အဓိကဆေးပင်က ပေါင်းပင်
Vol. 74 Ch. 1108
(ဟေး.. အရမ်းကောင်းတဲ့ဆေးနည်းဖြစ်မယ်... ခဏစောင့်ပါ)
မှတ်ချက်ဖတ်ပြီး ချင်လင်မဖုံးနိုင်မဖိနိုင် ပျော်နေသည်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုံးခန်းထဲတကုပ်ကုပ်လုပ်ပြီးမအောင်မြင်သောကြောင့် သူပိန်လာသည်။
အခုတော့ အပင်ပန်းခံရကျိုးနပ်ပြီ။ အသုံးတည့်တဲ့ဆေးနည်းကို သူရေးလိုက်နိုင်ပြီ။
ချင်လင်စောင့်စားနေစဉ် စနစ်အသိပေးစာတက်လာ၏။
(ဂုဏ်ယူပါတယ်... ဆေးထိုးအပ်နံပါတ် ၆ (အာနိသင်လျော့)ကိုရလိုက်ပါပြီ!)
မှတ်ချက်ဖတ်ပြီး ချင်လင်လက်သီးလက်မောင်းတန်းလိုက်သည်။
နောက်ဆုံးတော့ အသုံးဝင်တာရပြီ။
အာနိသင်လျော့သော်လည်း ဆေးထိုးအပ်နံပါတ် ၆ ပင်။
မူလအာနိသင်ရဖို့မလုပ်သေး။ ဘာပဲဖြစ်ဖြစ် အာနိသင်လျော့တာကိုတောင် ဒီလောက်အကြာကြီးအားထုတ်ရသည်။
မူလအာနိသင်ရတဲ့အထိလုပ်နေရင် ဘယ်လောက်ကြာမယ်မှန်း ဘယ်သူသိမလဲ? အချိန်ကရွှေဖြစ်နေသည်။
ချင်လင်ကချက်ချင်းဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေသည်။ ထို့နောက် ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်၏။
သူကချက်ချင်း ဆေးနည်းမှတ်ချက်ကိုဖတ်လိုက်သည်:
(ဆေးထိုးအပ်နံပါတ် ၆ _ အာနိသင်လျော့)
(တိရစ္ဆာန်များအတွက်အထူးဆေးရည်ဖြစ်သည်။ ဆေးထိုးအပ်နံပါတ် ၆ ကို အာနိသင်ပျော့သောပုံစံအဖြစ်အသုံးချနိုင်သည်!)
အလွန်ထက်သောအာနိသင်မှ အာနိသင်လျော့ဖြစ်သွားသည်။
ဘာပဲဖြစ်ဖြစ် အာနိသင်ရှိသည်။
(ဆေးထိုးအပ်နံပါတ် ၆ ကို အသုံးပြုလိုပါသလား?)
သူက 'အသုံးပြုမည်' ရွေးလိုက်သည်။
မေးစရာလိုသေးလို့လား?
စနစ်က တစ်ခါတလေရူးကြောင်ကြောင်တွေမေးလိုက်တာ။
ချင်လင်ရွေးပြီးသည်နှင့် ဆေးထိုးအပ်နံပါတ် ၆ က အလင်းပျောက်များဖြစ်သွားပြီး သူ့စိတ်ထဲဝင်လာသည်။
တခဏချင်း သူ့စိတ်ထဲတိုးဝင်လာသည့်အချက်အလက်များက စွဲထင်လာ၏။
တချိန်တည်းမှာ အရင်နည်းများအတိုင်း ထုတ်လုပ်သည့်နည်းစနစ်နှင့်လုပ်နည်းပါ သူ့ကြွက်သားမှတ်ဉာဏ်ထဲစိမ့်ဝင်လာသည်။
အချက်အလက်များရပြီးနောက် ချင်လင်ကဂိမ်းထဲမှတန်းထွက်လိုက်သည်။ သူ့ရုံးခန်းတံခါးဖွင့်ပြီး ချင်းလင်ဓာတ်ခွဲခန်းဆီအပြေးသွား၏။
ဒီဆေးရည်က သာမန်တရုတ်တိုင်းရင်းဆေးတွေနဲ့မတူ။
ဆေးကိုထိုးရမည်ဖြစ်ပြီး ဒြပ်ပေါင်းများကိုစစ်ထုတ်ရန်လိုသည်။ အပြင်မှာဒီလိုကိရိယာတွေဝယ်ဖို့ဒုက္ခများသော်လည်း ဓာတ်ခွဲခန်းတွင် အသုံးချနိုင်သောကိရိယာများရှိသည်။
နောက်ပြီး …
မွေးမြူရေးခြံမှာ ဆေးထိုးပေးရမည့်တိရစ္ဆာန်များသည်။ အထူးသဖြင့် ဘဲပေါက်အုပ်စုပင်။ အားလုံးကိုသူတစ်ယောက်တည်းမထုတ်နိုင်သောကြောင့် ချင်းလင်ဓာတ်ခွဲခန်းမှသုတေသနသမားများအကူအညီလိုသည်။
ချင်လင် ချင်းလင်ဓာတ်ခွဲခန်းရောက်လာသည်။ အစစ်ဆေးခံပြီးနောက် သူဆေးစမ်းထားသောဓာတ်ခွဲခန်းထဲသွားလိုက်သည်။
အထဲတွင် လီခိုင်နှင့်သုတေသနသမားများက ဒြပ်ပေါင်း ၇ ခုနှင့်နပန်းလုံးနေကြဆဲ။
အဖွဲ့ ၇ ဖွဲ့ခွဲထားသောသုတေသနသမားများမှာ အသည်းအသန်လုပ်နေကြသော်လည်း သက်ပြင်းများဆက်တိုက်ချနေကြသည်။ စမ်းသပ်မရကြောင်းသိသာနေ၏။
လီခိုင်က ချင်လင်ကိုမြင်ပြီးညည်းလိုက်သည်_
"ညီလေးချင်... ဒီဆေးရည်ကိုဘယ်သူဖော်တာလဲ? ဒီပစ္စည်းက လူတွေဖြေရှင်းရမယ့်ဟာလား? ဘယ်သူမှအချိန်တိုအတွင်းမရနိုင်ဘူးလေ ဟုတ်တယ်မလား?''
ချင်လင်ကခေါင်းညိမ့်ပြီး ကွန်ပျူတာဆီသွားလိုက်သည်။ သူ့စိတ်ထဲမှဆေးနည်းကိုရေးချပြီး_
"အစ်ကိုလီ.. ဒီဆေးပင်တွေပြင်ခိုင်းပါ... ကျွန်တော်ဆေးဖော်ပြီးစမ်းကြည့်ချင်တယ်''
လီခိုင်တွန့်သွားသည်။ ကွန်ပျူတာပေါ်မှ သူတို့အတူတူစမ်းသပ်ထားသောဆေးပင် ၁၀ မျိုးကျော်ကျော်ကိုကြည့်ပြိး_
"ညီလေးချင်... မင်းရသွားပြီလား?''
သူကပြောပြီး အံ့ဩသွားပုံရသည်။
ဆေးပင် ၁၀ မျိုးလောက်က သူတို့အတူတူစမ်းသပ်ခဲ့တဲ့ဆေးပင်တွေ။ ဒါဆို ကျန်တဲ့ဆေးပစ္စည်းတွေက သူတို့ဓာတ်ခွဲမရတဲ့ဒြပ်ပေါင်းတွေထဲကပေါ့။
"ဆေးပင်တွေ အရင်ပြင်ပေးပါ!''
ချင်လင်ကပြောသည်။
လီခိုင်ကခေါင်းညိမ့်ပြီး ရှန်လီကိုဖုန်းဆက်လိုက်သည်။
ရှန်လီကို ဒီကိစ္စအပ်ရမည်။
ဖုန်းရရချင်း ရှန်လီကအချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းသည်။
ဓာတ်ခွဲခန်းထဲ၌_
လီခိုင်က ဆေးနည်းတွင်ပါဝင်သောဆေးပစ္စည်းများကို မယုံနိုင်ပုံနှင့်ကြည့်နေသည်။
သုတေသနသမားများလည်း တအံ့တဩဝိုင်းအုံနေသည်။
ဒြပ်ပေါင်းကိုဓာတ်ခွဲဖို့ သူတို့အတူတူလုပ်ခဲ့ကြသော်လည်း မကိုင်တွယ်နိုင်ခဲ့။ အဖြေလုံးဝမထွက်ချေ။
အခုတော့ သူဌေးကိုယ်တိုင်ဓာတ်ခွဲလာပြီး ဆေးနည်းတောင်ရခဲ့သတဲ့?
"ညီလေးချင်... မင်းဘယ်လိုလုပ်လိုက်တာလဲ?''
လီခိုင် မမေးဘဲမနေနိုင်တော့။
တချို့က မနာလို၊အားကျနေစဉ် တချို့က အခြေအနေကိုစူးစမ်းနေကြသည်။
လီခိုင်က သိချင်စိတ်နှင့်စပ်စုရုံသာ။
"တရုတ်တိုင်းရင်းဆေးပညာနဲ့ဖြေရှင်းလိုက်တာ''
ချင်လင်ကရှင်းပြသည်။
"တရုတ်တိုင်းရင်းဆေးက ဒီလောက်စွမ်းလား?''
လီခိုင်မှာ မယုံနိုင်။
"နှစ်ထောင်ချီတဲ့ရိုးရာအမွေအနှစ်လေ... ခင်ဗျားတရုတ်တိုင်းရင်းဆေးကိုလျှော့တွက်နေတာပဲ အစ်ကိုလီ''
ချင်လင်က လျှောက်ပြောသည်။
တရုတ်တိုင်းရင်းဆေးအပေါ်ဆက်ပြီးပုံချ၏။
လီခိုင်ကနားထောင်ရင်း မျှော်လင့်ချက်နှင့်မေးသည်_
"ညီလေးချင်... ငါ့ကိုသင်ပေးပါလား? ငါ ဒီဒြပ်ပေါင်း ၇ ခုကို ငါ့ဘာသာဓာတ်ခွဲကြည့်မယ်''
တခြားသုတေသနသမားများကလည်း ချင်လင်ကိုအမှတ်တမဲ့ကြည့်လိုက်ကြသည်။
သူတို့လည်းအဖြေမရှာနိုင်သောကြောင့် သိချင်နေသည်။ ဗဟုသုတရချင်ကြ၏။
ချင်လင်ကပြုံးပြုံးနှင့် ကွန်ပျူတာဘက်လှည့်ပြီး တရုတ်တိုင်းရင်းဆေးအခြေခံစာအုပ်များ၊ ရောဂါဗေဒစာအုပ်များရှာလိုက်သည်။
အားလုံး ၁၀ အုပ်ကျော်သည်။
ချင်လင်က ဆက်ပြီးပုံပြောသည်_
"အရင်ဆုံး ဒီတရုတ်တိုင်းရင်းဆေးအခြေခံစာအုပ်တွေကိုအလွတ်ရအောင်ကျက်... ပြီးရင် အဆင့်မြင့်စာအုပ်တွေပေးမယ်... အဆင့်တစ်ခုရောက်ရင် နည်းပြောပြမယ်... မလောပါနဲ့''