အခန်း (၂၀)
Vol. 3 Ch. 20
ကလေးများမှာ မဆင်မခြင်ပြောတတ်သည်ဟု ဆိုကြသည်။ သီးသန့်နေရာ၌ ကလေးနှစ်ဦးမှာ သူမအား ပြောနေသည်ဆိုလျှင် နန်ယု ဟာသလုပ်ပြီးပြန်ပြောလိုက်နိုင်သည်။
သို့သော် အဲ့ဒီအချိန်၌မူ သူမသည် ရှက်ရွံ့နေသောလက် ထောက်ရှုနှင့် ထွက်သွားတော့မလို လုပ်နေရာမှ ရုတ်တရက် ရပ်တန့်သွားသည့် လူတစ်ဦးအားတွေ့လိုက်ရပြီဖြစ်သည်။
"မရဘူး၊ ငါက လက်ထပ်ပြီးသား"
"ဟမ် ?!"
လီရီပိုင် မယုံနိုင်သည့်အသံနှင့်ပြောလိုက်သည်။ သူသည် လက် ထပ်ထိမ်းမြားခြင်း၏အဓိပ္ပာယ်အား နားလည်လောက်ရန် အသက်ကြီးနေပြီဖြစ်သော်လည်း ကလေးလေးမှာတော့ နည်းနည်းသံသယဝင်နေသည်။
သူ့သံသယများကိုမဖော်ပြခင်၌ နန်ယု ဖေးယွင်ကျင်းအား ဆွဲခေါ်လိုက်ပြီး "ရှောင်ကျင်း သက်သေပြနိုင်တယ်၊ ရှောင်ပိုင်ကောက အရမ်းချောတာ၊ သူ ကောင်းတဲ့ဇနီးတစ်ယောက်ကိုရမှာ သေချာပါတယ်" ဟု ပြောလိုက်သည်။
နန်ယု ဤလက်ထပ်ထိမ်းမြားခြင်းအား ဂရုမစိုက်သော်လည်း အပြင်လူများအတွက်တော့ သူမက လက်ထပ်ပြီးသား၊ နိုင်ငံ တော်ဥပဒေမှ အကာအကွယ်ပေးထားသည့် တရားဝင်လက် ထပ်ထိမ်းမြှားမှုပင်။
ဤအချိန်တွင် အတင်းအဖျင်းများသာ ပြန့်သွားခဲ့လျှင် နန်နှင့် ဖေးမိသားစုများ၏ စီမံကိန်းများမှာ သေချာပေါက် ထိခိုက်ပေမည်။ သူမ ဆုံးရှုံးမှုများအား အနည်းဆုံးဖြစ်အောင် လျှော့ချရန်အတွက် တစ်နှစ်ကြာသည်းခံရပေမည်။
အရေးအကြီးဆုံးမှာတော့ သူမနှင့် လီယွမ်မိုတို့သည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမသိကြခြင်းပင်။
နန်ယု ထိုကဲ့သို့ ခပ်တည်တည်နေသည့်လူအား စိတ်မဝင်စားပေ။ သူ ပြောနေသည်အား ခန့်မှန်းပြီး မှီခိုနေရသည်မှာပင်ပန်း သည်။
ထို့ကြောင့် ဤအချိန်တွင် နန်ယု ထိုလက်ထပ်ထိမ်းမြားမှု၏ အမည်အား ဒိုင်းအဖြစ်အသုံးပြုရန် တုံ့ဆိုင်းမနေပေ။
မမျှော်လင့်ဘဲ ဖေးယွင်ကျင်း၏တုံ့ပြန်မှုမှာပိုကြီးမားနေသည်။ သူ နန်ယု မကြာမီကပြောခဲ့သည်အား မှတ်မိသွားသည်။ သူမနှင့်သူ့ဖခင်တို့ လက်ထပ်သရွေ့ သူမ သူ့အားစွန့်ပစ်မည်မဟုတ်ပေ။
သို့သော် သူတို့ လက်မထပ်လျှင်တော့...
ဖေးယွင်ကျင်းမှာ လေးနှစ်သာရှိသေးပြီး ဘာမှနားမလည်ဟုမထင်လိုက်လေနှင့်။ တကယ်တော့ မူကြိုကျောင်းသားတစ်ဦးပင် ကွာရှင်းခြင်း၏အဓိပ္ပာယ်အား နားလည်နိုင်သည်။
တစ်ယောက်ယောက်က ငါ့အန်တီကို ခိုးဖို့ကြိုးစားနေတာပဲ!
ဖေးယွင်ကျင်း၏အချက်ပေးခေါင်းလောင်းမှာ ချက်ချင်းမြည်လာခဲ့သည်။ သူ့ညီအစ်ကိုကောင်း ရှောင်ပိုင်ဖြစ်လင့်ကစား ထိုအရာအားလက်ခံမည်မဟုတ်!
သူက သူ၏ skintight ဒဏ္ဍာရီလာနဂါးငယ်လေးတစ်ကောင်ကဲ့သို့ နန်ယု ခြေထောက်များအားဆုပ်ကိုင်လိုက်ပြီး သူမကို ထိရဲသူ မည်သူကိုမဆို တိုက်ခိုက်ရန်အသင့်ဖြစ်နေသည်။
"ကျွန်တော့်အန်တီက ကျွန်တော့်ဟာ၊ ရှောင်ပိုင်ကို မပေးနိုင်ဘူး!"
လီရီပိုင် ရှုပ်ထွေးသွားသည်။
"ငါ မင်းအန်တီကို ခိုးဖို့ကြိုးစားနေတာ မဟုတ်ပါဘူး၊ ငါတို့ နန်ကျဲနဲ့အတူတူ ကစားလို့ရတယ်လေ"
ဖေးယွင်ကျင်း သူ့အား "အန်တီ" ဟု ခေါ်နေသောကြောင့်နှင့် နန်ယုမှာ အလွန်ငယ်ရွယ်နေသောကြောင့် လီရီပိုင် သူတို့သည် ဆွေမျိုးများဖြစ်သည်ဟု ရိုးရိုးရှင်းရှင်းမှတ်ယူထားပြီး အခြားဘာမျှ မတွေးမိပေ။
သူ နန်ကျဲသာ သူ့အစ်ကိုအားလက်ထပ်ခဲ့လျှင် သူနှင့်ရှောင်ကျင်းတို့ထာဝရအကောင်းဆုံး သူငယ်ချင်းများဖြစ်သွားကြမည်လားဟုပင် တွေးလိုက်မိသည်။
လီရီပိုင် လက်လျှော့ချင်ဟန်မပြသည်ကို မြင်သောအခါ နန်ယု ထိုအရာအား ရှင်းရှင်းလင်းလင်းပြောလိုက်သည်။
“မဟုတ်ဘူး၊ ငါ လက်ထပ်ထားတာ ရှောင်ကျင်းရဲ့ပါး၊ ဥပဒေအရ ငါက ရှောင်ကျင်းရဲ့မားပဲ”
လီရီပိုင်- …?
သူ့ခေါင်းလေး ရုတ်တရက် ရှုပ်ထွေးသွားခဲ့သည်။ ဥပဒေအရ ရှောင်ကျင်းရဲ့မားဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ?? ပြီးတော့ ရှောင်ကျင်းရဲ့ပါးကို လက်ထပ်တာကရော ဘာကိုဆိုလိုတာလဲ ??
နန်ယု ထပ်မံဖြည့်စွက်လိုက်သည်။
"တခြားနည်းနဲ့ပြောရရင် ငါက ရှောင်ကျင်းရဲ့မိထွေးပေါ့"
လီရီပိုင်: !!!
သူ နားလည်သွားပြီ! မိထွေး!!!
မူကြို၌မိဘများကွာရှင်းပြီး အခြားအမျိုးသမီးများနှင့် လက် ထပ်သည့်မိသားစုများရှိသည်။ ရိုးရိုးသားသားပြောရလျှင် ဤပတ်ဝန်းကျင်၌ ထိုအရာမှာ အတော်လေးအဖြစ်များသည်။
သို့သော် လီရီပိုင်စိတ်ထဲတွင် မိထွေးများမှာ အလွန်လှသည်ဟု ယူဆထားသည်။ နန်ယု မလှသည်တော့ မဟုတ်၊ ဆိုလိုသည်မှာ သူတို့သည် တူညီသည့်နည်းဖြင့်မလှခြင်းပင်။ သူတို့ ယခင်က ကလေးများအားမကြိုက်နိုင်ပေ။ ပြီးတော့ အခြေအနေဆိုးလျှင် ကလေးအားနှိပ်စက်နိုင်သည်အထိပင် ရှိနိုင်သည်။
နန်ကျဲ၊ ဒါက လုံးဝကိုမတူဘူး!
လီရီပိုင် နန်ယုနှင့် ဖေးယွင်ကျင်းအားကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် နန်ကျဲကိုအရမ်းသဘောကျတယ်! တခြားနည်းလမ်း တကယ်ပဲမရှိတော့ဘူးလား"
နန်ယုကတော့ နည်းနည်းပျော်နေသည်။ သူမမှာ "ကလေးဘုရင်မ" ဖြစ်ရန် စွမ်းရည်ရှိသည်အား ပထမဆုံးအကြိမ် သိခဲ့ခြင်းဖြစ်သည်။ သူ လီရီပိုင်နှင့် အချိန်အများကြီးမကုန်ဆုံးခဲ့ရ ပေ။ ဟုတ်တယ်မလား ??
ထိုအရာအား နားလည်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ကလေးမှာ အပေါင်းအသင်းလိုအပ်နေသည်။
လီယွမ်မိုမှာ အလုပ်အရမ်းရှုပ်နေပြီး ဖေးယွင်ကျင်းကလည်း သူနှင့် အချိန်တိုင်းအတူတူကစားနိုင်မည်မဟုတ်ပေ။ သူ့ဘေးမှ လက်ထောက်ရှုအားကြည့်လိုက်သောအခါ သူက အိမ်တော်ထိန်းကျိုးလောက် သတိထားနိုင်မည်မဟုတ်ပေ။ သို့သော် လေးနှစ်အရွယ်ကလေးတစ်ယောက်မှာ အပေါင်းအသင်းအားအများဆုံးလိုအပ်သည်။
လီရီပိုင် အဘယ်ကြောင့် သူ့မိဘများနှင့် ပြည်ပသို့မလိုက်ဘဲ ဤသို့ ငယ်ရွယ်သည့်အရွယ်တွင် ဤနေရာသို့လာရန် ရွေးချယ် ခဲ့သည်အား နန်ယုမသိပေ။ သို့သော် သူမ ဆင်ခြင်တုံတရားရှိပြီး ချစ်စရာကောင်းသည့်ကလေးများအပေါ်တွင် အမြဲတမ်းပိုသည်းခံနိုင်ပေသည်။
ဤသို့တွေးရင်း နန်ယု သူ့လက်ကိုမြှောက်လိုက်ပြီး လီရီပိုင်ဆံပင်အားဖွလိုက်သည်။
"ရီပိုင်၊ မင်း စနေ၊ တနင်္ဂနွေတွေမှာ ရှောင်ကျင်းနဲ့အတူလာဆော့လို့ရတယ်၊ မင်းကော သဘောတူသရွေ့ ငါတို့အိမ်မှာ ညအိပ်လို့တောင်ရတယ်"
"တကယ်လား?!"
လီရီပိုင် ထိုသုံးလုံးကိုမပြောခင်မှာပင် ရုတ်တရက် တစ်ခုခုအာ သဘောပေါက်သွားသကဲ့သို့ မပျော်မရွှင်နှင့် ခေါင်းငုံ့လိုက်သည်။
"တစ်ညလုံးနေတာတော့ မဖြစ်နိုင်ဘူး၊ ကျွန်တော့်ကောက သဘောတူမှာ မဟုတ်ဘူး"
"နန်ကျဲ၊ ကျွန်တော် ရှောင်ကျင်းဆီကို တကယ်မကြာခဏလာကစားလို့ရလား"
နန်ယု တစ်စက္ကန့်လောက်စဉ်းစားလိုက်သည်။ ထို့နောက် လီရီပိုင်၏စိုးရိမ်နေသည့်အမူအရာအား မြင်သောအခါ ရုတ်တရက် တောက်ပသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"သေချာတာပေါ့"
ကလေးလေးနှစ်ဦးမှာအများအားဖြင့် လီရီပိုင်အိမ်တွင် နေကြပြီး နန်ယုဗီလာသို့လာလည်ခြင်းမှာနည်းသည်။
သူမသည် ဖေးယွင်ကျင်း သူမအား အနှောင့်အယှက်ပေးမှာ ကြောက်နေနိုင်သည်ဟု ခန့်မှန်းမိသည်။ မည်သို့ပင်ဖြစ်စေ နန်ယုလီယွမ်မိုနှင့်မတူဘဲ သူမ အချိန်အများစုအားဗီလာ၌သာ ကုန်ဆုံးသည်။
သို့သော်လည်း ဖေးယွင်ကျင်း အလွန်အကျွံတွေးနေခြင်းဖြစ် သည်။ သူရော လီရီပိုင်ပါ အော်ဟစ်သောင်းကျန်းတတ်သူများ မဟုတ်ပေ။ နန်ယု ကစားခြင်းကိုပင် ဤမျှသည်းခံနိုင်လောက်သည်တော့ မဟုတ်ပေ။
ထို့အပြင် တစ်ခါတလေ ကလေးတစ်ဦးအား နောက်ပြောင်ရသည်မှာ အလွန်ပျော်စရာကောင်းသည်။
ဤကိစ္စမှာ လီရီပိုင်၏ပျော်ရွှင်မှုထဲတွင် တိတ်တဆိတ်သာပြီး ဆုံးသွားခဲ့သည်။ နန်ယု ထိုအရာအား စိတ်ထဲထားမည်မဟုတ်ပေ။ နောက်ပြီး လီယွမ်မိုကလည်း သူ စိတ်ထဲထားမည်မဟုတ်သည်မှာ သေချာသည်။
သို့သော်လည်း နောက်တစ်နေ့တွင် လီယွမ်မို ပို့လိုက်သည့် “ကျေးဇူးတင်လွှာ” အား ကြည့်ပြီး နန်ယု နည်းနည်းစိတ်ပူသွားခဲ့သည်။
ပစ္စည်းများမှာ အထူးတလည်တန်ဖိုးကြီးသည့်အရာများ မဟုတ်ပေ။ ဥပမာအားဖြင့်၊ ငှက်သိုက်နှင့် ဂျင်ဆင်းကဲ့သို့သော အားဖြည့်ဆေးများသာဖြစ်သည်။ ၎င်းအရာများမှာ အိမ်နီး ချင်းများအချင်းချင်း အပြန်အလှန်ကူညီမှု၏အထိမ်းအမှတ်အဖြစ်လက်ခံနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ထိုအရာများမှာ သူတို့၏ကြင်နာမှု သင်္ကေတတစ်ခုဖြစ်ပေသည်။
သို့သော် ပြဿနာမှာ ပစ္စည်းများအရမ်းများလွန်းခြင်းဖြစ် သည်။
ပုံးတစ်ခုထဲတွင် အကွက်တစ်ဒါဇင်ကျော်ပါဝင်ပြီး အကွက်တစ်ခုစီတိုင်းတွင် အရည်အသွေးကောင်းမွန်သောဂျင်ဆင်းတစ်ခုပါရှိသည်ကို မြင်ဖူးပါသလား ??
ဦးလေးကျိုးပြောသည်မှာ ထိုပစ္စည်းများအား ရွှေ့ပြောင်းရန်အတွက် လီမိသားစုအစေခံများမှာ လေးငါးကြိမ်ခန့် သွားလာခဲ့ရသည်။ ထိုသို့သောအခြေအနေမျိုးအား မသိနားမလည်သူ တစ်ဦးတစ်ယောက်အနေဖြင့် နန်ယု မိမိအိမ်အတွက်အသုံး အဆောင်ပစ္စည်းများ သွားရောက်ဝယ်ယူသည်ဟု ထင်မှတ်ပေလိမ့်မည်။
လီယွမ်မိုက နည်းနည်းလေး ရိုးအလွန်းနေတာလား ?
တခြားလူတွေက ငှက်သိုက်ကို ဂရမ်နဲ့ပေးနေချိန်မှာ သူက တော့ကီလိုဂရမ်နဲ့ ပေးပြီး နန်ယုကိုတစ်ပန်းကန်ပြီးတစ်ပန်း ကန် စားခိုင်းနေတာလား ?
"ဦးလေးကျိုး၊ သိမ်းထားလိုက်ပါ၊ ကျွန်မ နောက်မှတချို့ကို လက်ဆောင်ပေးလို့ရမလားဆိုတာ ကြည့်လိုက်မယ်"
ပြန်ပေးလိုက်ခြင်းမှာ အလုပ်မဖြစ်ပေ။ အကြောင်းမှာ ၎င်းသည် "ယောက်ဖကြေး" ဖြစ်သောကြောင့်ဖြစ်ပြီး နန်ယုသာ ငြင်းပယ်ခဲ့ပါက ကျေးဇူးတင်ကြောင်းဖော်ပြရန် အခြားနည်းလမ်းများအား လီယွမ်မို သေချာပေါက်ရှာဖွေဦးပင်။
(T/N- အမျိုးသားဘက်က အမျိုးသမီးဘက်ထံသို့ မင်္ဂလာဆောင်သည့်အခါ ငွေကြေး (သို့) လက်ဆောင်ပစ္စည်း တစ်ခုခု ပေးအပ်ရခြင်းကို "ယောက်ဖကြေး" လို့ ခေါ်တာပါ)
ထို့ကြောင့် လက်ခံလိုက်သည်မှာပိုကောင်းသည်။ လီယွမ်မို၏ ချဉ်းကပ်ပုံမှာ ရိုးရှင်းသော်လည်းကြမ်းတမ်းသည်။ သို့သော် လည်း အလေးထားမှုရှိပြီး ၎င်း၏ချောမောသောမျက်နှာနှင့် ကြမ်းတမ်းသောကိုယ်ခန္ဓာကဲ့သို့ပင် ထူးဆန်းပြီး ချစ်စဖွယ်ကောင်းသော ခြားနားမှုတစ်ခုဖြစ်သည်။
မေလရောက်သည်နှင့်အမျှ မြို့တော်၏အပူချိန်မှာ ဆေးဝါးတစ်မျိုးကဲ့သို့ မြင့်တက်လာသည်။
အပူနှင့်အအေး နှစ်မျိုးစလုံးအား သဘာဝအတိုင်းခံစားလွယ်သော နန်ယုမှာ အိမ်မှထွက်ခွာရန်ပိုမိုဝန်လေးနေခဲ့သည်။
အစားအသောက်၊ အချိုရည်နှင့် ဖျော်ဖြေရေးအားလုံးကိုတစ်ချက်ခိုင်းရုံဖြင့် ရရှိနိုင်သောကြောင့် သူမသည် လုံးဝမပျင်းဘဲ ပျော်ရွှင်စွာအိမ်တွင်နေထိုင်နေခဲ့သည်။
ကံမကောင်းစွာဖြင့်၊ ယနေ့တွင်တော့ နန်ယု အပြင်သို့ မဖြစ်မနေ ထွက်ခွာရမည်။
နန်ကျီသည် အန်းနင်နှင့် အန်းရီရန်တို့အား မြို့တော်သို့ ပြန်ခေါ်လာပြီး သူ့မိဘများအား ထိုအကြောင်းကို ပြောပြခဲ့သည်။ ၎င်းတို့၏ တုံ့ပြန်မှုများ မည်သို့ပင် ရှိစေကာမူ ယနေ့မှာ မိသားစုအစည်းအဝေး ပြုလုပ်မည့်နေ့ ဖြစ်သည်။
အစည်းအဝေးခေါင်းစဉ် - နန်ကျီမင်္ဂလာဆောင်။
အစည်းအဝေး၏ရည်မှန်းချက်မှာ မင်္ဂလာဆောင်အတွက် ရက်၊ နေရာ၊ ဧည့်သည်စာရင်းနှင့် အခြားလိုအပ်သည့်အရာများအားဆုံးဖြတ်ရန်ဖြစ်သည်။ မိသားစုတစ်ခုလုံးမှာ လက်ခံသည့်အနေဖြင့် လက်မထောင်ပြကာ ဆုံးဖြတ်ခဲ့သည်။ ထိုသူ များထဲတွင် အန်းနင်၊ အန်းရီရန်နှင့် အဘိုးနန်တို့လည်းပါဝင်သည်
နန်မိသားစုတွင် ဤကဲ့သို့သော ရက်ရောသည့်ဗီဇရှိပုံရသည်။
ချွေးမနှင့် မြေးနှစ်ဦးလုံး ရုတ်တရက်ပေါ်လာသော်လည်း နန်မိဘများမှာ တည်ငြိမ်စွာပင် စီစဉ်ထားသော ခရီးအားအဆုံး သတ်ပြီးမှ အိမ်သို့ပြန်လာခဲ့ကြသည်။
သူတို့နှစ်ယောက်သည် အန်းနင်နှင့် အန်းရီရန်အပေါ် ဘာအမြင်မှမစောင်းခဲ့ကြပေ။ သူတို့သားမှာ ဒီလောက်တောင် အသက် ကြီးနေပြီ၊ ပိုပြီးဝင်ရောက်စွက်ဖက်တာက ဘာအကျိုးရှိမှာလဲ။ လူငယ်တွေက သူတို့ကိုယ်ပိုင်ကိစ္စတွေကို သူတို့ဘာသာကိုင် တွယ်သင့်တယ်။
မိဘများဆီမှ ရံဖန်ရံခါ အကူအညီပေးသည် ဆိုရုံမျှသာလုံ လောက်သည်!
နန်ယု နေ့၏အပူဆုံးအချိန် ဖြစ်သော ညနေ ၂ နာရီတွင် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ကားမှာ နန်မိသားစု၏ဗီလာထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူမသည် လေအေးပေးစက်များမှပေးသည့်အတုအပ အအေးနှင့်မတူသော နက် ရှိုင်းသည့် အအေးဓာတ်အား ခံစားလိုက်ရသည်။
၎င်းမှာ သဘာဝအတိုင်းပင်ဖြစ်သည်။ ဗီလာကိုဝိုင်းရံထားသောကျယ်ပြန့်သည့် သစ်တောကြောင့် အပူအား ပိတ်ဆို့ထားနိုင်ပြီး မျက်လုံးများကိုလည်း သက်တောင့်သက်သာဖြစ်စေ သည်။
နန်မိသားစုဗီလာမှာ မြေယာအလှဆင်ခြင်းအား ထည့်မတွက်လျှင်ပင် နန်ယု၏ လက်ရှိနေအိမ်ထက်အနည်းဆုံး လေးဆ၊ ငါးဆခန့် ပိုမိုကြီးမားသည်။ ၎င်းမှာ အဘိုးနန်၏မျိုးဆက်က တည်းက ဖြည်းဖြည်းချင်း ချဲ့ထွင်လာခြင်းဖြစ်ပြီး ယခုအခါ အတော်လေးကြီးမားသည့် အရွယ်အစားသို့ရောက်ရှိနေပြီဖြစ်သည်။
မြေကွက်များအလွန်ဈေးကြီးသော မြို့တော်တွင် ဤကဲ့သို့သော မြေကွက်တစ်ခုအားပိုင်ဆိုင်ထားခြင်းမှာ နန်မိသားစု၏ ခွန်အားနှင့် ဂုဏ်ပုဒ်ကိုဖော်ပြသော သင်္ကေတတစ်ခုပင်ဖြစ် သည်။
"ငါ့ချစ်ဆုံးလေး!"
အိမ်ထဲသို့ရောက်သည်နှင့် မားမားနန် သူမအား နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
"ဘာလို့ ထပ်ပြီး ပိန်သွားတာလဲ၊ ကိုယ်အလေးချိန်လျှော့ဖို့ ထမင်းလျော့စားလိုက်တာလား"
"မင်းရဲ့မားက မင်းကို ပိန်တယ်ထင်နေတာ" ဟုခေါ်သည့် ပိန် သောအမျိုးအစားတစ်ခုရှိသည်။
သူမ နေခဲ့သည့် နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ငါးပေါင်၊ ခြောက်ပေါင်ခန့် တက်လာခဲ့သည်ကိုမှတ်မိသော နန်ယုသည် မိမိမှာ အစားအသောက်အား ပုံမှန်စားကြောင်းလျင်မြန်စွာ ရှင်းပြလိုက်သည်။ မယုံပါက ဦးလေးကျိုးအား မေးမြန်းနိုင်သည်ဟုလည်းပြောခဲ့ရသည်။
၎င်းမှာ မားမားနန်အား အနည်းငယ် စိတ်ချလက်ချဖြစ်စေခဲ့သည်။
အကြောင်းမှာ နန်ယုကဲ့သို့သော လှပသည့်သမီးတစ်ဦးအား မွေးဖွားထားသူဖြစ်ရာ မားမားနန်သည်လည်း ညံ့ဖျင်းသူ မဟုတ်ပေ။
သူမသည် အသက် ငါးဆယ်ကျော်ပြီဖြစ်သော်လည်း ကျန်းမာ သောကိုယ်ခန္ဓာအား ထိန်းသိမ်းထားသည်။ နှစ်တွေကြာသည်အထိ ပါးပါးနန်မှာအလိုလိုက်ခဲ့သောကြောင့် သူမ ဘဝသည် လွယ်ကူနေပြီး ထူးထူးခြားခြားနုပျိုနေသည်။ သူတို့ ခရီးသွားရင်း လူများနှင့် စကားပြောသည့်အခါ ၎င်းတို့၏အကြီးဆုံးသားမှာ အသက်သုံးဆယ်နီးပါးရှိနေပြီဟူသည်ကိုမယုံနိုင်ကြပေ။
မားမားနန် နန်ယုလက်အားကိုင်လိုက်သည်။
"မင်းအစ်ကိုနဲ့ သူ့မိသားစုရောက်နေပြီ၊ မင်းပါး သူတို့နဲ့ စကား ပြောနေတယ်၊ ချစ်လေး၊ Yasa ကျွန်းမှာ မင်္ဂလာဆောင်ကျင်းပတာကို မင်း ဘယ်လိုထင်လဲ"
နန်ယု "မား၊ မားက မဲဆွယ်နေတာပဲ"
ထိုအခါ မားမားနန် နန်ယုအား စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး "နင် တကယ် ငါ့သမီးရင်းလား ?၊ နင် အရမ်း နှလုံးသားကင်းမဲ့တာပဲ"
မကြာမီပင် နန်ယုနှင့် နန်မားမားမှာ နန်မိသားစု၏အစည်းအ ဝေးခန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ဤနေရာမှာ နန်မိသားစုအတွက် ကိစ္စရပ်များ ဆွေးနွေးရန် သီးသန့်ထားရှိသည့်နေရာ ဖြစ်သည်။ ဖြေရှင်း၍မရသည့်ကိစ္စများ သို့မဟုတ် မိသားစုတစ်ခုလုံးအား သက်ရောက်နိုင်သည့်ကိစ္စများရှိသည့်အခါ တိုင်း ၎င်းတို့သည် ဤနေရာတွင် စုဝေး၍မဲပေးဆုံးဖြတ်ကြသည်။
"အိုး၊ ငါ့ရဲ့ချစ်လေး၊ မင်း ဒီမှာပဲ! အဘိုးဆီ လာခဲ့!"
အဘိုးနန်မှာ အသက်ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း ယခုထိကျန်းမာနေဆဲပင်။ နန်ယု မျက်နှာအားမြင်သောအခါ သူ ပြုံးလိုက်သည်။
ပါးပါးနန်မှာ သူ့ဖခင်နှင့် ယှဉ်ပြိုင်၍မရနိုင်ကြောင်းသိနေ သည်။ သူ့သမီးအား လွမ်းနေသော်လည်း ယခုမူ အသက်ကြီးသူကိုလေးစားလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
"အဘိုး"
နန်ယု ပြုံးကာရှေ့သို့တိုးလိုက်သည်။ အန်းနင်၏အကြည့်နှင့် ဆုံသောအခါ သူမ အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။
နှစ်ပတ်နီးပါးမျှ မတွေ့ရပြီးနောက် အန်းနင်မှာလုံးဝပြောင်းလဲသွားခဲ့သည်။
အရင်ကမူ သူမ မျက်လုံးများတွင် ဝမ်းနည်းမှုတစ်ခုအမြဲရှိနေခဲ့သည်။ သူမသည် ကလေးအား တစ်ယောက်တည်းကြည့်ရှုရခြင်းနှင့် အလုပ်လုပ်ရခြင်းကြောင့်မကျေမနပ်ဖြစ်နေပုံရသည်။
သို့သော် ယခုအခါမူ အခြေအနေမှာကွဲပြားနေသည်။ သူမ မျက်လုံးများထဲ ချိုမြိန်သည့်အလင်းရောင်အား သူမကိုယ်တိုင်ပင်ခံစားနိုင်သည်။ အချစ်က တကယ်အကောင်းဆုံးဆေးလား?
ဘေးမှ ကြည့်နေသည့် အန်းရီရန်သည် နန်ကျီအပေါ်အငြိုးအတေးမထားတော့ပေ။ ချိုသာသောစကားများ နှစ်ပတ်ကြာ ပြောခဲ့သည်မှာ တကယ်ကိုထိရောက်ခဲ့သည်။
နန်ကျီ ဦးလေးကျိုးအား ဖေးယွင်ကျင်းကို ဘယ်လိုမွေးမြူလဲ၊ ဘယ်လို ပိုပြီးရင်းနှီးအောင်လုပ်လဲဆိုတာကို မေးမြန်းဖို့တစ်ကြိမ်ထက်မက ဖုန်းခေါ်ခဲ့သည်ကို နန်ယု မြင်ခဲ့ရသည်။
ဘယ်လိုပြောရမလဲ ? ထိုမြင်ကွင်းမှာ နန်ယု စိတ်ကူးခဲ့ဖူးသမျှထဲတွင် အကောင်းဆုံးပင်။
မူရင်းဝတ္ထုထဲတွင် နန်ယု၏ထူးဆန်းပြီး မှားယွင်းသည့် အပြု အမူများမှလွဲ၍ နန်မိသားစုမှာအခြားမည်သည့် ကြီးလေးသည့် အမှားအယွင်းကိုမှ မလုပ်ခဲ့ပေ။ အများဆုံးမှာ သူမအား အလို လိုက်လွန်းခြင်းပင်။
ထိုသို့သော ကြေကွဲစရာအဆုံးသတ်အား သူတို့ မခံစားရသင့်ပေ။
"ကောင်းပြီ၊ အစည်းအဝေးကို တရားဝင်စတင်ပါပြီ၊ အဓိကပါဝင်တဲ့ စုံတွဲကအရင်ပြောပါလိမ့်မယ်"
၎င်းမှာ အန်းနင်အတွက် ဒီလိုအစည်းအဝေးအားပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ပြီး သူမ နည်းနည်း ရိုးသားနေပုံရသည်။ နန်ကျီ ထိုအရာအား သတိပေးထားသော်လည်း သူမ အခုထိ နည်းနည်းအံ့အားသင့်နေသည်။
မိသားစုကြီးလေးစုထဲမှတစ်စုအနေဖြင့် နန်မိသားစုက ဤမျှ သဟဇာတဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသည်အား မည်သူကများတွေးထင်နိုင်မည်နည်း။
"နင်နင်နဲ့ ကျွန်တော် ဆွေးနွေးခဲ့ပြီးပါပြီ၊ ကျွန်တော် သူ့ကို ကတိပေးခဲ့တဲ့အတိုင်း Poseidon ကျွန်းမှာ မင်္ဂလာဆောင်ဖို့ စီစဉ်နေပါတယ်"
ပါးပါးနန်: "သဘောတူတယ်"
နန်ကျီ: "သဘောတူတယ်"
မားမားနန် သူ့လက်အားမြှောက်လိုက်ပြီး "Yasa ကျွန်းမှာ ကျင်းပတာကို စဉ်းစားကြည့်မလား ? အဲဒီက ပန်းပင်တွေက တအားလှတယ်လေ"
နန်ကျီ အန်းနင်အားကြည့်လိုက်သည်။
"နင်နင်၊ မင်း ဘယ်လိုထင်လဲ၊ ငါ မင်းအကြံကို နားထောင်မယ်"
အန်းနင် သူမအနာဂတ် ယောက္ခမ၏တောက်ပသည့်မျက်လုံးများအားကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် သူ သတိထားပြီးပြောလိုက်သည်။
"ကျွန်မ၊ ကိစ္စမရှိပါဘူး"
မားမားနန် ပျော်ရွှင်စွာလက်ခုပ်တီးလိုက်သည်။
"နင်နင်၊ စိတ်မပူပါနဲ့၊ ငါ ဒါကိုသေချာပေါက် လှလှလေးဖြစ်အောင် အလှဆင်ပေးမယ်"
အန်းနင်၏မိဘများကွယ်လွန်သွားခဲ့ပြီး သူမအား မိသားစုမရှိတော့အောင်ထားခဲ့သည်။ သူမ နန်ကျီ သူမအား ချစ်နေသော် လည်း ချမ်းသာသည့်မိသားစုတွင် နေထိုင်ရသည်မှာ နည်းနည်း ခက်ခဲလိမ့်မည်ဟု ယူဆထားသည်။ သို့သော် သူမ မမျှော်လင့်ထားသည်မှာ...
ကြင်နာသည့်အဘိုး၊ တည်ကြည်ပြီး ပွင့်လင်းသည့်ယောက္ခထီး၊ အသက်ဝင်သည့်ယောက္ခမနှင့် ခပ်တည်တည်ရှိသော် လည်း တကယ်တော့ကြင်နာသည့် ယောင်းမတစ်ယောက် ရှိနေခြင်းပင်။
သူက ဒါနဲ့ ဘယ်လိုထိုက်တန်ရမှာလဲ...
အန်းနင် သူမ၏နည်းနည်းနီရဲနေသော မျက်လုံးများကို မည်သူမှမမြင်စေလိုသည့်အတွက် ခေါင်းအား အနည်းငယ်ငုံ့လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမလက် ဆုပ်ကိုင်ခံလိုက်ရသည်အား ခံစားလိုက်ရပြီး နန်ကျီ၏ပြုံးနေသောမျက်လုံးများနှင့် ဆုံသွားသည်။ အန်းနင် မျက်နှာနီရဲသွားသည်။
လုပ်ငန်းစဉ်မှာ တစ်ခုပြီးတစ်ခုပြီးဆုံးလုနီးပါးဖြစ်နေသည်။ မားမားနန် ရုတ်တရက် ထပြောလိုက်သည်။
"ကလေး၊ ယီကျန့် ဘာပြောလဲ၊ နန်ကျီ မင်္ဂလာပွဲကို သူ မလာတာ မကောင်းဘူးလေ"
နန်ယု ဤမေးခွန်းပေါ်လာလိမ့်မည်ဆိုတာ သိသည်။
"ကျွန်မ မသိဘူး၊ ကျွန်မတို့ ဖုန်းမပြောတာကြာပြီ အဲ့ဒါကြောင့် သူ လာလာ မလာလာ ဂရုစိုက်ဖို့လိုလို့လား"
သူမ နန်မိဘများအား "မကောင်းတဲ့ဆက်ဆံရေး" အကြောင်း သတိပေးလိုခဲ့သည်။ ထိုမှသာကွာရှင်းသည့်အခါ အလွန်ရုတ် တရက် မဖြစ်သွားအောင်ပင်။
ဗြုန်း!
အဘိုးနန် စားပွဲအား ရိုက်လိုက်သည်။
"ဒီကောင်လေး ဘာလုပ်နေတာလဲ! ငါတို့ကလေးက ဘာတွေမှားနေလို့လဲ၊ ဘာလို့ သူက ငါတို့ကို ဒီလိုဆက်ဆံတာလဲ၊ ဖေးမိသားစုကို ဖမ်းမိဖို့က အချိန်တစ်ခုပဲ လိုတော့တာပါ"
"အဘိုး၊ ဒေါသ မထွက်ပါနဲ့!"
"ပါး၊ စိတ်အေးအေးထားပါ!"
အဘိုးကြီး ဒေါသထွက်သောအခါ မိသားစုတစ်ခုလုံး ထွက်လာတတ်သည်။
တကယ်တော့ နန်မိသားစုတွင် မည်သူမှ နန်ယု၏လက်ထပ် ထိမ်းမြားမှုအပေါ် အကောင်းမြင်ခြင်းမရှိပေ။ သို့သော် သူတို့ ကန့်ကွက်ရင်တောင် အကျိုးမရှိချေ။ နန်ယုမှာ လက်ထပ်ရန် ဆုံးဖြတ်ထားပြီး သူတို့ ဘာမှမလုပ်နိုင်ပေ။
သူမတို့ နန်မိသားစုသာ ရှင်သန်နိုင်ခဲ့လျှင် နန်ယု ဖေးမိသားစုတွင် သိပ်ဒုက္ခရောက်မည်မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် မည်သူမှ ဖေးယီကျန့် ပြည်ပတွင် နေခဲ့လိမ့်မည်ဟုထင်ထားခဲ့မည်နည်း။
ဖေးမိသားစုမှ ပရောဂျက်အတွက်ဟု ပြောခဲ့သည်။ ပြီးတော့ အမျိုးသားတစ်ယောက်က သူ့အလုပ်အား ဦးစားပေးသင့်သည်တဲ့။ ၎င်းမှာ နန်ယု ဒုက္ခခံရလိမ့်မည်ဟု ဆိုလိုသည်။
"မား၊ ပါး၊ အဘိုး၊ စိတ်မပူပါနဲ့၊ ခွဲနေတာ ကိစ္စမရှိပါဘူး၊ ကျွန်မလည်း အချိန်နဲ့အမျှ နားလည်သွားမှာပါ"
ခဏတာတော့ မည်သူမှ ဘာမှမပြောတော့ပေ။
မားမားနန် နန်ယုအား မည်သို့နှစ်သိမ့်ရမည်ကို စဉ်းစားနေစဥ် နန်ကျီ ရုတ်တရက်ရယ်လိုက်သည်။
အပြစ်တင်သည့်မျက်လုံးများ သူ့ဆီသို့ ပြူးကြည့်လိုက်ကြပြီး အန်းနင်ကပင် “ဒီလိုအချိန်မှာ ဘယ်လိုလုပ် ရယ်နိုင်တာလဲ” ဆိုသည့်အကြည့်မျိုးနှင့် သူ့အား ကြည့်လိုက်သည်။
နန်ကျီ : …ရုတ်တရက် သူ့မိသားစုထဲမှ အောက်ဆုံးနေရာကို အတည်ပြုလိုက်မိသလိုပင်။
သို့သော် သူ လျင်မြန်စွာ ကာကွယ်ပြောဆိုလိုက်သည်။
"မဟုတ်ဘူး၊ ငါ သတင်းရထားလို့"
"ဖေးမိသားစုရဲ့ ပြည်ပပရောဂျက်မှာ ပြဿနာကြီးကြီးမားမား ရှိနေတယ်၊ ဂိုဏ်းနှစ်ခုကြားက တိုက်ခိုက်မှုနဲ့ တိုက်ဆိုင်သွားပုံရပြီး ကုန်ပစ္စည်းအားလုံး ပျက်စီးသွားခဲ့တယ်၊ ဒီပရောဂျက်က ဖျက်သိမ်းခံလိုက်ရပြီး ကျန်နှစ်ခုကမျှော်လင့်ချက်မရှိတော့ဘူး"
တခြားသူများအားလုံး ပြောစရာစကားမဲ့သွားကြသည်။
ဖေးမိသားစု ထိုပြည်ပပရောဂျက်အား နောက်ဆုံးရိတ်သိမ်းရန် စောင့်နေသည်မှာ တစ်နှစ်၏တစ်ဝက်လောက် ရှိနေပြီ။ ဒီလိုမျိုး တစ်ခုခုဖြစ်လိမ့်မယ်လို့ ဘယ်သူများတွေးထားမိမှာလဲ ?
သို့သော် ယခင်က ဖေးမိသားစု၏ပရောဂျက်များမှာလည်း အမျိုးမျိုးသော ထူးဆန်းသည့်အကြောင်းရင်းများကြောင့် ပျက်ကွက်ခဲ့သည်အား ပြန်သတိရလိုက်သောအခါ ဤအရာမှာ အံ့အားသင့်စရာ မဖြစ်တော့ပေ။
အဘိုးနန် သူ့နှုတ်ခမ်းထောင့်အသာလေး တွန့်သွားသည်။ ဘယ်လိုပြောရမလဲ ? အခြားသူ၏ကံဆိုးမှုအပေါ် ပျော်ရွှင်နေခြင်းမှာ မကောင်းသော်လည်း ထိုအရာမှာ သူ့အားတကယ် ပျော်ရွှင်စေသည်။
ငါ့ရဲ့မြေးမလေးကို အနိုင်ကျင့်တဲ့အတွက်! မင်းတို့ ခံရမှာပဲ!
သို့သော် လူငယ်မျိုးဆက်ရှေ့တွင် သူ လျင်မြန်စွာ အလေးအနက်ထားလိုက်သည်။ “ဒါဆိုရင်…” မားမားနန် ဂရုတစိုက် ပြောလိုက်သည်။
"အခုတော့ ယီကျန့် မင်္ဂလာဆောင်ကို တက်ဖို့လွတ်ပြီ၊ ဟုတ်တယ်မလား ?"
နန်ကျီ: "...မား၊ မားက အကျယ်ကြီးရယ်လိုက်တာပဲ"
သူ့ကိုယ် သူ အရင်ရယ်ခဲ့မိကြောင်းလုံးဝမေ့လျော့နေပုံရသည်။