Chapter 34
Vol. 4 Ch. 34
၎င်းတို့ ပေကော ဗီလာသို့ ရောက်ရှိချိန်မှာ နေ့လယ် သုံးနာရီပင် ကျော်လွန်နေပြီဖြစ်သည်။ နန်ယုတို့အုပ်စု ထိုနေ့အတွက်လှုပ် ရှားမှုများကို ချက်ချင်းစတင်ခြင်းမရှိဘဲ ခဏတာ အနားယူခဲ့ကြသည်။ ထိုနေ့တွင် သူတို့ ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုရန်သာ စီစဉ်ထားသည်။
ပေကောမှာ သေးငယ်သော်လည်း လူဦးရေသည် ပို၍ပင်သေးငယ်သည်ဖြစ်ရာ အိမ်များနှင့် အခြားအဆောက်အအုံများမှာ အလွန်ကြွယ်ဝသည်။ ပါးပါးနန် ဗီလာအားဝယ်ယူခဲ့သည့် ယခင်ပိုင်ရှင်မှာ ဟွာကော နိုင်ငံသားဖြစ်ပြီး ရဲတိုက်ပုံစံဖြင့် ဗီလာတစ်ခုလုံးကို အစမှအဆုံး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ရဲတိုက်မှာ ထိုဒေသရှိ အကြီးဆုံး တစ်ခုဖြစ်ပြီး ၎င်းနောက်တွင် နန်မိသားစုပိုင်ဆိုင်သည့် လယ်ယာကြီးတစ်ခုရှိသည်။ အိမ်စောင့်မှ ရှင်းပြသည်မှာ ထိုလယ်ယာတွင် နို့စားနွားတစ်ကောင်နှင့် မြင်းနှစ်ကောင်သာ ရှိပြီး သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်များနှင့် ဘဲများ ပါဝင်ကာ ဖူလုံသည်။
"ကျွန်တော် ကြွားဝါပြောနေတာ မဟုတ်ဘူး ဒါပေမဲ့ ကျွန်တော်တို့လယ်ကထုတ်လုပ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေက လုံးဝလတ်ဆတ်ပြီး အရသာရှိတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်၊ ညစ်ညမ်းမှုလုံးဝမရှိပါဘူး"
ဗီလာ၏အိမ်ထိန်းဖြစ်သူ ကျန်းမှာ အသက်လေးဆယ်ဝန်း ကျင်၊ အရပ်ပု၍တောင့်တင်းသောခန္ဓာကိုယ်ရှိပြီးကြင်နာသော အပြုံးရှိသည်။
နန်မိဘများမရှိသည့်အခါ သူ ဗီလာအဆောက်အအုံတစ်ခုလုံးအား ကြီးကြပ်ခဲ့ပြီး သူသည် စစ်မှန်သော ပေကောဇာတိသားဖြစ်သည်။
ထိုအချိန်တွင် ဗီလာတစ်ခုလုံး၌ သူ၊ ကလေးထိန်းလေးဦးနှင့် လယ်ယာမန်နေဂျာတစ်ဦး စုစုပေါင်းလူခြောက်ဦးသာ ရှိသည်။ သို့သော် ၎င်းသည် သေးငယ်သည့်အုပ်စုဖြစ်သည်မှာ သေချာသော်လည်း နန်ယု ဤတစ်ကြိမ်တွင် လူပိုမိုခေါ်ဆောင်လာခဲ့သည်။ ကံကောင်းစွာဖြင့် ဗီလာမှာ ကျယ်ဝန်းပြီးအခန်းများစွာ ရှိသည်။
ဗီလာအကြောင်း မိတ်ဆက်ပြီးနောက် အိမ်ထိန်းကျန်း နန်ယုနှင့် အခြားသူများအား ပေကောရှိ ပျော်စရာနေရာများစွာအ ကြောင်း ပြောပြကာ သူ့စီစဉ်မှုအချို့ကို ရှင်းပြခဲ့သည်။ တစ်ခုလုံးခြုံပြောရလျှင် သူသည် အလွန်ပင် စဉ်းစားဆင်ခြင်တတ်ပြီး စေ့စပ်သေချာသူဖြစ်သည်။
"ကျွန်တော်တို့ရဲ့ ဗီလာမှာ တီဗီဇာတ်လမ်းတွဲ ရိုက်ချင်တဲ့ ရုပ် ရှင်အဖွဲ့သားတွေတောင် ရှိခဲ့သေးတယ်။ ဟားဟားဟား၊ စိတ်မပူပါနဲ့ သခင်မလေး၊ ခွင့်ပြုချက်မရဘဲ သူတို့ကို ကျွန်တော်လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး"
အိမ်ထိန်းကျန်း၏ ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုမှာ သက် သောင့်သက်သာရှိသည့် လေထုအားဖန်တီးခဲ့ပြီး ကလေးသုံးဦးမှာ "ပိုပြောပြပါဦး၊ ကျွန်တော်တို့နားထောင်ချင်တယ်!" ဟူ သော စကားများ သူတိုမျက်နှာပေါ်တွင် ရေးထင်နေသကဲ့သို စိတ်ဝင်တစား နားထောင်နေခဲ့ကြသည်။
အိမ်ထိန်းကျန်း မြို့ကြီးပြကြီးများတွင် နေထိုင်သည့် ကလေးများ ပုံမှန်အားဖြင့် မကြုံတွေ့နိုင်သည့် စိတ်ဝင်စားဖွယ်ရာနှင့် ပျော်စရာကောင်းသည့် ဇာတ်လမ်းများအားအကောင်းဆုံး ပြန်ပြောင်းပြောပြရန်ကြိုးစားခဲ့သည်။
သစ်တောအနီးတွင် ဤကဲ့သို့သော ရဲတိုက်တစ်ခုရှိခြင်းမှာ “Deepwood Castle” နှင့် “Duke of Darkness” ကဲ့သို့သော ရုပ်ရှင်များ ရိုက်ကူးရန် အမှန်တကယ်ပုံပြင်ဆန်သည့် ခံစားချက်အားပေးပြီး အပိုငွေအချို့ကိုလည်း ရရှိစေနိုင်သည်။
မူလပိုင်ရှင်နှင့်ပတ်သက်၍ သူ ဒေဝါလီခံကာ ဗီလာကိုရောင်း ချခဲ့ရသည်ဟု ကောလာဟလများထွက်ပေါ်ခဲ့ပြီး ပါးပါးနန်မှ လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။
ကလေးငယ်သုံးဦးမှာ ဗီလာပုံစံအကြောင်းကို စူးစမ်းလိုစိတ်ရှိ သည်မှာ ရှင်းလင်းသည်။ “ပုံပြင်” ကို ကြားပြီး ညစာစားပြီးနောက် ရဲတိုက်အား “စူးစမ်းလေ့လာ” ရန် ဆုံးဖြတ်ခဲ့ကြသည်။
"သွေးစုပ်ဖုတ်ကောင်တွေ ရှိနိုင်တယ်!"
"ချွန်ထက်တဲ့သွားတွေရှိတဲ့ အကောင်တွေလား"
"ဟုတ်တယ်၊ သွေးစုပ်ဖုတ်ကောင်တွေက ကလေးတွေကိုစားရတာ ကြိုက်တယ်လို့ ကြားဖူးတယ်!"
နန်ယု: "..." ဘယ်ကနေ ကြားလာခဲ့တာလဲ ?
သို့သော် ထိုစကားအားကြားပြီးနောက် အန်းရီရန်နှင့် ဖေးယွင်ကျင်း အနည်းငယ်တောင့်တင်းသွားသည်ကို မြင်သောအခါ နန်ယု စနောက်လိုစိတ်ဖြင့် ဝင်မပြောဘဲနေခဲ့သည်။
ဗီလာသည် စောင့်ကြည့်ကင်မရာများဖြင့် ပြည့်နှက်နေသည်။ နန်ယု ကလေးထိန်းနှင့် ကိုယ်ရံတော်များအား သူတို့ကို စောင့်ကြည့်ရန် စေခိုင်းခဲ့ပြီး ရဲတိုက်အပြင်ဘက်သို့ မထွက်ရန်ပြောကြားကာ ကလေးသုံးဦးကိုထားခဲ့သည်။
အန်းနင် နန်ကျီနှင့် ဖုန်းပြောနေသည်။ သူတို့ ဖုန်းပြောနေသည်မှာ ဆယ်မိနစ်ခန့်ရှိပြီဖြစ်ပြီး နောက်ထပ် တစ်နာရီ သိုမဟုတ် နှစ်နာရီခန့် ဆက်ပြောမည်ဟု မျှော်လင့်ရသည်။ ဖုန်းတစ်ဖက်မှ ရံဖန်ရံခါ အသံချိုချိုလေးမှာ နန်ယုအား ထိုအသံသည် သူမ၏ အစ်ကိုဖြစ်ကြောင်း ဝန်ခံရန်ဆန္ဒမရှိစေခဲ့ချေ။
ဤအချိန်တွင် ထိုနေရာ၌မနေခြင်းမှာ အကောင်းဆုံးဖြစ် သည်။ အချိုဓာတ်လွန်ကဲ၍ အလွယ်တကူသေဆုံးနိုင်သည်။
နန်ယု ရိုးရိုးရှင်းရှင်းပင် သူမ ဖုန်းအား ဆွဲယူကာအပြင်သို့ ထွက်သွားခဲ့သည်။
အိမ်ထိန်းမှာ တစ်စုံတစ်ဦးအားလိုက်ပါစေလိုသော်လည်း နန်ယု ငြင်းဆိုခဲ့သည်။ သူမ မလှုပ်မယှက် ရပ်နေပြီး ထိုဧရိယာပတ်လည်၌ လှည့်လည်သွားလာခဲ့သည်။ ပတ်ဝန်းကျင်တွင် လူများရှိနေခြင်းကို သူမ မနှစ်သက်ချေ။
ကျီ—ကျီ—
တောင်တန်းများရှိ ညနေခင်း အပူချိန်မှာ နေ့ခင်းထက် သိသိသာသာ အေးမြသည်။ နန်ယု ကျောက်လှေကားထစ်များကို တက်နေစဉ် ငှက်များ၏ ကြည်လင်သည့် အသံများအားနား ထောင်နေသည်။
ဤတောင်မှာ မြောက်ဘက်တွင် အတော်လေးကျော်ကြားပြီး ယခု ရာသီဥတုတွင် လူများစွာ လှည့်လည်သွားလာနေကြသည်။ သူတို့၏မျက်လုံးများ နန်ယုနှင့် ဆုံသောအခါ သူတို့အားလုံးပြုံးပြကြသည်။
သူတို့၏ သဘောထားများမှာ ခင်မင်ရင်းနှီးသော်လည်း အလွန်ဘအမင်း စိတ်အားထက်သန်ခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ရိုးရှင်းသည့် အမူ အရာများဖြစ်သည်။ ၎င်းမှာ သူမအားပြန်ပြုံးပြစေခဲ့သည်။
နန်ယု သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ပင် ခံစားခဲ့ရသည်။ အပန်းဖြေစခန်းရှိ ဖန်တီးထားသည့်တိတ် ဆိတ်မှုနှင့်မတူဘဲ ဤသည်မှာ ပို၍စိတ်ပြေလက်ပျောက်ဖြစ်သောခံစားမှုမျိုးပင်။
တစ်နေရာတည်းတွင် အချိန်တိုင်း နေထိုင်ခြင်းမှာမကောင်းကြောင်း ပေါ်လွင်သည်။ သူမ ပိုပြီးအပြင်ထွက်သင့်သည်။
ထိုအတွေးဖြင့် နန်ယု သူမ၏အတိတ်ဘဝသို့ ရှားရှားပါးပါး ပြန်ပြောင်းတွေးမိခဲ့သည်။
"နန်ယု" အဖြစ် နိုးလာခဲ့ပြီးနောက် သူမသည် သူမ၏ယခင်ဘဝအားသတိရခဲသည်။ ထိုအစား "နန်ယု" ၏ မှတ်ဉာဏ်များစွာကိုမြင်တွေ့ခဲ့ရသည်။ ယခု ရုတ်တရက်ပြန်တွေးမိသောအခါ သူ ထင်ထားသလောက် မနာကျင်တော့ပေ။
သူ့ ယခင်ဘဝတွင် နန်ယု ကောလိပ်တက်စဉ်က အခန်းဖော်များနှင့်အတူ အပြင်ထွက်ခြင်း၊ တောင်တက်ခြင်း၊ လှေစီးခြင်းနှင့် အခြားလှုပ်ရှားမှုများအား နှစ်သက်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူမ စိတ်ဝင်စားဖွယ်ရာ မြို့အချို့သို့ အသက်သာဆုံး ရထားများစီးကာ အနားယူချိန်တိုများကို အခွင့်ကောင်းယူ၍ စရိတ်သက်သာသည့် ခရီးသွားခဲ့သည်။
သို့သော် သူမ၏နောက်ဆုံးနှစ်တွင်...
စစ်ပွဲဖြစ်ပွားခဲ့ပြီး ဗိုင်းရပ်စ်တစ်မျိုးပြန့်ပွားခဲ့သည်။ ၎င်းမှာ ဝတ္ထုတစ်ပုဒ်မှ ကမ္ဘာပျက်ကပ်နှင့်တူသည်။
ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနှင့်တိရစ္ဆာန်များမှာ ရက်စက်သည့် ဘီလူးများ ဖြစ်လာကြပြီး အသက်ရှင်ကျန်ရစ်သည့် လူသားများမှာ မြေအောက်စခန်းများတွင် ပုန်းအောင်းခဲ့ကြသည်။ စူပါပါဝါများ သို့မဟုတ် အံ့ဖွယ်ရာများ မရှိသဖြင့် သူတို့သည် သူတို့၏ နည်းပါးသည့် လက်နက်များနှင့် စစ်လက် နက်များအပေါ် အားကိုး၍ ဘီလူးများနှင့် တိုက်ခိုက်ကာ အဖိုး တန်သည့် အစားအစာများအတွက် အလုအယက်ပြေးလွှားခဲ့ကြသည်။
နန်ယု ကံကောင်းခဲ့သည်။ သူမ ငယ်စဉ်က ဖခင်မှာမထင်မှတ်ဘဲ သေဆုံးသွားခဲ့ပြီး မိခင်မှာ နှုတ်ဆက်စကားမဆိုဘဲ ထွက်ခွာသွားခဲ့သည်။ သူမအား အဘိုးအဘွားများမှ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသည်။ သူတို့ဘဝမှာ ချမ်းသာကြွယ်ဝခြင်းမရှိသော်လည်း သူတို့၏ ပြုစုစောင့်ရှောက်မှုအတွက် ရည်စူးခဲ့ကြသည်။ ထိုကြောင့် သူမသည် အတော်အတန်သင့်ပျော်ရွှင်သော ကလေးဘဝအား ပိုင်ဆိုင်ခဲ့သည်။
သူမ အထက်တန်းကျောင်းတက်စဉ်က သူမ၏အဘိုးဖြစ်သူ နာမကျန်းဖြစ်၍ ဆုံးပါးသွားခဲ့သည်။ သူမ အဘွားမှာ သူမအား ဆက်လက် ထောက်ပံ့နိုင်ခြင်းမရှိတော့သည့်အတွက် နန်ယု သူမ ဦးလေးနှင့်အတူပြောင်းရွှေ့နေထိုင်ခဲ့သည်။
သူတို့သည် တစ်ပတ်လျှင် တစ်ကြိမ်အိမ်သို့ ပြန်လာခဲ့သည်။ ဦးလေးနှင့် အန်တီမှာ မဆိုးသည့်လူများဖြစ်ပြီး နန်ယုအား အနိုင်ကျင့်မည်မဟုတ်ပေ။
သို့သော် မိမိကိုယ်ပိုင်အိမ် မဟုတ်သည့်အခါ အမြဲတမ်းကွဲပြားသည်။ ထို့ကြောင့် ဖေးယွင်ကျင်း သူမအား စိတ်ကျေနပ်အောင် ဂရုတစိုက်ကြိုးစားနေသည်ကို မြင်သောအခါ သူမ ရင်ထဲထိသွားခဲ့သည်။
ဖေးယွင်ကျင်းထံ သူမ ပုံရိပ်အားမြင်ခဲ့ရသည်။
ထိုအချိန်မှစ၍ နန်ယု ကလေးအား ပိုမိုကောင်းမွန်စွာပြုစုစောင့်ရှောက်ရန်ဆန္ဒရှိခဲ့သည်။ သူ့အား မည်သည့်အချိန်တွင် မဆိုစွန့်ပစ်နိုင်သော အနှောင့်အယှက်တစ်ခုအဖြစ် မသတ်မှတ်တော့ပေ။
အရာများမှာ အစီအစဉ်အတိုင်း သွားခဲ့ပါက နန်ယု တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ပုံမှန် အလုပ်သမားတစ်ဦး ဖြစ်လိမ့်မည်။ မိသားစုတစ်ခုကို ထူထောင်နိုင်သည် သို့မဟုတ် တစ်ကိုယ် တည်း နေနိုင်သည် - သူမ ပျော်ရွှင်သည့်အတိုင်းဖြစ်သည်။
ကမ္ဘာကြီးက ဒီလောက်အထိ ပြောင်းလဲသွားမယ်လို့ ဘယ်သူကများ ထင်နိုင်မှာလဲ? နန်ယုသည် သူမ၏ ကောင်းမွန်သော ကိုယ်ခန္ဓာကြောင့် ရှော့ခ်တပ်ဖွဲ့ဝင်စစ်သားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ သူမ နေ့စဉ်နှင့်အမျှ တင်းကျပ်သော လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ပြီး အပြင်သို့ ထွက်ခဲ့သည့် အကြိမ်အနည်းငယ်မှာ မစ်ရှင်များနှင့် ဘီလူးများအားသတ်ဖြတ်ရန်အတွက်သာ ဖြစ် သည်။
(T/N - Stormtroopers ဆိုတာက Star Wars ရုပ်ရှင်ထဲက စစ်သားတွေပါ၊ ရှော့ခ်တပ်ဖွဲ့ဝင်စစ်သားလည်းသုံးလို့ရတယ်ဆိုလို့ သုံးပေးထားတာပါ)
တဖြည်းဖြည်းနှင့် နန်ယု အပြင်ထွက်ခြင်း၌ စိတ်ဝင်စားမှု ပျောက်ကွယ်သွားခဲ့သည်။
အားလပ်ချိန်များတွင် သူမ ရွှေ့လျားခြင်းထက် အခန်းထဲတွင်သာနေကာ ငေးမောကြည့်နေခြင်းအား ပိုနှစ်သက်သည်။
ထိုအကျင့်မှာ သူမ ဤကမ္ဘာသို့ ရောက်ရှိပြီးနောက်ထိ ပြောင်း လဲခြင်းမရှိဘဲ အိမ်တွင် ဖျော်ဖြေရေးရွေးချယ်စရာများပိုမိုရှိပြီး အိမ်၌နေရခြင်းအား ပိုပျော်ရွှင်ခဲ့သည်။
သို့သော် ဤအချိန်တွင် နန်ယု အတိတ်အား တစ်ကြိမ်တည်းနှင့် အပြီးအပိုင် နှုတ်ဆက်ရန်ဆုံးဖြတ်ခဲ့သည်။
ကောလိပ်တုန်းက သူမ အခန်းဖော်အား ကမ္ဘာပတ် ခရီးသွားရန်ကတိပေးခဲ့သည်။ ယခု သူမ နေရာအသစ်သို့ရောက်ရှိနေသော်လည်း ငွေကြေးနှင့်အချိန်များစွာရှိသည်။ ၎င်းမှာ သူမ ဆန္ဒအား ဖြည့်ဆည်းပေးသည့် နည်းလမ်းတစ်ခုမဟုတ်ပါလား ?
"ကလေးမလေး၊ ဟေး၊ ကလေးမလေး!"
သူမ နောက်မှ အသက်ကြီးသော အသံတစ်ခုကခေါ်လိုက်သည်ကြောင့် အတွေးများအား အနှောင့်အယှက်ဖြစ်သွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ သူ့ကို ခေါ်လိုက်သော အမျိုးသမီးအား တွေ့လိုက်ရသည်။
"ဟယ်လို၊ ဘာဖြစ်လို့လဲ"
သူမသည် အသက်ခုနစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆံပင်များ မီးခိုးရောင်ဖြစ်နေသော်လည်း တက်ကြွသော စိတ်ဓာတ်ရှိသည်။ သူမသည် သူ့(နန်ယု)နောက်သို့ လိုက်လာခဲ့ပုံရပြီး သူမ အသက်ရှူသံမှာတိုတောင်းနေသည်။
"အဲဒီလမ်းကို မသွားနဲ့! ညဘက်ဆို မလုံခြုံဘူး!"
နန်ယု အံ့အားသင့်သွားသည်။ သူမ အမှတ်တမဲ့ လျှောက်သွားနေခဲ့ပြီး သူမ စိတ်မှာ အခြားနေရာတွင် ရှိနေသောကြောင့် လမ်းကြောင်း မည်သည့်နေရာသို့ ဦးတည်နေသည်အား သတိမထားမိခဲ့ချေ။
ယခင်ဘဝတွင် ထိုကဲ့သို့သော အပြုအမူမှာ ထူးဆန်းသော နေရာတစ်ခုတွင် ပြင်းထန်သည့် စည်းမျဉ်းချိုးဖောက်မှု ဖြစ်ပေမည်။
နန်ယု ရှေ့မှ နက်ရှိုင်းပြီး အနည်းငယ် ထူးဆန်းသည့်လမ်း ကြောင်းအား ကြည့်လိုက်ပြီးနောက် အသက်ကြီးသော အမျိုး သမီးထံ လှည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကျွန်မ ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ပါ့မယ်"
နန်ယု ဤမျှ နာခံမှုရှိသည်ကို မြင်သောအခါ အဘွားအိုမှာ စိတ် သက်သာရာရသွားပြီး သူမအား အခြားအဓိကလမ်းမကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
"မင်း ဒီကို ပျော်ဖို့လာတာလား ကလေးမလေး ? ငါ မင်းကိုမမြင်ဖူးဘူး"
"ဟုတ်ပါတယ်၊ ကျွန်မ ဒီကို မြောက်ဘက်က နွေရာသီအပူရှောင်ဖို့ လာတာပါ၊ ဒီက ရှုခင်းတွေက တကယ်လှတယ်"
ထိုစကားကို ကြားရသောအခါ အဘွားအို၏မျက်နှာတွင် ဂုဏ်ယူသည့် အပြုံးတစ်ပွင့် ထွန်းလင်းလာပြီး သူမ နန်ယုအား အလှဆုံး ရှုခင်းအချို့ကို စတင်မိတ်ဆက်ပေးလာခဲ့သည်။
နန်ယုတွင် အခြားလုပ်စရာမရှိသဖြင့် အဘွားအို၏ဇာတ်လမ်းကို စိတ်ဝင်တစား နားထောင်ရင်း တောင်အောက်သို့ ဆင်းလာခဲ့သည်။
သူတို့လမ်းခွဲခါနီးတွင် နန်ယု စူးစမ်းလိုစိတ်ဖြင့် “တောင်ပေါ်မှာ သားရဲကြီးတွေရှိလား” ဘာကြောင့် အန္တရာယ်များရသနည်းဟု မေးလိုက်သည်။
ထိုသို့ဆိုလျှင် သူမ ကလေးသုံးဦးအား တောင်ပေါ်သို့ခိုးမတက် ရန် သတိပေးရပေမည်။
ဤစကားကို ကြားသောအခါ အဘွားအို၏ မျက်နှာ ရုတ်တ ရက် လေးနက်သွားသည်။
“သားရဲတွေ မဟုတ်ဘူး! သရဲတွေ!”
နန်ယု: "...ဟင် ?"
နန်ယု မျက်နှာတွင် မယုံကြည်ဟန် ပေါ်နေပုံရသဖြင့် အဘွားအို စိုးရိမ်စိတ်ဝင်လာသည်။
"ငါ နောက်နေတာ မဟုတ်ဘူး!"
"အရင်က ဒီမှာ ငြိမ်းချမ်းခဲ့ပေမဲ့ နှစ်နှစ်လောက်ကစပြီး ကိစ္စတွေ ထူးဆန်းလာတယ်၊ အဲဒီ့လမ်းမှာ ကလေးနှစ်ယောက်ရဲ့ အလောင်းတွေကိုတွေ့ခဲ့ရတယ်!"
အဘွားအို၏ပြောကြားချက်အရ အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရပေ။ သူတို့၏အရိုးစုများကို ကြည့်ခြင်းအားဖြင့် သူတို့သည် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် ရှိပြီး မကြာသေးမီက သေဆုံးခဲ့ခြင်းဖြစ်နိုင်ကာ သေဆုံးရသည့် အကြောင်းရင်းအားမသိရချေ။
ရဲများမှ အသေးစိတ်အချက်အလက်များအား မကြေညာခဲ့ဘဲ အဘွားအိုလည်း မသိကြောင်း နန်ယု တွေးမိခဲ့သည်။
နောက်ပိုင်းတွင် ညသန်းခေါင်ယံ၌ တောင်ပေါ်သို့ တက်လာသူတစ်ဦးမှ ကလေးငိုသံအချို့ကြားခဲ့ရသည်။
"အဲဒီကတည်းက ကလေး နှစ်ယောက်၊ သုံးယောက်ထပ်ပျောက်သွားခဲ့တယ်။ ရဲတွေက တောင်ပေါ်မှာ အကုန်ရှာခဲ့ပေမဲ့ သူတို့ကို ရှာမတွေ့ခဲ့ဘူး၊ သူတို့ ဘယ်သူမှ မသိလိုက်ဘဲ ပျောက်သွားခဲ့တယ်!"
၎င်းတို့ အဘယ်ကြောင့် လူကုန်ကူးသူများအား သံသယမဝင်ရသနည်းဟုမူ နန်ယု သိသည်။