မကောင်းဆိုးရွားကို ကာကွယ်ပေးမည့် Screen ပေါ်မှ ကာကွယ်စောင့်ရှောက်သူ (2)
Vol. 26 Ch. 251
လွန်ခဲ့သည့် နာရီဝက်ခန့်က ဤအခန်းထဲတွင် ရှိနေခဲ့သော မကောင်းမှုစွမ်းအင်က အားကောင်းလွန်းသောကြောင့် သူတို့ အခန်းထဲသို့ပင် ဝင်၍ မရနိုင်ခဲ့ပေ။
သူတို့အားလုံး၏ နှလုံးသားထဲတွင် ယန်ချန်မှာ သေမိန့်ကျနေပြီးသား လူတစ်ယောက်သာ ဖြစ်သည်။
ယခုတွင်တော့ ထိုမကောင်းမှုစွမ်းအင်သည်က လေနှင့်ပါသွားသည့်အလား လျော့ပါးသွားခဲ့ပြီး ပို၍ အံ့ဩဖွယ်ကောင်းလှသည်မှာ ယန်ချန်ကိုယ်ပေါ်မှ မကောင်းမှုစွမ်းအားများသည်လည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။
ကုကျစ်စုန့်လည်း မေးခွန်းထုတ်သည့် တောက်ကျန့်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဒီကျောက်စိမ်းလက်ချောင်းရိုးက တကယ်ကို မကောင်းဆိုးဝါးစွမ်းအင်တွေကို ဖိနှိပ်နိုင်တယ်လေ”
ထိုစကားအား ကြားရပြီးနောက် လူတိုင်းက ယန်ချန်ကို တစ်ဖန် ပြန်ကြည့်လိုက်ကြချိန်တွင် လည်ပင်း၌ ဆွဲထားသော ကျောက်စိမ်းလက်ချောင်းရိုးလေးကို မြင်တွေ့လိုက်ရသည်။
သူတို့အားလုံး၏ မျက်လုံးများမှာတော့ မတူညီသော အမူအယာမျိုးစုံဖြင့် ပြည့်နေခဲ့သည်။
ဤအရာကို မယုံကြည်နိုင်သည်မဟုတ်ပေ။
သို့သော် တောက်ကျန့် ချန်ချင်းနှင့် အခြား ‘မြေကမ္ဘာ’အဆင့် တောက်ကျန့်များပင် ယန်ချန်၏ ကိုယ်ပေါ်မှ မကောင်းမှုစွမ်းအင်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ဤမိန်းမငယ်လေးက ထိုမကောင်းဆိုးဝါးစွမ်းအင်အား ဖြေရှင်းနိုင်စရာ အကြောင်းမရှိပေ။
တဖက်တွင်တော့ ကျောက်စိမ်းလက်ချောင်းရိုးမှ မကောင်းဆိုးဝါးစွမ်းအင်ကို ဖိနှိပ်ထားနိုင်သည်ဆိုသော စကားမှာ ယုတ္တိရှိသည်။
ဤမျှ စွမ်းအားကြီးသော မကောင်းဆိုးဝါးစွမ်းအင်ကို ဖိနှိပ်ထားနိုင်သည်ဆိုလျှင် ကျောက်စိမ်းလက်ချောင်းရိုးသည်က အမှန်တကယ်ပင် ရှားပါးလွန်းသော ရတနာတစ်ခုပင် ဖြစ်ရမည်။
ကုကျစ်စုန့် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီပစ္စည်းက ရှင်တို့အတွက် တကယ်ကို အသုံးဝင်နေတာဆိုတော့လည်း မကောင်းဆိုးဝါးစွမ်းအင်ကို ဖိနှိပ်ထားလို့ရအောင် ရှင်တို့ပဲ သိမ်းထားသင့်ပါတယ်၊
ဒါပေမယ့်… ဒီကျောက်စိမ်းလက်ချောင်းရိုးက တန်ဖိုးရှိတာဆိုတော့ မစ်စတာယန်လို သာမန်လူတစ်ယောက်လက်ထဲမှာ ရှိနေတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားခဲ့ရင် လောဘဇောတိုက်နေတဲ့ လူတွေရဲ့ ဒုက္ခပေးတာ ခံရလိမ့်မယ်၊
အတွင်းစိတ်ယုတ်ညံ့တဲ့ သူတစ်ယောက်ယောက်သာ သိသွားခဲ့လို့ကတော့ မစ်စတာယန်ကို အသက်အန္တရာယ်ပြုပြီးတော့ ရတနာကို လုကြလိမ့်မယ်နော်”
တချို့တောက်ကျန့်များ၏ စိတ်ထဲတွင် ထိုကဲ့သို့ အတွေးများ ရှိနေကြသော်လည်း သူတို့သည်က ရှားနိုင်ငံ၏ အချမ်းသာဆုံး အမျိုးသားကို သတ်ဖြတ်နိုင်သည်ထိ သတ္တိမရှိကြပါချေ။
ထိုအချိန်တွင် ကုကျစ်စုန့်၏ စွပ်စွဲပြောဆိုသော လေသံကြောင့် အနည်းငယ် မကျေမချမ်း ဖြစ်သွားကြသော်ငြား ပြန်လည်မငြင်းဆန်နိုင်ကြပေ။ သူမ စကားများသည်က အမှန်ချည်းသာ ဖြစ်နေသည်။
ဖူချင်းအာနှင့် ခင်ပွန်းဖြစ်သူတို့လည်း ထိုစကားကို ကြားရပြီးနောက် စိတ်ပူပန်သွားခဲ့သည်။
“အမှန်ပဲ. ကုတောက်ကျန့်စကားက မှန်တယ်၊ အားချန်က အခုမှ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ့တာလေ. ကျွန်မတို့တွေ…”
တောက်ကျန့်များ၏ ခေါင်းဆောင်ဖြစ်သူက အသာ ချောင်းဟန့်လိုက်သည်။
“စိတ်မပူပါနဲ့ မဒမ်ယန် ဒီကျောက်စိမ်းလက်ချောင်းရိုးက မစ်စတာယန်ရဲ့ အခြေအနေကို သက်သာအောင် လုပ်ပေးနေတဲ့ ရတနာဖြစ်တာကြောင့် ဘယ်သူမှ မထိစေရပါဘူး”
ထိုအာမခံချက်နှင့်ပင် ဖူချင်းအာမှ ဤတောက်ကျန့်များကို မယုံကြည်ချေ။
သူမက ကုကျစ်စုန့်အား လှမ်းကြည့်လိုက်ချိန်တွင်တော့ အနည်းငယ်ပို၍ ကျေးဇူးတင်ကာ စိတ်လန်းသွားရသည်။
“မစ်စ်ကု၊ ကျွန်မတို့ မိသားစုတွေ မစ်စ်ကုကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး”
“ကျေးဇူးတင်စရာမလိုပါဘူး၊ ဒါက ဝိဉာဉ်ဆိုင်ရာအထူးဌာနကနေ ပေးတဲ့ တောင်းဆိုချက်တစ်ခုပဲလေ၊ ကျွန်မ လည်း ဒီအလုပ်အတွက် တန်ရာတန်ကြေး ရမှာပါ”
“ဟုတ်သားပဲ မစ်စ်ကု… အားချန်က နောက်ကျရင် ရုတ်တရက် ပြဿနာ ထဖြစ်မှာကိုလည်း စိုးရိမ်မိသေးတယ်၊ မစ်စ်ကုများ…”
သူမ အကြီးဆုံးသားဖြစ်သူကို တစ်ချက်ကြည့်လိုက်မိသော်လည်း အေးတိအေးစက်နိုင်ပြီး လူအများနှင့် ရောရောနှောနှော မနေတတ်သည့် သားဖြစ်သူ၏ အကျင့်စရိုက်အရ ကုတောက်ကျန့်နှင့် သီးသန့် ဆွေးနွေးနိုင်လိမ့်မည်ဟု မထင်မိခဲ့ပါချေ။
ယန်ချန်က သူ့ဘာသာသူ ယခင်အတိုင်း ဆက်သွားနေလိမ့်မည်ဖြစ်သည်။ နောင်အနာဂတ်တွင် ထပ်မံဖြစ်ခဲ့လျှင်တောင်မှ ယခင်ကအတိုင်း နှုတ်ဆိတ်နေမည်သာဖြစ်သည်။
ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖူချင်းအာ ဖုန်းကို ထုတ်လိုက်သည်။
“ကျွန်မ မစ်စ်ကုကို သူငယ်ချင်းအနေနဲ့ အပ်လိုက်လို့ ရမလား? တစ်ခုခုများ အကြောင်းရင်းရှိရင် ဆက်သွယ်လို့ ရနိုင်မလား?”
“အိုကေ”
ကုကျစ်စုန့်လည်း ဖုန်းကို ထုတ်လိုက်သည်။
“မလိုပါဘူး”
ယန်ချန်၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ၏ အသံသည်က အနည်းငယ် ဩရှသကဲ့သို့ နူးညံ့သိမ်မွေ့ကာ ပြောမပြနိုင်သော်ငြား နားထဲတွင် နားထောင်၍ ကောင်းသည့် အသံမျိုးဖြစ်ပေသည်။
ကုကျစ်စုန့်: “???”
ဖူချင်းအာတစ်ယောက် သူမ၏ သားကြီးက ထပ်မံ၍ ခေါင်းမာနေပြန်ပြီဟု တွေးကာ အနည်းငယ် စိတ်ပူသွားမိသည်။ သူမ စကားဖြတ်ပြောလိုက်မည့်အချိန်မှာပင် ယန်ချန် ဆက်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ နံပါတ်ကိုပဲ အပ်လိုက်ပါ၊ တစ်ခုခုမေးစရာရှိရင် ကျွန်တော်ပဲ မစ်စ်ကုကို ဆက်သွယ်လိုက်ပါမယ်”
ကုကျစ်စုန့်လည်း မျက်ခုံးကို အသာပင့်လိုက်သည်။
“အိုကေ၊ ဒါဆို စကန်ဖတ်လိုက်ရအောင်”
ဖူချင်းအာလည်း ယန်ချန်၏ စကားကြောင့် အံ့အားသင့်သွားရသည်။
သူမ ဘေးမှ ရပ်နေသည့် ခင်ပွန်းသည်အား ခေါင်းလေးကိုစောင်းကြည့်လိုက်ချိန်တွင် ယန်ဟဲသည်လည်း သားဖြစ်သူထံမှ ထိုစကားကို မျှော်လင့်ထားဟန်မပေါ်သကဲ့သို့ ရှိနေခဲ့လေ၏။
ထိုအချိန်တွင် ယန်ချန်၏ ခေါင်းထဲမှ အတွေးများမှာ ရောထွေးနေဆဲပင်ဖြစ်သည်။ သူက အလုပ်အတွက် သီးသန့်သုံးသော ဖုန်းကို ထုတ်လိုက်မိလေသည်။
QR code ကို ရှာရန် ဖုန်းကို ဖွင့်လိုက်ချိန်တွင် ဖုန်းမျက်နှာပြင်က ပွင့်သွားခဲ့ပြီးနောက် သူ့ဖုန်းတွင် တင်ထားသည့် wallpaper မှ ကုကျစ်စုန့်၏ မျက်နှာက လူတိုင်း၏ မျက်လုံးရှေ့တွင် အတိုင်းသားပေါ်လာခဲ့သည်။
လူတိုင်းက ယန်ချန်၏ လက်ထဲမှ ဖုန်းစကရင်နှင့် ထိုစခရင်ပေါ်မှ ရင်းနှီးနေသည့် မျက်နှာတို့အား စိုက်ကြည့်နေမိကြသည်။
ကုကျစ်စုန့်: “..?”
ယန်ဟဲနှင့် ဖူချင်းအာ: “?!”
ယန်ချန် ကိုယ်တိုင်လည်း သူကိုယ်တိုင်၏ ဖုန်း wallpaper ကို မြင်လိုက်ရပြီးနောက် တစ်ချိန်လုံး ရှုပ်ထွေးနေခဲ့သည့် သူ၏ ဦးနှောဏ်နှင့် အတွေးများလည်း ရှင်းလင်းသွားခဲ့လေသည်။
သူက နေရာတွင် ကြက်သေ,သေသွားပြီးနောက် မျက်နှာချင်းဆိုင်တွင် ရှိနေသော ကုကျစ်စုန့်အား ခက်ခက်ခဲခဲ လှမ်းကြည့်လိုက်မိသည်။
အမျိုးသမီးငယ်မှာ သူ့ထက် အရပ်ခေါင်းတစ်လုံးခန့် နိမ့်ပြီး ပုတုန်းရောင် ဆံနွယ်၊ နှင်းကဲ့သို့ ဖြူသော အသားအရည်ရှိသည်။
လက်ရှိအချိန်တွင် ကုကျစ်စုန့်၏ မျက်လုံးများက ဖုန်းစခရင်ပေါ်မှ ဓာတ်ပုံကိုသာ စိုက်ကြည့်နေဆဲဖြစ်သောကြောင့် အေးတိအေးစက်လူချောလေး ယန်ချန်တစ်ယောက် မြေကြီးထဲသို့ တွင်းတူးကာ ဝင်ပုန်းနေချင်စိတ်ပင် ပေါ်လာမိလေ၏။
နှစ်စက္ကန့်၊ သုံးစက္ကန့်မျှ စိုက်ကြည့်နေပြီးနောက် ကုကျစ်စုန့်၏ အကြည့်များသည်က ယန်ချန်၏ ထူးဆန်းနေသော မျက်နှာအမူအယာထံသို့ ပြန်လည်ရောက်လာခဲ့ပြန်သည်။
သူမ၏ အပေါ်သို့ ကော့ညွှတ်နေသည့် ကျက်သရေရှိသော မျက်ဝန်းလှလှများမှာ ဖုန်းမျက်နှာပြင်မှ မျက်နှာလွှဲလိုက်ပြီးနောက် ယန်ချန်ကို စိုက်ကြည့်လာချိန်တွင် ထိုမျက်ဝန်းများသည်က မဟူရာကျောက်နှစ်လုံးအလား လင်းလက်နေခဲ့သည်။
တစ်ချိန်လုံး တည်ငြိမ်နေသည့် မျက်နှာလေးမှာလည်း ယခုအချိန်တွင်တော့ နားမလည်နိုင်ခြင်း၊ အံ့အားသင့်ခြင်းတို့ဖြင့် လွှမ်းမိုးနေခဲ့လေ၏။
ကုကျစ်စုန့် ကိုယ့်ကိုယ်ကိုယ် မျက်စိအမြင်အာရုံကောင်းမွန်သေးသည်ဟု တွေးမိသည်။
သူမ နှစ်ပေါင်းသုံးရာကျော် မြင်တွေ့နေခဲ့ရသည့် မျက်နှာကိုတော့ မမှားယွင်းနိုင်ပေ။
ယန်ချန်... ဤဝတ္တုစာအုပ်ထဲမှ ဇာတ်လိုက်မင်းသား၏ ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားရသော အကြီးဆုံးအစ်ကို၊ သို့မဟုတ် ဇာတ်ညွှန်းတစ်ခုလုံးတွင် စာကြောင်း သုံးကြောင်းသာ ဖော်ပြခံခဲ့ရသည့် ဘေးဘက်မှ အရန်ကာရိုက်တာလေးသည်က သူမ၏ ဓာတ်ပုံကို ဖုန်း wallpaper အဖြစ် တင်ထားခဲ့ခြင်းပင်။
ကုကျစ်စုန့် မှတ်မိသလောက် ဆိုရပါလျှင် ဤပုံသည်က အင်တာနက်တွင် နာမည်ကြီးသွားခဲ့သည့် ပုံဖြစ်ပေသည်။
သူမ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကို ရိုက်ကူးနေစဉ်အချိန် ရိုက်ကူးရေးနေရာသို့ သွားရောက်နေပုံအား ဘေးမှ ဖြတ်သွားဖြတ်လာတစ်ယောက် ရိုက်ကူးထားသည့်ပုံဖြစ်သည်။
မူလပုံထဲတွင် ထိုနေ့က မိုးဖွဲဖွဲရွာနေခဲ့သည်။ သူမက ချည်ထိုးထားသည့် အင်္ကျီအတိုလေးနှင့် စကတ်အရှည်ဝတ်ဆင်ထားခဲ့ပြီး ပုတုန်းရောင်ဆံပင်ရှည်များနှင့် စကတ်အရှည်တို့မှာ မိုးစက်များအကြားတွင် ဝဲလွင့်နေခဲ့ပြီး ဓာတ်ပုံထဲတွင် သူမမျက်နှာ တစ်ဝက်သာ ပေါ်နေခဲ့လေသည်။
ထိုပုံကို သူမ၏ ဖန်ကလပ်သို့ တင်လိုက်ပြီးချိန်တွင် သူမ၏ပရိတ်သတ်များထဲမှ နာမည်ကြီးတစ်ဦးဖြစ်သူ ထိုဖန်ကလပ်၏ ခေါင်းဆောင်က ဘေးပတ်ဝန်းကျင်ရှုခင်း၊ အလင်းအမှောင်နှင့် ကာလာများကို ပြန်လည် အသေးစိတ်ပြုပြင်ခဲ့သည်။
တနည်းဆိုရပါက ထိုပုံကို နောက်တစ်ကြိမ်ပြန်တင်လိုက်ချိန်တွင်တော့ ပုံထဲမှ သူမက မူလအတိုင်း လူတစ်ဦးတည်းသာ ဖြစ်နေသေးသော်ငြား ဓာတ်ပုံ၏ အရည်အသွေးသည်က အဆပေါင်းများစွာ တိုးတက်သွားခဲ့သည်။
ထိုဓာတ်ပုံမှည ပရိတ်သတ်များအကြား ရေပန်းစားခဲ့ပြီး မှော်ဆန်သည့် ဓာတ်ပုံအဖြစ်ပင် ချီးကျူးခံခဲ့ရပြီး ထိပ်တန်းရှာဖွေမှုမှာပင် ပါဝင်ခဲ့သည်။
သူမ၏ လက်ထောက် ရှောင်ကျိုးက ထိုဓာတ်ပုံကို သူမထံသို့ ပို့ပေးခဲ့ပြီး ထိုပရိတ်သတ်သည်က အမှန်တကယ် ဉာဏ်ကြီးရှင်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။
ကုကျစ်စုန့်ကိုယ်တိုင် ကြည့်လိုက်မိချိန်တွင် ထိုဓာတ်ပုံထဲမှ သူမမှာ အရှေ့တွင်ရှိနေသော အခွင့်အရေးကို အမိအရဖမ်းဆီးတော့မည့် အရိပ်အယောင်တို့ရှိနေသည်ဟုပင် တွေးလိုက်မိသေးသည်။
ထိုဓာတ်ပုံာ နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သောကြောင့် သူမကို မသိသူများပင် လှပသည့် မိန်းမပျိုလေး၏ ဓာတ်ပုံဟု တွေးမိမည်မှာ မထူးဆန်းလှပေ။
သို့သော် လက်ရှိတွင် ထိုသို့တွေးမိနေသူက ရှားနိုင်ငံ၏ အချမ်းသာဆုံးသောပုဂ္ဂိုလ် ယန်ချန်ဖြစ်နေခဲ့ပြီး ထိုဓာတ်ပုံသည်လည်း သူ၏ wallpaper ဖြစ်နေသည်မှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။
ဖူချင်းအာနှင့် ယန်ဟဲတို့မှာလည်း သားဖြစ်သူနှင့် ကုကျစ်စုန့်တို့ကို အပြန်အလှန်ကြည့်နေရင်း မျက်ဝန်းများပင် ပြူးကျယ်နေခဲ့ကြသည်။
“အားချန်၊ မင်း မစ်စ်ကုကို အရင်တည်းက သိတာလား?”
ယန်ချန်: “မစ်စ်ကုနဲ့ မသိပါဘူး… ဒါပေမဲ့ သူက နာမည်ကြီးတယ်လေ၊ ပြီးတော့ မစ်စ်ကုရဲ့ ပုံတွေက… ကြည့်ကောင်းတယ်…”
သူက စကားပြောနေရင်းနှင့်ပင် မည်သို့ ရှင်းပြရမည်မှန်းကို မသိတော့သောကြောင့် သူ၏ အသံမှာ အနည်းငယ်တိုးဝင်သွားခဲ့ပြီး စကားကိုလည်း မြန်မြန်ပြောမိလိုက်သည်။
သူ မစဉ်းစားနိုင်သေးခင်မှာပင် ရှင်းပြချက်ကို ပေးလိုက်မိပြီးနောက် နေရာတွင်ပင် အငွေ့ပျံကာ ပျောက်သွားချင်စိတ်ပင် ပေါ်လာခဲ့ရသည်။
“သူမက သဘာဝလွန်ပညာရပ်မှာ အရမ်းတော်တယ်လေ.. ဖွဲ့စည်းပုံတွေကိုလည်း ဖျက်ဆီးနိုင်တယ်၊ သရဲလည်း ဖမ်းပြီး မကောင်းဆိုးဝါးတွေကိုလည်း နှင်ပေးနိုင်တယ် ဒါကြောင့် သူမရဲ့ ပုံကိုထားရင် မကောင်းဆိုးရွားတွေကိုနှိမ်နှင်းပေးနိုင်မလားလို့ …..”
ဖူချင်းအာ: “……”
ယန်ဟဲ: “……”