အခန်း (၂၆)
Vol. 3 Ch. 26
အချိန်နီးလာသည်နှင့် စူးယွင်သည်အဝတ်လဲကာ အထုတ်တစ်ထုတ်အားယူ၍ ဟန်မန်လို့ထံ ဦးတည်လိုက်၏။
သူမ၏ဖိတ်ကြားချက်ဖြစ်သောကြောင့် အရင်ကြိုရောက်နေသင့်ပေသည်။
ဆယ့်ငါးမိနစ်အကြာတွင်တော့ လော့ဇီယင်းသည် တံခါးဖွင့်ဝင်လာလေ၏။
သူမသည် အရောင်ဖျော့ဖျော့ ပန်းပွင့်အဆင်ချီဖောင်တစ်ထည်အား ဝတ်ဆင်ထားကာ ရှိသင့်သောခန္ဓာကိုယ်ေကာက်ေကြာင်းများဖြင့် ကျက်သရေရှိရှိတည်ငြိမ်လှပနေလေသည်။
လော့ဇီယင်းသည် ဖွဖွပြုံး၍
"မိန်းကလေးစူး"
စူးယွင်လည်း မတ်တပ်ရပ်ကာ သူမညာလက်အား ဆန့်ထုတ်လိုက်၏။
"သခင်မလေးလော့"
လော့ဇီယင်းသည် သူမရှေ့ရှိလက်အား နားမလည်ဟန်ဖြင့်ကြည့်နေလိုက်သည်။
စူးယွင်လည်း သူမလက်အား ပြန်ရုတ်ကာ ကသိကအောက်ဖြစ်ဟန်ဖြင့်ရယ်လိုက်၏။
"ဒါက ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ဘူးရယ်"
အား! သူမ၏ဤကဲ့သို့အပြုအမူလေးများမှာ မပြောင်းလဲသေးပါချေ။
လော့ဇီယင်းသည် သူမနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်၍ ရေနွေးအားတစ်ငုံသောက်လိုက်သည်။
စူးယွင်သည် စားပွဲအောက်မှ အထုတ်အားသူမထံကမ်းပေးလိုက်၏။
"သခင်မလေးရဲ့ အဝတ်အစားတွေပါ"
စူးယွင်သည် ခြေကုန်လက်ပန်းကျဟန်ဆောင်၍ ကရုဏာသက်ဖွယ်ကောင်းအောင် သရုပ်ဆောင်ပြလိုက်သည်။
"သခင်မလေးလော့ ရှင်ကပုံမှန်ဝယ်သူတစ်ယောက်ဖြစ်ပြီး ဒီဒီဇိုင်းက ချုပ်လုပ်ဖို့ခက်ခဲတယ်ဆိုတာသိမှာပါ။ဒါပေမယ့် သခင်မလေးရဲ့ညီမက ကျွန်မတို့ကို အရမ်းခက်ခဲအောင်လုပ်နေပါတယ်......ကျွန်မတို့က ဒီနေရာမှာ အသက်ရှင်နေထိုင်ဖို့လုပ်ကိုင်စားသောက်နေကြရရုံပါ။ပြီးတော့....."
သူမညီမလော့ချန်းယီ၏စရိုက်ကို လုံးဝသိထားသောလော့ဇီယင်းသည် သူမနှုတ်ခမ်းအားကိုက်ကာ လက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလာ၏။
"ကျွန်မနားလည်ပါပြီ။ကျွန်မသူမကို ဒီအကြောင်း ပြောလိုက်ပါ့မယ်"
ညီအစ်မနှစ်ယောက်တွင် သူတို့၏ကိုယ်ပိုင်ကွဲပြားမှုများရှိနေပေသိ လော့ဇီယင်းမှာတော့ သူမ၏ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် အခြားလူများထံပြဿနာဖြစ်စေလိုစိတ်မရှိပါပေ။
စူးယွင်သည် မတ်တပ်ထရပ်ကာ ဦးညွှတ်ရင်း
"ကျေးဇူးတင်ပါတယ်"
နာရီဝက်ကြာပြီးနောက်တွင် စူးယွင်သည် ဝမ်ကောထံပြန်ရောက်လာလေ၏။
သူမသည်ဆိုင်ထဲရောက်သည်နှင့် လှုပ်ကုလားထိုင်ပေါ် ပျင်းတိပျင်းရွှဲဖြင့် ထိုင်ချလိုက်တော့သည်။
"အပြင်ထွက်ရတာ အရမ်းပင်ပန်းတာပဲ"
ရှောင်ဟယ်သည် ခေါင်းအုံးပျော့ပျော့တစ်လုံးအားယူလာကာ သူမခေါင်းအောက် ခုပေးပြီး
"သခင်မလေးစူး အကုန်အဆင်ပြေခဲ့ရဲ့လား"
သူမသည် မနေ့ကလော့ဇီယင်းထံ စူးယွင်စာပို့လိုက်ကတည်းမှ စိုးရိမ်နေခဲ့ရ၏။
ပြောရလျှင် ထိုကဲ့သို့ မျိုးရိုးမြင့်လူတန်းစားများထံတွင် စကားပြောဆိုဖို့ရန် စစ်မှန်သောစိတ်ထားမျိုးကဲ့သို့ တစ်စုံတစ်ရာရှိရန်မှာရှားပါးလှလေသည်။
"အတော်အဆင်ပြေခဲ့ပါတယ်။သခင်မလေးလော့က ငါထင်ထားတာထက်ပိုပြီး ပြောလို့ဆိုလို့လွယ်တယ်"
စူးယွင်သည် သူမနှင့်အချိန်အတော်ကြာ စကားစမြည်ပြောဆိုရလိမ့်မည်ဟု ထင်ခဲ့ပေသိ ထင်မထားသည်မှာ......
သူမသည် ဘယ်ဘက်ခြမ်းသ်ို့ ကိုယ်ကိုလှည့်လိုက်ကာ ပြုတ်မကျစေရန် ခေါင်းအောက်လက်တစ်ဖက်ခုရင်းမေးလိုက်၏။
"ငါမင်းကိုလုပ်ခိုင်းထားတဲ့ကိစ္စကရော ဘယ်လိုဖြစ်သွားပြီလဲ"
"ကျွန်မအဲ့အကြောင်းကို ရှောင်းယွင်ဆီ ပြောပြီးသွားပါပြီ။အသေးစိတ်အကြောင်းအရာသိရဖို့ကတော့ သူတို့ပြန်ပြောလာမှာကို ကျွန်မတို့စောင့်ရမှာပဲ"
"ကောင်းပြီလေ"
စူးယွင်သည် သက်ပြင်းချလိုက်ကာ ခုံဘေးရှိစောင်အားဆွဲ၍ ခြုံလိုက်လေ၏။
"ငါနည်းနည်းပင်ပန်းနေလို့ ဝယ်သူလာမှနှိုးလိုက်နော်"
"နားလည်ပါပြီ သခင်မလေးကောင်းကောင်းနားပါ"
ရှောင်ဟယ်သည် ခေါင်းငြိမ့်လိုက်ပြီး ဘေးရှိပြတင်းပေါက်ကို သွားပိတ်ပေးလိုက်၏။
ရှောင်ဟယ်သည် အပ်နှင့်အပ်ချည်အား ယူကာစားပွဲခုံရှေ့ရှိခုံမြင့်ပေါ်ထိုင်ရင်း ချည်ထိုးရင်း ဆိုင်တံခါးအားစောင့်ကြည့်နေလိုက်သည်။
အချိန်တစ်ချို့ကြာပြီးနောက် ခေါက်ယပ်တောင်အား ဇိမ်ပြေနပြေခပ်လာေသာနဉ်ကျင်းမှာ ဆိုင်ထဲဝင်လာလေ၏။
ခြေသံများအားကြားသော် ရှောင်ဟယ်သည် မတ်တပ်ရပ်လိုက်ပြီး
"ကြိုဆိုပါတယ်...."
နဉ်ကျင်းသည် ခေါက်ယပ်တောင်အားပိတ်ကာ ထိုယပ်တောင်ဖြင့် စားပွဲပေါ်ခေါက်လိုက်ပြီး ခေါင်းယမ်းပြလိုက်၏။
မည်သူမှန်းမြင်လိုက်ပါမှ ရှောင်ဟယ်သည်ပြုံးကာပြောလိုက်သည်။
"သခင်မလေးစူးနဲ့လာတွေ့တာလား။ဒါပေမယ့်သူမကအိပ်နေတယ်။ကျွန်မနှိုးပေးရမလား"
"မလိုပါဘူး"
နဉ်ကျင်းသည် အသံတိုးလိုက်ပြီး
"ကျွန်တော် ထိုင်ပြီးပဲစောင့်လိုက်ပါ့မယ်"
သူသည်ဆိုင်ထဲဝင်လာပြီး ခုံလေးတစ်ခုံအားဆွဲကာ တိတ်တဆိတ်ထိုင်ချလိုက်လေသည်။
အချိန်အချို့ကြာပြီးနောက်တွင်တော့ စူးယွင်မှာနိုးလာလေ၏။သူမခေါင်းအားလှည့်လိုက်သည်နှင့် သူမဘေးတွင်ထိုင်နေသော နဉ်ကျင်းအား သတိပြုမိလိုက်သည်။
သူမမျက်လုံးများအားပွတ်ရင်း အိပ်ရာနိုးစနှာသံဖြင့် မေးလိုက်သည်။
"ရှင်ဘယ်အချိန်ထဲကရောက်နေတာလဲ"
"မကြာသေးပါဘူး"
နဉ်ကျင်းသည် သူမထံရေနွေးတစ်ခွက်ကမ်းပေးရင်း လည်ချောင်းမခြောက်စေရန်သောက်လိုက်ဖို့ တိုက်တွန်းလာ၏။
သူမသည် ခေါင်းငြိမ့်ကာ ရေနွေးခွက်အားကိုင်ရင်း ဖြည်းဖြည်းစီတစ်ငုံချင်းသောက်လိုက်သည်။
သူမစကားပြောရန်ပြင်လိုက်စဉ်မှာပင် ရှောင်းယွင်နှင့်လူတစ်စုမှာ ဝင်လာလေ၏။
သူ့မျက်လုံးများမှာ ဖူးယောင်နေပြီး နှုတ်ခမ်းများမှာလည်း ကွဲပြဲကာသွေးထွက်ေနဆဲဖြစ်ပြီး သူ့အားကြည့်ရသည်မှာ လုံးဝသနားစဖွယ်အတိပင်။
"သူတို့မင်းကိုရိုက်လိုက်တာလား"
စူးယွင်သည် ဆတ်ကနဲထရပ်ကာ သူ့နောက်ရှိအုပ်စုကိုပါ အမြန်စစ်ဆေးကြည့်လိုက်၏။
"ဘာတွေဖြစ်ခဲ့တာလဲ"
"ဘာမှမဖြစ်ပါဘူး"
အဖွဲ့ထဲရှိကျန်လူများမှာ ပွန်းပဲ့ရုံမျှသာဖြစ်ကြပြီး တစ်နည်းဆိုရလျှင် သူတို့အေခြအေနေကာင်းေလသည်။
ရှောင်းယွင်သည် အပြစ်ရှိဟန်ဖြင့် ခေါင်းအားငုံ့ကာ
"ကျွန်တော်ပိုက်ဆံကိုပြန်ယူမလာနိုင်ခဲ့ဘူး"
"ပိုက်ဆံချေးသွားတဲ့လူတွေဆီကနေပြန်တောင်းရတာက အမြဲခက်ခဲတာပဲလေ"
စူးယွင်သည် ရှောင်ဟယ်အားခေါ်ကာ ဆေးအချို့ယူလာခိုင်းလိုက်ပြီး သူတို့ထံပေးလိုက်သည်။
"ဒီတစ်ခေါက်ကိစ္စက အစ်မအမှားပါ။အစ်မဒီလိုဖြစ်လိမ့်မယ် ထင်မထားခဲ့ဘူး"
ယီယန်းကျူဆီ အကြွေးတောင်းရန် အုပ်စုတစ်စုသွားခဲ့ပါက သုန်းကွေ့မပေးခဲ့လျှင်ပင် သူမဘာသာထိန်းချုပ်သွားလိမ့်မည်ဟု စူးယွင်ထင်ခဲ့ခြင်းပင်။
ကြည့်ရသည်မှာ စူးယွင်သည် သူမအားအထင်ကြီးလွန်းခဲ့ပုံရ၏။
"မင်းတို့တွေဒီမှာနားကြဦး။အကြွေးတောင်းဖို့ကတော့ အစ်မဘာသာပဲ လုပ်လိုက်တော့မယ်"
အသံနှစ်သံမှာ တစ်ချိန်တည်းထွက်လာလေ၏။
"မဖြစ်ဘူး !"
"ရှင်တို့နှစ်ယောက်က"
စူးယွင်သည် သူတို့နှစ်ဦးထံ သိချင်စိတ်ဖြင့်ကြည့်လိုက်၏။
နဉ်ကျင်းနှင့်ရှောင်းယွင်မှာ ခပ်သွက်သွက်အကြည့်မလွှဲလိုက်ခင် သူတို့၏အကြည့်များမှာ ပြောင်းလဲသွားခဲ့လေသည်။
နဉ်ကျင်းသည် အသာပြောလိုက်၏။
"သူတို့အကုန်သွားတာတောင် အသုံးမဝင်ခဲ့တာကို မင်းပါထပ်သွားရင် မင်းလည်းထိခိုက်သွားမှာပေါ့"
"အင်း"
ရှောင်းယွင်သည် ထောက်ခံမှုဖြင့်ခေါင်းငြိမ့်လာ၏။
စူးယွင်သည်မျက်မှောင်ကြုတ်ကာ
"ဒါပေမယ့် ....."
နဉ်ကျင်းသည် သူမစကားအားဖြတ်ပြောလာ၏။
"သိပ်တွေးမနေပါနဲ့။ဒီကိစ္စကို သေချာအစီအစဉ်ချပြီး ကိုင်တွယ်ဖို့လိုတယ်"
"ကျွန်မ....."
စူးယွင်မှထပ်ပြောရန်ပြင်လိုက်သော်လည်း ရှောင်းယွင်မှာ ဖြတ်ပြောလာပြန်သည်။
"သခင်မလေး ကျွန်တော်လည်း သခင်လေးနဉ်ပြောတာမှန်တယ်လို့ထင်တယ်နော်"
စူးယွင်သည် နှုတ်ခမ်းစူ၍ စိတ်ထဲတွင် အတန်ငယ်အကူအညီမဲ့သွားသလို ခံစားနေရ၏။
"ရှင်တို့ဘာပြောချင်နေတယ်ဆိုတာ ကျွန်မနားလည်ပါတယ် စိတ်မပူပါနဲ့ ကျွန်မမှာအစီအစဉ်တစ်ခုရှိပါတယ်"
စူးယွင်၏ ဆုံးဖြတ်ချက်ချပြီးသော အမူအယာအားမြင်သော် သူမမှာ စိတ်ဆုံးဖြတ်ပြီးဖြစ်ကာ ပြောင်းလဲရန်မဖြစ်နိုင်ေတာ့ကြောင်းသူတို့သိလိုက်လေသည်။
နဉ်ကျင်းသည် သက်ပြင်းချကာ အပေးအယူလုပ်လာ၏။
"ဒါဆိုလည်း ကိုယ်မင်းနဲ့လိုက်ခဲ့မယ်"