အခန်း (၁၈)
Vol. 2 Ch. 18
သူ နန်ကျီအားဆွဲပြီး အန်းနင်၏မျက်နှာချင်းဆိုင်၌ ထိုင်ခိုင်း လိုက်သည်။ ထို့နောက် သူ ရှည်လျားသည့် အစည်းအဝေးစားပွဲ ၏ အဓိကနေရာအားယူလိုက်သည်။ သူတို့သုံးယောက်တည် ငြိမ်သည့် တြိဂံပုံစံလို ဖြစ်ပေါ်နေသောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သည် အစည်းအဝေးတစ်ခုလုပ်နေသကဲ့သို့ပင်။
“ကဲ”
အစည်းအဝေးမှူး နန်ယု သူ့လက်များကို ပုတ်လိုက်သည်။
“မေးခွန်းတွေ ရှိလား ? တစ်ယောက်ချင်းစီ မျက်နှာချင်းဆိုင် ပြောကြစို့၊ ဒီနည်းနဲ့မှ တစ်ယောက်ယောက်က ညဘက်နောက်ကျတဲ့ထိ အရက်တွေသောက်ပြီး အရူးလိုပြုမူမှာ မဟုတ်တော့ဘူး”
နန်ကျီ- “ယုယု!”
သူ့ကို မျက်နှာသာနည်းနည်းပေးပါဦး၊ အန်းနင်ရဲ့ရှေ့မှာ အဲ့လို မပြောပါနဲ့!
နန်ယု ဂရုမစိုက်ပေ။ သူ ထိုအရာကို ပြောပြီးနောက်၌တိတ် ဆိတ်သွားပြီး ထိုသူနှစ်ဦးထဲမှ မည်သူအရင်ပြောမည်ကိုစောင့်နေသည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ အန်းနင် အရင်ပြောလိုက်ခြင်းပင်။
“တကယ်တော့ ပြောစရာသိပ်မရှိပါဘူး၊ နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ ဒါ အချစ်ဇာတ်လမ်းတစ်ခုအဆုံးသတ်သွားရုံပါပဲ ”
အန်းနင် သူ့လက်ကောက်ဝတ်ပေါ်မှ ကြိုးနီလေးအား မသိစိတ်နှင့်ထိလိုက်သည်။ သူ့ မျက်လုံးများမှာ နန်ကျီထံမရှိဘဲ အစည်း အဝေးစားပွဲ၏အလယ်မှ အိုးနှင့်စိုက်ထားသည့် အပင်ပေါ်၌ ရှိနေသည်။
နန်ကျီ လက်မခံနိုင်ပေ- “အချစ်ဇာတ်လမ်းတစ်ခုအဆုံးသတ်သွားရုံပဲတဲ့လား ?"
"အန်းနင်! မင်း တကယ် အဲ့လိုထင်လား"
နန်ယု- ...
သူ သိပြီးသား!
ဒီလို အကျိုးမရှိတဲ့စကားပြောနေတာက ဘာ အတွက်လဲ ?
သူ ဒီမှာမရှိခဲ့ရင် အန်းနင်နဲ့ နန်ကျီတို့သေချာပေါက်ကွဲကွာသွားကြမည်ပင်။
“ရပ်!”
နန်ယု ရပ်ရန် အမူအရာတစ်ခုလုပ်လိုက်ပြီး အန်းနင်၏နှလုံး သားကင်းမဲ့သည့်စကားများအားဖြတ်လိုက်သည်။
“အချိန်ကိုချွေတာကြရအောင် ပိုပြီးထိရောက်အောင်လုပ်ကြစို့ ”
“ကော၊ ကော ဒီမစ္စအန်းကို အခုထိ ချစ်တုန်းပဲလား”
နန်ယု၏မမျှော်လင့်သည့်လှုပ်ရှားမှုကြောင့် နန်ကျီ ငြိမ်သွားပြီး အလိုလိုခေါင်းညိတ်လိုက်သည်။
နန်ယု ကျေနပ်စွာပြုံးလိုက်သည်။
“အရမ်းကောင်းတယ် ”
ထို့နောက် သူ အန်းနင်အားကြည့်လိုက်သည်။
"မစ္စအန်း၊ ကျွန်မ ဘုရားသခင်ကိုတောင်ကျိန်ဆိုရဲပါတယ်၊ ကျွန်မ ကောက အရင်နှစ်အနည်းငယ်အတွင်း ဘယ်မိန်းက လေးနဲ့မှ ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ဘူး၊ သူ ရှင့်အတွက် သန့်စင်တဲ့လူပျိုလေးတစ်ယောက်အဖြစ်ရှိနေခဲ့တာပါ၊ သူ့လက်ထောက်တွေနဲ့ အတွင်းရေးမှူးတွေတောင်မှ အမျိုးသားတွေချည်းပဲ"
"ရှင့် ဘက်ကရော"
"ရှင် ကျွန်မ ကောကို အခုထိ ချစ်တုန်းပဲလား"
နန်ယု ထိုနှစ်ဦး အချစ်ထဲမှာနစ်မြောနေသည်ကို သိလိုက်သည်။ ထို့ကြောင့် သူမ အန်းနင်တွင် ချစ်သူရှိ၊ မရှိ သို့မဟုတ် လက် ထပ်ပြီးပြီလားဆိုသည်ကို မမေးတော့ဘဲ အဓိကအချက်ကိုသာ တိုက်ရိုက်ပြောလိုက်သည်။
ယခု ၄ နာရီနီးပါး ရှိနေပြီဖြစ်ပြီး သူ ရှောင်ကျင်းနှင့် ၅ နာရီ၌ ဗီဒီယိုကောလ်ခေါ်ရန်ရှိသည်။
သို့သော် အန်းနင်၏တုံ့ပြန်မှုမှာ နည်းနည်းထူးဆန်းနေသည်။ သူ နန်ယုအားမယုံနိုင်သည့် အကြည့်ဖြင့်ကြည့်နေပြီး၊ ကြောက် ရွံ့ထိတ်လန့်နေပုံပေါ်နေသည်။
"ရှင်၊ သူ့ကို ကောလို့ ခေါ်လိုက်တာလား"
ဒီမေးခွန်းလား ?
မရေမတွက်နိုင်သော မယ်လိုဒရာမာဝတ္ထုများဖတ်ထားပြီးမရေမတွက်နိုင်သည့် တီဗီဒရာမာများအားကြည့်ထားသည့် နန်ယု၌ ရုတ်တရက် အတွေးတစ်ခုရလာသည်။
သူမ ညာဘက်လက်အားမြှောက်လိုက်ပြီး ကျိန်ဆိုကာပြောလိုက်သည်။
"ဟုတ်တယ်၊ သူက ကျွန်မရဲ့တစ်ဦးတည်းသော မွေးချင်းအစ် ကိုအရင်းပါ"
နန်ကျီသည်လည်း ဤအချိန်၌ တစ်ခုခုမှားနေသည်ကို ခံစားလိုက်မိသည်။
"နင်နင်၊ မင်း... တစ်ခုခု နားလည်မှုလွဲနေတာလား"
"ယုယုက ငါ့ရဲ့ ညီမအရင်းပါ! သူက၊ သူက... မင်းကြည့်လိုက်ဦး၊ ငါနဲ့ အရမ်းတူနေတာ မင်း မမြင်ဘူးလား"
အန်းနင် မျက်လုံးများ ရုတ်တရက်နီရဲလာသည်။
"ကျွန်မ... ကျွန်မ ထင်ခဲ့တာ၊ အဲဒီတုန်းက လူတိုင်းက ရှင့်ကို လိုက်ဖက်တဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့ စေ့စပ်ပေးတော့မယ်လို့ ပြောကြတယ်၊ ကျွန်မလည်း ရှင်တို့ကိုမြင်ခဲ့ဖူးတယ်၊ ရှင် သူ့ကို ကျောပေါ်ထမ်းထားတာ၊ ရှင်တို့နှစ်ဦးက တကယ်လိုက်ဖက်လွန်းလို့ ကျွန်မ..."
ကဲ၊ အမှန်တရားက ပေါ်လာပါပြီ။
နန်ယု သူ့ နဖူးကိုအား ကိုင်မိမလို ဖြစ်သွားသည်။
ဤဒုတိယအမျိုးသားဇာတ်ဆောင်မှာ အလွန်ပင် ပေါ့ပေါ့တန် တန် တွေးတောတတ်သူဖြစ်နေသည်။
အခြေအနေမှာ အခြားဝတ္ထုများထဲမှ ဂန္တဝင်နားလည်မှုလွဲမှားမှု နှင့်ထွက်ပြေးရသည့် ပုံစံမျိုးမဟုတ်ပါလား ?
အန်းနင် ဇာတ်လိုက်မ မဟုတ်သည်မှာတော့ ဝမ်းနည်းစရာကောင်းလှသည်။ ထို့ကြောင့် နိဂုံးချုပ်သည်လည်း သေချာ ပေါက်မကောင်းနိုင်ပေ။
နန်ယု ကိုယ်တိုင်သာ ဤနေရာ၌ မရှိခဲ့လျှင် ဤနားလည်မှုလွဲ မှားမှုအား တကယ်မဖြေရှင်းနိုင်တော့ပေ။
ဆယ်မိနစ်ခန့်ကြာပြီးနောက် အစည်းအဝေးခန်း၏တံခါးမှာ ဖွင့်သွားခဲ့သည်။
နန်ကျီ ခေါင်းငုံ့နေသော အန်းနင်အားခေါ်ကာ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။ ဘာပဲဖြစ်ဖြစ် ဒီနေရာက ဝူကျန့်ဝေ့ရဲ့ ရုံးခွဲမှအစည်းအဝေးခန်းဖြစ်နေတာကြောင့် သူတို့သုံးဦး အချိန်ကြာကြီးနေဖို့ရာမသင့်တော်ပေ။ သူ သူ့လက်ထောက်အား ဟိုတယ်တစ်ခု ကြိုတင်စာရင်းသွင်းခိုင်းထားပြီး ကားလည်း အောက်ထပ်မှာ စောင့်နေပြီဖြစ်သည်။
နန်ယုတော့ တစ်လှမ်းနှေးသွားသည်။ သူမ သတင်းကြား၍ ရောက်လာသော ဝူကျန့်ဝေ့အားပြုံးပြီး ပြောလိုက်သည်။
“မစ္စတာဝူ၊ ဒီတစ်ခါ ရှင့်ကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
ဝူကျန့်ဝေ့ ချက်ချင်း ခေါင်းခါလိုက်သည်။
“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး၊ မစ္စဖေးနဲ့ မစ္စတာနန်တို့ ဘာအ ကူအညီများ လိုအပ်သေးလဲ၊ တစ်ခွန်းသာပြောလိုက်ပါ”
နန်မိသားစုနှင့် ရင်းနှီးဖို့ ဒီအခွင့်အရေးကိုသာ အသုံးချနိုင်ခဲ့လျှင် ဝူကျန့်ဝေ့ ရုံးခွဲကိုပင် နန်ယုအားပေးလိမ့်မည်။ စီးပွားရေးလုပ်ငန်း၌ ရေရှည်အမြင်ရှိရမည်ဆိုသည်မှာ သေချာသည်။
"ဘာမှမဖြစ်ပါဘူး၊ ဒီဝန်ထမ်းက ရက်အနည်းငယ်ကြာအနားဖို့ လိုအပ်နိုင်တယ်၊ မစ္စတာဝူ၊ ဒီစီမံကိန်းကို ရှင် ကိုင်တွယ်လိုက် ပါ၊ ကျွန်မ မစ္စတာဝူရဲ့အမြင်ကို ယုံကြည်ပါတယ်၊ ငွေကြေးကိစ္စတစ်စုံတစ်ရာရှိရင် ကျွန်မရဲ့လက်ထောက်လျိုကိုဆက်သွယ်နိုင်ပါတယ်"
သူ့ချစ်ရသူအား နောက်ဆုံးတော့ တွေ့ပြီဟုယုံကြည်နေသည့် နန်ကျီမှာ ဤစီမံကိန်း၌ရင်းနှီးမြှုပ်နှံရသည့်အတွက် ပျော်ရွှင်နေသည်။
ဝူကျန့်ဝေ့နှင့် တရားဝင်စကားအနည်းငယ်ပြောပြီးနောက် နန်ယုနှင့် အခြားနှစ်ဦးသား ထွက်ခွာသွားကြသည်။
သူတို့နောက်မှ စကားပြောဆိုသံများမှာမူ ဂရုစိုက်စရာမလိုပေ။ သို့သော်လည်း ဝူကျန့်ဝေ့ သူ့ဝန်ထမ်းများအား တောင်းဆိုမှုမရှိဘဲ သူတို့၏စကားပြောဆိုမှုအား ပြင်ပသို့မပေါက်ကြားရန်ညွှန်ကြားခဲ့သည်။ ကောလာဟလများမပြန့်ပွားစေရန်၊ ဖမ်းမိသည့်သူ မည်သူမဆို ယွမ် ၅၀၀ ဒဏ်ရိုက်ခဲ့သည်။
အဆောက်အဦးမှထွက်ခွာပြီးနောက် နန်ယု နန်ကျီနှင့် အခြားသူများနှင့်အတူ ဟိုတယ်သို့ပြန်မလာခဲ့ပေ။
ယခုကဲ့သို့ အချိန်၌ နန်ကျီ ကိစ္စများအား မကိုင်တွယ်နိုင်သေးလျှင် သူမ နောက်ပိုင်း ဆင်းရဲမသွားစေရန် ယခုကတည်းက ပိုက်ဆံစတင်စုဆောင်းရန်ဆုံးဖြတ်ခဲ့သည်။
နန်ယု နာမည်ကောင်းရှိသော သီးသန့်စားသောက်ဆိုင်တစ်ခုအားရှာဖွေပြီး သီးသန့်ခန်းတစ်ခန်း ဘွတ်ကင်လုပ်ကာတစ် ယောက်တည်း စားသောက်ခြင်းကိုစတင်ခံစားခဲ့သည်။
သေချာသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။
ဖုန်းတစ်ဖက်ခြမ်းမှာတော့ ဖေးယွင်ကျင်း သူမအားတောက်ပသည့်အပြုံးနှင့် ကြည့်နေသည်။
"အန်တီ၊ မနက်ဖြန် ပြန်လာနိုင်မှာလား ?"
"မသေချာဘူး၊ ရှောင်ပိုင်ရဲ့မွေးနေ့မတိုင်ခင်တော့ ပြန်လာဖို့ ကြိုးစားပါ့မယ်"
"သေချာလား! ရှောင်ပိုင် ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ မေးနေတာ!"
"အင်း၊ သေချာပါတယ်!"
မိနစ် ၂၀ ခန့် ပြောဆိုပြီးနောက် နန်ယု ဖုန်းချလိုက်သည်။ ထို့ နောက် သူ့ဖုန်းပေါ်ရှိ နန်ကျီ၏စာတစ်စောင်အား မြင်လိုက်ရသည်။
"ဟေး၊ ငါ သားရတော့မယ် ထင်တယ်!"
နန်ယု စကားပင်မပြောနိုင်တော့ဘဲ၊ လက်တစ်ဖက်ဖြင့် ပေါ့ပေါ့ တန်တန် စာတစ်စောင်အားပြန်ပို့လိုက်သည်။
"အိုး၊ ဂုဏ်ယူပါတယ်နော်"
နန်ယု အန်းရီရန်နှင့် တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ဖူးပေမဲ့ မူရင်းဝတ္ထုနှင့် သူမမှတ်ဉာဏ်များအရ သူသည် လက်စားချေတတ်သော ကလေးတစ်ယောက်ဖြစ်သည်ကိုသိသည်။ နန်ကျီ သူ့ အဖေဖြစ်ချင်နေတာလား ?
သူ အိပ်မက်မက်နေတာပဲ ??
ည ၈ နာရီခန့်တွင် နန်ယု ဟိုတယ်သို့ ပြန်ရောက်လာသည်။ နန်ကျီ အခန်းကျယ်ကြီးထဲ၌ သူ့မျက်လုံးများနီရဲနေပြီး ငိုထား သည်မှာသေချာသော အန်းနင်အား တွေ့လိုက်ရသည်။ နန်ကျီမှာတော့ ပျော်ရွှင်ပြီးကျေနပ်နေသော အရူးတစ်ယောက်လို ဖြစ်နေသည်။ ထို့နောက် ခြောက်နှစ်၊ ခုနစ်နှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်မှာ နန်ကျီပုံစံ အသေးစားလေးဖြစ်နေသည်။
"ကိစ္စတွေ ဖြေရှင်းပြီးပြီလား"
နန်ယု စျေးဝယ်စင်တာမှ အခုမှဝယ်လာသောအမှတ်တရပစ္စည်းများအားချလိုက်ပြီး စပ်စုစွာ မေးလိုက်သည်။
ကလေးအားခေါ်လာပြီးပြီဆိုတော့ နားလည်မှုလွဲမှားမှုမှာပြီး ဆုံးသွားလုနီးပါးဖြစ်နေပြီဟု သူမ ယူဆလိုက်သည်။
"ဟဲဟဲ" နန်ကျီ ရယ်ပြီး ပြောလိုက်သည်။
"ဖြေရှင်းပြီးပါပြီ၊ ယုယု၊ ဒီတစ်ခါ မင်းကြောင့်ပဲ ကျေးဇူးတင်ပါတယ်ကွာ"
နန်ကျီ အဲဒီတုန်းက ဒီလောက်အထိအဖြစ်အပျက်တွေ ရှိနေမယ်လို့ လုံးဝမမျှော်လင့်ခဲ့ပေ။ နန်ယုသာ ပြတ်ပြတ်သားသား ဆောင်ရွက်ပြီး သူ့အား စာမပို့ခဲ့ရင် သူနှင့် အန်းနင်တို့ထာဝရ လွဲချော်သွားနိုင်သည်။
ဒါပေမဲ့ ယုယု သူ့ပိုက်ဆံအိတ်ထဲက ဓာတ်ပုံကိုဘယ်တုန်းက မြင်လိုက်တာလဲ ?
သူ တခြားသူများ မမြင်စေရန် အတွင်းဆုံးအကန့်ထဲ၌သေသေ ချာချာဖွက်ထားခဲ့သည်။
"ထားပါတော့၊ ဒါက အရေးမကြီးပါဘူး၊ အရေးကြီးတာက..."
နန်ကျီ အန်းနင်အား တစ်ဖန်ပြန်ကြည့်လိုက်သည်။
"လောင်ပေါ၊ ရေဆာလား ? ကိုယ် ရေတစ်ခွက် သွားယူပေးမယ်" ဟု ပြောရင်း အန်းနင်လက်ကိုပင်ကိုင်ဖို့ကြိုးစားခဲ့သည်။
"ကျွန်တော့်အမေကို မထိနဲ့!"
သူ မထိခင်မှာပင် အန်းရီရန် သူ့အား တွန်းထုတ်လိုက်သည်။ ထို့နောက် သူ အန်းနင်အား စိန်ခေါ်သည့်အမူအရာဖြင့် ပွေ့ဖက်လိုက်သည်။
"ခင်ဗျား လူဆိုးကြီး! ကျွန်တော့်အမေကို အနိုင်ကျင့်နေတာ! သူ့ကို မထိရဘူး!"
အန်းရီရန် နောက်ပိုင်းတွင်ဖြစ်ပေါ်လာမည့် နာကျင်မှုအားမခံ စားရသေးသော်လည်း သူ့အဖေအပေါ် စိတ်ထဲ အမြင်သိပ်မကောင်းခဲ့ပေ။
ဘာပဲဖြစ်ဖြစ်၊ သူ ဖခင်အကြောင်း ဖော်ပြလိုက်တိုင်း အန်းနင်မှာ ရင်ကွဲနာကျတတ်သည်။
အန်းရီရန် စိတ်ထဲမှာတော့ အမေကသာ သေချာပေါက် မှန် သည်။ ထိုလူ့အပြစ်သာ ဖြစ်ရမည်။
ထို့ကြောင့် အခုလို နန်ကျီ ရုတ်တရက်ပေါ်လာပြီး အမေ့မျက် လုံးတွေ နီရဲနေတာကို မြင်တော့ သူမ အနိုင်ကျင့်ခံရတာဖြစ်ရမည်ဟု သူ ယူဆလိုက်သည်။
သူ အခု လူကြီးတစ်ယောက်ဖြစ်လာပြီဖြစ်၍ အမေ့အား ကာကွယ်ရမည်။
အန်းနင် အန်းရီရန်အား ပွေ့ဖက်လိုက်သည်။
"ရန်ရန်၊ သူက အမေကို အနိုင်မကျင့်ပါဘူး..."
နန်ယု ဤတိုက်ရိုက်မိသားစုဒရာမာအား စိတ်မဝင်စားသည်မှာ ရှင်းနေသည်။ သူမ နန်ကျီအား သူမ ဝယ်လာသော ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို ပေးလိုက်ပြီး သူ့အခန်းထဲမှ ထွက်ခွာသွားသည်။ ကောင်းသောအရာဆိုတာ မရှိပေ။ အလကား သားတစ်ယောက်ရသည်တော့ မဟုတ်ဘူးပေါ့။
နန်ကျီနှင့် အန်းရီရန်တို့ကြားတွင် ပွတ်တိုက်မှုများ ပိုများလာမည်မှာ သေချာသည်။
သို့သော်လည်း ထိုကိစ္စမှာ နန်ယုနှင့် မဆိုင်ပေ။ သူမ ဘဝတွင် ပထမဆုံးအတားအဆီးအား ကျော်လွှားနိုင်ခဲ့သည်။
နောက်ထပ် နှစ်ခုသာ ကျန်ပါသေးသည်။ အားလုံး အဆင်ပြေခဲ့ပါက လာမည့်နှစ် ဒီအချိန်၌ သူသည် ပျော်ရွှင်သောတစ်ကိုယ် တည်းအမျိုးသမီးဖြစ်ရမည်။
နန်ယု ဒါကို ဂုဏ်ပြုဖို့အတွက် မြို့တော်ရှိစျေးဝယ်စင်တာတိုင်းမှမျက်နှာပြင်ကြီးများကို ကြိုတင်ဘွတ်ကင်လုပ်ထားပြီး ထိုစာသားအား အပြန်အလှန်လှည့်ပတ်ပြဖို့ ဆုံးဖြတ်လိုက်သည်။
[မစ္စနန်ယု အောင်မြင်စွာကွာရှင်းပြီး လွတ်မြောက်မှုအတွက် ဂုဏ်ယူပါတယ်!]
ဖေးမိသားစု၏သက်ကြီးပိုင်းအဖွဲ့မှာမူ အလွန်ဒေါသထွက်နေလောက်သည်။