← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

ဖေးယွင်ကျင်း လေ့ကျင့်မှုဒဏ်နှင့် တဖြည်းဖြည်းအသားကျလာသောအခါ နန်ကျီနှင့်အန်းနင်တို့၏မင်္ဂလာပွဲသည်လည်း စီစဉ်ထားသည့်အတိုင်းရောက်ရှိလာခဲ့သည်။

မင်္ဂလာပွဲကို ကမ်းလွန်ပင်လယ်ရှိ ကျွန်းငယ်လေးတစ်ခုတွင် ကျင်းပမည်ဖြစ်သောကြောင့် နန်ယုနှင့် သူ့မိသားစုမှာ သုံးရက်ကြိုတင်ရောက်ရှိရန် စီစဉ်ခဲ့ကြသည်။ ထိုသို့ဖြင့် သူတို့ သည် အပန်းဖြေခရီးအဖြစ် ကျွန်းပေါ်တွင် ရက်အနည်းငယ်ကြာ ပျော်ရွှင်စွာဖြတ်သန်းနိုင်လိမ့်မည်ဖြစ်သည်။

နန်ကျီ၏ မင်္ဂလာပွဲမှာ သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ခဲ့ပေ။ နန်မိသားစု၊ ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်အချို့၊ နီးစပ်သော စီးပွားရေးလုပ်ဖော်ကိုင်ဖက်အချို့တို့ အပါအဝင် လူအယောက်တစ်ရာခန့်သာရှိသည်။ နန်မိသားစု ၏ကိုယ်ပိုင်သင်္ဘောများနှင့် ရဟတ်ယာဉ်များအား အပြည့်အဝအသုံးပြုကာ မိုးသစ်တောထဲတွင်ပင် ဘေးကင်းလုံခြုံသည့် ခရီးစဉ်ကိုအာမခံထားသည်။

အန်းနင်၏ မိဘများ ကွယ်လွန်သွားပြီဖြစ်ပြီး သူမ၏ အခြားဆွေမျိုးများသည်လည်း မိဘမဲ့တစ်ဦးဖြစ်သည့် သူမအား အမြဲတစေ အနိုင်ကျင့်ခဲ့ကြသည်။ အလွဲသုံးစားလုပ်ခံရမည်မှာ သေချာနေသောကြောင့် သူ့မင်္ဂလာဆောင်အကြောင်းကိုပင် ပြောပြရန် သူမ ရည်ရွယ်ခဲ့ပေ။ မင်္ဂလာပွဲသို့ ဖိတ်ကြားရန်ဆိုသည်မှာ ပိုလို့ပင်ဝေးသေးသည်။

အန်းနင်သည် နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း အခြားတစ်ဦးနှင့်ရသော ကလေးအား ကိုယ်တိုင်မွေးပြီးပြုစုပျိုးထောင်ရန် ရွေးချယ်သူတစ်ဦးသည် ခေါင်းမာသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူမသည် ဆွေမျိုးများ၏အနိုင်ကျင့်ခြင်းကို ခံရမည့်အစား မိသားစုမရှိဟု လှောင်ပြောင်ခံရခြင်းအားပိုနှစ်သက်ခဲ့သည်။

သူမ ဖိတ်ကြားခဲ့သည့် တစ်ဦးတည်းသောသူမှာရင်းနှီးသောသူငယ်ချင်းတစ်ဦးဖြစ်ပြီး ထိုသူသည် သတို့သမီးအရံနှင့် သတို့သမီးကိုယ်စားလှယ်အဖြစ်ပါဆောင်ရွက်ပေးမည်ဖြစ် သည်။

မည်သို့ပင်ဆိုစေ၊ ဤအရာများမှာ နန်ယု အတွက် တကယ်အရေးမကြီးခဲ့ပေ။ သူမသည် ယခုအခါ ဗီလာ၏ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမနှင့် ဖေးယွင်ကျင်းတို့၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးနေသော အစေခံများအား ကြည့်နေသည်။

အဝတ်အစားများ အများကြီး ထုပ်ပိုးရန်မလိုအပ်ခဲ့ပေ။ Poseidon ကျွန်းမှာ မင်္ဂလာပွဲများ ကျင်းပရာနေရာဖြစ်သလို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင်ပါ အောင်မြင်နေသော ကြောင့် လိုအပ်သည့်အရာအားလုံးနီးပါးကို ရရှိနိုင်သည်။

နန်မိသားစုမှာ ကမ္ဘာပေါ်တွင် ရှားပါးသည့် ခုနစ်ကြယ်ပွင့် မန်နာဟိုတယ်တစ်ခုကိုပင် ကြိုတင်မှာယူထားသောကြောင့် အစားအ သောက်နှင့် နေထိုင်ရေးအား လုံးဝစိတ်ပူစရာမလိုပေ။

သို့သော်လည်း အိမ်တော်ထိန်းကျိုးမှာ စိတ်ပူနေခဲ့သည်။ အပြင်ဘက်ရှိ အရာများသည် အိမ်ကဲ့သို့ ကောင်းမည်မဟုတ်ဟု ခံစားရသည်။ တစ်ခုခု လိုအပ်သွားရင် ဘယ်လိုလုပ်မလဲ? ထို့ကြောင့် သူက ကိုယ်တိုင်ကြီးကြပ်၍ ထုပ်ပိုးရန် တိုက်တွန်းခဲ့သည်။

မူလက နန်ယုတို့ ကြီးပြင်းလာသည်အထိ ကြည့်ရှုစောင့်ရှောက်ပေးခဲ့သော အိမ်တော်ထိန်းကျိုးသည် နန်ကျီ၏ မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသော်လည်း သူငြင်းပယ်ခဲ့သည်။

သခင်များ အိမ်မှထွက်ခွာသွားချိန်တွင် အိမ်တော်ထိန်းတစ်ဦးအနေဖြင့် အိမ်ကို စီမံခန့်ခွဲရန်မှာ သူ့တာဝန်ဖြစ်သည်ဟု ခံစားရသည်။ နန်မိသားစုနှင့်မတူဘဲ နန်ယု၏ဗီလာတွင် အကူအိမ်တော်ထိန်းများမရှိပေ။ သူသာမရှိပါက ဤအစေခံများမှာ နန်ယု၏အကျိုးစီးပွားအား ထိခိုက်စေမည့် မည်သည့်အရာကိုမဆို ပြုလုပ်လာနိုင်သည်ကို မည်သူသိနိုင်မည်နည်း။

လူ့နှလုံးသားကို စမ်းသပ်၍မရပေ။

ထို့ကြောင့် 'ရည်ရွယ်ချက်ရှိရုံနှင့် လုံလောက်ပါတယ်၊ နောက်မှ ဗီဒီယိုပြန်ကြည့်ပါမယ်' ဟုဆိုကာ ဖိတ်ကြားချက်အား ခိုင်မာစွာ ငြင်းပယ်ခဲ့သည်။

နန်ယု၏ဖျောင်းဖျမှုမှာ အောင်မြင်မှုမရသောကြောင့် သူမလည်း လက်လျှော့လိုက်သည်။

တစ်ခါတစ်ရံတွင် သက်ကြီးရွယ်အိုတစ်ဦး ခေါင်းမာလာသောအခါ ဖျောင်းဖျရန်မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် နန်ယုနှင့် ဖေးယွင်ကျင်းအပြင် ၎င်းတို့နှင့်အတူ ဤခရီးတွင် ခရီးဆောင်အိတ်များ သယ်ဆောင်ရန် ကိုယ်ရံတော်နှစ်ဦးနှင့် အခြားကိစ္စများအား ဆောင်ရွက်ရန် အိမ်ဖော်တစ်ဦးလည်း လိုက်ပါလာခဲ့သည်။

ထို့အပြင် ခုမှရောက်ရှိလာပြီး နန်ယု ဘေးတွင်ထိုင်နေသော ဖေးယီကျန့်မှာလည်း ကျွန်းသို့ အတူတူသွားမည်မှာ သေချာသည်။ မလိုအပ်သော ကောလာဟလများအား ရှောင်ရှားရန် သုံးဦးလုံး အတူတူထွက်ခွာကြမည်မှာသေချာသည်။ သို့သော်...

“ကျွန်မကို စိုက်ကြည့်နေတာ ရပ်ပေးလို့ရမလား”

ဖေးယီကျန့် အကြောင်းတစ်ခုခုကြောင့် ထိုင်လိုက်သည်နှင့် နန်ယုအား သူ့မျက်နှာပေါ်တွင် ပန်းတစ်ပွင့်ရှိနေသကဲ့သို့ စိုက်ကြည့်နေသည်။

သို့သော် နန်ယုသည် စူးစိုက်ကြည့်ခြင်းအား ဗီဇအရပင် သတိ ထားတတ်သည်။ ဖေးယီကျန့်သာ အနည်းငယ် ပိုနီးကပ်လာပါက သူ့ အကျင့်အရ သူ့အားထိုးလိုက်နိုင်စွမ်းရှိသည်။

သူမစကားလုံးများ ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဖေးယီကျန့်မကြည့်မီ ဖေးယွင်ကျင်း တစ်နေရာမှ ပြေးထွက်လာခဲ့သည်။

ဖေးယွင်ကျင်း သူ့ဖိနပ်များအား ချွတ်၍ ဆိုဖာပေါ်ရပ်လိုက်သည်။ ထို့နောက် သူ့လက်များအား ဆန့်တန်းလိုက်ပြီး သူ့ကိုယ်လုံးလေးဖြင့် ဖေးယီကျန့်အကြည့်ကို ပိတ်ဆို့ရန်ကြိုးစားနေ သည်။

“အန်တီကို မကြည့်နဲ့!”

သူ အပြင်းထန်ဆုံး အမူအရာနှင့် အပြင်းထန်ဆုံး စကားလုံးများကို ပြောလိုက်သည်။

ကံမကောင်းစွာဖြင့် အသက်အရွယ်ကြောင့် ထိုစကား၏ အကျိုးသက်ရောက်မှုမှာ ၁% အောက်သာ ရှိခဲ့သည်။

ထိုအချိန်တွင် သူ့အား ရင်ဆိုင်ရသူက နန်ယုဖြစ်ခဲ့ပါက သူမသည် ကျယ်လောင်စွာ ရယ်မောမိနိုင်သော်လည်း ဖေးယီကျန့်၏ နှုတ်ခမ်းကွေးညွှတ်မှုမှာ လုံးဝမပြောင်းလဲခဲ့ပေ။ ထို့အစား သူက “ဘာလို့ ကြည့်လို့မရတာလဲ” ဟု တကယ့်ကို လေးနက်သော မေးခွန်းတစ်ခု မေးနေသကဲ့သို့ ပြန်ပြောလိုက်သည်။

ဖေးယွင်ကျင်း အံ့အားသင့်သွားပြီး သူ့မျက်ခုံးများမှာ သိသိသာသာတွန့်သွားခဲ့သည်။ ဘာလို့ ကြည့်လို့မရတာလဲ?

ဘာလို့လဲ? ဖေးယွင်ကျင်း အဖြေအား လျင်မြန်စွာပေးခဲ့သည်။

“ဘာလို့လဲဆိုတော့ ကျွန်တော့်အန်တီက ခင်ဗျားကြည့်တာကို မကြိုက်လို့လေ!”

“ဒါပေမဲ့ ငါ ကြည့်ချင်တယ်”

ဖေးယီကျန့် စကားကြောင့် ဖေးယွင်ကျင်းဗျာများသွားရသည်။ ဒီလူသာ စိုက်ကြည့်ဖို့ အတင်းအကျပ်လုပ်နေရင် သူ ဘာဆက်လုပ်သင့်သလဲ? ဆက်ပြီး ပိတ်ဆို့ထားရမလား ?

နောက်တစ်စက္ကန့်တွင် သူ့နောက်မှ လက်တစ်စုံဆန့်တန်းလာသည်။

နန်ယု ဖေးယွင်ကျင်းအား ရိုးရိုးလေးပွေ့ချီလိုက်ပြီး သူမပေါင်ပေါ်တင်လိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် သူ့ခေါင်းကိုပုတ်ကာ သူ၏ကြီးမားသော လှုပ်ရှားမှုကြောင့်ထောင်နေသော ဆံပင်တစ်ချောင်းအား ဖိချပေးလိုက်သည်။

“သူ့ကို ဂရုမစိုက်ပါနဲ့၊ ရှောင်ကျင်း အခုလေးတင်ပြေးထွက်လာတာ အရမ်းခန့်ညားတယ်”

“တကယ်လားဟင် ?”

ဖေးယွင်ကျင်း၏ အာရုံစိုက်မှုမှာ ဖေးယီကျန့်ထံမှ ချက်ချင်းပြောင်းသွားခဲ့သည်။ ချီးမွမ်းခံရခြင်းကြောင့် သူပျော်ရွှင်နေ သည်မှာ သိသာသည်။ ဘယ်ကလေးက ခန့်ညားတယ်လို့ ချီးမွမ်းခံရတာကို မကြိုက်မှာလဲ ?

အသက်လေးနှစ်အရွယ် ကောင်လေးတစ်ယောက်တောင်မှပင်!

“တကယ်၊ တကယ်၊ ရှောင်ကျင်း၊ တစ်ခုခုကျန်ခဲ့သေးလား သွားစစ်ကြည့်လိုက်ပါဦး၊ သုံးရက်ကြာမှာဆိုတော့ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး”

နန်ယု မင်္ဂလာဆောင်ဆိုတာ ဘာလဲ?၊ ဖေးယီကျန့်လည်း သူတို့နှင့်အတူလိုက်မည်ဖြစ်သည် စသဖြင့် ကြုံတွေ့ရမည့်အရာအချို့ကို ဖေးယွင်ကျင်းအား အကျဉ်းချုပ် ရှင်းပြပြီးသားဖြစ်သည်။

ဝတ္ထု၏ဇာတ်လိုက်အမျိုးသားတစ်ဦးအနေဖြင့် ဖေးယွင်ကျင်း ဉာဏ်ရည်မှာ သာမန်လူထက် သိသိသာသာမြင့်မားသည်။ သူက မိုက်မဲပုံပေါ်ပြီး နန်ယု အမြဲတစေ “လှည့်စား” ခံနေရသော်လည်း ထိုသို့ဖြစ်ရခြင်းမှာ ပစ်မှတ်သည် နန်ယုဖြစ်နေ၍ သာဖြစ်သည်။

မူကြိုကျောင်းတွင် ပြုလုပ်ခဲ့သော လူကုန်ကူးမှု တိုက်ဖျက်ရေးသင်တန်းတွင် ဖေးယွင်ကျင်းသည် ချီးမွမ်းခံရရန်အတွက် တစ်ဦးတည်း ရွေးချယ်ခံခဲ့ရကြောင်းကို အိမ်တော်ထိန်းကျိုး နန်ယုအား ပျော်ရွှင်စွာအသိပေးခဲ့သည်။

သူ့အတန်းထဲမှ ကလေး ၁၁ ဦးတွင် ဖေးယွင်ကျင်းသည် အောင်မြင်စွာ ခေါ်ဆောင်ခံခဲ့ရခြင်းမရှိသည့် တစ်ဦးတည်းသောကလေးဖြစ်သည်။ လီရီပိုင်ပင်လျှင် သူ့အစ်ကို ဒုက္ခ ရောက်နေသည်ဟု ကြားလိုက်ရသည့်အခါ "လူမှောင်ခိုသမား" များနှင့် အလျင်စလိုထွက်သွားခဲ့သည်။

ထို့အပြင် အိမ်တော်ထိန်းကျိုးသည် ဖေးယွင်ကျင်းအား တစ်ခါ တစ်ရံမှသာ စာဖတ်စာရေးနည်း သင်ကြားပေးခဲ့သော်လည်း ဖေးယွင်ကျင်းသည် စာလုံးအတော်များများကိုသိနှင့်ပြီးသားဖြစ်နေသည်။ လွန်ခဲ့သောလအနည်းငယ်က စာတစ်လုံးမှမဖတ်တတ်ခဲ့သည်အား ထည့်သွင်းစဉ်းစားလျှင် သူ၏ရေတွက်ရာတွင် အံ့သြဖွယ်ကောင်းအောင်လျင်မြန်နေခြင်းမှာ အထူး အဆန်းပင်။

သို့ဖြစ်ရာ ထူးခြားသည့် အခြေအနေများမရှိပါက နန်ယု ဖေးယွင်ကျင်းအား နားလည်သဘောပေါက်စေရန် အရာအားလုံးကို ရှင်းလင်းစွာရှင်းပြရန် အမြဲတစေကြိုးပမ်းလေ့ရှိသည်။

ထိုသို့ပြောလိုက်သည်နှင့် ကလေးငယ်လေးသည်လည်း ချက် ချင်းပင် ခုန်ဆင်းသွားခဲ့သည်။

“ဟုတ်ကဲ့၊ ရှောင်ကျင်း ရဲ့ခေါင်းအုံးကို သေချာပေါက် ယူသွားရမယ်! မဟုတ်ရင် ရှောင်ကျင်း အိပ်နိုင်မှာ မဟုတ်ဘူး!”

ထိုသို့ပြောဆိုပြီးနောက် သူ အိမ်တော်ထိန်းကျိုးအား ရှာရန် ဧည့်ခန်း၏တစ်ဖက်သို့အပြေးသွားတော့သည်။

မကြာမီတွင် ထိုနေရာ၌ နန်ယုနှင့် ဖေးယီကျန့်တို့နှစ်ဦးသာ ကျန်ရစ်တော့သည်။

နန်ယုမျက်နှာပေါ်မှ အပြုံးသည် လျင်မြန်စွာ မှေးမှိန်သွားခဲ့ပြီး၊ သူမ လက်များအား ရင်ဘတ်ပေါ်၌ပိုက်ထားလိုက်သည်။ ထို့နောက် သည်းမခံနိုင်တော့ဟန်ဖြင့် မေးလိုက်လေသည်။

"ရှင် ဘာထပ်လုပ်ဖို့ ကြံစည်နေတာလဲ"

သူမ အမူအရာမှာ အလွန်လျင်မြန်စွာပြောင်းလဲသွားသော ကြောင့် ဖေးယီကျန့် မနေနိုင်ဘဲ ခွိခနဲရယ်မောလိုက်မိသည်။

“ယုယု”

ဖေးယီကျန့် အရင်စကားစပြောလိုက်သည် - “ကျွန်တော်က မင်းကို တစ်နည်းနည်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာလား”

သူ့အမေးစကား၊ လေသံနှင့် အမူအရာများတွင် စစ်မှန်သော သံသယများ ပြည့်နှက်နေခဲ့သည်။

သူမသည် မူလ နန်ယု မဟုတ်သည့်အတွက် သူမနှင့် သူ့ကြားတွင် ယခင်က မည်သို့မျှ ပတ်သက်မှု မရှိခဲ့ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် နန်ယုသည် ပထမဆုံးတွေ့ဆုံချိန်ကတည်းက သူ့အား မနှစ်သက်ပုံပေါ်နေရသနည်း ??

သူက သူမကို တစ်ယောက်တည်း ထားခဲ့ပြီး နိုင်ငံခြားသို့ ထွက်ခွာသွားခဲ့သောကြောင့် ဖြစ်သည်ဆိုလျှင်ပင် လက်ရှိ နန်ယုမှာ သူနှင့် ပတ်သက်မှုမရှိခြင်းအား ပိုနှစ်သက်လိမ့်မည်ဟု ဖေးယီကျန့် တွေးမိသည်။

အသွင်အပြင်ကြောင့်ဖြစ်ပါက သူ့ရုပ်ရည်မှာ သိပ်မဆိုးဟု ဖေးယီကျန့် တွေးလိုက်မိသည်။

သူ မသိတဲ့ တစ်နေရာမှာ တခြားတစ်ခုခုဖြစ်ပျက်ခဲ့တာများလား ?

နန်ယု ထိုကိစ္စနှင့်ပတ်သက်၍ ယဉ်ကျေးရန်မလိုတော့ပေ။

“ဘယ်လိုများ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ရမှာလဲ”

ဖေးယီကျန့်က သူက ပိုက်ဆံလိုပဲ လူတိုင်းရဲ့အကြိုက်ကိုရနေရမယ်လို့ ထင်နေတာလား ? သူ့ကိုမြင်တဲ့သူတိုင်းက သူ့ကို ကြိုက်ကြရမယ်လို့များ ထင်နေသလား?

သူ ယခင် "နန်ယု"အား လျစ်လျူရှုခဲ့တာကို ပြောစရာမလိုတော့ပါဘူး။ ဒီအိမ်ထောင်ရေးကို နန်ယုက အတင်းအကျပ်လုပ်ခဲ့ရင်တောင် ဖေးယီကျန့်က သဘောတူခဲ့တာပဲလေ။

မိသားစုအရေးကိစ္စတွေ လာပြောမနေနဲ့။ ဒီအချိန်မှာ ဖေးယီကျန့်က ဖေးမိသားစုကို လုံးဝစိတ်မဝင်စားဘူးဆိုတာ နန်ယု သိနှင့်ပြီးသားပဲ။ ဒါကြောင့် ဖေးမိသားစုမှာ သူ့ကို အတင်းအကျပ်လုပ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး။

ဒါဆို ဒီလူက မိန်းမယူပြီးတော့ တစ်ယောက်တည်း ထားခဲ့တာပဲ။ ကောင်းကောင်းပြောရရင် လူတိုင်းမှာ ကိုယ်ပိုင်ဘဝလမ်းရှိတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ “ငါ မင်းကို ဂရုမစိုက်တော့ဘူး” ပေါ့။ ဒီလိုအပြုအမူက ဆိုးရွားတယ် မဟုတ်ဘူးလား?

နန်ယုနဲ့ ဖေးယီကျန့်တို့ အပြန်အလှန် ဆက်ဆံခဲ့ဖူးတဲ့ အကြိမ်အနည်းငယ်ကို ထည့်မပြောတော့ပါဘူး။ သူက အဓိပ္ပာယ်ရှိတဲ့ စကားတွေပြောရင်း အမြဲရယ်မောနေခဲ့သည်။ သူ့ရဲ့အပြုံးက တကယ်လှတယ်လို့ သူ ထင်နေတာလား ?

နန်ယုကမူ မျက်လုံးလှန်ချင်စိတ်သာပေါက်နေခဲ့သည်။

သူ့ အမြင်တွင် ဖေးယီကျန့်မျက်နှာမှလွဲ၍ ကျန်သည့်အရာအားလုံးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာချည်းပင်။

ဖေးယီကျန့် နန်ယု၏ အတွင်းစိတ်မှ မကျေမနပ်ဖြစ်နေသည်အား သိလိုက်သကဲ့သို့ တကယ်ကို အပြုံးရပ်လိုက်ပြီး သဘော တူညီမှုဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ကျွန်တော်လည်း တော်တော်စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတယ်လို့ ထင်ပါတယ် ဒါပေမဲ့ သူတို့က ဘာမှမပြောကြဘူး၊ ဒါက မထူးဆန်းဘူးလား”

နန်ယု ပြန်ဖြေလိုက်သည်။

“...ရှင် နေမကောင်းရင်လည်း ဆေးကုလိုက်ပါဦး”

သူ ချစ်ရတဲ့သူ၏သရုပ်မှန်ကို နန်ယုအားညတကယ်ပြသသင့်သည်။ စိတ်ကူးထဲမှာတော့ သူမ၏ ၈၀၀ ဆမှန်ဘီလူးကိုရိုက်ခွဲပစ်သင့်သည်။

ဖေးယီကျန့် လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် နန်ယု သူ့အား စိတ်ရောဂါဖြစ်နိုင်ခြေရှိသူအဖြစ်ယုံကြည်သွားလိမ့် မည်။

“ဟားဟားဟားဟား”

ဖေးယီကျန့် ရုတ်တရက် ရယ်မောလိုက်ရာ အနီးနားရှိ အစေခံများပင်လန့်သွားကာ ကြည့်မိကြသည်။

“တောင်းပန်ပါတယ်”

သူ့အပြုံးမှာ ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။

“ကျွန်တော် နေမကောင်းဖြစ်နေတယ်ဆိုတာကို ပထမဆုံးအကြိမ်သတိထားမိတဲ့သူ တစ်ယောက်ရှိလာတာဖြစ်လို့ နည်းနည်း စိတ်လှုပ်ရှားသွားတာပါ”

ဖေးယီကျန့်၏လုပ်ရပ်များကြောင့် နန်ယု လုံးဝပြောစရာစကားမဲ့သွားသည်။ သူ လုံးဝစိတ်ရောဂါဖြစ်နေတာလား ? သူမမျက် လုံးထောင့်မှ ဖေးယွင်ကျင်း သူ့ထံပြေးလာသည်ကို သတိထားမိလိုက်သောအခါ သူမ ရိုးရိုးလေးထရပ်ပြီးထွက်ခွာသွားတော့ သည်။ သူမသာ ကူးစက်ခံရပါက ကောင်းကျိုးထက် ဆိုးကျိုးကပိုများမည်။

သို့သော်လည်း မထွက်ခွာမီ နန်ယု စကားတစ်ခွန်းချန်ခဲ့သည်။

“ဘယ်သူမှ ရှင့်ကို ဘာမှပေးဆပ်ဖို့မရှိဘူး၊ လွန်လွန်ကျူးကျူး မလုပ်ပါနဲ့”

နန်ယု ဖေးယီကျန့်အား ဘာမှပေးဆပ်ရန်မရှိဟု မည်သည့်အခါမျှ မခံစားခဲ့ရပေ။ သူက မူလခန္ဓာပိုင်ရှင် ချစ်ခဲ့ရသောသူဖြစ်ခဲ့သည်ဆိုလျှင်တောင် ဘာအရေးလဲ? သူ၏ ထူးဆန်းသောအပြု အမူများအား သည်းခံရန် တာဝန်မရှိသလို တာဝန်ဝတ္တရားလည်း မရှိခဲ့ပေ။

ဖေးယီကျန့်အား ထိုသို့မြင်ရသည်နှင့် နန်ယု သူမ၏ အကျိုး စီးပွားကို လက်လွှတ်ပြီး အဆက်အသွယ်ဖြတ်၍ ကွာရှင်းရန်ပင် စဉ်းစားခဲ့သည်။ ဒီလူက ရူးနေပုံရသည်။

ဖေးယီကျန့်လည်း သူ ရူးနေသည်ဟု ခံစားခဲ့ရသည်။

သို့သော် သူလုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ ထိုလူများမှာ နှေးကွေးစွာ ပြုမူနေကြပြီး သူ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ခြင်းလည်း မရှိပေ။ သူသည် ဤပျင်းရိဖွယ်ကောင်းသော ကမ္ဘာတွင် ပျော်ရွှင်စရာအချို့ကို ရှာဖွေရန်သာကြိုးစားနိုင်ခဲ့သည်။

သူတွေးနေစဉ် ဖေးယီကျန့် နန်ယု ခေါင်းအထက်မှစာလုံးများအား မော့ကြည့်လိုက်သည်။

[နန်ယု: ဖေးယွင်ကျင်း၏မိထွေး၊ ပြန်မချစ်သည့်အချစ်ကြောင့် ဖေးယွင်ကျင်းအား ရန်လိုစွာအနိုင်ကျင့်ခဲ့ပြီး နောက်ဆုံးတွင် ဆာလောင်မှုနှင့် အအေးဒဏ်ဖြင့်သေဆုံးခဲ့သည်]

ဒါက လူတိုင်း၏ကံကြမ္မာပဲ၊ ပြောင်းလဲလို့မရတဲ့ ကံကြမ္မာတစ်ခုပင်။

သူ့ခေါင်းထက်မှ စာသားများလိုပင်- [ဖေးယီကျန့်: ဖေးယွင်ကျင်း၏ဖခင်၊ ဖေးယွင်ကျင်းငယ်စဉ်တွင် လေယာဉ်ပျက်ကျသဖြင့်သေဆုံးခဲ့သည်]

နန်ယု၏စာသားများထက်ပင် ပိုတိုတောင်းသောစာကြောင်းတိုလေးတစ်ခုသည် သူ့ဘဝအား သတ်မှတ်ခဲ့သည်။

သို့သော်လည်း ဤ "ကံကြမ္မာ" တွင် ပုံမှန်မဟုတ်သည့် အရသာတစ်မျိုးရှိနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မည်သည့်အရာကိုမှ ပြောင်းလဲနိုင်ခြင်းမရှိသောကြောင့်ပင်။

လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကတည်းက ဖေးယီကျန့် ဤစာလုံးများ၏ စည်းမျဉ်းများကို ကာလကြာမြင့်စွာကပင် သိရှိပြီးဖြစ်သည်။

ထိုစာလုံးများ "ရေးထားသည့်" အရာများမှာ ပြောင်းလဲ၍မရပေ။

ဖေးယီကျန့်၏ မိဘများကို ဥပမာအဖြစ် ယူနိုင်သည်။

သူတို့ ခေါင်းထက်တွင်-

[ဖေးယီကျန့်၏ဖခင်၊ ကားမတော်တဆမှုကြောင့် သေဆုံးခဲ့သည်]

[ဖေးယီကျန့်၏မိခင်၊ ကားမတော်တဆမှုကြောင့် သေဆုံးခဲ့သည်]

All Chapters