အခန်း (၂၈)
Vol. 3 Ch. 28
အပြင်ဘက်ဝယ် နေဝင်ချိန်မှာ တစ်စတစ်စနီးကပ်လာပြီဖြစ်၍ မှိန်ဖျော့ဖျော့အရောင်များမှသည် မီးခိုးရောင်မှိုင်းမှိုင်းသို့ ပြောင်းလဲသွားလေ၏။
သုန်းကွေ့သည် စာရွက်အား လုံးခြေပစ်ကာ စားပွဲပေါ်ရိုက်ချလိုက်သည်။
"နင်ဘာလိုချင်တာလဲ"
"အရမ်းရိုးရှင်းပါတယ် ပိုက်ဆံပြန်ပေး"
စူးယွင်သည် သူမခေါင်းအားငုံ့ထားပေသိ တည်ငြိမ်သောအကြည့်ကိုတော့ ဆက်ထိန်းထားကာ ပြောလိုက်၏။သူမ၏အသံမှာ ကြည်လင်ပြီး အားအင်အပြည့်ဖြစ်နေကာ ငြင်းဆန်ခွင့်ပင် ပေးမထားပါပေ။
"အဲ့လိုမှမဟုတ်ရင်လည်း ရှင့်မောင်ဆီဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ရှင်တွေ့ရမှာပေါ့"
သုန်းကွေ့ထံစူးယွင်ပြလိုက်သည်မှာ သူမအားပိုက်ဆံပြန်ပေးဖို့ တွန်းအားပေးရန်ရည်ရွယ်ကာ သုန်းမောင်နှမအား တရားစွဲဆိုမည့်အကြောင်း စာရွက်စာတမ်းများပင်ဖြစ်သည်။
"ရှင့်ရဲ့နောက်မှာရှိနေတဲ့ လင်းမိသားစုကလဲ ပျက်စီးသွားပြီးပြီ။အခုရှင့်ကို ကာကွယ်ပေးမယ့် တစ်ယောက်ယောက်များရှိနေဦးမလားတော့ ကျွန်မ မသိဘူး"
သုန်းကွေ့သည် စာရွက်အား တင်းတင်းဆုပ်ကိုင်ထားသည်မှာ သူမလက်ချောင်းများပင် သွေးဆုတ်သလိုဖြူဖျော့သွားလေ၏။
စူးယွင်လည်း သတိပြုမိရာပြုံးလိုက်သည်။
သူမသည် စကပ်အနားစအားဖွဖွဆွဲ၍ ဖြည်းဖြည်းချင်းထိုင်ချလိုက်၏။ကုလားထိုင်ကျောမှီအားမှီရင်း ခြေချိတ်ထိုင်နေသော သူမပုံစံမှာ စိတ်အေးလက်အေးဖြင့် တည်ငြိမ်နေသည့်ပုံပင်။
"ဒီပြဿနာက ကိစ္စကြီးတစ်ခုေတာ့မဟုတ်ပါဘူး နည်းနည်းလောက်အရိုက်ခံလိုက်ရရုံတင်လေ"
သူမသည် ရပ်တန့်လိုက်ပြီးကာမှ ဂရုမစိုက်ဟန်လေသံဖြင့် သူတို့မောင်နှမအနေအထားကို ဆက်ပြောပြလိုက်သည်။
"ဒါပေမယ့် အောက်ပိုင်းသေနေတဲ့ ရှင့်မောင်ကတော့ အဲ့ဒဏ်ကိုတောင့်ခံနိုင်မယ်မထင်ဘူး"
"ပြီးတော့ ရှင့်အမေရဲ့ကျန်းမာရေးကလဲ အမြဲချူချာနေတယ်ဆို ရှင်သာ ရှင့်အမေနဲ့မောင်ကို မြေမြှပ်လိုက်ရတာနဲ့ပဲ အဆုံးသတ်ေစခဲ့ရင် အဲ့ကိစ္စကသုန်းမိသားစုမှာ ပျော်ရွှင်မှုနှစ်ဆဖြစ်လာမှာမဟုတ်ဘူးလား။ရှင့်ဆီမှာ အသက်ဝင်တဲ့ရက်အချို့ရှိလာမှာပဲလေ"
"နင်..."
သုန်းကွေ့သည် ရေနွေးခွက်အားလှမ်းဆွဲကာ စူးယွင်ဆီကောက်ပေါက်ရင်း အော်ဟစ်ဆဲဆိုတော့လေ၏။
"နင်ကငါ့အမေနဲ့မောင်ကို ကျိန်ဆဲရဲတယ်ပေါ့လေ။နင်သေလမ်းရှာနေတာလား"
စူးယွင်သည် မသိစိတ်မှနေ သူမခြေထောက်အား ပြန်ရုတ်၍ ဘေးသို့စောင်းကာ သွက်သွက်လက်လက်တုံ့ပြန်လိုက်နိုင်ရာ ရေနွေးခွက်နှင့် လက်မအနည်းငယ်သာကွာဝေးလေတော့သည်။
ရေနွေးခွက်မှာ သူမရှေ့တွင်ပင် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားပြီး ခွက်ကွဲစအချို့သည် လွှင့်စင့်သွားကြရာ သူမစကပ်အနားစပင်ရှပ်ထိသွားပြီး မှိန်ဖျော့ဖျော့အမှတ်အသားတစ်ခုချန်ထားရစ်လေ၏။
စူးယွင်သည် ငုံ့ကိုင်းကာ ခွက်ကွဲစကြီးတစ်ခုအားကောက်ယူ၍ လက်ချောင်းများကြားအသာလှည့်နေလိုက်သည်။ခွက်ကွဲစထက်ရှိမျက်နှာပြင်ပေါ်တွင်တော့ သုန်းကွေ့၏အမူအယာမှာ ရောင်ပြန်ဟပ်နေလေ၏။
သုန်းကွေ့၏မျက်ခုံးများမှာ တင်းတင်းကြုံ့နေကာ မျက်လုံးများပြူးကျယ်၍ အသက်ရှူသံမြန်နေသောကြောင့် သူမရင်ဘတ်မှာနိမ့်လိုက်မြင့်လိုက်ဖြစ်နေလေသည်။
စူးယွင်၏နှုတ်ခမ်းများမှာ အပြုံးဖွဖွတစ်ခုအသွင် ကွေးတက်သွားပြီး
"ရှင်ကဘာလို့ဒီလောက်စိတ်ကြီးရတာလဲ"
သုန်းကွေ့သည် သူမေအာက်နှုတ်ခမ်းအားကိုက်ကာ လည်ချောင်းတွင်းမှစကားလုံးများ ထွက်အံကျလာစေရန် တွန်းအားေပးနေရ၏။
"စူးယွင် နင့်အနေနဲ့သိပ်ပြီးဇာချဲ့ပြမနေဖို့ ငါသတိပေးလိုက်မယ်"
ဤတစ်ကြိမ်တွင်တော့ စူးယွင်မှာမထိန်းနိုင်တော့ဘဲ ရယ်မောချလိုက်မိတော့သည်။
ထို့နောက် သူမသည် မျက်စောင်းထိုးကြည့်လိုက်ပြီး ခွက်ကွဲစအားကိုင်ကာ သုန်းကွေ့ရှေ့သို့လျှောက်သွားလိုက်၏။
စူးယွင်သည် ခေါင်းငုံ့၍ ခုံပေါ်ထိုင်နေသောလူထံ စိုက်ကြည့်ကာ နူးနူးညံ့ညံ့ေလးပင် ကိုယ့်ကိုကိုယ် ပြန်လည်လှောင်ပြောင်လိုက်သည်။
"ကျွန်မအရမ်းလွန်သွားတာပဲ"
သူမနှုတ်ဖျားမှ ထိုစကားများထွက်လာလျှင် ထွက်လာချင်းပင် စူးယွင်မှာသုန်းကွေ့လည်ပင်းအား လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး ခွက်ကွဲစဖြင့် သုန်းကွေ့လည်ပင်းပေါ်ထောက်ကာ အမိန့်ပေးသည့်လေသံဖြင့်
"ရှင်စကားမပြောတတ်ရင်လဲ ရှင့်ရဲ့အသံကြိုးတွေကို ကျွန်မဖြတ်ပေးပါ့မယ်"
သုန်းကွေ့သည် သူမရှေ့ရှိလူအားကြောက်ရွံ့မှုဖြင့် မော့ကြည့်လိုက်၏။
လက်ချုပ်ချီဖောင်တစ်ထည်အားဝတ်ဆင်ကာ မိတ်ကပ်ပါးပါးဖြင့် သူမပုံစံသည် ရင့်ကျက်တည်ငြိမ်ကာ အမြော်အမြင်ကြီးပုံပေါက်နေဆဲပင်။
သို့သော် ဤအခိုက်အတန့်တွင်တော့ သူမသည်ပုံမှန်ပြုမူပုံနှင့် ကွဲပြားနေလေသည်။သူမမျက်ဝန်းများသည် အန္တရာယ်အငွေ့အသက်နှင့် ရွှင်မြူးမှုတို့ပြည့်နှက်နေကာ မျက်စိတစ်မှိတ်အတွင်း သုန်းကွေ့၏အသံကြိုးများအား ဖြတ်ချလိုက်နိုင်သည့်အလား သုန်းကွေ့ကို ကြောက်ရွံ့ထိတ်လန့်မှုနှင့် ချဉ်းကပ်ရန်မဝံ့ရဲအောင်လုပ်နေလေ၏။
"နင်.....နင်..."
သုန်းကွေ့၏လျှာမှာတုန်ယင်နေပြီး စကားအပြည့်အစုံပင်ပြောမထွက်တော့ရာ သူမစကားတို့သည် ထစ်ငေါ့၍ဗလုံးဗထွေးဖြင့်သာ ထွက်ပေါ်လာတော့သည်။
စူးယွင်သည် ဖြည်းဖြည်းချင်း ဖိအားကိုတိုးကာပြောလိုက်၏။
"ကျွန်မ ဘာလဲ"
သုန်းကွေ့၏ကိုယ်မှာတုန်ယင်နေပြီး သူမသည်အသိစိတ်ကပ်နေစေရန် လက်ဖဝါးအားလက်ချောင်းဖြင့် ကုတ်ခြစ်နေလိုက်သည်။
သူမသည်အံတင်းတင်းကြိတ်ကာ လျှာအားကိုက်လိုက်ပြီး ကြောက်ရွံ့မှုအားမေ့လျော့ရန် နာကျင်မှုအားသုံးလိုက်၏။
"ငါကနင့်ကိုတရားရုံးမှာသွားတိုင်မှာ မကြောက်ဘူးလား"
ဤအကြိမ်တွင်တော့ စကားများအား ပြောထုတ်လိုက်နိုင်သွားသည်။
"ကျွန်မကဘာကိုကြောက်ရမှာလဲ"
စူးယွင်သည် ခွက်ကွဲစအား သူမလည်ပင်းထံမှပြန်ရုတ်လိုက်ကာ သူမလက်ထဲတွင် ကစားစရာတစ်ခုအလား ကိုင်ထားလေ၏။
သုန်းကွေ့မျက်လုံးများအား စူးသွားစေသော အဖြူရောင် ရောင်ပြန်အလင်းသည် သူမအသံကြိုးများအား ဖြတ်တောက်ပစ်မည့် ဓားတစ်စင်းအလား နှေးကွေးကာ အန္တရာယ်များလှသည်။
"ရှင့်နားကလူတွေကို ဖယ်ထုတ်ထားတာလေ ဘယ်သူကသိနိုင်မှာမလို့လဲ"
စူးယွင်သည် သုန်းကွေ့လည်ပင်းအား ကိုင်ထားသည့်လက်ကိုလွှတ်ပေးလိုက်ကာ သုန်းေကွ့အား ခုံပေါ်ဆောင့်တွန်းချလိုက်၏။
စူးယွင်သည် ဆက်၍
"ရှင့်လူတွေမြင်တယ်ဆိုရင်တောင် ကောင်တီတရားသူကြီးက သူတို့ကိုယုံမယ်လို့ ရှင်ထင်နေတာများလား"
သုန်းကွေ့သည် ခုံပေါ်ပစ်ထိုင်မိသွားကာ သူမလည်ပင်းထက်ရှိ အနီမှတ်သည် သူမ၏ဖြူဖျော့ဖျော့မျက်နှာအား ထင်ရှားပေါ်လွင်သွားစေလေသည်။
သူမသည် နှုတ်ခမ်းအားကိုက်ကာ စူးယွင်၏အကြည့်အားရှောင်လိုက်၏။
သုန်းကွေ့သည်လည်း သူမ၏အဝတ်အစားစီးပွားရေးအား နယ်ပယ်ခေါင်းဆောင်နေရာတစ်ခုဆီရောက်အောင် တည်ဆောက်ထားသူဖြစ်၍ မရူးနှမ်းပါချေ။
သူမသည် စူးယွင်စကားများ၏နောက်ကွယ်မှ ဆိုလိုရင်းကို နားလည်လေသည်။
စူးယွင်လို ကြက်တစ်ကောင်ကိုပင် ချည်တုပ်ဖို့ခွန်အားမရှိသော နူးနူးညံ့ညံ့မိန်းကလေးတစ်ဦးမှာ သုန်းေကွ့၏ကိုယ်ပိုင်အိမ် သုန်းကွေ့၏ကိုယ်ပိုင်အစေခံများရှေ့၌ပင် သုန်းကွေ့၏အသံကြိုးများအား ဖြတ်တောက်ပစ်ခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်သည်ဟု မည်သူမှယုံကြမည်မဟုတ်ပေ။
နောက်ခဏတွင်ပင် စူးယွင်သည် သုန်းကွေ့အား မတ်တပ်ရပ်ရန်ကူညီကာ သုန်းကွေ့၏တွန့်နေသော ဝတ်စုံကိုပင် ကြင်ကြင်နာနာဖြင့် ဖြန့်ပေးလိုက်၏။
"ကျွန်မအကြောင်းပြောရရင်တော့ ကျွန်မကဥပဒေကိုလိုက်နာတဲ့ ပြည်သူတစ်ယောက်ပါ။ကျွန်မကသွေးစွန်းရတဲ့အလုပ်မျိုးကို သဘောမတွေ့လှဘူး"
သုန်းကွေ့သည် မသိစိတ်အရနောက်ပြန်ကျုံ့သွားလေသည်။
သုန်းကွေ့မှာ စူးယွင်မှသူမအမူအယာအား လျင်မြန်စွာပြောင်းလဲလိုက်နိုင်သည်ကို မယုံမကြည်နိုင်ဖြစ်နေလေ၏။
လွန်ခဲ့သောခဏကပင် သူမ၏အသံကြိုးများအားဖြတ်တော့မည်ဟု ခြိမ်းခြောက်နေသည့်လူမှာ ယခုအချိန်တွင်တော့ သူမအဝတ်များအားပြန်ပြင်ရာတွင်ကူညီပေးနေလေသည်။
"မကြောက်ပါနဲ့"
စူးယွင်သည် သုန်းကွေ့အတွက် ရေနွေးနောက်တစ်ခွက်ငှဲ့ပေးရင်းပြောလာ၏။
"ရေနွေးလေးသောက်ပြီး စိတ်ကိုငြိမ်ငြိမ်ထားလိုက်ပါဦး"
သုန်းကွေ့သည် ရေနွေးခွက်အားကိုင်ကာ တုန်တုန်ယင်ယင်ဖြင့် နှုတ်ခမ်းနားကပ်ကာသောက်လိုက်သည်။
စူးယွင်သည် မျက်ခုံးပင့်လိုက်ပြီး နဉ်ကျင်းထိုင်သွားသောခုံ၌ဘာသိဘာသာဟန်ဖြင့် ထိုင်ချလိုက်၏။
သုံးမိနစ်ကြာပြီးနောက် သုန်းကွေ့မှပြန်လည်တည်ငြိမ်သွားသည်ကိုမြင်သော် စူးယွင်သည် သူမအတွေးများအား ပြန်စု၍ဆက်ပြောလိုက်သည်။
"ကျွန်မတို့က လမ်းမကြီးတစ်ခုတည်းပေါ်မှာ စီးပွားရေးလုပ်နေကြရတာဆိုတော့ အဲ့ဒါကရေစက်ပဲလေ ဟုတ်တယ်မလား"
သုန်းကွေ့သည် ထောက်ခံဟန်ဖြင့် ခေါင်းငြိမ့်ကာပြောလာ၏။
"အင်း"