← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

"အန်တီ၊ လီရီပိုင်က စန္ဒယားတီးတာ အရမ်းတော်တာပဲ!"

"အန်တီ၊ ရီပိုင်က နိုင်ငံခြားဘာသာစကားတွေလဲ ပြောတတ်တယ်! ဆရာမက သူ့ကို ဒီနေ့ ချီးကျူးခဲ့တယ်!"

"အန်တီ၊ ရှောင်ပိုင်..."

ဖေးယွင်ကျင်း နောက်ဆုံးတော့ သူငယ်ချင်းကောင်းတစ်ယောက်ရရှိသွားသည်။

အရွယ်ရောက်သူ တစ်ဦးအနေဖြင့် နန်ယု ပျော်ရွှင်သင့်ပေသည်။

သို့သော် ပြဿနာမှာ ထိုကလေးငယ်သည်...အလွန်အမင်း ပျော်ရွှင်နေခြင်းပင်။

အံ့အားသင့်စရာကောင်းသည်မှာ လီရီပိုင်အစားစားသည့်အခါ ပုစွန်ကိုပါကြိုက်တတ်သည်အထိ ဖေးယွင်ကျင်း သိနေခြင်းဖြစ်သည်။

ကာတွန်းကြည့်လျှင် လီရီပိုင် အယ်လ်ထရာမန်းကိုကြိုက်ကြောင်းပြောပြသည်။

နန်ယု စတော်ဘယ်ရီစားနေသည်ကိုမြင်သောအခါ အသနားခံသည့်မျက်လုံးများဖြင့်မေးလာသည်။

“အန်တီ၊ ရှောင်ပိုင်က စတော်ဘယ်ရီကြိုက်တယ်၊ မနက်ဖြန် သူ့ကို နည်းနည်းယူသွားပေးလို့ရလား”

ဖေးယွင်ကျင်း၏တစ်နေ့တာ စကားဝိုင်းများမှာ ယခုအခါ လီရီပိုင်အကြောင်းများဖြင့်သာပြည့်နှက်နေတော့သည်။

နန်ယု- "..."

"ယူသွား၊ ယူသွား၊ မနက်ဖြန် ဦးလေးကျိုးကို ထုပ်ခိုင်းလိုက်"

နန်ယု စတော်ဘယ်ရီလေးတွေ ငါတောင် စားရသေးတာ မဟုတ်ဘူးဟုစိတ်ထဲမှ တွေးမိရင်း အနည်းငယ်မနာလိုစိတ်ဝင်သွားခဲ့သည်။

သို့သော် ပျော်ရွှင်နေသော ဖေးယွင်ကျင်းကိုမြင်သောအခါ ထိုစိတ်အားလျစ်လျူရှုလိုက်သည်။

ကလေးနှစ်ယောက် ပျော်ရွှင်နေသည်ကိုမြင်ရသောအခါ နန်ယု အိမ်တော်ထိန်းကျိုးအား နေ့စဉ် အပိုမုန့်နှင့် သစ်သီးများပြင် ဆင်ခိုင်းတော့သည်။ ထို့အပြင် ဖေးယွင်ကျင်းကိုလည်း လီရီပိုင်နှင့်အတူ ကျောင်းမှအတူတူပြန်လာရန် ပြောခိုင်းခဲ့သည်။

အိမ်နီးချင်းများဖြစ်သည့်အတွက် ကျောင်းကြို၊ ကျောင်းပို့လုပ်ရသည်မှာလည်း အလွန်အဆင်ပြေသွားသည်။

ဖေးယွင်ကျင်း ပြောစကားအရ လီရီပိုင်၏မိဘနှစ်ဦးစလုံးမှာ နိုင်ငံခြားတွင်ရှိပြီး ၎င်းသည် အိမ်တွင် အစ်ကိုဖြစ်သူနှင့်သာ နေထိုင်ကြောင်းသိရသည်။ အစ်ကိုဖြစ်သူမှာ အလုပ်အလွန်များသောကြောင့် သူ့အား အများအားဖြင့် လက်ထောက်တစ်ဦးနှင့် ကလေးထိန်းတစ်ဦးတို့ကသာ ဂရုစိုက်ရသည်။

ထိုသို့သေးငယ်သော ကိစ္စလေးတစ်ခုကြောင့် အိမ်နီးချင်းများမှလက်ဆောင်များယူကာ လာရောက်လည်ပတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"မင်္ဂလာပါ"

သူမရှေ့တွင် ရပ်နေသောအသက်နှစ်ဆယ်ကျော်အရွယ် အမျိုး သားမှာ လီရီပိုင်၏အစ်ကို လီယွမ်မိုပင်။

သူသည်လည်း လူမျိုးစပ်တစ်ယောက်ဖြစ်သော်လည်း လီရီပိုင် ၏ချစ်စရာကောင်းသည့် အသွင်နှင့်မတူဘဲ သူ့မျက်နှာမှာမူ တင်းမာခက်ထန်နေသည်။

သူ့မျက်နှာပေါ်ရှိ အစိတ်အပိုင်းတိုင်းမှာ ပြီးပြည့်စုံသောအချိုး အစားများနှင့် ထက်မြက်ပြတ်သားသော ရုပ်သွင်များရှိနေ သည်။ သို့သော် တစ်ခုတည်းသောကွဲပြားမှုမှာ သူ့မျက်ခုံးရိုးပေါ်တွင် ထက်သောအရာတစ်ခုဖြင့် ခြစ်မိခဲ့သကဲ့သို့သော သေးငယ်သည့် အမာရွတ်တစ်ခုသာရှိနေခြင်းသာ။

ယခု နန်ယု ရှေ့တွင် ရပ်နေသော ထိုအမျိုးသား၏အရပ်အ မောင်းနှင့် ကိုယ်လုံးကိုယ်ထည်မှာ ခန့်ညားပြီး ခိုင်မာသည့် အသွင်ကိုဆောင်နေသည်။

ဒီလူ ကြီးပြင်းဖို့ ဘာတွေစားခဲ့တာပါလိမ့် ? သူ အရမ်းအရပ်ရှည်လွန်းတယ်။

တစ်မီတာနှင့် ၆၅ စင်တီမီတာရှိသော သူမသည်ပင် သူ့ရှေ့တွင် ကလေးတစ်ယောက်ပမာခံစားရပြီး သူ့အားကြည့်ရန်မော့နေရသည်။

သို့သော် ထိုအမည်အား ရင်းနှီးနေပုံရသည်။

"ကျွန်တော့်ညီလေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လီယွမ်မို ထိုစကားအားအေးစက်သော မျက်နှာဖြင့် အေးစက်စွာ ပြောဆိုလိုက်သည်။ သူ့ကျေးဇူးတင်စကားမှာ ရှင်းလင်းပြတ်သားသော်လည်း သူ့မျက်နှာပေါ်တွင်မူ အပြုံးတစ်စွန်း တစ်စမျှမရှိပေ။ ကံကောင်းထောက်မစွာဖြင့် နန်ယုသည်ကြည့်ကောင်းသောသူများအပေါ် အမြဲပိုမိုခွင့်လွှတ်တတ်သူဖြစ်သောကြောင့် ထိုအချက်အား ဂရုမစိုက်ခဲ့ပေ။ သူ ပုံမှန်အားဖြင့် ထိုသို့ဖြစ်ပုံရသည်ဟုလည်း သူမ ကောက်ချက်ချလိုက်သည်။

"ရပါတယ်၊ ရပါတယ်၊ ရှင့်ညီနဲ့ ယွင်ကျင်းက သူငယ်ချင်းတွေဖြစ်နေပြီဆိုတော့ ဒီကိစ္စတွေက သာမန်ပါပဲ"

နေပါဦး၊ ငါ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ ??

နန်ယု ကိုယ့်ကိုယ်ကို ညည်းတွားနေသည်။

သူ့ လည်ပင်းသည်လည်း မော့ကြည့်ရလွန်းသဖြင့် နာကျင်လာသောကြောင့် သူ့အားပြောလိုက်သည်။

"ထိုင်ပါ၊ ထိုင်ပါ၊ မတ်တပ်ရပ်မနေပါနဲ့"

လီယွမ်မို တွန့်ဆုတ်ခြင်းမရှိဘဲဝင်လာပြီး လူလေးယောက်စလုံး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ထိုင်လိုက်ကြပြီးနောက်တွင်မူ မည်သူမျှ စကားမစဘဲ တောင့်တင်းသော တိတ် ဆိတ်မှုမှာ လွှမ်းမိုးနေတော့သည်။

ထိုသို့သော အခြေအနေကို လီရီပိုင် ဖေးယွင်ကျင်းအား မျက် လုံးတစ်ဖက် မှိတ်ပြရင်းဖြိုခွဲလိုက်သည်။

"ဒါနဲ့ ငါ့ကောက ကြောက်စရာကောင်းတယ် ဟုတ်တယ်မလား"

"အရမ်းကြောက်စရာကောင်းတယ်!"

"အော်၊ မစ္စတာလီ၊ လက်ဖက်ရည်သောက်ပါဦး"

"ကျေးဇူးတင်ပါတယ်"

"ရီပိုင်၊ သစ်သီးစားဦး"

"ကျေးဇူးတင်ပါတယ်၊ ကျဲ"

နန်ယု- "..."

ဒါဆို မင်းတို့က ငါ ရှက်နေတာကို ကြည့်ဖို့လာကြတာလား?

"မစ်နန်၊ စိတ်အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ရီပိုင်နဲ့ ကျွန်တော် အခုပြန်ပါတော့မယ်"

ထိုင်တာတစ်မိနစ်ပင် မပြည့်သေးခင်မှာပင် လီယွမ်မိုသည်မပြန်ချင်သေးသည့် လီရီပိုင်အား ခေါ်ဆောင်ကာ ထပြီးထွက်ခွာသွားတော့သည်။

နှစ်မိနစ်အကြာမှာတော့ နန်ယုနှင့် ဖေးယွင်ကျင်းတို့ ဆိုဖာပေါ်တွင် အချင်းချင်း တိတ်ဆိတ်စွာကြည့်လိုက်ကြသည်။

နန်ယု- "ရီပိုင်ရဲ့ကောက တော်တော်အထင်ကြီးစရာကောင်းတာပဲ"

စကားလုံးတိုင်းရဲ့အဓိပ္ပာယ်ကိုက မယုံနိုင်စရာပဲ။

ဖေးယွင်ကျင်းကတော့ သူ့စကားနောက်ကွယ်မှ အဓိပ္ပာယ်အား သဘောမပေါက်ဘဲ အတည်ပေါက်ခေါင်းညိတ်လာသည်။

"ရှောင်ပိုင်လည်း ဒီလိုပဲ ပြောတယ်"

"သူ့အစ်ကို အိမ်ကနေထွက်ပြေးခဲ့ပြီး ပိုက်ဆံမရှိလို့ ဘလက်ဘောက်စင် (black boxing) လုပ်ခဲ့တယ်တဲ့"

(T/N - black boxing က တော်တော်များများသိမယ်ထင်ပါတယ်၊ တရားမဝင်လက်ဝှေ့ပွဲပါ။)

နန်ယု- "???"

ရှောင်ကျင်း၊ မင်း ခုနက မယုံနိုင်စရာတစ်ခုခုပြောလိုက်တာလား၊ လီရီပိုင်က မင်းကို အဲ့ဒါကိုတောင် ပြောပြခဲ့တာလား ??

ဒါပေမဲ့ black boxing ကနိုင်ငံခြားမှာ လူကြိုက်များပြီးအဖြစ်များတယ်လို့ ကြားဖူးတာပဲ။ လီယွမ်မိုရဲ့ ခန္ဓာကိုယ်ကိုကြည့်ရတာ အံ့ဩစရာမရှိတော့ဘူး...

သူက တကယ်ကို ကလေးတစ်ယောက်ကိုလက်သီးတစ်ချက်ဘတည်းနဲ့ လဲကျသွားအောင် ထိုးနိုင်တဲ့ အမျိုးအစားပဲ။

"အန်တီ၊ black boxing ဆိုတာ ဘာလဲ၊ ရန်ဖြစ်တာပဲလား ? ရန်ဖြစ်ပြီး ပိုက်ဆံရှာလို့ရလား"

ဖေးယွင်ကျင်း၏မေးခွန်းများစွာကို ရင်ဆိုင်ရသောအခါ နန်ယု ရှက်စရာကောင်းသော လူကြီးများ၏ရှောင်လွှဲသော စကားကိုသာ အသုံးပြုလိုက်တော့သည်။

"မင်း အရွယ်ရောက်လာရင် သိလိမ့်မယ်!"

ဖေးယွင်ကျင်း ထိုအဖြေအား မကျေမနပ်ဖြစ်နေတာရှင်းသည်။ သို့သော် ဉာဏ်ရှိစွာပင် ထပ်မံဖိအားမပေးတော့ပေ။

"မနက်ဖြန် ရှောင်ပိုင်ကို မေးကြည့်မယ်"

ရှောင်ပိုင်သည် အရာရာကိုသိသောကြောင့် ဖေးယွင်ကျင်း သူ့အားမသိစိတ်မှပင် အားကိုးရာဆရာတစ်ယောက်ကဲ့သို့သဘော ထားနေမိပြီဖြစ်သည်။

ထိုညတွင် အိပ်ရာပေါ်၌ လဲလျောင်းရင်း နန်ယု “နန်ယု” ၏ မှတ်ဉာဏ်များအား အမြဲလိုလို ပြန်သုံးသပ်နေရင်း ရုတ်တရက် ထိုင်လိုက်သည်။ သူ “လီယွမ်မို” ဆိုသည့် နာမည်အား အဘယ့် ကြောင့် ရင်းနှီးနေရသည်ကို နောက်ဆုံးတွင်နားလည်သွားခဲ့သည်။

ထိုသူသည် သူမဖတ်ခဲ့သော စာအုပ်ထဲတွင် မပါဝင်ခဲ့သော် လည်း နန်ယုမှတ်ဉာဏ်များထဲတွင် ပါဝင်နေသော ဇာတ်ကောင်တစ်ဦးဖြစ်နေသည်။

သုံးနှစ်ကြာပြီးနောက်... မဟုတ်ဘူး၊ သုံးနှစ်မပြည့်ခင်က။

ဖေးယီကျန့်စီးလာသော လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ လူသုံးဆယ့်ခြောက်ဦးစလုံး သေဆုံးခဲ့ရသည်။

ထိုသူများထဲတွင် ဖေးမိသားစု၏ခေါင်းဆောင် ဖေးယီကျန့်သည် အထင်ရှားဆုံးဖြစ်သော်လည်း လီယွမ်မို၏နာမည်သည်လည်း သေဆုံးသူစာရင်း၌ပါဝင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှ နောက်ပိုင်းနှစ်နှစ်အတွင်းတွင် အသိဉာဏ်တု (AI) နည်းပညာကိုအထူးပြုသော “မိုပိုင်” အမည်ရှိ ကုမ္ပဏီသစ်တစ်ခုထွက်ပေါ်လာခဲ့သည်။

နှစ်နှစ်ကျော်အတွင်းမှာပင် ထိုကုမ္ပဏီသည် ဝန်ထမ်းဒါဇင်ပေါင်းများစွာမှရာကျော်အထိ ကြီးထွားလာခဲ့ပြီး စက်မှုလုပ် ငန်းတစ်ခုလုံး၏အလားအလာမှာလည်းကောင်းမွန်လှသည်။ အဓိကရင်းနှီးမြှုပ်နှံသူများစွာမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး လေယာဉ်ပျက်ကျမှုမဖြစ်ပွားခင်ကပင် ကုမ္ပဏီသည် IPO (ရှယ်ယာရောင်းချရန်) အတွက် စာရွက်စာတမ်းများအား ပြင်ဆင်နေခဲ့သည်ဟု သိရသည်။

ထိုအချိန်က စီးပွားရေးအားစိတ်မဝင်စားသော နန်ယုပင် ဤကုမ္ပဏီအကြောင်းကိုကြားဖူးခဲ့သည်။ သို့သော် ဝတ္ထုထဲတွင်မူ ထိုကုမ္ပဏီနှင့် လီယွမ်မိုတို့သည် ဖေးယွင်ကျင်း၏ရှုထောင့်မှဖြစ်စေ၊ နောက်ပိုင်းဇာတ်ကြောင်းတွင်ဖြစ်စေ လုံးဝဖော်ပြခြင်း မရှိခဲ့ပေ။

သူ့သေဆုံးမှုကြောင့် တစ်ချိန်ကအလားအလာရှိခဲ့သော ထိုကုမ္ပဏီမှာ ကျဆုံးသွားပြီး အဆုံးတွင် ရှယ်ယာရှင်များမှခွဲဝေယူသွားခဲ့ကြပုံရသည်။

လီရီပိုင်ကရော ?

သူ အဲ့ဒီလေယာဉ်ပေါ်မှာ ပါသွားခဲ့တာလား ??

နန်ယု မျက်မှောင်ကြုတ်လိုက်မိသည်။ “နန်ယု” ၏ မှတ်ဉာဏ်များအရ ဖေးယီကျန့်အားဆုံးရှုံးရသော ဝေဒနာကြောင့် သူမသည် အခြားမည်သူ့ကိုမျှဂရုမစိုက်နိုင်ခဲ့ပေ။

အမှောင်ဖုံးနေသောအခန်းထဲ နန်ယု သူ့ မျက်လုံးများမှာတစ်နေရာတည်းအား စိုက်ကြည့်ရင်းအတိတ်ကိုပြန်စဉ်းစားနေခဲ့ သည်။

သူ့ယခင်ဘဝတွင် ဖေးယီကျန့်၏လေယာဉ်ပျက်ကျမှုမှာ အကြီးအကျယ် ဂယက်ရိုက်ခဲ့သည်။ သို့သော် လေယာဉ်သည် ပင်လယ်ထဲသို့ တိုက်ရိုက်ထိုးကျသွားသောကြောင့် အရေးပါသည့် Black Box အားလုံးဝရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် မတော် တဆမှုနှင့် ပတ်သက်၍ သီအိုရီများစွာကျန်ခဲ့ပြီး မည်သည့်အဖြေမှ တိကျရေရာခြင်းမရှိခဲ့ပေ။

ဖေးမိသားစုနှင့် နန်မိသားစုတို့မှ အမှန်တရားအားဖော်ထုတ်ရန် များစွာအားထုတ်ခဲ့ကြသော်လည်း မည်သည့်အရာမျှထုတ် ဖော်မရရှိခဲ့ပေ။ ဝတ္ထုထဲတွင်လည်း ထိုအကြောင်းအရာကို ခေတ္တမျှသာဖော်ပြခဲ့ပြီး အမှန်တရားနှင့်ပတ်သက်သည့် ထုတ်ဖော်မှုများအား ထပ်မံလုပ်ဆောင်ခြင်းမရှိတော့ပေ။

ဖေးယီကျန့်၏သေဆုံးမှုမှာ ဖေးယွင်ကျင်း ဆင်းရဲဒုက္ခအတွက် အကြောင်းပြချက်တစ်ခု ဖြစ်နေသကဲ့သို့ပင်။

အဘယ်ကြောင့်ဆိုသော် ဖေးယီကျန့်သာ မသေဆုံးခဲ့လျှင် နန်ယုသည်လည်း ရူးသွပ်သွားမည်မဟုတ်ပေ။ ဖေးယွင်ကျင်းမှာလည်း အများဆုံး လျစ်လျူရှုခံရမည်ဖြစ်ပြီး အရွယ်ရောက်လာသောအခါ ဝတ္ထုထဲခံစားခဲ့ရသော နှိပ်စက်မှုများအားရှောင် ရှားနိုင်ကာ ကလေးထိန်းလက်မှလွတ်မြောက်နိုင်မည်ဖြစ် သည်။

ထိုသို့ဖြစ်လာမည်ဟုယူဆထားသော နန်ယုသည် မူလကအဆိုပါနေ့၊ အဆိုပါအချိန်ဝန်းကျင်ရှိ လေယာဉ်အားလုံးအား စင်းလုံးငှားရန်စဉ်းစားခဲ့သည်။

ငွေကြေးရှိပါက ထိုသို့လုပ်ဆောင်ရန် မခက်ခဲသလို၊ လူဒါဇင်များစွာ၏အသက်အား ကယ်တင်ခြင်းမှာ ကြီးမားသောကုန် ကျစရိတ်တစ်ခုမဟုတ်ဘဲ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။

သို့သော် ထိုအစီအစဉ်သည် လေယာဉ်ပျက်ကျမှုမှာ မတော်တ ဆမှုတစ်ခုသာဖြစ်သည်ဟု ကြိုတင်ယူဆထားသောကြောင့်သာဖြစ်သည်။ အကယ်၍ ၎င်းမှာ လူလုပ်ဖြစ်ပြီး ဖေးယီကျန့် သို့မဟုတ် လီယွမ်မိုသည် ပစ်မှတ်ဖြစ်ခဲ့ပါက လေယာဉ်များ စင်းလုံးငှားခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။

ထိုအဖြစ်အပျက်နောက်ကွယ်မှလူသည် အလွန်ရက်စက်ရပေမည်။ လေယာဉ်တစ်စင်းလုံးကို ၎င်းတို့နှင့်အတူ ခေါ်ဆောင် သွားခြင်းမှာ ရန်သူအားသတိပေးပြီး မိမိကိုယ်ကိုအန္တရာယ်ဖြစ်စေနိုင်သောကြောင့်ပင်။

ဟင်း...

ရှည်လျားသည့် သက်ပြင်းချသံမှာ ဗလာနတ္တိ အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။

ဝတ္ထုက ဝတ္ထုပဲ၊ ဝတ္ထုဆီက အရိပ်အမြွက်တွေနဲ့ မှတ်ဉာဏ်တွေကိုပြန်အမှတ်ရနေပေမယ့်လည်း ငါ အရာအားလုံးမသိနိုင်ဘူး။

ငါ အခုချလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုက အနာဂတ်မှာအများကြီးသက်ရောက်မှုရှိနိုင်တယ်။

ချမ်းသာတဲ့တတိယမျိုးဆက်က လူဘော်ကြော့တစ်ယောက်လိုနေထိုင်ဖို့ ဘာ့ကြောင့် ဒီလောက်တောင်ခက်ခဲနေရတာလဲ ?

အချိန်ကုန်လွန်သွားပြီး ဧပြီလအလယ်ပိုင်းသို့ရောက်လာသည်။

နေသာသော စနေ၊ တနင်္ဂနွေပိတ်ရက်ဖြစ်သော်လည်း ဖေးယွင်ကျင်း မနက်အစောကြီးအပြင်ထွက်ကာ ဘေးအိမ်မှ လီရီပိုင်နှင့်ပျော်ပါးနေခဲ့သည်။ နန်ယု သူ့အား မည်သို့မျှဂရုမစိုက်တော့ပေ။

ကလေးတွေပြေးလွှားဆော့ကစားတာက ပုံမှန်ပင်။ ဒီနေရာမှာ လုံခြုံရေးနှင့် စောင့်ကြည့်ရေးမှာ အရမ်းတင်းကျပ်နေသလို ဖေးယွင်ကျင်းမှာလည်း အသုံးအဆောင်ပစ္စည်းလေးတွေရှိနေသဖြင့် သူ့ဘေးကင်းရေးအတွက် စိုးရိမ်စရာမလိုဘူးဟု နန်ယု တွေးလိုက်သည်။

နန်ယု ဥယျာဉ်ထဲရှိ လွှဲကုလားထိုင်ပေါ်တွင် ပျင်းရိစွာ တစ်ဝက်လောက်လဲလျောင်းနေသည်။ ထိုမနက်မှ နန်မိသားစု၏ ဥယျာဉ်ခြံမှ ပို့ပေးလိုက်သော သဘာဝသစ်သီးများကိုစားရင်း၊ နွေးထွေးသော လေညှင်းအားခံစားနေသည်။ သူမ မည်သည့်အချိန်တွင်မဆို အိပ်ပျော်သွားတော့မလိုပင် ခံစားနေရသည်။

"ဂတ်"

“အင့်” ဟုဆိုကာ သူမ၏တစ်ဝက်ပိတ်နေသော မျက်လုံးများ အနည်းငယ် ပွင့်ဟလာသည်။

ငါ ဘဲသံကြားလိုက်တာလား ? မဖြစ်နိုင်တာ... ဗီလာနားမှာ ဘဲက ဘယ်လိုလုပ်ရှိနိုင်မှာလဲ ?

နန်ယု တွေးနေရင်း မျက်လုံးများအားပြန်မှိတ်လိုက်သည်။

"ဂတ် ဂတ် ဂတ် ဂတ် ဂတ်"

အိုး... ဒီတစ်ကြိမ်တော့ တကယ်အကြားအာရုံလွဲမှားတာ မဟုတ်တော့ချေ။

နန်ယု အံ့သြစွာထထိုင်လိုက်ပြီး ပတ်ပတ်လည်အားလှည့်ကြည့်လိုက်သည်။ သူ တွေးနေတုန်းမှာပင် သေးငယ်သောပုံရိပ်တစ်ခုသည် ရှေ့တံခါးသို့ ရုတ်ချည်းပြေးဝင်လာသည်။

"အန်တီ! ကြည့်!"

၎င်းမှာ စိတ်လှုပ်ရှားနေသော ဖေးယွင်ကျင်းပင်။

သူ့လက်ထဲမှ သတ္တဝါလေးမှာ အဖြူရောင်အမွှေးအတောင်များ၊ ပြားချပ်သော နှုတ်သီးနှင့် ရေကူးခြေထောက်များ ပါရှိရာ ထိုသည်မှာ ဘဲတစ်ကောင်မဟုတ်ပါလား ?

"ဒါ ဘဲလေ! ရှောင်ပိုင် ခုလေးတင်မွေးထားတာ၊ အရမ်းချစ်ဖို့ကောင်းတယ်မလား"

ဖေးယွင်ကျင်း စိတ်လှုပ်ရှားမှုကြောင့် အမြန်ပြောလိုက်သည်။

"ကျွန်တော် ဒါကို အန်တီအတွက် အထူး ရှောင်ပိုင်ဆီကနေငှားလာခဲ့တာ!"

နန်ယု- "...ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"

တခြားဘဲများနှင့် နှိုင်းယှဉ်ပါက ထိုဘဲလေးသည် ပိုမိုချစ်စရာကောင်းပြီး ပိုဖြူကာပိုသေးငယ်သည်။ ၎င်းမှာ လုံးဝကြီးပြင်းသေးပုံမရသော ဘဲပေါက်စလေးစစ်စစ်ဖြစ်ပြီး၊ ထို့ကြောင့်လည်း ဖေးယွင်ကျင်း ကိုင်ထားနိုင်ခြင်းဖြစ်သည်။ ၎င်းသည် ယခုနှစ်များအတွင်း အွန်လိုင်းတွင် ရေပန်းစားသော “Call duck” ဖြစ်နိုင်သည်။ ဈေးနှုန်းမှာ ဒေါ်လာထောင်ပေါင်းများစွာ ရှိသည်ဟု ဆိုသော်လည်း၊ မည်သို့ပင်ဆိုစေ ဘဲတစ်ကောင်သာ ဖြစ်သည်။

ဖေးယွင်ကျင်း ငယ်သေးသောကြောင့် ထိုဘဲပေါက်စလေးအား ဒီအထိသယ်လာရသည်မှာ ပင်ပန်းနေမည်ဖြစ်သည်။ သူသည် ကိုယ်ကို ကိုင်းညွတ်ကာ ဂရုတစိုက် ချပေးလိုက်ပြီး နန်ယုအား ပို၍နီးကပ်စွာ ကြည့်ခိုင်းရန် လုပ်လိုက်စဉ် မမျှော်လင့်သော အရာတစ်ခု ဖြစ်လာသည်။

"ဝူး! အန်တီ!"

"ဂတ်! ဂတ်! ဂတ်!"

နန်ယု- "...?"

ဖေးယွင်ကျင်းအား ဘဲမှ ရုတ်တရက်လိုက်နေသည်ကို မြင်သဖြင့် နန်ယု မရယ်ဘဲမနေနိုင်တော့ပေ။

"ဟားဟားဟား၊ ဟားဟားဟား!"

ဒါ ဘာလို့ ဒီလောက်တောင် ရယ်စရာကောင်းနေရတာလဲ!

ဖေးယွင်ကျင်း သူ့ခြေတိုလေးများဖြင့် ရှေ့ကိုပြေးနေပြီး ဘဲပေါက်စလေးမှာ သူ့နောက်မှ အတောင်ပံများအား ခတ်ရင်း လိုက်နေသည့် မြင်ကွင်းသည် ဂန္တဝင် ကြောင်နှင့်ကြွက် မြင် ကွင်းတစ်ခုလိုပင်။

ဒီလိုလုပ်တာ မကောင်းပေမယ့်လည်း တကယ်ကို...

"ဟားဟားဟား!"

ဥယျာဉ်လမ်းတစ်လျှောက်တွင် အကူအညီတောင်းသံ၊ ဘဲသံနှင့် ရယ်သံများ ရောနှောကာအသက်ဝင်လို့နေသည်။

ခုနကရှိနေတဲ့ ဦးလေးကျိုးကရော ဘယ်ရောက်သွားတာလဲ ?

နန်ယု အေးအေးဆေးဆေး နားယူလို၍တခြားအလုပ်သမားများအား အရင်ကတည်းကပြန်လွှတ်ထားခဲ့သည်။ အကယ်၍ ဦးလေးကျိုးသာ ဒီမှာရှိနေသေးပါက ဖေးယွင်ကျင်းအားချက် ချင်းကူညီရန် ပြေးလာပေလိမ့်မည်။

ထို့ကြောင့် ယခုအခါ ဥယျာဉ်တစ်ခုလုံးတွင် လူနှစ်ယောက်နှင့် ဘဲတစ်ကောင်သာ ရှိသည်။ သို့သော် ထိုမျှဆူညံသံများကြောင့် တစ်စုံတစ်ယောက်တော့ မကြာမီ ရောက်လာမှာသေချာသည်။

"အန်တီ! ကူညီပါဦး!"

"ဂတ်၊ ဂတ်!"

မျက်ရည်များဝဲလာသည်အထိရယ်မောနေသော နန်ယု ဗိုက်အားပွတ်သပ်ရင်း ဖေးယွင်ကျင်းဆီ ဖြည်းဖြည်းချင်းလှမ်းသွားသည်။ ရယ်မောရလွန်းလို့လား၊ လွှဲကုလားထိုင်ပေါ်တွင် ကြာကြာထိုင်နေမိလို့လားတော့ မသိ၊ သူ့ ခြေထောက်များမှာ အနည်းငယ် အားနည်းနေသည်။

"သခင်မလေး!"

သူမ နောက်ကျောဘက်မှ ဦးလေးကျိုး၏ စိုးရိမ်တကြီးအသံ ထွက်ပေါ်လာသည်။

"ကျွန်မ သိပါတယ်၊ ရပါတယ်၊ ပြေးတာက ကျန်းမာရေးအ တွက်ပိုကောင်းပါတယ်၊ ဘဲက... အရမ်း... အရမ်းသေး.."

နန်ယု သူ့ စကားဆုံးအောင် မပြောနိုင်ခဲ့ပေ။

လှည့်ကြည့်လိုက်သောအခါ ဦးလေးကျိုးဘေးတွင် မတ်တပ်ရပ်နေသူ တစ်ယောက်အားတွေ့လိုက်ရသည်။

ထိုပိန်သွယ်သော ပုံသဏ္ဌာန်မှာ သူမ၏ စျေးပေါသောခင်ပွန်းနှင့်အဘယ့်ကြောင့်တူနေရသနည်းလဲ ?

နန်ယု အကြည့်မှာ ဖြည်းဖြည်းချင်းမော့တက်သွားကာ နောက် ခံအလင်းရောင်ကြောင့် သေချာစွာမမြင်ရသော ပုံရိပ်တစ်ခုနှင့် မျက်လုံးချင်းဆုံသွားသည်။ ထိုသူမှာဖေးယီကျန့်ဖြစ်နေသည်။

နေပါဦး! သူက သူ့သားကို သူ့အဖေရှေ့မှာ အနိုင်ကျင့်နေမိတာလား ?

All Chapters