့် ဖုံးအုပ်ထားသည့် တူအားကိုင်ထားသည်။
"သတိထား!"
နန်ယု အော်လိုက်သည်။
"ပေါ်လာတဲ့ဟာတွေကို မြန်မြန်ရိုက်"
ဘန်း!
ရိုက်လိုက်သည်နှင့် မျက်နှာပြင်၏အလယ်ဗဟိုရှိ ရမှတ်မှာ သုညမှ တစ် သို့ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဖေးယွင်ကျင်း မတုံ့ပြန်ခင်မှာပင် နောက်ထပ်ကြွက်ရုပ်တစ်ခု ထွက်လာပြန်သည်။
ဘန်း--ဘန်း--ဘန်း!
ကလေးလေး မျက်နှာအမူအရာမှာ တဖြည်းဖြည်း စိတ်လှုပ်ရှားလာပြီး နန်ယု သူ့လက်အား ဖြည်းဖြည်းချင်းလွှတ်ပေးလိုက်သည်။
ဂိမ်းထဲတွင် လုံးဝနစ်မြုပ်နေပြီဖြစ်သော ဖေးယွင်ကျင်းသည် ထိုအရာအား သတိမထားမိဘဲ သူ့ကိုယ်တိုင်စတင်ကစားနေခဲ့သည်။ ပစ်မှတ်အားထိတိုင်း သူ ပြုံးရွှင်စွာ အားပေးစကား ပြောဆိုခဲ့သည်။
သူ လွဲချော်သောအခါ မျက်မှောင်ကြုတ်၊ နှုတ်ခမ်းကို ကိုက်ပြီး နောက်တစ်ကောင်အား ဆက်လက်ရိုက်ခဲ့သည်။
အချိန်ကုန်သွားသောအခါ ဂိမ်းရပ်တန့်သွားပြီး ဖေးယွင်ကျင်း သတိပြန်ဝင်လာခဲ့သည်။
"အန်တီ! ကျွန်တော် အများကြီးရိုက်လိုက်တယ်! အများကြီး!"
ဖေးယွင်ကျင်း သူ့တူကို အပေါ်အောက် ဝှေ့ယမ်းကာဝမ်းသာအားရဖြစ်နေသည်။
နန်ယု ချီးကျူးလိုက်သည်။
"တော်လိုက်တာ! ဒီတစ်ခုပဲ ဆက်ကစားချင်လား၊ ဒါမှမဟုတ် တခြားတစ်ခု စမ်းကြည့်ချင်လား"
ဆက်ကစားမလား ? ဒါမှမဟုတ် အသစ်ကစားလား ?
နန်ယု၏ရွေးချယ်ခိုင်းမှုမှာ ဖေးယွင်ကျင်းအား စက္ကန့်အနည်း ငယ်ကြာ တွေးတောစေခဲ့သော်လည်း သူသည် သူ့တူကိုအမြန်ချလိုက်သည်။
"အသစ်တစ်ခု စမ်းကြည့်ချင်တယ်"
သူ ဤဂိမ်းအား ယခင်ကကစားဖူးပြီး ပျော်စရာကောင်းကြောင်းကို သိထားသည်။ အကယ်၍ အခြားဂိမ်းများသာ ဒီလောက်မပျော်စရာမကောင်းခဲ့လျှင် သူ ပြန်လာကစား၍ ရသေးသည်။ ပိုကောင်းတဲ့အရာတစ်ခုခုရှိခဲ့ရင်တော့ နောင်တရစရာမရှိပေ။
သူမည်သည့်အရာကိုမဆို အမှန်အတိုင်းလက်ခံသော စရိုက်နှင့်အတူ ဖေးယွင်ကျင်း လူကြိုက်များသော အရုပ်ကောက်စက်ဆီသို့ နန်ယုနောက်မှလိုက်ပါသွားခဲ့သည်။
ဂိမ်းစက်ဒါဇင်နှင့်ချီ၍ နှစ်တန်းစီထားပြီး အများစုမှာ လူငယ်အမျိုးသားနှင့် အမျိုးသမီးများ၊ စုံတွဲများ သို့မဟုတ် အချစ်ဆုံးသူငယ်ချင်းများဖြင့် တန်းစီနေကြသည်။
တစ်စုံတစ်ဦးမှ အရုပ်တစ်ခုအားအောင်မြင်စွာ ကောက်လိုက်နိုင်သောအခါ မည်သူပင်ဖြစ်စေ ပျော်ရွှင်စွာအားပေးကြသည်။
နန်ယု လူမရှိသော ကောက်စက်တစ်ခုကိုရှာတွေ့ခဲ့ပြီး အနီးနားရှိ ဝန်ထမ်းတစ်ဦးအား ခုံပုလေးတစ်ခုတောင်းလိုက်သည်။
ကံမကောင်းစွာဖြင့် ကြွက်ဖမ်းဂိမ်းနှင့်မတူဘဲ ဤကစားစက်မှာ အနည်းငယ်မြင့်နေပြီး ဖေးယွင်ကျင်းအတွက်အနည်းငယ်စိန် ခေါ်မှုဖြစ်နေသည်။
ကံကောင်းစွာဖြင့် ဝန်ထမ်းများသည် အသိပညာရှိသော ကြောင့် ထိုပြဿနာမျိုးမှာ အဆန်းမဟုတ်ပေ။
မကြာမီ ဖေးယွင်ကျင်း ရုတ်တရက်မြင့်တက်လာသော အရပ် အမောင်းနှင့်အတူ ဂိမ်းစက်ထဲရှိ ချစ်စရာကောင်းသော အရုပ်များအား စူးစမ်းလိုစိတ်ဖြင့်ကြည့်နေခဲ့သည်။
"မင်း ဘယ်ဟာကြိုက်လဲ၊ ငါ မင်းအတွက် ကောက်ပေးမယ်"
ဖေးယွင်ကျင်း သူတို့အား တစ်ချက်ကြည့်လိုက်ပြီးနောက် အလယ်ရှိ အစိမ်းရောင်လိပ်ရုပ်ကိုလက်ညှိုးထိုးပြလိုက်သည်။
"ရှောင်ကျင်း ဒီတစ်ရုပ် ကြိုက်တယ်"
"ရတယ်"
နန်ယု ဖေးယွင်ကျင်းအား လက်မထောင်ပြလိုက်ပြီး ဂိမ်းဒင်္ဂါးကို ထည့်ကာကစားလိုက်သည်။
အရုပ်ကောက်လက်မှာ ဖြည်းဖြည်းချင်းဆင်းလာပြီး လိပ်ကို ဆွဲကိုင်ကာ ပြန်တက်သွားသည်။ ဖေးယွင်ကျင်း မျက်နှာလေးသည် မှန်အကာထက်ကျလုနီးပါးပင်။
သို့သော် တစ်စက္ကန့်အကြာတွင်
ဆတ်ခနဲ--
လိပ်မှာပြန်ကျသွားပြီး အရုပ်ကောက်လက်သည်လည်း မူလနေရာသို့ပြန်ရောက်သွားသည်။
ဖေးယွင်ကျင်း နှုတ်ခမ်းဆူလိုက်သည်။
"အန်တီ၊ လိပ်"
သူ အခြားသူများကစားတာကြည့်ဖူးပြီး လိပ်များမှာ အပွင့်နေရာထဲသို့ ကျမှသာပြန်ရနိုင်သည်ကိုသိသည်။ အခုတော့ လိပ်လေး မရှိတော့ပေ!
နန်ယု ညင်သာစွာ ချောင်းဟန့်လိုက်သည်။
"ဒါက ပုံမှန်ပါပဲ၊ ငါ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ကြိုးစားကြည့်မယ်၊ သေချာပေါက် ဖမ်းလို့ရမှာပါ"
ဖေးယွင်ကျင်းနှင့် စကားပြောသောအခါ သူမဖြစ်နိုင်ခြေသတ် မှတ်ချက်အားနားမလည်ခဲ့ပေ။ နန်ယု တစ်ကြိမ်မရလျှင် ဆယ်ကြိမ် သို့မဟုတ် အကြိမ်နှစ်ဆယ်သည် လုံလောက်မည်ဟု တွေးခဲ့သည်။
ယခုအချိန်တွင် ကလေးမှာအရေးမကြီးတော့ဘဲ လူကြီးတစ်ယောက်၏ဂုဏ်သိက္ခာသည်သာ အရေးကြီးလာခဲ့သည်။
ကိုးကြိမ်မြောက် ကြိုးစားမှု၊ ကျရှုံး။
ဆယ့်နှစ်ကြိမ်မြောက် ကြိုးစားမှု၊ ကျရှုံး။
မူလက အလယ်တွင်ရှိသော လိပ်မှာ အပေါက်နားသို့ရောက်နေပြီဖြစ်သော်လည်း အပေါက်ထဲသို့ ဝင်ရန်ငြင်းဆန်နေခဲ့သည်။
"အန်တီ၊ ထားလိုက်ပါတော့၊ ကျွန်တော် လိပ် မလိုချင်တော့ဘူး"
ဖေးယွင်ကျင်း နန်ယုအင်္ကျီစကို ဆွဲကာ စိုးရိမ်နေသော လူကြီးအား နောက်သို့ဆွဲထုတ်ရန် ကြိုးစားခဲ့သော်လည်း… .
"မဟုတ်ဘူး၊ မဖြစ်နိုင်တာ!"
သင့်ကံ မည်မျှပင်ဆိုးနေပါစေ၊ အကြိမ်များစွာ ကြိုးစားလျှင် တစ်ကြိမ်တော့အောင်မြင်ရမည်။ သို့မဟုတ် ဤစက်ကို အကြိမ်တစ်ရာတွင် တစ်ကြိမ်သာအနိုင်ရအောင် သတ်မှတ်ထားခြင်းလော။
ဒီလိုပဲ ဖြစ်ရမယ်! ဒီ လူလိမ်တွေ!
သူမလက်ထဲရှိ နောက်ဆုံး ဒင်္ဂါးပြားနှစ်ခုကို ကြည့်ပြီး နန်ယု တဖြည်းဖြည်းငြိမ်သက်သွားကာ သူ့ ခရီးစဉ်၏အဓိကရည် ရွယ်ချက်အား ပြန်လည်သတိရလိုက်သည်။
"ရှောင်ကျင်း၊ မင်း ကစားချင်လား၊ မင်း ခုလေးတင် သင်ထားတာပဲလေ၊ ဟုတ်တယ်မလား ??"
ဖေးယွင်ကျင်း တစ်စက္ကန့်လောက် တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
သူ လိပ်အားထပ်ရွေးလိုက်ပြီး သူ့လက်သေးသေးလေးဖြင့် တိုင်ပေါ်ရှိ ဘောလုံးဝိုင်းလေးကို ကိုင်ရန်ကြိုးစားလိုက်သည်။
သို့သော်…
သူ့လက်ထဲရှိ အစိမ်းရောင်လိပ်လေးအားကြည့်လိုက်သော အခါ နန်ယု မျက်နှာအမူအရာမှာ တစ်စက္ကန့်ကြာ ရပ်တန့်သွားခဲ့သည်။
ဖေးယွင်ကျင်း သူ တစ်ခုခု မှားယွင်းစွာပြုလုပ်မိပြီဟု စိုးရိမ်နေချိန်တွင် နန်ယုမျက်လုံးများ ရုတ်တရက်လင်းလာခဲ့သည်။
"ရှောင်ကျင်း~"
"ဗျာ၊ ဗျာ"
"ငါ အဲ့ဒီ ယုန်ကြီးကို လိုချင်တယ်!"
"အာ ရှောင်ကျင်း၊ ငါ အဲ့ဒီ ကျားလေးကိုလည်းလိုချင်တယ်၊ အဲ့ဒီသစ်ကုလားအုတ်လေးက အရမ်းချစ်စရာကောင်းတယ်၊ ပြီးတော့ တခြားဟာတွေရောပဲ…"
သူ့စတုတ္ထမြောက် မွေးနေ့အကြိုတွင် ဖေးယွင်ကျင်း ရှုပ်ထွေးသော လူကြီးတစ်ယောက်ဖြစ်လာသည်ဟုဆိုခြင်းမှာ ဘာကို ဆိုလိုကြောင်း ရုတ်တရက်သဘောပေါက်သွားခဲ့ရသည်။