အခန်း (၂၃)
Vol. 3 Ch. 23
"နာလား"
သူသည်သူမ၏ အမူအယာအသေးစိတ်ကို ဂရုတစိုက်စောင့်ကြည့်နေသည်။
"မနာပါဘူး"
စူးယွင်သည် အာရုံစိုက်မနေတော့ဘဲ ဟိုကြည့်ဒီကြည့်လုပ်နေလိုက်၏။
"ရှင်ကကျွန်မကို လက်ဖက်ရည်သောက်ဖိတ်မလို့မဟုတ်ဘူးလား"
"ဘာတွေလောနေတာလဲ"
နဉ်ကျင်းသည် သူမလက်အားလွှတ်ပေးလိုက်၏။
"ကိုယ့်နောက်လိုက်ခဲ့"
စူးယွင်သည် အနောက်ဘက်ဥယျာဉ်ဆီသို့ နဉ်ကျင်းနောက်မှလိုက်သွားလိုက်သည်။
ဥယျာဉ်ထဲတွင် သန်သန်မာမာဖြင့် စိမ်းလန်းစိုပြည်နေသော ပန်းမာန်သစ်ပင်တို့ဖြင့် ပြည့်နှက်နေလေ၏။ပန်းပင်များနှင့် သစ်ပင်တို့၏အခြားတစ်ဖက်တွင် ငါးမီတာမြင့်သည့်ရေတံခွန်အတုတစ်ခုရှိသည်။ရေများသည် အထက်မှနေ အနီးရှိရေကန်ငယ်လေးထဲသို့ ကျောက်ဆောင်များပေါ်ဖြတ်ကာ အရှိန်ဖြင့်စီးဆင်း၍ နေရောင်ခြည်ပတ်ဖြန်းခံရပြီး တလက်လက်တောက်ပနေပုံမှာ ပန်းချီကားတစ်ချပ်အလားပင်။
ဥယျာဉ်၏အလယ်ဗဟိုတွင်တော့ စီစဉ်ထားပြီးဖြစ်သော လက်ဖက်ရည်ဝိုင်းဖြင့် နားနေဆောင်လေးတစ်ဆောင် တည်ရှိနေ၏။တစ်ယောက်ယောက်မှ ချဉ်းကပ်လာသည်နှင့် လက်ဖက်ရည်၏ရနံ့သဲ့သဲ့ကို ရှူရှိုက်မိနိုင်လေသည်။
စူးယွင်သည် ကူရှင်တင်ေပးထားသည့် ကျောက်ထိုင်ခုံလေးတစ်လုံးပေါ် ထိုင်ချလိုက်ပြီး သူ့ထံတိတ်တဆိတ်ကြည့်နေလိုက်၏။
နဉ်ကျင်း၏ လက်ဖက်ရည်ဖျော်သည့် အရည်အချင်းမှာအင်မတန်ကောင်းမွန်လှသည်။သူ၏လှုပ်ရှားမှုတိုင်းမှာ ရေအလျဉ်အလား တည်တည်ငြိမ်ငြိမ်လုပ်ဆောင်သွားကာ ဖြစ်စဉ်တစ်ခုလုံးအား အခက်အခဲမရှိအောင်အောင်မြင်မြင် ပြီးမြောက်စေခဲ့၏။
သူသည် သူမထံရေနွေးကြမ်းတစ်ခွက် ကမ်းပေးလိုက်သည်။
"စမ်းသောက်ကြည့်လိုက်"
စူးယွင်သည် ရေနွေးကြမ်းအား အသာမွှေယမ်းလိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်၏။
"သခင်လေးနဉ်ရဲ့ လက်ဖက်ရည်ဖျော်တဲ့အရည်အချင်းကလဲ ဩချလောက်စရာပါပဲ"
ထို့နောက် နဉ်ကျင်းသည် သူမရှေ့ အစာသွပ်မုန့်ပန်းကန်အား တိုးပေးလိုက်သည်။
"စားဖိုဆောင်က လုပ်ထားတာ။ဒီမုန့်တွေကို စားကြည့်ဦး"
စူးယွင်သည် အကိုက်သေးသေးလေးကိုက်လိုက်ပြီး သူမမျက်ဝန်းတို့မှာ ထောက်ခံပေးလိုက်သည့်အလား မှေးကျဉ်းသွားတော့၏။
မဆိုးဘူးပဲ။
သူမဒီစားဖိုမှူးကို အလုပ်ခန့်ကြည့်ချင်လာပြီ။
နှစ်ဦးသားမှာ နေ့လည်တစ်ခင်းလုံး စိတ်အေးလက်အေး စကားဖောင်ဖွဲ့ကာ အချိန်ဖြုန်းခဲ့ကြသည်။
စားသောက်ချိန်နီးလာသော် စူးယွင်မှပြန်ရန်ပြင်လိုက်သော်ငြား နဉ်ကျင်းသည် သူမအားညစာစားသွားရန် တောင်းဆိုလာ၏။စားသောက်ပြီးနောက် ခဏတာအနားယူပြီး၍ ပြန်ရန်မတ်တပ်ရပ်လိုက်ချိန်တွင် ကောင်းကင်ယံတစ်ခုလုံး အုံ့မှိုင်းလာသည်ကို တွေ့လိုက်ရပြီး မိုးခြိမ်းသံ တဂျိန်းဂျိန်းမှာလည်း ဆက်တိုက်မြည်ဟီးနေတော့သည်။
မကြာခင်အချိန်အတွင်း မိုးရွာချလာတော့မည့်ပုံပင်။
သူမသာသွက်သွက်လျှောက်သွားပါက အဆင်ပြေနိုင်လောက်သည်။
စူးယွင်မှ ဘယ်ဘက်ခြေထောက်ဆန့်ထုတ်လိုက်ချိန်တွင် နဉ်ကျင်းသည် သူမလက်မောင်းအား ရုတ်ချည်းဆွဲထားလိုက်၏။
"မိုးရွာတော့မှာလေ။မင်းမပြန်ခင်ခဏလောက်စောင့်လိုက်ပါဦး"
"ကိစ္စမရှိပါဘူး။ကျွန်မက မိုးလေဝသကို တိတိကျကျမှန်းနိုင်ပါတယ်။ခဏလေးအတွင်း မိုးကမရွာနိုင်ပါဘူး"
သူမသည် ကောင်းကင်ထံလှည့်ကြည့်ကာ လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ကြည့်လိုက်လေ....."
သူမပြောပြီးသည်နှင့် သူမရှေ့သို့ မိုးရေတစ်စက်မှာ ရုတ်တရက်ကျဆင်းလာလေသည်။
အာ......
ကောင်းပြီလေ။မြန်ချက်ပဲ။မျက်နှာကိုဖြတ်ရိုက်ခံရဖို့ ပြောလိုက်မိတာလား။
နဉ်ကျင်းသည် ကောင်းကင်ဘက်သို့ မေးပင့်ပြလိုက်၏။
"အထဲဝင်ကြစို့။မိုးရေထဲရပ်နေလို့မကောင်းဘူးလေ...."
စူးယွင်သည် သူမှလှောင်ပြောင်နေသည်ဟု ခံစားနေရလေသည်။
သူမသည် အင်္ကျီထောင့်အား လုံးချေပစ်ရင်း သူ့ထံကြည့်ကာ အထဲပြန်ဝင်လိုက်၏။
ခုံတွင်ထိုင်လိုက်ပြီးချိန်တွင်တော့ သူမမှာအဆီရစ်ပြီးငိုက်မျည်းလာလေသည်။မျက်နှာအားလက်ဖြင့်ထောက်ကာ သူမမျက်ခွံများသည် ဖြည်းဖြည်းချင်းမှိတ်ကျသွားတော့၏။
နဉ်ကျင်းသည်လည်း သူမအားအတုယူကာ မျက်နှာအားလက်ဖြင့်ထောက်၍ သူမကို တိတ်တဆိတ်ငြိမ်ငြိမ်လေး စိုက်ကြည့်နေလိုက်သည်။
အပြင်ဘက်ရှိ လေသံများမှာ တဝေါဝေါမြည်ဟီးနေပေသိ သူမအပေါ်သက်ရောက်မှုမရှိခဲ့ပေ။သူမဦးခေါင်းသည် သူမလက်ပေါ်အသာတင်ထား၍ အနည်းငယ်နီမြန်းနေကာ သူမနှုတ်ခမ်းတို့သည်လည်း နည်းနည်းစူေထာ်နေလေသည်။သူမအားကြည့်ရသည်မှာ စိတ်လက်ပေါ့ပါးစေသော မြင်ကွင်းတစ်ရပ်အလား တိတ်ဆိတ်အေးချမ်းစေလေ၏။
အချိန်များကုန်ဆုံးသွားရင်း ရုတ်တရက် တုန့်စန်းမှာ အလောတကြီးဝင်ချလာသည်။
"သခင် မ....."
နဉ်ကျင်း၏ မျက်ဆံတို့သည် ရုတ်ချည်းကျုံ့သွားကာ သူ့အကြည့်သည် အန္တရာယ်ရှိပြီးခြိမ်းခြောက်နိုင်သော ဓားထက်ထက်တစ်လက်အလား အေးစက်သွားလေ၏။သူ့မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်မှာ နောက်တစ်စက္ကန့်အတွင်း နှောင့်ယှက်လာသူကို ဆုတ်ဖြဲပစ်တော့မယောင် ခံစားမိစေသည်။
တုန့်စန်းမှာ နောက်ကျောတစ်လျှောက် ချွေးအေးများစီးကျလာပြီး သူ့ပါးစပ်ကိုချက်ချင်းပိတ်ကာ အရာတိုင်းအား နာခံမည့်ဟန်ဖြင့် ဒူးတစ်ဖက်ထောက်ချလိုက်၏။
နဉ်ကျင်းသည် ခုံမှထရပ်လိုက်ကာ သူ့အားလိုက်လာရန်အချက်ပြလိုက်သည်။
"ဘာကိစ္စလဲ"
သူ၏အသံမှာ ခံစားချက်မဲ့နေပြီး သူ့ထံမှနေ မည်သည်ကိုမှအဖတ်မလုပ်သည့်အရှိန်အဝါထုတ်လွှတ်နေကာ သူ့ထံရှိခဲ့ဖူးသည့် ပုံမှန်နွေးထွေးမှုတို့ လုံးဝကင်းစင်နေလေသည်။
တုန့်စန်းသည် အသံတိုးလိုက်ပြီး လက်ခုပ်အုပ်၍ အရိုအသေပြုကာ ပြန်ဖြေလိုက်၏။
"သခင် နားနေဆောင်အလွတ်ကနေ စာတစ်စောင်ရောက်လာပါတယ်။အဲ့စာက အခုစာကြည့်ခန်းထဲမှာပါ"
"အင်း"
နဉ်ကျင်းသည် အမူအယာေပြာင်းမသွားဘဲ ခေါင်းငြိမ့်လိုက်၏။
"စာကြည့်ခန်းထဲ မင်းအရင်သွားနှင့်လိုက်"
တုန့်စန်းမှာ ဦးညွှတ်လိုက်ပြီး
"နားလည်ပါပြီ"
နဉ်ကျင်းသည် လှည့်ထွက်သွားပြီး တံခါးအပြင်ခြေချလိုက်သည်နှင့် အေးစက်မှုအရိပ်အခြေတိုင်းမှာ ပျောက်ရှသွားလေ၏။မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည်သက်ဝင်လန်းဆန်းသော လူငယ်လေးတစ်ဦးအလား သူ၏ပုံမှန်သိမ်မွေ့ကောင်းမွန်သောအသွင်ဆီပြောင်းသွားခဲ့သည်။
သူသည်လက်ဆန့်၍ စူးယွင်၏ခေါင်းကိုအသာတို့လိုက်၏။တစ်ခဏအတွင်း သူမမျက်ဝန်းများအသာပွင့်လာသည်ကိုမြင်ရာ နူးနူးညံ့ညံ့လေးပြောလိုက်သည်။
"မင်းပင်ပန်းနေပြီလား။အခန်းထဲခဏလောက်အနားယူလိုက်ပါလား"
"အမ်း"
သူမသည် ဖွဖွလေးငြီးတွားလာပြီး အိပ်တစ်ဝက်နိုးတစ်ဝက်အနေအထားတွင်ရှိနေသေးရာ သူမအကြည့်တို့၌ ရှုပ်ထွေးမှုနှင့် ပျင်းရိမှုအရိပ်အယောင်တို့ဖြင့်ပြည့်နှက်နေလေသည်။
နဉ်ကျင်းသည် လက်ချောင်းလေးများအားကွေးကာ သူမနိုးလာသည့်အချိန်ခေါင်းကြည်နေေစရန် သာသာလေးနှိပ်နယ်ပေးလိုက်၏။
သူမနဖူးထက်ရှိ နွေးထွေးမှုအားခံစားလိုက်ရသော် စူးယွင်သည်ခေတ္တမျှကြောင်အမ်းသွားပြီး သူမမျက်ဝန်းထဲရှိ ရီဝေမှုများမှာလဲအမြန်ရှင်းလင်းသွားလေသည်။
သူမသည် သူ့လက်အားကိုင်ကာ သူမနဖူးထက်မှနေ အသာတွန်းဖယ်လိုက်၏။
"မလိုပါဘူး။ကျွန်မပြန်နှင့်တော့မယ်"
"မိုးကအရမ်းသည်းနေတာလေ။မနက်ဖြန်မနက်အထိ မင်းနေလိုက်ပါလား"
"တစ်ကယ်လား။နွေဥတုမိုးကဒီလောက်ကြာတယ်ပေါ့"
စူးယွင်သည် တံခါးပေါက်ဆီလျှောက်သွားရင်း သံသယဖြင့်ကြည့်လိုက်၏။
ကောင်းကင်ကြီးသည် လျှပ်စီးသံ၊မိုးသံတို့ဖြင့်ဆူညံနေကာ ရှေ့ရှိလမ်းအားမြင်နိုင်စွမ်းမရှိလောက်သည်ထိ မည်းမှောင်အုံ့ဆိုင်းနေလေသည်။
မိုးရေစက်ကြီးများမှာ မြေကြီးပေါ်ရိုက်ခတ်ရင်း နေရာတိုင်းကို စင်ထွက်သွားလေ၏။မြေနိမ့်ပိုင်းအချို့တွင် ရွှံ့အိုင်များဖြစ်ပေါ်နေကာ အချိန်မရွေးရေကြီးလာတော့မည့် အခြေအနေရောက်နေသည်။
"ဘုရားရေ ဒီနေရာကရေတော့ကြီးမလာလောက်ပါဘူးနော်"
"ဘယ်သူသိမှာလဲ။နှစ်တိုင်းဒီလိုအချိန်ဆို ဖြစ်နေကျပဲလေ"
မြို့တော်၌ မိုးတွင်းဆိုလျှင် ဤအခြေအနေများမှာ ဖြစ်လေ့ရှိပြီး နှစ်တိုင်းဤအချိန်တွေဆိုလျှင် အမြဲလိုလိုမိုးကြီးတတ်လေသည်။ရေကြီးမကြီးဆိုသည်မှာတော့ မိုးရာသီမှ မည်သည့်အချိန်တွင် ပြီးဆုံးမည်ဆိုသောအချက်ပေါ်မူတည်လေ၏။
နဉ်ကျင်းသည် သူမဘေး၌ရပ်နေကာ ယခုအချိန်၌ မိုးရေစိုသွားသည့် သူမစကပ်အားကြည့်၍ မျက်မှောင်ကြုံ့လိုက်မိသွားသည်။
"အထဲဝင်တော့ မင်းအအေးပက်သွားလိမ့်မယ်"
မိုးမှမည်မျှသည်းနေသည်ကို တွေ့လိုက်ရသော စူးယွင်သည် ရွေးချယ်စရာမရှိတော့ဘဲ နဉ်ကျင်း၏အကြံအတိုင်းလိုက်နာကာ တစ်ညတာတည်းခိုရပေတော့မည်။
"သခင်မလေးစူးကို အနောက်ဘက်ခြံဝန်းဆီ တစ်ယောက်ယောက်ခေါ်သွားပေးပြီး သူမကိုအဝတ်လဲစရာပေးလိုက်ကြ"
အစေခံတစ်ဦးမှာ ချက်ချင်းရှေ့တက်လာပြီး ဦးညွှတ်အရိုအသေပြုလာ၏။
"ကောင်းပါပြီ သခင်"
စူးယွင်သည် မရေမရာဖြင့်ငုံ့ကြည့်လိုက်ရာ မိုးရေကြောင့် သူမစကပ်အနားများစိုသွားသည်ကို တွေ့လိုက်ရသည်။
သူမမှာ တုံ့ဆိုင်းမနေတော့ဘဲ အနောက်ခြံဝန်းဆီ အစေခံနောက်မှလိုက်သွားလိုက်၏။
"သခင်မလေးစူး ကျွန်မတို့အိမ်တော်မှာ သခင်မလေးလိုအဝတ်အစားမျိုးမရှိလို့ ဒီဝတ်စုံပဲဝတ်ပေးလို့ရမလားရှင့်"
"အဆင်ပြေပါတယ်"
"ဒါဆို ကျွန်မကူပေးပါရစေ"
"ကျေးဇူးပဲနော်"
စူးယွင်သည် ဤကဲ့သို့အဝတ်အစားမျိုးအား ဝတ်လေ့ဝတ်ထမရှိရာ အစေခံ၏အကူအညီကို ဝမ်းပန်းတသာလက်ခံလိုက်၏။
အဝတ်လဲပြီးသည်နှင့် သူမမှာပျင်းလာ၍ နဉ်ကျင်းအားသွားရှာရန်ဆုံးဖြတ်လိုက်သည်။
"ယောင်ယီ"
အဝတ်လဲနေစဉ်တွင် စူးယွင်မှာသူမနာမည်အား မေးမြန်းကြည့်ခဲ့၏။
"ကျွန်မဘာကူညီပေးရမလဲ သခင်မလေးစူး"
"နဉ်ကျင်းက ဘယ်မှာလဲ။ကျွန်မသူ့ကိုသွားရှာချင်လို့"
"သခင်က စာကြည့်ခန်းထဲမှာပါ"
ယောင်ယီသည် သူမအားအလွန်အမင်းရိုသေလေးစားပြခဲ့၏။
သူမအားမခစားရသေးခင်တွင် အိမ်တော်ထိန်းကြီးထံမှ စူးယွင်သည် နဉ်ကျင်း၏ထူးခြားသောဧည့်သည်တစ်ယောက်ဖြစ်သည်ဟု သတိပေးခံခဲ့ရရာ သူမသည် အကောင်းမွန်ဆုံးသော ရိုသေသမှုပြရပေလိမ့်မည်။
"ကျွန်မသွားကြည့်လိုက်ပါ့မယ်။မင်းဒီမှာနေခဲ့လိုက်တော့"
"ကျေးဇူးပဲနော်"
ယောင်ယီသည် အရိုအသေပေးကာ
"သခင်မလေးစူးက ကြင်နာလွန်းနေပါပြီ"
စာကြည့်ခန်းတံခါးမှာ တင်းတင်းစေ့ပိတ်ထားလေ၏။စူးယွင်သည် တစ်ချက်ကြည့်လိုက်ပြီး ဝင်မသွားခင် နှစ်ချက်ခေါက်လိုက်သည်။
ကျွီ....
တံခါးဖွင့်သံသည် မဆူညံပေသိ အတွင်းရှိတိတ်ဆိတ်မှုကြောင့် သိသာနေလေ၏။
"ဘယ်သူလဲ"
တုန့်စန်း၏လေသံမှာ အေးစက်နေကာ မျက်ဝန်းတို့မှာလဲ သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပနေသည်။သူ့လက်ထဲရှိလက်နက်ပုန်းမှာ အချိန်မရွေး စူးယွင်ထံထိုးစိုက်လာတော့မယောင်ပင်။
စူးယွင်မှာ လေသံကြောင့် အံ့အားသင့်သွားရ၏။ဤကဲ့သို့အပြုအမူဖြင့်ဝင်လာသည်မှာ မယဉ်ကျေးမှန်းသဘောပေါက်သွားပုံရပြီး နောက်ပြန်ဆုတ်ရန်ပြင်လိုက်စဉ် အသံတစ်သံအားကြားလိုက်ရသည်။
"ဝင်လာခဲ့ပါ ကိစ္စမရှိပါဘူး"
"အိုး"
တုန့်စန်းသည် သူ၏လက်နက်အား သပ်သပ်ရပ်ရပ်ပင် ပြန်သိမ်းကာ လက်ခုပ်အုပ်၍ သူမထံပြောလာ၏။
"သခင်မလေးစူး"
စူးယွင်သည် ခေါင်းငြိမ့်၍တုံ့ပြန်နှုတ်ဆက်လိုက်၏။
"သခင်လေးတုန့်"
သူမသည် နဉ်ကျင်းဘေးသို့ တိုက်ရိုက်လျှောက်သွားကာ သူမမျက်ဝန်းတို့သည် သူ့လက်ထဲရှိ အဝါရောင်စက္ကူထံ စိုက်ကြည့်နေလေသည်။
"ဒါက....."