← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

ထို့ကြောင့် ဖေးယီကျန့် မည်မျှပင် ကြိုးစားပါစေ၊ သူတို့ မည်မျှပင် သတိထားနေပါစေ နောက်ဆုံးတွင် ကားမတော်တဆမှုဖြင့် သေဆုံးရမည်သာဖြစ်သည်။

ဤစာကြောင်းတွင် စာလုံးများများရှိလေလေ လူတစ်ဦး၏ ဘဝမှာ ပိုမိုကန့်သတ်ခံရလေလေဟုဆိုနိုင်သည်။

ဖေးယွင်ကျင်းကဲ့သို့ပင်-

[ဖေးယွင်ကျင်း- မွေးဖွားစဉ် မိခင်ဆုံးရှုံးခဲ့သည်၊ ငယ်စဉ်တွင် ဖခင်ဆုံးရှုံးခဲ့သည်၊ ကလေးဘဝကတည်းက အနိုင်ကျင့်ခံခဲ့ရသည်၊ ကြီးပြင်းလာသည်နှင့် ဖေးမိသားစုကို ဖျက်ဆီးခဲ့သည်၊ Flower Country တွင် အချမ်းသာဆုံးလူဖြစ်လာသည်၊ သူ့ဘဝနောက်ပိုင်းတွင် ပျော်ရွှင်စွာနေထိုင်ခဲ့ပြီး အသက်ကြီးရင့်သဖြင့် ကွယ်လွန်ခဲ့သည်]

အရာအားလုံးကို ထိုမျှရှင်းလင်းစွာ စီစဉ်ထားသည်ဖြစ်၍ ကံတရားက သူ့အားကူညီနေသလား သို့မဟုတ် မုန်းတီးနေသလားဆိုသည်ကို သူ ဘာပြောရမည်မှန်း မသိတော့ပေ။

တစ်ခဏချင်းတွင် အတွေးတစ်ခု သူ့စိတ်ထဲသို့လက်ခနဲပေါ် လာပြီး ဖေးယီကျန့် ထရပ်လိုက်ကာ နန်ယုအားမီရန် နှစ်လှမ်း လှမ်းလိုက်သည်။

“မင်း ဒေါသထွက်သွားလား? မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တကယ်ကိုတောင်းပန်ပါတယ်”

သူ ပထမဆုံးအကြိမ် တွေ့ဆုံချိန်ကနှင့် လုံးဝကွာခြားနေသည့် နန်ယုကဲ့သို့ လူမျိုးနှင့် တွေ့ဆုံဖူးသည်မှာပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ ဖေးယွင်ကျင်း၏မွေးမိခင် ပေထန်ရှောင်ဝမ် မဟုတ်ပါလား ?

သူမ အိမ်သို့ ပထမဆုံးရောက်လာစဉ်က အလွန်မာနကြီးပြီး တွက်ချက်တတ်သော်လည်း တစ်နေ့တွင် ရုတ်တရက် တက်ကြွရွှင်လန်းလာပြီး သူ့အား ကိုယ်တိုင်ဦးဆောင်ကာလာရောက်တွေ့ဆုံခဲ့သည်။ ဖေးယီကျန့်ကသာ အစီအစဉ်ချပေးလိုပါက ကလေးကို တစ်ယောက်တည်း ဒီနေရာမှခေါ်သွားနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

သူမ သူ့အား တစ်ခါမျှ စိတ်အနှောင့်အယှက်မပေးတော့ပါဟုလည်း ကျိန်ဆိုခဲ့သည်။

ပေထန်မိသားစုက ဒီအခြေအနေအတွက် ဘယ်လောက်ကြိုး စားခဲ့လဲဆိုတာ ဒီလူ သိရဲ့လား ?

ဖေးယီကျန့် အစပိုင်းတွင် အတော်စိတ်ဝင်စားခဲ့ပြီး သူမအား ကူညီရန်ကမ်းလှမ်းခဲ့သည်။ ထို့နောက် သူမ ပေထန်မိသားစုနှင့် ပတ်သက်နေသည်ကိုစောင့်ကြည့်ရင်း သူမ ခေါင်းထက်ရှိ စာသားများ မှေးမှိန်သွားပုံရသည်။

သို့သော် ရလဒ်မှာမပြောင်းလဲခဲ့ပေ။ ထိုအမျိုးသမီးမှာ မီးဖွားခန်းမှ ဘယ်တော့မှမထွက်ခွာနိုင်ခဲ့ပေ။

စာသားများ ပြောထားသည့်အတိုင်းပင်။

[ပေထန် ရှောင်ဝမ်- ဖေးယွင်ကျင်း၏မွေးမိခင်၊ ကလေးမွေးဖွားစဉ် သွေးထွက်လွန်သဖြင့် သေဆုံးခဲ့သည်]

ဒါဆို နန်ယုကကော ဘယ်လောက်များ ပြောင်းလဲနိုင်မှာလဲ?

သူမခေါင်းထက်မှ စာသားများသည် ပထမဆုံးတွေ့ဆုံချိန်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် မှေးမှိန်သွားခဲ့သည်။ နန်ယုနှင့် ဖေးယွင်ကျင်းတို့၏ အပြန်အလှန်ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် ဤပိုကြာလာသည့် ဖြစ်စဉ်မှာ အပြောင်းအလဲဖြစ်နိုင်ခြေရှိနိုင်မလား ?

ဒါပေမဲ့ သူမ မြင်နိုင်တော့မှာမဟုတ်တာကတော့ နှမြောစရာပဲ။

နန်ယု ဖေးယီကျန့်၏ တောင်းပန်မှုအား လျစ်လျူရှုလိုက်ပြီး ယနေ့တွင်တော့ သူမသည် သူ၏နောက်ထပ် အားနည်းချက်တစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ သူ၏ မျက်နှာပြောင် တိုက်မှုပင်။

သူမ သူ့အား မနှစ်သက်ကြောင်းနှင့်ဂရုမစိုက်ကြောင်း ရှင်းရှင်း လင်းလင်း ပြောခဲ့ပြီးပြီဖြစ်သော်လည်း သူကတော့ ဘာမှမဖြစ်ခဲ့သလိုပြုမူခဲ့သည်။ အစွဲအလမ်းကြီးသော သူတစ်ဦးဆိုလျှင် လုံးဝဝေးဝေးနေလိမ့်မည် သို့မဟုတ် သူ့အားချဉ်းကပ်လိမ့် မည်။

သို့သော်လည်း ဖေးယီကျန့်မှာ နန်ယု သူ့အား ဘယ်လိုထင်သလဲဆိုတာကို လုံးဝစိတ်မဝင်စားပုံရသည်။ သူ့အပေါ် ပထမဆုံးအကြိမ် "ဗုဒ္ဓသားတော်" အဖြစ်မြင်ခဲ့ဖူးတာဟာ ကမ္ဘာ့အကြီးဆုံး နားလည်မှုလွဲမှားမှုဖြစ်လိမ့်မည်။

အဖွဲ့မှာ မွန်းလွဲပိုင်း သုံးနာရီတိတိတွင် Poseidon ကျွန်းသို့ ရောက်ရှိလာခဲ့ပြီး နန်မိသားစုနှင့် ပင်မဧည့်ခန်း၌ ချောမွေ့စွာ ပြန်လည်ဆုံဆည်းခဲ့ကြသည်။

“တော်လိုက်တာ~” မားမားနန်မှာ ရှေ့သို့တိုးလာခဲ့သည်။

“ဒါက ယွင်ကျင်းလား ?”

သူမ ဖေးယွင်ကျင်းအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ် သည်။ သူက စကားနားထောင်ပြီး ရင့်ကျက်သည့်ကလေးတစ်ယောက်ဖြစ်သည်ဟု သူမ ကြားဖူးထားပြီး အခုတော့ တကယ်ကိုချစ်စရာကောင်းနေပုံရသည်။

ဟုတ်ပေသည်။ မားမားနန်ကလည်း အသွင်အပြင်ကို အစွဲအ လမ်းကြီးသူပင်။

“မင်္ဂလာပါ အဖွား၊ ကျွန်တော် ဖေးယွင်ကျင်းပါ၊ ပထမဆုံးတွေ့ဆုံမှုမှာ ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး”

ဖေးယွင်ကျင်း သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် မိတ်ဆက်ခဲ့သည်။ သူစိမ်းတစ်ယောက်နှင့်တွေ့ဆုံရခြင်းအား လုံးဝမရှက်တတ်ဘဲ ကောင်းစွာသင်ကြားထားသည်မှာထင်ရှားသည်။

“ဟားဟား၊ ကောင်းပြီ၊ ရှောင်ကျင်းက တကယ့်ကိုကလေးကောင်းလေးပဲ”

နန်ယုကလည်း ဖေးယွင်ကျင်းကို သူမအား ဤသို့ခေါ်ရန် တောင်းဆိုခဲ့သည်။ သူတို့က သူ့အား တစ်နေ့တွင် မွေးစားရန် စီစဉ်နေသည်ဖြစ်၍ ယခုကတည်းက အဖွားဟုခေါ်ဆိုခြင်းမှာ ကောင်းမွန်သည်။

“အမေ၊ မတွေ့တာကြာပြီ”

လျစ်လျူရှုခံထားရသော ဖေးယီကျန့် ပြုံးပြီး သူတို့အားနှုတ် ဆက်လိုက်သည်။

သူ ရှိနေသောလူတိုင်းအား တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ခေါင်းထက်မှ စာလုံးများမှာမှေးမှိန်နေသည်။

အထူးသဖြင့် နန်ကျီ၏စာလုံးများမှာ သိသာစွာမှေးမှိန်နေ သည်။

ဖေးယီကျန့် နန်ကျီအား နောက်ဆုံးတွေ့ခဲ့သည်မှာ နန်ယုနှင့် သူ၏မင်္ဂလာပွဲတွင်ဖြစ်သည်ဟု မှတ်မိနေသည်။ ထိုစဉ်က သူ့ခေါင်းအထက်တွင် [နန်ကျီ: တစ်သက်တာ လူပျိုကြီး၊ သူ့ကိုယ်ပိုင်ကလေးမှ သတ်ပစ်လိုက်သည်၊ ကားမတော်တဆမှုဖြင့် သေဆုံးသည်] ဟူသည့် စာလုံးများ ရှိနေခဲ့သေးသည်။

အတော်လေး သနားစရာကောင်းပုံရသည်။ အခုတော့ သူ မင်္ဂလာဆောင်တော့မည်။

သူ့ဘေးတွင် ရပ်နေသည့် ကလေးငယ်လေးမှာ နန်ကျီအား သတ်ခဲ့သူဖြစ်ပုံရသည်။

[အန်းရီရန်: ငယ်စဉ်တွင် မိခင်ဆုံးရှုံးခဲ့သည်၊ ငယ်ရွယ်စဉ်တွင် ဖခင်ကို သတ်ပစ်ခဲ့သည်၊ တစ်ကိုယ်တည်းသမားဘဝဖြင့် နေထိုင်ခဲ့သည်]

သူတို့နှစ်ဦး အတူတူရပ်နေသည်မှာ အတော်လေး စိတ်လှုပ်ရှားစရာကောင်းနေသည်။

ဖေးယီကျန့် မှတ်ချက်ပေးလိုက်သော်လည်း သူ့နှလုံးသားမှာတော့ တည်ငြိမ်နေခဲ့သည်။

ပုံမှန်အားဖြင့် သူ့အတွေ့အကြုံအရ ကံကြမ္မာအားပြောင်းလဲနိုင်သည့်သူတစ်ယောက်ကို မြင်ရသောအခါ ပျော်ရွှင်နေရမှာဖြစ်သော်လည်း ဖေးယီကျန့်သည် ပုံမှန်လူတစ်ယောက်မဟုတ်တော့ပေ။ သာမန်အသိနှင့် မသက်ဆိုင်တော့ပေ။

အချို့အရာများမှာ သင်အလိုချင်ဆုံးအချိန်တွင် လွဲချော်သွားသည်နှင့် ၎င်းတို့ပြန်ပေါ်လာချိန်တွင် လုံးဝ အဓိပ္ပာယ်မဲ့သွားသည်။ နတ်သမီးပုံပြင်ထဲက ပုလင်းထဲမှာပိတ်မိနေသည့် ဂျင်းနီလိုပင်။

ဖေးယီကျန့် သူ့အမြင်အား နားလည်ခဲ့သော်လည်း သူက ဂျင်နီလောက် အစွန်းရောက်နေသည်ဟုမထင်ခဲ့ပေ။

ဒါဆို ဘာဖြစ်လဲ? သေဖို့လား? ဖေးယီကျန့် သူ့ကိုယ်သူသေဆုံး ခြင်းကိုပင် ဂရုမစိုက်တော့ပေ။ ထို့ကြောင့် တခြားသူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မလားဆိုတာကို ပိုလို့ပင်ဂရုမစိုက်တော့ချေ။ အများဆုံးကတော့ ပျော်စရာအတွက်ကြည့်နေရုံပဲ။

“ရီယန်၊ ဒီဘက်လာဦး၊ ဒါ ရှောင်ကျင်း၊ မင်းထက် နှစ်နှစ်ငယ်တယ်”

ဖေးယီကျန့် နှုတ်ဆက်ခြင်းကို အာရုံစိုက်နားထောင်နေပုံရသော်လည်း တကယ်တော့ အတွေးလွန်နေခဲ့သည်။ ထိုအချိန်တွင် ဝတ္ထု၏ ဇာတ်လိုက်အမျိုးသားနှင့် ဒုတိယဇာတ်လိုက်အမျိုးသားဖြစ်သော ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့သည် အောင်မြင်စွာ တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုမှာ မူရင်းဝတ္ထုထက် နှစ်ဆယ်နီးပါး စော၍ ဖြစ်ခဲ့ခြင်းပင်။

အန်းရီရန်မှာ ဖေးယွင်ကျင်းထက် နှစ်နှစ်ပိုကြီးသောကြောင့် သူ့ထက် ခေါင်းတစ်လုံးနီးပါး ပိုမြင့်နေသည်။

၎င်းမှာ ဖေးယွင်ကျင်းအတွက် "အစ်ကို" ဟု သူ ယူဆသည့်သူနှင့် ပထမဆုံးအကြိမ် နီးနီးကပ်ကပ် ထိတွေ့ခြင်းဖြစ်သည်။ သူ အရင်ဆုံးပြုံးလိုက်သည်။

“မင်္ဂလာပါ အစ်ကိုယီရန်၊ ကျွန်တော်က ရှောင်ကျင်းပါ၊ အစ်ကိုက အရပ်အရမ်းရှည်တာပဲ!”

သူ သူ့ခြေဖျားထောက်ပြီး သူတို့ကြားရှိကွာခြားချက်အား ပြသရန် သူ့လက်များကို လှုပ်ရှားပြလိုက်သည်။

အန်းရီရန် မျက်နှာမှာ ဖေးယွင်ကျင်း၏နူးညံ့သောအမူအရာများနှင့် လှုပ်ရှားမှုများကို မြင်လိုက်ရသည့်အခါ အကြောင်းတစ်ခုခုကြောင့် အနည်းငယ်ပြေလျော့သွားသည်။

“မင်းလည်း အရပ်ရှည်လာမှာပါ၊ စိတ်မပူပါနဲ့”

ထို့နောက် သူ့အိတ်ကပ်ထဲမှ သကြားလုံးတစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။

“ဒီမှာ ယူလိုက်”

နန်ကျီ ကလေးတွေ သကြားလုံးကိုကြိုက်ကြတယ်လို့ ပြောပြီး မနက်က သူ့အိတ်ကပ်ထဲအတင်းထည့်ထားခဲ့သည်။ ဒီလူ! သူ သကြားလုံးကို တကယ်မကြိုက်ဘူး!

သူ ဤအခွင့်အရေးအားယူပြီး အားလုံးပေးလိုက်တော့သည်။

“ကျေးဇူးတင်ပါတယ် အစ်ကို”

အန်းရီရန်၏မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖေးယွင်ကျင်းသည် သကြားလုံးတစ်လုံးတည်းကိုသာယူခဲ့သည်။ အရင်က သူတွေ့ဖူးခဲ့သည့် ကလေးဆိုးများလို အရာအားလုံးကိုမလိုချင်ခဲ့ပေ။

ဒီကလေးက တော်တော်ချစ်စရာကောင်းတာပဲ။

ဖေးယွင်ကျင်းက "အစ်ကို" ဟု ထပ်ခါတလဲလဲခေါ်ဆိုမှုကြောင့် အန်းရီရန် ရွှင်လန်းလာခဲ့ပြီး အနိုင်ကျင့်ခံရနိုင်ပုံရသည့် ဤညီလေးအား ကာကွယ်ပေးရန်ချက်ချင်းဆုံးဖြတ်လိုက်သည်။

နန်ယု ကလေးနှစ်ဦးအဆင်ပြေနေသည်ကို မြင်သောအခါ ဂရုမစိုက်တော့ဘဲ မားမားနန်၊ အန်းနင်တို့နှင့်အတူ မင်္ဂလာဆောင်အကြောင်း ဆွေးနွေးရန်ထိုင်လိုက်သည်။ ဖေးယီကျန့်ကတော့ ပါးပါးနန်၊ နန်ကျီတို့နှင့်အတူ နိုင်ငံခြားတွင် ပျက်ကွက်ခဲ့သော စီမံကိန်းအကြောင်းဆွေးနွေးရန် အခြားတစ်ဖက်သို့ ထွက်ခွာသွားခဲ့သည်။

ဟုတ်ပေသည်။ သူတို့၏အနာဂတ်အစီအစဉ်များနှင့် ပတ်သက်သည့် အဓိပ္ပာယ်ပါသော စကားလုံးများဖြင့် နန်ယုနှင့် မည်သို့လုပ်ဆောင်ရန် စီစဉ်ထားသည်ကိုရှောင်လွှဲ၍မရနိုင်ခဲ့ပေ။

နန်ယု သူမ၏ကွာရှင်းမှုအစီအစဉ်ကို နန်မိသားစုအားမပြောပြရသေးပုံပေါ်သည်။ ဒါလည်း နားလည်နိုင်စရာပင်။

ဖေးယီကျန့် ပြုံးလိုက်ကာ “ယုယုအတွက်တော့ ကျွန်တော့်ကိုပဲ ထားလိုက်ပါ၊ ကျွန်တော်ကတော့ ဒီကြားထဲ တရုတ်ပြည်မှာပဲ နေဖြစ်မယ်ထင်တယ်” ဟု ပြောလိုက်သည်။

သူ နန်ယုအား ယနေ့အကြိမ်များစွာရန်စခဲ့ပြီးပြီဖြစ်၍ နောက်သုံးရက်လုံးလုံး စူးစိုက်ကြည့်ခြင်းကို ရှောင်ရှားရန် ဖေးယီကျန့် သူ၏ပုံမှန်အမူအရာသို့ ပြန်လည်ပြောင်းလဲလိုက်သည်။

ကြင်နာပြီး ယဉ်ကျေးသိမ်မွေ့သောအမျိုးသားတစ်ဦးအဖြစ်ပင်။

ဤအရာက တစ်ခါတစ်ရံတွင် အာရုံစိုက်နေသော နန်ယုအား အတွင်းစိတ်မှ မျက်လုံးလှန်စေခဲ့သည်။

— ဟန်ဆောင်! ဆက်ဟန်ဆောင်! ဒီလူသာ ဟန်မဆောင်တတ်ရင် ရှက်စရာကောင်းလိမ့်မယ်!

ထိုညနေတွင် လူတိုင်းသည် မင်္ဂလာပွဲအသေးစိတ်များကိုလုပ် ဆောင်နေကြပြီး ရောက်ရှိလာသော ဧည့်သည်များအားနှုတ် ဆက်နေစဉ် နန်ယု သူမ ကလေးနှစ်ဦးနှင့်အတူ ကျွန်းပေါ်သို့ လမ်းလျှောက်ထွက်ခဲ့သည်။

သူ မကူညီချင်၍မဟုတ်ပေ။ နန်မိသားစုမှာ နန်ယုသည်အလုပ်အလွန်အကျွံမလုပ်နိုင်ဟု တစ်ညီတညွှတ်တည်း သဘောတူခဲ့ကြသောကြောင့် သူ လုပ်သင့်သည်အားလုပ်ရန် ခွင့်ပြုခဲ့ကြသည်။ အများဆုံးမှာတော့ အန်းရီရန်အား သူမဆီတွင် ထားသွားခဲ့ခြင်းပင်။

သူတို့သည် နန်ယု ကလေးများအား ဂရုစိုက်တာကိုစိတ်မပူခဲ့ကြပေ။

အန်းရီရန်မှာ အထီးကျန်မိသားစုတွင် ကြီးပြင်းလာခဲ့ရသော ကြောင့် အလွန်ရင့်ကျက်သည်။ အန်းနင်မှာ အလုပ်လုပ်ရပြီး သူ့အား ဂရုစိုက်ရတာကြောင့် သူက ငယ်ငယ်ရွယ်ရွယ်နှင့်ပင် လူကြီးလေးတစ်ဦးကဲ့သို့ ပြုမူတတ်ခဲ့သည်။ သူ့အား နန်ယုဘေးတွင် ထားရှိခြင်းမှာ သူမကို ပိုမိုသက်တောင့်သက်သာ ဖြစ်စေခဲ့သည်။

ထို့အပြင် Poseidon ကျွန်းသားများမှာ ရိုးသားကြသည်။ လာရောက်လည်ပတ်ကြသော ဧည့်သည်များသည် မင်္ဂလာဆောင်စုံတွဲများသာဖြစ်ပြီး ပျော်ရွှင်သော လေထုအားဖန်တီးပေးခဲ့သည်။ ကိုယ်ရံတော်နှစ်ဦးလည်း သူတို့သုံးဦး၏ ဘေးကင်းလုံခြုံမှုအား အာမခံရန်ရှိနေခဲ့သည်။

နန်ယု ဘာကိုမှ စိုးရိမ်စရာမရှိဘဲပျော်ရွှင်ရုံသာဖြစ်သည်။

ထို့ကြောင့် ယခုအခါ သူတို့သုံးဦး၏ဆက်ဆံရေးမှာ ဤသို့ဖြစ်နေသည်။

အန်းရီရန် ဖေးယွင်ကျင်းလက်အားကိုင်ကာ ရှေ့မှလျှောက်နေပြီး နန်ယု သူတို့နောက်မှတစ်လှမ်းနောက်ကျပြီးလိုက်နေသည်။

“အစ်ကိုယီရန်၊ အဲဒါ ဘာလဲဟင်”

“အစားအသောက်တစ်မျိုးထင်တယ်၊ ရှောင်ကျင်း မြည်းကြည့်ချင်လား”

ထိုနောက် နန်ယု သုံးယောက်စာအတွက် ပိုက်ဆံရှင်းပေးလိုက်ပြီး တစ်ယောက်တစ်ခုစီယူခဲ့ကြသည်။

“ပင်ပန်းနေပြီလား ရှောင်ကျင်း ? အစ်ကို ကျောပိုးရမလား”

“မပင်ပန်းပါဘူး၊ မပင်ပန်းပါဘူး! ရှောင်ကျင်း လမ်းလျှောက်နိုင်ပါသေးတယ်”

“ရှောင်ကျင်းက အရမ်းတော်တာပဲ၊ ရေလေးဘာလေးသောက်မလား”

“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် အစ်ကို~”

ပိုက်ဆံရှင်းပေးသည့် ကိရိယာဖြစ်သွားသော နန်ယု- "..."

ဟဲ့! နင်တို့နှစ်ယောက်က မူရင်းစာအုပ်ထဲမှာ တစ်သက်တာ ရန်သူတွေလေ!

ဘာလို့ ဒီလောက်မြန်မြန် တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်သွားရတာလဲ ?

တောက်! ငါ ကလေးလေးတစ်ယောက်ကို ရှုံးလိုက်ရသလို ခံစားနေရတယ်!

All Chapters