ရုတ်တရက်အလှည့်အပြောင်း
Vol. 74 Ch. 1097
ချင်းလင်အပန်းဖြေစံအိမ်_
ရုံးခန်း_
ချင်လင်က မာဟုန်လာပို့သောပါဆယ်ကိုဖွင့်နေသည်။
ပါဆယ်ထဲတွင် ဝန်ကြီးလုပို့လိုက်သောတိရစ္ဆာန်မျိုးစိတ်သုတေသနစာတမ်းများ၊အချက်အလက်များပါသည်။
ဒီအချက်အလက်ကို တော်ရုံလူမရနိုင်။ တရုတ်သိပ္ပံအကယ်ဒမီက အပြင်လူများကိုပေးမည်မဟုတ်။
ချင်လင်က တမူထူးခြားသူပင်။
ချင်လင်ဟင်းချက်တာတွေ၊တခြားဟာတွေမလုပ်ဘဲ သူ့အရည်အချင်းတွေနေရာမှန်ရောက်ဖို့ ဝန်ကြီးလုမစောင့်နိုင်တော့။
နောက်ပြီး ချင်လင်က အထက်လူများကိုနည်းပညာများလည်းလှူဒါန်းထားသည်။
ဒီအချက်အလက်လေးက နည်းပညာနဲ့ယှဉ်ရင်ဘာမှမဟုတ်ပေ။
ချင်လင်က စာတမ်းများယူပြီး သူဖတ်ထားကြောင်းသိသာစေရန် နှစ်ခါပြန်လှန်ပစ်လိုက်သည်။ အားလုံး သူ့ကြောင့်အရာကြေကုန်၏။
ထို့နောက် အံဆွဲထဲထည့်ထားလိုက်သည်။
ဟာသပဲ! အံ့ဖွယ်ကျောက်စာမရှိဘဲ သူဒါတွေဖတ်ရင် ခေါင်းကိုက်မှာပေါ့?
အခုတော့ အံ့ဖွယ်ကျောက်စာကိုအသုံးချဖို့စောင့်ရုံသာ။
လေ့လာဖို့က ပြီးပြီ။
ချင်လင်ကသူ့စိတ်ထဲမှဂိမ်းကိုကြည့်နေစဉ် ဆရာလင်းဝင်လာသည်။
"ဆရာလင်း ထိုင်ပါ''
ချင်လင်က ဆရာလင်းအပေါ်ရိုသေသည်။
ပထမအချက် ဒီဆရာကြီးက လူကြီးဖြစ်သည်။ တောင်တန်းစံအိမ်မှာ သုံးပွင့်ဆိုင်ဇီးပန်းပင်စစိုက်ကတည်းက သူ့ကိုအများကြီးကူညီပေးခဲ့သည်။
အစက သူစံအိမ်ကိုကူစောင့်ပေးသည်။
အတွေ့အကြုံအရဆို ဒီဆရာကြီးက ချန်တပေထက်သာသည်။
နောက်ပြီး သူကအသက်အရွယ်တစ်ခုလည်းရပြီ။ သူကသူဌေးဆိုရင်တောင် လေးစားသမှုတော့ရှိရမည်။
ဆရာလင်းကထိုင်ပြီးနောက် ချီတုံချတုံ၊အားတုံ့အားနာပုံပေါက်နေသည်။ တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေပုံရ၏။
"ဆရာလင်း.. ဘာဖြစ်လို့လဲ?''
ချင်လင်ကမေးလိုက်သည်။
ဆရာလင်းကအကြာကြီးအသံတိတ်နေပြီးမှ_
"သူဌေး.. ကျုပ်အကူအညီတောင်းစရာရှိလို့ပါ... ဂင်ဂိုဥယျာဉ်မှာ ရှေးဟောင်းဝတ်စုံနဲ့ဓာတ်ပုံရိုက်စရာနေရာလုပ်ဖို့ ဓာတ်ပုံဆရာရှာနေတာမလား?''
"ဒါမျိုးရှိလား?''
ချင်လင်က သူ့ကွန်ပျူတာဖွင့်ပြီး ချင်းလင်စံအိမ် app ထဲဝင်ကာ နောက်ဆုံးသတင်းများကြည့်လိုက်သည်။
ဂင်ဂိုဥယျာဉ်က ချင်းလင်စံအိမ်မှာအထူးခြားဆုံးနေရာတစ်ခုဖြစ်သည်။
သံသာပင်က အင်တာနက်ဂီတမှာရေပန်းအစားဆုံးဖြစ်နေဆဲပင်။
သံသာပင်အသံကို ချင်းလင်စံအိမ်အနှံ့ကြားနိုင်သည်။
သံသာပင်မှာ အသံသာခြင်း +၂၊ စိတ်သက်သာရာရခြင်း +၂၊ စိတ်နှင့်ခန္ဓာပြေလျော့ခြင်း +၂ ရှိသည်။
အသံသွင်းပြီးလိုင်းပေါ်တင်ရင်တောင် အာနိသင်က +၁ သာလျော့သွားပြီး အလုပ်ပင်ပန်းခြင်းကြောင့်စိတ်ဖိစီးမှုကိုသက်သာစေသည်ဟုဆိုရမည်။
ချင်းလင်စံအိမ်ဂင်ဂိုဥယျာဉ်လာပြီး ဂင်ဂိုပင်နှစ်ပင်ကိုလာကြည့်သူများစွာရှိသည်။
ဂင်ဂိုခြံထဲလူတိုင်းဝင်မရတာ နှမြောစရာ။ မဲပေါက်သူသာဝင်ခွင့်ရှိပြီး လူအရေအတွက်ကန့်သတ်ထားသည်။
ချင်လင်က ချင်းလင်စံအိမ် app ထဲဝင်ကြည့်လိုက်ရာ ဂင်ဂိုဥယျာဉ်ကအမှန်ပင်ဓာတ်ပုံဆရာများခေါ်ထားပြီး အောက်တွင်ပရောဂျက်အကျဉ်းချုပ်ဖော်ပြချက်ပါသည်။
ဒီပရောဂျက်ကိုအကြံပြုထားသူရှိပြီး အကြောင်းရင်း၊အကျိုးအမြတ်များပါသည်။ ထို့နောက် စံအိမ်ကအစည်းအဝေးလုပ်ထား၏။ ပရောဂျက်ကိုစတင်နေပြီဖြစ်ပြီး ကျောက်မိုချင်းလက်မှတ်ထိုးထားသည်။
ဒါ ပရောဂျက်သေးသေးလေးတစ်ခုမျှသာ။
ပရောဂျက်ကိုအကြံပြုသူက စံအိမ်မှကြီးကြပ်သူတစ်ယောက်ဖြစ်သည်။
သူ့ဖော်ပြချက်က အလွန်ရိုးရှင်းသည်။ ရှေးဟောင်းဂင်ဂိုပင်နှင့်ခေတ်ဟောင်းပုံခြံဝင်းကတင် ရှေးခေတ်စတိုင်ဖြစ်နေပြီ။
အကယ်၍ ဟန်ဝတ်စုံဝတ်ပြီး ဂင်ဂိုပင်နှစ်ပင်အောက်မှာဓာတ်ပုံရိုက်ရင် ဒီမြင်ကွင်းက ဂင်ဂိုပင်မှာအလှဆုံးဖြစ်မည်။ ရှေးပုံစံပိုပေါက်ပြီး ပိုဆွဲဆောင်မှုရှိမည်။
နောက်ပြီး စံအိမ်မှတစ်ယောက်ကဟန်ဝတ်စုံဝတ်ပြီး မာတီမီဒီယာဌာနဓာတ်ပုံဆရာနှင့်ဗီဒီယိုများရိုက်ထားသည်။ တကယ်လှပြီး ဆွဲဆောင်မှုရှိသည်။
ဗီဒီယိုကိုသံသာပင်အသံနှင့်တင်ထားရာ Like ၂ သန်းကျော်ရထားသည်။
ဒီပရောဂျက်က ပိုက်ဆံရရမရရ ကိစ္စမရှိ။ ဘာပဲဖြစ်ဖြစ် နေ့စဉ်ဂင်ဂိုဥယျာဉ်ကိုလူဝင်နှုန်းကန့်သတ်ထားခြင်းက ဆွဲဆောင်မှုနှင့်ပရောဂျက်များတိုးချဲ့ဖို့ပင်။ ဒါကလည်း ဂင်ဂိုပင်နှစ်ပင်ကိုပိုပြီးရေပန်းစားစေလိမ့်မည်။
ပရောဂျက်လုပ်ပြီဆိုတော့ ဓာတ်ပုံဆရာလိုလာပြီ။
မာတီမီဒီယာဌာနတွင်ဓာတ်ပုံဆရာများရှိသော်လည်း တရားဝင်အကောင့်အတွက်ဗီဒီယိုများရိုက်ရန်၊ အိမ်မွေးတိရစ္ဆာန်ဗီဒီယိုများရိုက်ရန်လည်းရှိသောကြောင့် အထိုင်ချစောင့်နေဖို့ခက်သည်။
နောက်ပြီး နတ်သမီးတောင်ပေါ်ဖွံ့ဖြိုးလာရင် ဓာတ်ပုံဆရာတွေလိုဦးမည်။
ထို့ကြောင့် မာတီမီဒီယာဌာနက ဓာတ်ပုံဆရာ ၃ ယောက်ထပ်ခေါ်ပြီးလေ့ကျင့်ပေးရန်စီစဉ်ထားသည်။ ပြီးရင် ဂင်ဂိုဥယျာဉ်မှာ အလှည့်ကျလုပ်ရမည်။ နတ်သမီးပုံပြင်တောင်ပြီးရင်လည်း ဓာတ်ပုံဆရာတွေကိုတန်းပို့နိုင်သည်။
"ဆရာလင်း.. ဂင်ဂိုဥယျာဉ်က ဓာတ်ပုံဆရာတွေခေါ်ထားပါတယ်... ဘာဖြစ်လို့လဲ?''
ဆရာလင်း ရုတ်တရက်ကြီးမေးလာတာ ပြောစရာရှိမည်မှန်း ချင်လင်သိသည်။
ဆရာလင်းကချီတုံချတုံဖြစ်နေပြီးမှ ဖုန်းထုတ်ကာ ချင်လင်ကိုပြသည်_
"သူဌေး... ဒီဗီဒီယိုတွေကိုကြည့်ပါဦး''
ချင်လင်ဖုန်းယူလိုက်သည်။
ဖုန်းထဲတွင်ဗီဒီယိုတချို့ပါပြီး အားလုံးက ဂင်ဂိုဥယျာဉ်ထဲမှာရိုးရာဝတ်စုံနှင့်ဗီဒီယိုရိုက်ထားသောမိန်းမလှလေးများဖြစ်သည်။
ဗီဒီယိုကိုသေချာရိုက်ထား၏။
ဆရာလင်းက နည်းနည်းအားတုံ့အားနာနှင့်_
"သူဌေး.. ကျုပ်မှာဓာတ်ပုံပညာလေ့လာနေတဲ့မြေးမလေးရှိတယ်... မနှစ်ကဘွဲ့ရပြီးတော့ ရှန်ဟိုင်းဓာတ်ပုံကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတာ... စံအိမ်ကဓာတ်ပုံဆရာခေါ်နေတယ်ဆိုတော့ သူလာချင်ပေမဲ့ ပြိုင်ဘက်တွေကများနေလို့... အဲဒီမြေးမအတွက်ပဲ ကျုပ်မျက်နှာပူပူနဲ့လာခဲ့တာပါ သူဌေး''
ချင်းလင်စံအိမ်က အသစ်ခေါ်ရင် သေချာပေါက်အပြိုင်အဆိုင်များမည်။
ထိပ်တန်းမြို့ကြီးတွေမှာတောင် ဘွဲ့ရပြီးဓာတ်ပုံဆရာလစာက ယွမ် ၇၀၀၀ သာရှိသည်။
နာမည်ကြီးအင်တာနက်ဆယ်လီရဲ့ဓာတ်ပုံဆရာဖြစ်ရင် ယွမ်တစ်သောင်းကျော်ကျော်ရမည်။
ရှန်ဟိုင်းထိပ်တန်းဘရန်းတစ်ခုရဲ့အဓိကဗီဒီယိုရိုက်ကူးသူတောင် ယွမ် ၂ သောင်းမပြည့်ချေ။
ဒါ ဓာတ်ပုံဆရာအများစုပင်။ တချို့ဓာတ်ပုံဆရာများကအလိုက်အထိုက်ရပြီး သူတို့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနှင့် ကိုယ်ပိုင်အလုပ်လုပ်ကြသည်။ အလုပ်ကောင်းရင် ယွမ် ၄ သောင်း၊ ၅ သောင်းအသာလေးရသည်။