အခန်း (၂၉)
Vol. 4 Ch. 29
"ရှောင်ကျင်း!"
လီရီပိုင် ခြေလှမ်းကျဲကြီးများဖြင့် အခန်းထဲသို့ဝင်လာသည်။
"ငါ မင်းကို အရမ်းလွမ်းနေတာ!"
ဖေးယွင်ကျင်း လေးရက်တိတိ ပျောက်နေခဲ့သည့်အတွက် သူသည် မူကြိုကျောင်း၌ တစ်ယောက်တည်း အလွန်ငြီးငွေ့နေခဲ့သည်။ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း ကစားဖော်မရှိဘဲ ဂိမ်းများကို တစ်ယောက်တည်းကစားရသည်မှာ ပိုလို့ပင်ငြီးငွေ့စရာကောင်းလှသည်။ ငြီးငွေ့လွန်းသဖြင့် အပြစ်မဲ့သောဘော် ဒါခွေးလေး ရှောင်ယွမ်ကိုပင် သူ့နှင့်အတူ ကခုန်ရန်ဆွဲခေါ်ခဲ့ရသည်။
ထိုကြောင့် ဖေးယွင်ကျင်း ယနေ့ အိမ်ပြန်ရောက်မည်ကို သိရှိပြီးနောက် လီရီပိုင် ကျောင်းဆင်းသည်နှင့် အိမ်မပြန်တော့ဘဲ နန်ယု၏အိမ်သို့ အပြေးအလွှားရောက်လာခဲ့သည်။
ဒါပေမဲ့ ဒီလူက ဘယ်သူလဲ ?
ဖေးယွင်ကျင်းသည် မသိသော ကောင်လေးတစ်ဦးနှင့် အတူထိုင်ကာ စကားပြောရင်း ရယ်မောနေသည်ကိုမြင်သောအခါ လီရီပိုင် အံ့အားသင့်သွားရသည်။
"ရှောင်ပိုင်~"
ဖေးယွင်ကျင်း လီရီပိုင်အားမြင်သည်နှင့် သိသိသာသာပျော်ရွှင်သွားသည်။
"ငါလည်း မင်းကို လွမ်းနေတာ!"
လီရီပိုင်၏မျက်လုံးများ အန်းရီရန်အပေါ် ကျရောက်နေသည်ကို သတိပြုမိပြီးနောက် ဖေးယွင်ကျင်း သူ့အားပျော်ရွှင်စွာ မိတ်ဆက်ပေးခဲ့သည်။
"ဒါက အန်းရီရန်၊ ငါ့အစ်ကို၊ ရှောင်ပိုင်၊ ငါလည်း အစ်ကိုတစ်ယောက်ရှိနေပြီ~"
လီရီပိုင်- "အစ်ကို ?"
ရှောင်ကျင်းတစ်ယောက် အပြင်သွားကစားပြီးနောက် အစ်ကိုတစ်ယောက် ဘယ်လိုရလာခဲ့တာလဲ ?
အန်းရီရန် ရှောင်ကျင်းပြောပြဖူးသည့် လီရီပိုင်အကြောင်း ကြားဖူးသဖြင့် သူတို့မှာ ရင်းနှီးသော သူငယ်ချင်းများဖြစ်သည်ကို သိထားသည်။ သို့သော် လီရီပိုင်သည် လူမျိုးစပ်ဖြစ်လိမ့် မည်ဟု သူမျှော်လင့်မထားခဲ့ချေ။ ထို့ပြင် ခုနကပြောလိုက်သည့်စကားအရ သူသည် Flower Country ၏ဘာသာစကားအားပြောတတ်ပုံရသည်။
ထို့ကြောင့် ရှောင်ကျင်း သူငယ်ချင်းများသည်လည်း သူ့ သူ ငယ်ချင်းများဖြစ်သည်ဟု တွေးကာ အန်းရီရန် ကိုယ်တိုင်ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
"ရှောင်ပိုင် လား ? မင်္ဂလာပါ၊ ငါက အန်းရီရန်ပါ၊ ခြောက်နှစ်ရှိပါပြီ၊ တွေ့ရတာ ဝမ်းသာပါတယ်"
“မင်္ဂလာပါ”
ကလေးပီပီ ပိုင်ဆိုင်လိုစိတ်ကြောင့် လီရီပိုင် မပျော်မရွှင်ဖြစ်နေသည်မှာ ဖြစ်နိုင်ခြေရှိသော်လည်း ရိုင်းစိုင်းစွာ ပြုမူတတ်သည့် ကလေးမျိုးမဟုတ်သည်မှာ ထင်ရှားသည်။ အခြားသူက ဤမျှ ယဉ်ကျေးနေသဖြင့် သူလည်း ရိုင်းစိုင်း၍မရတော့ပေ။
"ရှောင်ပိုင်၊ ရှောင်ပိုင်၊ ငါ မင်းကို ပြောပြဦးမယ်..."
သို့သော် ဖေးယွင်ကျင်းမှာ လီရီပိုင်၏အနည်းငယ် စိတ်မသက်မသာဖြစ်နေမှုအား လုံးဝသတိမထားမိပေ။ ထိုအစား သူသည် ကျွန်းပေါ်နှင့် မင်္ဂလာပွဲတွင် သူ့အတွေ့အကြုံများကို စိတ်လှုပ် ရှားစွာမျှဝေနေပြီး သူ့စကားတိုင်းမှာ အန်းရီရန်ကိုသာရည် ညွှန်းနေသည်။
"အစ်ကို ရီရန်က အရမ်းအံ့သြစရာကောင်းတယ်၊ ငါတို့ ကမ်း ခြေမှာ သဲရဲတိုက်တွေ ဆောက်တုန်းက သူ တကယ့်လှတဲ့ရဲတိုက်ကြီးဆောက်နိုင်ခဲ့တာ"
"နောက်ပြီး ကမ်းခြေမှာ ပိုးကောင်ကြီးတစ်ကောင်ကိုတွေ့တော့ ငါ ကြောက်သွားတာ ဒါပေမဲ့ အစ်ကို ရီရန်က အဲဒါ ပိုးကောင်မဟုတ်ဘူး၊ စားလို့ရတဲ့ ပင်လယ်စာတစ်မျိုးလို့ပြောတယ်၊ ဟား ဟား ဟား ~ ငါ အရမ်းတုံးတာပဲနော်~"
"ပြီးတော့ အစ်ကိုရီရန်၊ အန်တီနဲ့ ငါတို့ အရသာရှိတဲ့အသီးတွေ သွားစားခဲ့ကြသေးတယ်၊ အဲဒါကို ဘာခေါ်လဲတော့ မသိဘူး?၊ ချိုပြီး အရမ်းအရသာရှိတာ၊ ရှောင်ပိုင်၊ ငါ..."
"ဪ၊ ရှောင်ကျင်း၊ တောင်းပန်ပါတယ်ကွာ၊ ငါ ရုတ်တရက် တစ်ခုခုကို သတိရသွားလို့၊ ငါ အခု သွားရတော့မယ်"
ထိုသို့ပြောပြီးနောက် လီရီပိုင် ဖေးယွင်ကျင်း၏မပြီးဆုံးသေးသော စကားများအား ဖြတ်တောက်ကာလှည့်ထွက်သွားတော့ သည်။
"ငါ မင်းအတွက် လက်ဆောင်တွေ အများကြီးယူလာခဲ့တယ်၊ အတူတူ သွားကြည့်ကြရအောင်~"
"ရီပိုင်၊ မင်း ဘယ်ကို ပြေးနေတာလဲ ?"
နန်ယု အခန်းထဲသို့ အမှတ်မထင်ဝင်လာရာ လီရီပိုင်နှင့် တိုက်မိလုနီးပါးဖြစ်သွားသည်။ နှုတ်ဆက်ဖို့ပင် အချိန်မရလိုက်ချေ။
ဖေးယွင်ကျင်း၏ မျက်လုံးများနီရဲလာပြီး မျက်ရည်ကျလုနီး ပါးဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"အန်တီ၊ အန်တီ၊ ရှောင်ပိုင်စိတ်ဆိုးနေတဲ့ပုံပဲ၊ ရှောင်ကျင်းတစ်ခုခု မှားသွားလို့လား"
—ဟင် ?
ရှောင်ပိုင်က ဖေးယွင်ကျင်းကို ဘယ်လိုလုပ်စိတ်ဆိုးနိုင်မှာလဲ ? မင်းတို့နှစ်ယောက်က ဘောင်းဘီတစ်ထည်တည်း ဝတ်ရလောက်အောင် ရင်းနှီးနေတာ မဟုတ်ဘူးလား?
နန်ယု အန်းရီရန်အား မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ တစ်ခုခုထပ်ဖြည့်စွက်ပြောပြပေးနိုင်မလား သိချင်၍ဖြစ် သည်။ မဟုတ်ပါက သူမ အဖြစ်အပျက်တစ်ခုလုံးအားသိမည် မဟုတ်ချေ။
သို့သော် အန်းရီရန်မှာ ပိုအံ့အားသင့်နေပြီး သူ့အံ့အားသင့်မှုတွင် ဘာမှမတတ်နိုင်သော ခံစားချက်များပါဝင်နေသည်။ သူ့ဉာဏ်ရည်အရ ဤကိစ္စမှာ သူ့နှင့်သက်ဆိုင်နိုင်ကြောင်းပြောပြနေသည်။
နန်ယု- "..."
သူ မျက်ရည်များကျတော့မတတ်ဖြစ်နေသော ဖေးယွင်ကျင်းအား ပွေ့ချီလိုက်ပြီး အန်းရီရန်ကိုကိုင်ရန် သူမ၏ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
"လာ လာ၊ ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြဦး"
နန်ယု၏စိတ်ရှည်စွာ နှစ်သိမ့်ပေးမှုကြောင့် လီရီပိုင် ရောက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို အန်းရီရန်နှင့် ဖေးယွင်ကျင်းတို့ တစ်ယောက်ချင်းစီပြန်ပြောပြခဲ့သည်။
ကလေးနှစ်ဦးစလုံး မှတ်ဉာဏ်ကောင်းသောကြောင့် သူတို့၏ ပြောပြမှုများမှာ အများအားဖြင့် တိကျနေသည်။။
နန်ယု လီရီပိုင် ဘာကြောင့်ပြေးထွက်သွားသည်အား ချက်ချင်း နားလည်သွားရသည်။
ဖေးယွင်ကျင်းနည်းတူ လီရီပိုင်သည် သူ့မူကြိုကျောင်းတွင် အခြားသူငယ်ချင်းများမရှိခဲ့ပေ။ ဖေးယွင်ကျင်းမှာ သူ့တစ်ဦးတည်းသော အကောင်းဆုံးသူငယ်ချင်းဖြစ်သည်။
သို့သော် ဤသူငယ်ချင်းမှာ အသစ်တစ်ယောက်အားတွေ့ပြီး သူတို့အဆင်ပြေနေသည်ကိုမြင်သောအခါ သူ့အပေါ်ဆုံးရှုံးမှုခံစားချက်တစ်ခုရုတ်တရက်ပေါ်လာရသည်။
အန်းရီရန်မှာ သူတို့နှစ်ဦးထက်နှစ်နှစ်ပိုကြီးသော်လည်း သူတို့ သည် သူငယ်ချင်းအရင်းများပမာ ခင်မင်ကြသည်။ လီယွမ်မိုနှင့်လီရီပိုင်တို့ကဲ့သို့ အသက်ကွာဟမှု ကြီးကြီးမားမားမရှိချေ။
နန်ယု နားလည်သွားသည်။ သူမ လီရီပိုင်၏စိတ်ပျက်မှုနှင့်မပျော်မရွှင်ဖြစ်မှုကိုစာနာသည်။ သို့သော် ထိုပြဿနာအား မည် သို့ဖြေရှင်းရမည်ကိုတော့ သူမ မသိချေ။
သူမ အန်းရီရန်အား ရိုးရိုးလေးလွှတ်ပေးလိုက်၍ မဖြစ်ချေ။ ထိုသို့လုပ်ခြင်းသည် မျက်မှောက်လက္ခဏာကိုသာ ယာယီဖြေရှင်းခြင်းဖြစ်ပြီး ပြဿနာ၏အရင်းအမြစ်အား မဖြေရှင်းနိုင်ပေ။ နောက်တစ်ကြိမ်တွင် အန်းရီရန်ကဲ့သို့ အခြားသူငယ်ချင်းအသစ်တစ်ယောက်ပေါ်လာလျှင် ဘာဆက်ဖြစ်မည်လဲဟု သူမ စဉ်းစားနေသည်။
လီရီပိုင် သူငယ်ချင်းအသစ်ရ၍ မပျော်ဘူးဆိုသည့်အကြောင်းကို ဖေးယွင်ကျင်းအား ရိုးရိုးလေးပြောပြလို့မရချေ။
ခင်မင်မှုသည် အချစ်မဟုတ်သော်လည်း တစ်ခါတစ်ရံတွင် အခြားတစ်ဦးပေါ်လာခြင်းမှာ စိတ်ထဲ၌ မလုံမလဲခံစားရစေ သည်။ လူတိုင်းသည် ထူးခြားသူတစ်ဦးအဖြစ် ခံစားရသည်ကို နှစ်သက်ကြပြီး ကလေးများလည်းအပါအဝင်ပင်။ သို့သော် နောက်ဆုံးတွင် ထိုအရာမှာ အချစ်ကဲ့သို့ ပိုင်ဆိုင်လိုစိတ်မျိုး မဟုတ်ချေ။
မူရင်းဝတ္ထုတွင် ဖေးယွင်ကျင်း၌ ရင်းနှီးသော သူငယ်ချင်းများစွာရှိသည်။
ဒါဆို ငါ ဘာလို့ ဒီကိစ္စကို ဖြေရှင်းပေးနေရတာလဲ ?
သူငယ်ချင်း မရှိတဲ့သူက ငါ လေ၊ ဟုတ်ပြီလား ?
နန်ယု စိတ်ထဲမှ သူ့ကိုယ် သူ မညည်းတွားဘဲ မနေနိုင်ခဲ့ပေ။ သို့သော် ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာများကိုမြင်သောအခါ တိတ်တဆိတ် သက်ပြင်း ချလိုက်ရသည်။
"မင်းတို့နှစ်ယောက် အရင်သွားစားနှင့်၊ ပြီးရင် ဒီကိစ္စကိုဖြေရှင်းကြတာပေါ့၊ ဟုတ်ပြီလား ?"
နန်ယု ကလေးနှစ်ယောက်ကို အောက်သို့ဆင်းခိုင်းလိုက်ပြီး အိမ်တော်ထိန်းကျိုးအား သူတို့ ထမင်းစားသည်ကိုကြီးကြပ်ရန်တောင်းဆိုခဲ့သည်။ ထို့နောက် လီယွမ်မိုထံ စာပို့လိုက်သည်။
ယခင်ဥယျာဉ်ပါတီပွဲကတည်းက သူတို့နှစ်ဦး သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ သို့သော်လည်း စာပို့ခြင်းဖြင့် ဆက်သွယ်မှုကတော့ ပထမဆုံးအကြိမ်ပင်။
နန်ယု သူ့အစ်ကို၏အမြင်ကို သိရှိရန်ရည်ရွယ်ပြီး ဖြစ်ပျက်ခဲ့သော အခြေအနေအား ရှင်းပြလိုက်သည်။
လီယွမ်မို လျင်မြန်စွာပြန်ဖြေခဲ့သည်။
"သူ့ကို စိတ်မပူနဲ့၊ ရက်နည်းနည်းလောက်ကြာရင် သူ အဆင် ပြေသွားလိမ့်မယ်"
နန်ယု- "???"
ရှင် သူ့အစ်ကိုအရင်းကော ဟုတ်ရဲ့လား ?
လီရီပိုင်ကို မွေးစားထားတာလား ?
နန်ယု မနေနိုင်တော့ဘဲ စာခြောက်စောင်ဆက်တိုက် ပို့လိုက်သည်။ သို့သော် လီယွမ်မို ရိုးရိုးလေးသာပြန်ဖြေသည်။
"ဘာဖြစ်လို့လဲ"
သူနှင့်စကားပြောရသည်မှာ စိတ်ပျက်စရာကောင်းလှသည်။
နန်ယု : "ဘာမှမဖြစ်ပါဘူး၊ ထားလိုက်တော့"
နန်ယု ဖုန်းချလိုက်ပြီး အခြေအနေအား သူ ကိုယ်တိုင်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် လီမိသားစုဗီလာ၌ လီရီပိုင် ညစာစားနေရင်း စိတ်တိုနေသည်။ သူ့ဘေးတွင်ရှိသော လက်ထောက်ရှုမှာတော့ လီရီပိုင် စိတ်တိုနေသည်မှာ အစားအစာကြောင့်ဟု ထင်မှတ်နေပြီး မနက်ဖြန်အတွက် သူနှစ်သက်မည့် ဟင်းပွဲအချို့ပြင်ဆင်ရန် စားဖိုးမှူးအား တောင်းဆိုရန်စီစဉ်လို့နေသည်။
သို့သော် တကယ်တမ်းတွင် လီရီပိုင် သူပြုမူခဲ့သည့် ဆုံးဖြတ် ချက်အားနောင်တရနေသည်။
သူ နန်ယု၏ဗီလာမှ ပြေးထွက်လာသည့်အချိန်ကတည်းက နောင်တရနေသည်။ တကယ်တမ်းမှာ ဘာများအရေးကြီးနေတာလဲ ? သူငယ်ချင်းအသစ်ရတဲ့ ရှောင်ကျင်းအတွက် ပျော်ရွှင်ပေးသင့်သည်။
ထို့ပြင် ရှောင်ကျင်းသည် သူငယ်ချင်းအသစ်ရရှိခဲ့သော်လည်း သူ့နှင့်ကစားသည်အား မရပ်တန့်ခဲ့ပေ။ သူသည် သူ့ဘဝတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ပုံမှန်လိုပင်ပျော်ရွှင်စွာနှင့် ဆက်လက်ဝေမျှပေးနေခဲ့သည်။
ငါ ဘာလို့ ပြေးထွက်သွားခဲ့ရတာလဲ !
သို့သော် လီရီပိုင် ဖေးယွင်ကျင်းထံပြန်သွားရန် နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်နေသည်။ ဘာကြောင့် စိတ်မသက်မသာ ဖြစ်နေသည်ကို သူ မပြောပြနိုင်သော်လည်း ထိုခံစားချက်မှာ…
အာ! အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလိုက်တာ!
မနက်ဖြန်တွင် ရှောင်ကျင်း မူကြိုကျောင်းသို့ သေချာပေါက် သွားလိမ့်မည်။ ထို့နောက် သူ ရှောင်ကျင်းအား တောင်းပန်မည်ဟု ဆုံးဖြတ်လိုက်သည်။
"ရှောင်ပိုင်!"
ဟင် ? ရှောင်ကျင်းရဲ့အသံကို ငါ ဘာလို့ ကြားနေရတာလဲ ?? စိတ်အာရုံချောက်ချားနေတာလား?
လီရီပိုင် ခေါင်းခါလိုက်ပြီး သူ့ခေါင်းအား နှစ်ချက်ပုတ်ရန် ပြင်လိုက်စဉ် လက်ထောက်ရှုမှ ဦးစွာပြောလာခဲ့သည်။
"သခင်လေး၊ သခင်လေးယွင်ကျင်း အတူကစားဖို့ရောက်နေပြီ"
လီရီပိုင်: "!!!"
သူ ချက်ချင်းဇွန်းကိုချလိုက်ပြီး လက်ထဲတွင် ပစ္စည်းအများအပြားကိုင်ဆောင်ထားရင်း ခြေလှမ်းကျဲကြီးများဖြင့် လာနေသော ဖေးယွင်ကျင်းအားတွေ့လိုက်ရသည်။ သူ့နောက်တွင် နန်ယုလည်း လိုက်ပါလာသည်။
"ရှောင်ကျင်း၊ မင်း ဘာလို့ ဒီကိုရောက်လာတာလဲ"
"ငါ မင်းအတွက် လက်ဆောင်တွေအများကြီး ယူလာခဲ့တယ်၊ မင်းလည်း မမြင်ရသေးဘူးလေ"
ဖေးယွင်ကျင်း လျင်မြန်စွာပြေးလာခဲ့သဖြင့် သူ့လက်ထဲမှ ပစ္စည်းတစ်ခု ပြုတ်ကျသွားရာ သူ ချက်ချင်းကုန်းပြီးကောက်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူ တစ်ခုကောက်လိုက်တိုင်း နောက်နှစ်ခု ပြုတ်ကျသွားသည်။
"ဟားဟားဟား၊ ရှောင်ကျင်း၊ မလှုပ်နဲ့၊ ငါ လုပ်လိုက်မယ်"
လီရီပိုင် ကုန်းလိုက်ပြီး ခရုခွံလှလှလေးနှစ်ခုအား ကောက်ယူလိုက်သည်။
"ဒါတွေက ငါ့အတွက်လား"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါတွေ အားလုံး ရှောင်ပိုင်အတွက်!" ဖေးယွင်ကျင်း ပြုံးလိုက်သည်။
"ဒီခရုခွံကိုမြင်တော့ မင်း ကြိုက်လိမ့်မယ်လို့ ငါ ထင်တာပဲ၊ မလှဘူးလား ?"
လီရီပိုင် သူ့နှုတ်ခမ်းအားကိုက်လိုက်ပြီး လက်ထဲရှိ ခရုခွံကို တင်းတင်းဆုပ်ကိုင်လိုက်ကာ ခေါင်းကို အားကြိုးမာန်တက် ညိတ်လိုက်သည်။
"အင်း၊ လှတယ်၊ ငါ အရမ်းကြိုက်တယ်!"
"ရှောင်ကျင်း၊ ငါ တောင်းပန်ပါတယ်၊ ခုနက ငါ ရုတ်တရက် ထွက်မပြေးသင့်ဘူး"
"ဟင် ? ရှောင်ပိုင် အလုပ်မရှုပ်ဘူးလား ? အဆင်ပြေပါတယ်၊ ငါတို့က သူငယ်ချင်းတွေပဲ"
ထို့နောက် ဖေးယွင်ကျင်း သူ ပြင်ဆင်လာသော လက်ဆောင်များကို တစ်ခုပြီးတစ်ခု လီရီပိုင်အား ပျော်ရွှင်စွာပြသပြီး သူ ထိုလက်ဆောင်များ မည်သို့ရရှိခဲ့ပုံကိုပြောပြသည်။
ကလေးငယ်နှစ်ဦးမှာ အရင်ကအတိုင်း လျင်မြန်စွာပြန်လည်သင့်မြတ်သွားကြသည်။ ခုနက မပျော်ရွှင်မှုသည် လုံးဝပေါ် ပေါက်ခဲ့ခြင်းမရှိသလိုပင် ဖြစ်လို့နေသည်။ လီရီပိုင် အန်းရီရန်အကြောင်းကိုပင် စိတ်ပါဝင်စားစွာမေးမြန်းလာသည်။ စက် တင်ဘာလတွင် အန်းရီရန် မူလတန်းတတ်ရတော့မည်ကိုသိလိုက်ရသောအခါ လီရီပိုင် အားကျစိတ်ဖြင့်သက်ပြင်းချလိုက်သည်။
"ငါလည်း ကျောင်းတက်ရတာကိုလွမ်းတယ်! မူကြိုကျောင်းက အရမ်းပျင်းစရာကောင်းတယ်"
"ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့က ငါတို့က မူကြိုမှာပဲရှိသေးတော့ မူလတန်းကျောင်းတက်ဖို့က အချိန်အများကြီးလိုနေသေးတယ်"
နန်ယု ရယ်မောနေခြင်းအား ထိန်းချုပ်လိုက်ပြီး သူ အရာအား လုံးကိုမှတ်တမ်းတင်ထားကာ နောက်တစ်ကြိမ် အိမ်စာမလုပ်တော့ဘူးဟု ဂျီကျလာပါက ပြန်ဖွင့်ပြသင့်သည်ဟု တွေးလိုက်သည်။
သို့သော် ဤကဲ့သို့ ချောမွေ့သောပြန်လည်သင့်မြတ်မှုကြောင့် နန်ယု မိခင်တစ်ဦးပမာ စိုးရိမ်ပူပန်နေရခြင်းမှ နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့သည်။
နောက်တစ်နေ့တွင် ဖေးယွင်ကျင်း ကျောင်းသို့သွားခဲ့ပြီး အန်းရီရန်နှင့် နန်ယုတို့ကိုသာ အိမ်တွင်ထားခဲ့သည်။
မူလတန်းကျောင်းစတတ်တော့မည့် အန်းရီရန်သည် ချင်ချန်မြို့မှပြောင်းရွှေ့လာပြီးနောက် လူမှုဆက်ဆံရေး အခက်အခဲများမဖြစ်စေရန် အိမ်တွင် ဆရာတစ်ဦးအားငှားရမ်းကာစာ သင်ခဲ့သည်။ သူ ပြီးခဲ့သည့် နှစ်ပတ်အတွင်း နန်ယုအိမ်တွင်ရှိနေခဲ့ရာ ကျောင်းစာများမပျက်စေရန်လိုအပ်ခဲ့သည်။
ထို့ကြောင့် နန်ကျီ နန်ယုအိမ်သို့ ဆရာတစ်ဦးလာရောက်သင် ကြားပေးရန် ငွေပိုပေးခဲ့သည်။ ထိုနေရာမှာ ပိုမိုနီးစပ်ပြီးငွေလည်းပိုရသောကြောင့် ဆရာသည် ပျော်ရွှင်စွာလက်ခံခဲ့သည်။
ဒါဆို ငါက မိသားစုထဲမှာ အလုပ်အများဆုံးဖြစ်နေတာ မဟုတ်ဖူးလား ?
ထိုအတွေး နန်ယုစိတ်ထဲတွင် လျင်မြန်စွာ ပေါ်လာပြီးနောက် သူ ချက်ချင်းပယ်ချလိုက်သည်။
သူမ၌ လုပ်စရာများစွာ ရှိသည်မှာထင်ရှားသည်။ ဝတ္ထုများ၊ variety show များ၊ anime များ…
ကြည့်ရှုရန် ကျန်ရှိနေသည်မှာ အလွန်များပြားသည်။ သူမ တစ်ခုမှ အမီမလိုက်နိုင်သေးပေ။ သူမ ရက်အနည်းငယ်သာမက ဘဝတစ်ခုလုံးကိုပင် ဘာမှမလုပ်ဘဲကုန်ဆုံးစေနိုင်သည်။
ကံမကောင်းစွာဖြင့် ကံကြမ္မာကပင် ထိုအရာအားသည်းမခံနိုင်တော့ဘဲ ပြဿနာမှာ သူမ တံခါးကို မကြာမီလာရောက်ခေါက်ခဲ့သည်။
ပေထန်မိသားစုတွင် နန်ယု ဖုန်းနံပါတ်မရှိသောကြောင့် ဗီလာ ၏ကြိုးဖုန်းသို့ ခေါ်ဆိုခဲ့ပြီး အိမ်တော်ထိန်းကျိုး ဖုန်းအားကိုင်လိုက်သည်။။
မွေးနေ့ပါတီပွဲပြီးနောက် ပေထန်မိသားစုသည် ဖေးယွင်ကျင်းအားခဏတာခေါ်ယူထားရန် ဖေးမိသားစုကိုတောင်းဆိုခဲ့သော် လည်း ဖေးရှင်းလင် ချက်ချင်းပယ်ချခဲ့သည်။
ဖေးရှင်းလင် နန်ယုအား မနှစ်သက်သော်လည်း သူမကြောင့် အကြိမ်များစွာ ဒေါသထွက်ခဲ့ရသည်။ ယခုအခါ နန်ယုသည် ဖေးမိသားစုဝင်တစ်ဦးဖြစ်နေပြီး သူတို့သွေးသားကိုပါပြုစုပျိုး ထောင်ပေးနေသောကြောင့် ပေထန်မိသားစု၏ ရည်ရွယ်ချက်အား သူ သံသယဝင်လာရသည်။
ဒါဆို ပေထန်မိသားစုက ဘာလုပ်နေတာလဲ ?
ပေထန်ရှောင်ဝမ်၏အခြေအနေကို တွေးလိုက်သောအခါ သူ့စိတ်ထဲတွင် ခါးသီးသော ခံစားချက်တစ်ခုပေါ်လာသည်။ နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့ပြီးမှ ပေထန်မိသားစု ရုတ်တ ရက် ပြန်ပေါ်လာသောကြောင့် ဖေးရှင်းလင် သူတို့၏ရည်ရွယ် ချက် မကောင်းနိုင်ဟုယူဆကာ ရိုးရှင်းစွာပယ်ချခဲ့သည်။
မကြာမီတွင် ပေထန်မိသားစု နန်ယုအပေါ် ထပ်မံအာရုံစိုက်လာလိမ့်မည်ဟု မည်သူကမှတွေးမိကြမည်မဟုတ်ပေ။
သူတို့သည် နန်ယုနှင့် ဖေးယွင်ကျင်းတို့အား ပေထန်မိသားစုမှ အသစ်ဖွင့်လှစ်ထားသော အပန်းဖြေစခန်းသို့ဖိတ်ကြားလိုကြောင်းပြောကြားခဲ့သည်။
၎င်းမှာ အိမ်တော်ထိန်းကျိုးအား ဖုန်းဖြင့်ပြောဆိုခဲ့သော စကားများပင် ။
"ကျွန်တော် ကြားတာကတော့ ပေထန်မိသားစုက သူတို့ရဲ့ ငယ်ရွယ်တဲ့မျိုးဆက်အချို့နဲ့ အတူတူသွားပြီး ရွယ်တူတွေအတွက် တွေ့ဆုံနိုင်ဖို့ အပန်းဖြေခရီးလေးလုပ်ချင်တာပါတဲ့၊ ရှန်နဲ့ဂူမိသားစုတွေလည်း ပါဝင်မယ်လို့ ထင်ပါတယ်"
ထိုသို့ ဖိတ်ကြားမှုမျိုးမှာ နန်ယုအတွက် အဆန်းမဟုတ်ပေ။ ချမ်းသာသော ဒုတိယမျိုးဆက်တိုင်းမှာ ဖေးယီကျန့်နှင့် နန်ကျီတို့လို အလုပ်မများကြပေ။
နန်နှင့် ဖေးမိသားစုများကဲ့သို့ သားသမီးဦးရေနည်းပါးသော မိသားစုများမှာ ခြွင်းချက်သာဖြစ်သည်။ အများစုမှာ ချမ်းသာကြွယ်ဝလေလေ၊ သားသမီးများလေလေဖြစ်သည်။
"သားသမီးများလေလေ၊ ကောင်းချီးများလေလေ" ဟူသော အယူအဆအား လက်ခံထားကြသည်။
ထိုသို့ဆိုလျှင် အမွေဆက်ခံရန် တာဝန်မရှိသော၊ ငွေကြေးပြည့်စုံပြီး မိမိကိုယ်မိမိ သက်သေပြရန် လုပ်ငန်းစတင်လိုစိတ်မရှိသော ချမ်းသာသည့် ဒုတိယမျိုးဆက်အချို့ နေ့စဉ်ဘာလုပ်ကြသနည်း ?
သူတို့သည် ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက်သာ အတူတူ အစားအသောက်စားခြင်း၊ အဖျော်ယမကာများ သောက်ခြင်းနှင့် အချိန်ကုန်ခံခြင်းတို့အား ပြုလုပ်ကြသည်။
"ကျွန်မ ပြန်ရောက်ရင် ကလေးတွေကို ဂရုစိုက်နေရလို့ အလုပ် များနေတယ်၊ အချိန်မရှိဘူးလို့ ပြောလိုက်ပါမယ်"
နန်ယု အပန်းဖြေစခန်းအား သွားချင်စိတ်ရှိသည့်တိုင်အောင် ထိုလူအုပ်စုနှင့်အတူမသွားလိုချေ။ ထိုအရာမှာ အချိန်ကုန်ရုံသာမက ၎င်းတို့ထဲမှအချို့သည် ပြဿနာရှာတတ်သော ကြောင့် ဖြစ်သည်။
နန်ယု၏ မိဘများမှာ သူမအား ချစ်ခင်ကြသော်လည်း ထိုကဲ့သို့သော အုပ်စုများနှင့် ပေါင်းသင်းခြင်းမှတားမြစ်ခဲ့သည်။ သူမသည်လည်း ထိုအသိုင်းအဝိုင်းများသို့ ဝင်ရောက်ခြင်းကိုပြတ် ပြတ်သားသား ရှောင်ကြဉ်ခဲ့သည်။ အကြောင်းမှာ တရားမျှတမှုကို ရှေ့တန်းတင်ပါက ထိုလူများမှာ သူမကိုပင် ပြန်လည် ဆန့်ကျင်လာမည်ကို စိုးရိမ်သောကြောင့်ပင်။
ပေထန်မိသားစု၏ဖိတ်ကြားချက်မှာ အပျော်ခရီးသက်သက်ဖြစ်နိုင်သော်လည်း နန်ယု စိတ်မဝင်စားခဲ့ချေ။ ထိုသူများနှင့် သူမ ရင်းနှီးမှုမရှိသလို ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားရန် မလိုအပ်သည့်အတွက် သွားရောက်ရန်အကြောင်းမရှိပေ။
နန်ယု စကားများအား ပိုမိုယဉ်ကျေးစေရန် ဦးလေးကျိုး ပြောင်းလဲပြောဆိုပြီးနောက် ပေထန်မိသားစု၏ဖိတ်ကြားချက်အား ငြင်းဆိုလိုက်သည်။
သူမ ထိုကိစ္စပြီးဆုံးပြီဟု ထင်ခဲ့သော်လည်း နှစ်ရက်အကြာတွင် ဖေးယွင်ကျင်းကျောင်းမှ သတင်းတစ်ပုဒ် ယူဆောင်လာခဲ့သည်။ မူကြိုကျောင်းသည် ဇွန်လလယ်တွင် ပိတ်မည်ဖြစ်ပြီး ယခုနှစ် မူလတန်းအကြိုအတန်းအတွက် ပရိုမိုးရှင်းခရီးစဉ်မှာ ရှီယန် အပန်းဖြေစခန်းသို့ သုံးရက်နှစ်ညခရီးစဉ်ဖြစ်ကာ မိဘများလည်း လိုက်ပါခွင့်ပြုထားသည်။
ဟုတ်ပါသည်။ ထိုနေရာမှာ ပေထန်မိသားစုမှ အသစ်ဖွင့်လှစ်ထားသော အပန်းဖြေစခန်းပင်။
ဒါ တိုက်ဆိုင်မှု သက်သက်ပဲလား ?
မူကြိုကျောင်းသည် နှစ်ဝက်ကုန်တိုင်း အတန်းတိုင်းအတွက် ခရီးစဉ်တစ်ခုအား ပုံမှန်စီစဉ်ပေးလေ့ရှိသည်မှာ ယခုနှစ်မှ အသစ်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အစဉ်အလာတစ်ခုဖြစ် ကြောင်းကို နန်ယု သိရှိထားသည်။
ကျောင်း၏ခရီးစဉ်များမှာ မြို့တော်နှင့်နီးပြီး လုံခြုံမှုရှိသည့်အပြင် ဆွဲဆောင်မှုများလည်း ပြည့်စုံသောအဆင့်မြင့်အပန်း ဖြေစခန်းများကိုသာရွေးချယ်လေ့ရှိသည်။ ထိုသို့ဆိုလျှင် ပေထန်မိသားစု အပန်းဖြေစခန်းမှာ အသစ်ဖြစ်နေ၍သာ ရွေးချယ်ခြင်းလား ?
သို့သော်လည်း နန်ယု ဤကိစ္စမှာ တိုက်ဆိုင်မှုသက်သက်ဟု လုံးဝမယုံကြည်ခဲ့ပေ။
ဒါ တိုက်ဆိုင်မှုမဟုတ်ပါက ပေထန်မိသားစု အတိအကျဘာလုပ်ဖို့ကြိုးစားနေတာလဲ ?
ယခင်က နန်ယုကဲ့သို့ ရဲရင့်သူတစ်ဦးဆိုလျှင် စစ်မှန်သော သိလိုစိတ်ဖြင့် အပန်းဖြေစခန်းသို့သွားရောက်ကာ အဖြေကိုရှာ ဖွေနိုင်ပေမည်။
သူတို့၏ အတွေးအားနားလည်နိုင်မည်ပင်။ သူမအား ထိုနေရာသို့ရောက်အောင် ခေါ်ဆောင်နိုင်ရန် အလွန်ကြိုးစားနေရသည့် အတွက် ရည်ရွယ်ချက်တစ်ခုရှိရမည်။ “သူမကို တိုက်ရိုက် လှည့်စားရဲလိမ့်မယ်” ဟု မယုံကြည်သော်လည်း ထိုရည်ရွယ် ချက် ဘာလဲဆိုတာကိုတော့ သိချင်မိသည်။
သို့သော် လက်ရှိ နန်ယု၏အခြေအနေတွင်တော့...
"ရှောင်ကျင်း၊ မူကြိုကျောင်းက ကလေးတွေနဲ့ သွားကစားချင်လား ?"
ဖေးယွင်ကျင်း လျင်မြန်စွာ ခေါင်းခါလိုက်သည်။
"မသွားချင်ဘူး၊ သူတို့က လုံးဝပျော်စရာမကောင်းဘူး၊ ကျွန် တော် အန်တီ၊ ရှောင်ပိုင်နဲ့ အစ်ကိုရီရန်တို့နဲ့ပဲ ကစားချင်တယ်"
"ကောင်းပြီ၊ ဒါဆို ရှောင်ပိုင်အစ်ကိုနဲ့ ရှောင်ပိုင်ကို မူကြိုကျောင်း ခရီးစဉ်ကိုမလိုက်ဘဲနေလို့ရမလားလို့ ငါ မေးကြည့်လိုက်မယ်၊ အဲဒီအစား ငါတို့အားလုံး အတူတူအပန်းဖြေစခန်းကိုသွားလည်ကြမယ်၊ ဟုတ်ပြီလား"
ကြံစည်မှုရှိမှန်းသိလျက်နှင့် လိုက်သွားတာဟာ ရဲရင့်တာမဟုတ်ဘဲ မိုက်မဲရာကျသည်ဟု သူမ တွေးလိုက်သည်။
နန်မိသားစုမှာလည်း အပန်းဖြေစခန်းရှိပြီး နာမည်အကြီးဆုံးတစ်ခုကတော့ လက်မှတ်ဝယ်ဖို့တောင်ခက်ခဲလှသည့် စူပါ VIP အဆင့် အပန်းဖြေစခန်းပင်။
မျှော်လင့်ထားသည့်အတိုင်း လီယွမ်မိုနှင့် လီရီပိုင် နှစ်ဦးစလုံး သဘောတူခဲ့ကြသည်။ သို့သော် လီယွမ်မို အလုပ်များလွန်း၍ လီရီပိုင်အား နန်ယု လက်ထဲသို့အပ်နှံလိုက်သည်။
အန်းရီရန်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ မြို့တော်သို့ရောက်ပြီးနောက် နန်ကျီတို့ မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြတာကြောင့် သူ မြို့တော်အားသိပ်မမြင်လိုက်ရချေ။
ချင်ချန်မြို့မှာတောင် အန်းနင် အလုပ်များနေတာကြောင့် မူကြိုကျောင်းမှလွဲရင် အန်းရီရန် အိမ်မှာသာအချိန်ကုန်တာများ သည်။ ထို့ကြောင့် ရှောင်ကျင်း၊ နန်ယု၊ ရှောင်ပိုင်တို့နှင့် အပြင်ထွက်ရမည်ကို သူ သဘောကျသည်။
တကယ်တမ်းတွင် လီရီပိုင်နှင့် ဖေးယွင်ကျင်းတို့သည်လည်း အန်းရီရန်လိုပင်။ သူတို့သုံးယောက်စလုံး မြို့တော်အကြောင်း သိပ်မသိကြသေးသဖြင့် ဤကဲ့သို့ ရှားပါးအခွင့်အရေးကြောင့် အလွန်စိတ်လှုပ်ရှားနေကြပြီး ထိုညမှာ အိပ်မပျော်နိုင်လောက်အောင်ဖြစ်ခဲ့ကြသည်။
နန်ယုလည်း သူမ၏အိမ်တွင်းရေးဘဝအား ပြန်လည်စဉ်းစားမိသည်။ ကလေးများကို အမြင်ကျယ်စေရန် ပုံမှန်အပြင်ထွက်ပြီး ကစားဖို့လိုအပ်ပုံရသည်။
ထို့ကြောင့် မူကြိုကျောင်းခရီးစဉ် စမည့်နေ့တွင် နန်ယု ကလေးများနှင့်မထွက်ခွာမီ နာရီဝက်အလိုတွင် ကျောင်းအုပ်ကြီးအား ဖုန်းဆက်ကာ ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့လိုက်မည်မဟုတ်ကြောင်း အကြောင်းကြားလိုက်သည်။
သူတို့ ငွေကိုပေးချေမည်၊ သို့သော် လိုက်လာမည်မဟုတ်ချေ။ သူတို့ ဘယ်ကိုသွားသည်ကို စိတ်ပူစရာမလို၊ သူတို့သည် မိဘများနှင့်အတူ ရှိနေမည်ဖြစ်သည်။
ကျောင်းအုပ်ကြီး : "..."
သူ ဘာပြောနိုင်မှာလဲ ? သူ သဘောတူလိုက်ရသည်မှာ သေချာပါသည်။
တစ်ချိန်တည်းတွင် နန်ယုနှင့် သူမ၏အဖွဲ့မှာ နန်မိသားစုပိုင် အပန်းဖြေစခန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့ ကားပေါ်မှ ဆင်းသည်နှင့် အပန်းဖြေစခန်းမန်နေဂျာမှ ချက်ချင်းလာရောက်နှုတ်ဆက်ကြသည်။
"မစ်၊ မတွေ့တာ ကြာပြီ! ဒီကိုမရောက်တာလည်း အချိန်တစ်ခုရှိနေပြီ၊ ကျွန်တော်တို့ဆီမှာ မကြာသေးခင်ကအသစ်တွေ အများကြီးရှိနေပြီ"
သူ့လေသံမှာရိုးသားပြီး ပျော်ရွှင်နေသကဲ့သို့ ပရော်ဖက်ရှင်နယ်ဆန်မှု အရိပ်အယောင်များလည်းပေါ်နေသည်။
"မန်နေဂျာဝူ၊ ဒီတစ်ခေါက်ကတော့ သူတို့ အဓိကပျော်ဖို့ပါ၊ ကျွန်မအတွက် စိတ်မပူပါနဲ့"
နန်ယု သူမဘေးရှိ ကလေးငယ်သုံးယောက်အား လက်ညှိုးထိုးပြလိုက်သည်။ သူတို့သည် စိတ်လှုပ်ရှားစွာ ပတ်ပတ်လည်ကို ကြည့်နေကြသည်။ သူမ ပြုံးပြီး "ကောင်းပြီ၊ အခန်းတွေဆီ သွားကြရအောင်။ ဒီရက်အနည်းငယ်အတွင်း မင်းတို့ ဒီမှာ ရှိနေမှာဆိုတော့ လုပ်ချင်တာတွေ အများကြီးရှိလိမ့်မယ်"
နန်ယု၏တောင်းဆိုချက်အရ မန်နေဂျာသည် သူတို့အတွက် မိသားစု suite တစ်ခန်းအား စီစဉ်ပေးခဲ့သည်။
နန်ယု အခန်းတစ်ခန်းယူပြီး ကလေးသုံးယောက်မှာ နောက်တစ်ခန်းတွင် နေကြသည်။ သူတို့နှင့်အတူပါလာသော ကလေးထိန်းနှင့် ကိုယ်ရံတော်များမှာ ဘေးချင်းကပ်အခန်းတွင်တည်းခိုခဲ့ကြသည်။
"အန်တီ၊ ကြည့်ပါဦး! ဒီလောက်မြင့်တဲ့ သစ်ပင်ကြီး!"
"နန်ကျဲ၊ ဟိုမှာ ကြာပန်းတွေလား? ကျွန်တော် တကယ့် ကြာပန်းတွေကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ~"
"အစ်ကို ရီရန်! ကျွန်တော်တို့ သုံးယောက် ဒီည အတူတူအိပ်လို့ရပြီ!"
"ရှောင်ကျင်း၊ ကြည့်ပါဦး၊ ဒီအလှဆင်ပစ္စည်းက ရှောင်ယွမ်နဲ့ မတူဘူးလား ?"
...
ကလေးသုံးယောက် တစ်ပြိုင်နက်တည်း စိတ်လှုပ်ရှားစွာပြေး လွှားနေသည့် မြင်ကွင်းမှာ မည်သို့သောပုံစံနည်း ?
နန်ယု - ခေါင်းနည်းနည်း ကိုက်လာသလိုပဲ
အလိမ္မာဆုံး ကလေးများသည်ပင် တစ်ခါတစ်ရံတွင် ဆိုးသွမ်းတတ်ကြသည်။ အထူးသဖြင့် သူတို့သုံးယောက် အတူတူရှိနေချိန်မျိုးတွင် ဖြစ်သည်။ ဘဲငါးရာ မပြောနှင့်၊ ဘဲသုံးရာလောက်တော့ ရှိနေသည်ဟု သူမ တွေးလိုက်သည်။
ဤအချိန်တွင် အရေးကြီးသည့် တာဝန်အား ကလေးထိန်းလက်ထဲလွှဲအပ်ပြီး သူမ အခန်းဆီသို့ပြန်ကာ စိတ်ကိုငြိမ်သက်အောင် လုပ်သင့်သည်။
ထိုနေ့ နေ့လယ်ပိုင်းတွင် ပေထန်မိသားစု စာကြည့်ခန်းတစ်ခု၌ လူသုံးဦးသည် ပင်မထိုင်ခုံအောက်တွင်ဒူးထောက်နေကြသည်။
"ဘာ ? ဘယ်သူမှ မသွားဘူး ဟုတ်လား ?!"
"ဟုတ်ကဲ့၊ သူတို့က နောက်ဆုံးအချိန်မှအကြောင်းကြားခဲ့တယ်လို့ ကြားပါတယ်"
ဤကဲ့သို့ ရုတ်တရက် အခြေအနေကြောင့် ပေထန်မိသားစု၏ မူလစီစဉ်ထားမှုများ လုံးဝပျက်စီးသွားသည်။
"ဒါဆို သူတို့ ဘယ်ကို သွားကြတာလဲ ? စုံစမ်းလို့ ရပြီလား?"
"သခင်ကြီး၊ ကျွန်တော်တို့ စုံစမ်းမှုအရ နန်ယုနဲ့ တခြားသူတွေက နန်မိသားစုရဲ့ Muxin Island အပန်းဖြေ စခန်းကို သွားခဲ့ကြပါတယ်"
"အထဲကို လူလွှတ်ပြီး စီစဉ်လို့မရဘူးလား?"
"ကျွန်တော်တို့ စစ်ဆေးကြည့်တော့ Muxin Island က မကြာသေးခင်က အလုပ်သမားတွေ ခေါ်တာမရှိသေးပါဘူး၊ ကျွန် တော်တို့က ဖောက်သည်တစ်ဦးအဖြစ် ဝင်မယ်ဆိုရင်တောင်... Muxin Island က အဖွဲ့ဝင်စနစ်ရှိလို့ ဝင်ဖို့မလွယ်နိုင်ဘူး"
"အသုံးမကျတဲ့ကောင်တွေ!"
ဘန်း ! လက်ဖက်ရည်ခွက်တစ်လုံး တံခါးဘောင်ကိုပြင်းထန်စွာ ထိမှန်ပြီး ချက်ချင်းကွဲကြေသွားခဲ့သည်။
"အရင်ဆုံး တစ်ယောက်ယောက်ကိုရှာဖို့ ကြိုးစားကြည့်၊ မရရင်တော့ နောက်အခွင့်အရေးတစ်ခုကိုထပ်ရှာရမယ်၊ နန်ယု! ပြီးတော့ နန်မိသားစုနဲ့ ဖေးမိသားစု! နောက်ကျရင် ငါ သူတို့အားလုံးကို..."
"ဟုတ်ကဲ့ပါ၊ သခင်ကြီး!"