← Chapters

ပြိုင်ပွဲဝင်များ၏ ထောက်ခံမှုများ(1)

Vol. 26 Ch. 253

ပြိုင်ပွဲဝင်များ၏ ထောက်ခံမှုများ(1)

Vol. 26 Ch. 253

ပရိတ်သတ်အသစ်များအတွက် သိထားသင့်သည့် အချက်အလက်တစ်ချို့ရှိသည်။

ဥပမာ- ဤကုကျစ်စုန့်၏ အကြီးမားဆုံးပရိသတ်သည် ‘ကုကျစ်စုန့်’ဟူ၍ စတင်ဖြစ်ပေါ်လာစဉ်တည်းက သူမအား ‌ထောက်ခံခဲ့သူတစ်ဦးဖြစ်ပြီး သူမကိုလည်း အင်မတန်မြတ်နိုးတန်ဖိုးထားသူဖြစ်သည်။

ထိုအချိန်က ‘ကုကျစ်စုန့်’၏ မကောင်းသတင်းများ အင်တာနက်ပေါ်တွင် ပျံ့လွင့်ကာ သူမ၏ ပရိတ်သတ်များလည်း သူမကို စွန့်ခွာသွားခဲ့ကြသည်။

လူဦးရေအနည်းငယ်သာ သူမကို ထောက်ခံခဲ့ကြသည်။ ဖန်ဂရုသည်လည်း အမြဲလိုပင် ဆဲဆိုသည့် စကားများ၊ လှောင်ပြောင်မှုများနှင့်သာ ပြည့်နှက်နေခဲ့သည်။

ထိုအချိန်က ကုကျစ်စုန့်ကို အနိုင်ကျင့်ခံရခြင်းတို့မှ ကာကွယ်ပေးခဲ့ပြီး ဖန်ဂရုအား စနစ်တကျ စီမံခန့်ခွဲပေးခဲ့သူမှာ ဤဝါရင့်ပရိသတ် ’စုန့်’ပင် ဖြစ်သည်။

သူက နေ့စဉ်နေ့တိုင်း anti ဖန် များနှင့် အပြိုင် ရုန်းကန်ခဲ့သည်။

မသင့်တော်သည့် ပိုစ့်များကို ဖျက်ပစ်ခဲ့ပြီး ကုကျစ်စုန့် တင်သမျှ ပို့စ်တိုင်းကိုလည်း မျှဝေပေးခဲ့သူမှာလည်း ထိုသူသာလျှင် ဖြစ်ပေသည်။

သူ၏ ပုံစံမှာ တည်ငြိမ်နူးညံ့သော စိတ်နေစိတ်ထားရှိကာ အမြဲလိုလို အလုပ်ရှုပ်နေတတ်သူတစ်ဦးလည်းဖြစ်သည်။

ပုံမှန်အားဖြင့် သူက သတ်မှတ်ထားသည့် အချိန်တစ်ခုတွင် အွန်လိုင်းပေါ်သို့ ရောက်လာတတ်ကာ နာရီပေါင်းများစွာကွာအောင် မပင်မပန်းဖြင့် ကုကျစ်စုန့်ကို တိုက်ခိုက်သူများ၏ ပြဿနာကို ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။

ကုကျစ်စုန့် နာမည်မကြီးခင်ကပင် ဤပရိတ်သတ် ‘စုန့်’၏ အကောင့်သည်က လူသိများကျော်ကြားနေခဲ့ပေပြီ။

သူ့ကိုသဘောကျသည့် လူများကလည်း သူ့ဆီသို့လာရောက်ပြီး သဘောကျသည့် အိုင်ဒေါကို ပြောင်းလဲရွေးချယ်ရန် ဖြောင်းဖြတိုက်တွန်းခဲ့ကြသည်။

သို့သော် ‘စုန့်’သည်က ရွှေ့၍ မရနိုင်သော ကျောက်တုံးတစ်တုံးကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားလွန်းလှသည်။

ပရိတ်သတ်တစ်ဦး: [စုန့်ကတော့ စုန့်စုန့်ကို လုံးဝဒုက္ခပေးမှာမဟုတ်ဘူး.. အရင်က အရမ်းနာမည်ကြီးသွားတဲ့ဓာတ်ပုံ မိုးရေထဲက နတ်ဘုရားမယ် ဆိုတဲ့ပုံက သူကိုယ်တိုင် ပြန်လည်ပြင်ဆင်ပြီး နှစ်ခါတောင် edit လုပ်ထားတာ!]

ထိုဝါရင့်ပရိသတ်ထံမှ စကားထွက်လာချိန်တွင် ဖန်ဂရုထဲမှ အဖွဲ့ဝင်အများအပြားလည်း အနည်းငယ်တည်ငြိမ်သွားကြသည်။

သူတို့အားလုံးသည်က ကုကျစ်စုန့်နှင့် စာချုပ်ချုပ်ဆိုထားသော ကုမ္ပဏီ၏ အကောင့်သို့သွားကာ ကုမ္ပဏီမှ သင့်တော်သည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ယခုပြဿနာကို သေချာဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ပရိသတ်များအနေဖြင့် ယခုအဖြစ်အပျက်ကြောင့် ကုကျစ်စုန့်အပေါ်တွင် မကောင်းသော သက်ရောက်မှုများ ရှိလာမည်ကို မလိုလားကြပေ။

သို့သော် ပရိသတ်များ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြသော်လည်း ဤဒေဝါလီခံရလုနီးနီး ကုမ္ပဏီ၏ အကောင့်မှတော့ သတင်းတစ်စုံတစ်ရာ ပြန်မရခဲ့ကြပေ။

ဒေါသထွက်နေသည့် ပရိသတ်များမှ hashtag #ချန်အန်းအနုပညာကုမ္ပဏီ အား ထိပ်တန်းရှာဖွေမှုထိ ရောက်အောင် ပို့စ်များ တင်လိုက်မှသာလျှင် ကုမ္ပဏီ၏ တရားဝင်အကောင့်မှ မရေရာ၊မရှင်းလင်းသည့် ပို့စ်တစ်ခု ပြန်လာခဲ့သည်။

ချန်အန်းအနုပညာကုမ္ပဏီ: [အခုလက်တလော အင်တာနက်ပေါ်တွင် ကျွန်ုပ်တို့ ကုမ္ပဏီနှင့်အတူ အနုပညာရှင်များတို့နှင့် ပတ်သတ်၍ သတင်းမှားများ ပျံ့နှံ့နေခဲ့ပါသည်

ဤအကြောင်းအရာနှင့် ပတ်သတ်၍ ကျွန်ုပ်တို့ ကုမ္ပဏီမှ အောက်ပါ အချက်အလက်များကို ရှင်းလင်းပြတ်သားစေရန် ထုတ်ပြန်ချင်ပါသည်

ပထမအချက်- ကုမ္ပဏီသည် အနုပညာရှင်များအတွက် ကွန်ယက်များဖြင့် ဆက်သွယ်ထားခြင်းမရှိပါ၊ ရရှိထားသည့် အခွင့်အလမ်းများမှာ ကုမ္ပဏီမှ အနုပညာရှင်များကိုယ်တိုင် တွေ့ဆုံဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်များ ချုပ်ဆိုထားခြင်းသာ ဖြစ်ပါသည်

ကုမ္ပဏီ၏ စီနီယာခန့်ခွဲမှုဌာနသည် ဤဖြစ်စဉ်များတွင် ပါဝင်ပတ်သတ်ခြင်း မရှိခဲ့ပါ

ဒုတိယအချက်- ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အနုပညာရှင်များ၏ ပုံရိပ်များနှင့် ပတ်သတ်၍ သင့်တော်သည့် အရေအတွက်ခန့်သာ ပရိုမိုးရှင်းများ ပြုလုပ်ခြင်းကို အလေးထားခဲ့သောကြောင့် လိုအပ်သည်ထက် ပို၍ ပြုလုပ်ခြင်းမျိုး မရှိခဲ့ပါ]

ထိုပိုစ့်တင်ပြီးသည်နှင့် တစ်ပြိုင်နက် အင်တာနက်ပေါ်မှ လူများ၏ အကြိတ်အနယ်ဆွေးနွေးပွဲများ ပြန်လည်စတင်ကြပြန်သည်။

ဤပို့စ်သည်က ကုကျစ်စုန့်အား ချန်အန်းအနုပညာကုမ္ပဏီမှ တာဝန်ယူ၍ ကူညီဖြေရှင်းပေးမည်ဟု မျှော်လင့်ထားသည့် ပရိသတ်များကိုပင် ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

မကြာလိုက်ပါချေ။

ထိပ်တန်းရှာဖွေမှုတွင် ပို့စ်အသစ်များ တစ်ခုပြီးတစ်ခု တက်လာခဲ့ပြီးနောက် ပို့စ်တိုင်းသည်လည်း ကုကျစ်စုန့်အတွက် အကျိုးမရှိဖြစ်နေခဲ့သည်။

[ဟေ့ကောင်တွေ၊ ဒါကြီးက ချန်အန်း အနုပညာကုမ္ပဏီရဲ့ အောက်က မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ အနုပညာရှင်မျိုးမဟုတ်ဘူးလား? ကြည့်ရတာ ကုမ္ပဏီနဲ့ ကုကျစ်စုန့်နဲ့ သိပ်ပြီး အစေးမကပ်ဘူးထင်တယ်]

[ပြောရရင် ချန်အန်းကုမ္ပဏီက ပြောချင်တာ ဒါမျိုး မဟုတ်ဘူးလား? ကုကျစ်စုန့်က သူ့ဘာသာသူ ပြိုင်ပွဲအစီအစဉ်မှာ ဝင်ပါတယ်၊ သူ့ဇာတ်ကောင်ကို သူ့ဘာသာ ဖန်တီးပေမဲ့ အများကြီးတော့ အိုဗာမလုပ်ခဲ့ဘူး

ဒါပေမယ့် သူက လောဘကြီးလွန်းသွားတယ်၊ အင်တာနက်ပေါ်မှာ ထိပ်တန်းရှာဖွေမှုတွေ ဝယ်ယူပြီးတော့ သူ့ကိုယ်သူ သဘာဝလွန်ပညာရဲ့ ပညာရှင်လို ကြေငြာလိုက်တယ်၊

အခုတော့ သူ့ကို ကျော်တတ်သွားကြပြီ၊ ဒါပေမယ့် အဲဒါက ကုမ္ပဏီရဲ့ ကိစ္စမဟုတ်ဘူး]

[ဒါကြီးက ရယ်ရတယ်.. ကုမ္ပဏီက အနုပညာရှင်ကို ဖဲ့တာ ဒါပထမဆုံးမြင်ဖူးတာပဲ

ငါမပြောဘူးလား? ဒီလောက် ပြစ်မှုမှတ်တမ်းတွေလည်း အများကြီးရှိတယ်၊ နာမည်ဆိုးလည်း ရှိပြီး အကျင့်မကောင်းဘူးဆိုတဲ့ လူတစ်ယောက်က ဒီလောက်လွယ်လွယ်နဲ့ မပြောင်းလဲနိုင်ဘူးလို့၊ အခုတော့ အကုန်လုံးက ဟန်ဆောင်နေတာချည်းပဲဆိုတာ ပေါ်လာပြီ]

[ကြည့်ရတာ ကုမ္ပဏီထဲမှာလည်း ကုကျစ်စုန့်က အမုန်းခံရတယ်ထင်ပါတယ်၊ သူ့ရဲ့ နာမည်ကြီးမှုက တော်တော်လေး အဆင်ချောနေပြီကို.. နာမည်ကြီးလွန်းတော့ ကုမ္ပဏီက သူ့ကို ကာတောင် မကာကွယ်ပေးတော့ဘူး...]

[……]

ပရိသတ်များ မတုံ့ပြန်နိုင်ခင်မှာပင် အင်တာနက်ပေါ်တွင် ကုကျစ်စုန့်သည်က အလိမ်အညာဖြစ်ကြောင်း၊ သူမက မားကတ်တင်းဆင်းရန် ပို့စ်များ ဝယ်ယူခဲ့ကြောင်း သတင်းအမြောက်အမြား တက်လာခဲ့ပြန်သည်။

သူမကို ချနင်းကာ နာမည်ကြီးချင်ကြသောကြောင့် မားကတ်တင်းအကောင့်များနှင့် anti ဖန်များသည်လည်း မဟုတ်မမှန် သတင်းမှားများ လွှင့်ကာ ပြဿနာက ပိုမို၍ပင် ကြီးထွားလာခဲ့သည်။

ဂရုထဲမှ ကုကျစ်စုန့်၏ ပရိသတ်များမှာ လွန်ခဲ့သည့် နှစ်နှစ်တုန်းက ကုကျစ်စုန့်၏ ကျဆုံးချိန်အကြောင်း ကောင်းကောင်းသိထားခဲ့ကြသည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ ချက်ချင်း သူမကို စွန့်ပစ်မပြေးကြချေ။

မည်သူသိနိုင်မည်နည်း?

ဤအမျိုးသမီးသည်က အေးစက်၊တည်ငြိမ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုများမှလွဲ၍ သူမနှင့် ပတ်သတ်သည့် အကြောင်းအရာများမှာ မရှိသလောက်ပင် ရှားလှသည်။

သူတို့၏စိတ်ထဲတွင်တော့ ကုကျစ်စုန့်မီာ ဤသတင်းများထဲကသို့ လူလိမ်တစ်ဦးဟု မခံစားရ။

ပရိတ်သတ်များက စိတ်ပူပန်နေခဲ့ကြရုံသာ တတ်နိုင်နေခဲ့ကြရသည်။

ဂရုများထဲတွင်လည်း သတင်းများ၊ အတင်းအဖျင်းများဖြင့် မည်သူ့ကို ယုံကြည်ရမှန်းမသိဖြစ်နေခဲ့ကြသည်။

‘ဘာလုပ်ကြမလဲ? တစ်ယောက်လောက် စုန့်စုန့်ကို ဆက်သွယ်ပြီး ဖြေရှင်းခိုင်းလို့ရမလားမသိဘူးနော်’

‘ငါတော့ ပြိုင်ပွဲမှာ မြင်ရတဲ့ စုန့်စုန့်ရဲ့ စွမ်းအားနဲ့ ကြင်နာမှုတွေက အကုန်လုံး ဇာတ်လမ်းဆင်ထားတာလို့ မယုံဘူး၊ သူသာ အဲဒီလောက် သရုပ်ဆောင်ကောင်းတယ်ဆိုရင် ဘာလို့ အကောင်းဆုံးသရုပ်ဆောင်ဆုကို မရသေးတာလဲ?’

ယောက်ယက်ခတ်နေသည့် ပရိသတ်များမှာ ယန်ချန်ထံသို့လည်း စာများပို့ကာ မည်သို့ ဖြေရှင်းရမည်ကို မေးခွန်းထုတ်ခဲ့ကြပြန်သည်။

သို့သော် ဤကဲ့သို့ ဝါရင့်ပရိတ်သတ်တစ်ဦးကို ရှာတွေ့ရန် မည်မျှခက်ခဲကြောင်းကိုလည်း သူတို့သိကြသည်။

‘မျက်လုံးကြီးကောင်လေး’၏ ရှာဖွေမှုများကို စောင့်ကြည့်နေခဲ့သော ယန်ချန်လည်း ချန်အန်းအနုပညာကုမ္ပဏီမှ တင်လိုက်သည့် ပို့စ်ကို မြင်တွေ့လိုက်ပြီးနောက် သူ၏ ပြေလျော့နေသော မျက်နှာသည် အနည်းငယ် အေးစက်တင်းမာသွားခဲ့သည်။

သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အတွင်းရေးမှူးအား ဖုန်းဆက်လိုက်သည်။

“ကုကျစ်စုန့်နဲ့ သူ့ရဲ့ အေဂျင်စီ ချန်အန်းတို့ကြားမှာ တစ်ခုခု အဆင်မပြေဖြစ်ထားတာမျိုးများ ရှိလားဆိုတာ ရှာပေး၊

နောက်ပြီး အနုပညာနယ်ပယ်မှာ ငါတို့တွေ အေအဆင့် လက်တွဲဖော်တွေ ဘယ်နှစ်ယောက်လောက် ရင်းနှီးမြှုပ်နှံထားတာမျိုး ရှိလဲဆိုတာကိုပါ ရှာပေးပြီးပို့ပေးလိုက်”

အတွင်းရေးမှူးမှာ သူဌေးဖြစ်သူထံမှ ညနေခင်း ထူးထူးဆန်းဆန်း ဖုန်းလက်ခံရလိုက်သောကြောင့် အရေးကြီး ကိစ္စတစ်ခုခုရှိသည်ဟု တွေးလိုက်မိသည်။

သို့သော် သူ မတွေးလိုက်မိသည်မှာ ထိုအရေးကြီးကိစ္စသည်က အနုပညာနယ်ပယ်တွင်းမှ မင်းသမီးတစ်လက်အကြောင်းဖြစ်လိမ့်မည်ဟုပင်။

အထင်လွဲမှားခြင်းမရှိစေရန် အတွင်းရေးမှူး နောက်တစ်ခေါက်ပြန်မေးလိုက်မိသည်။ ယန်ချန်ထံမှ အတည်ပြုချက်ရပြီးနောက်တွင်တော့ ဖုန်းချကာ နားမလည်နိုင်စွာဖြင့် အလုပ်စတင်လိုက်လေသည်။

ယန်ချန်၏ အတွင်းရေးမှူးက သေသေချာချာကြိုးစား၍ ရှာဖွေခဲ့သည်။ အချိန်ခဏအတွင်းမှာပင် နေရာပေါင်းစုံမှ အချက်အလက်များစွာ စုဆောင်းပြီးနောက် ယန်ချန်ထံသို့ အစီအရင်ခံခဲ့သည်။

“ဥက္ကဋ္ဌ၊ ကုမ္ပဏီနဲ့ မစ်စ်ကုကျစ်စုန့်တို့ကြားမှာ ပြဿနာတစ်ခုခုရှိလားဆိုတာကိုတော့ မသိရပါဘူး.. ဒါပေမယ့် ကျွန်တော် ရှာတွေ့ခဲ့ရသလောက် မစ်စ်ကုကျစ်စုန့်က ချန်အန်းအနုပညာကုမ္ပဏီနဲ့ အလောင်းအစား ဆန်တဲ့ စာချုပ်မျိုး ချုပ်ဆိုခဲ့တာပါ

ကုမ္ပဏီက တောင်းဆိုထားတဲ့ အောင်မြင်မှုမျိုး မရသေးသ၍ ချန်အန်းကုမ္ပဏီက မစ်စ်ကုကျစ်စုန့်နဲ့ စာချုပ်ကို အကြိမ်အကန့်အသတ်မရှိ ပြန်လည်ချုပ်ဆိုပိုင်ခွင့်ရှိပါတယ်၊

ဒါပေမဲ့ အခုတော့ မစ်စ်ကုကျစ်စုန့်ရဲ့ အောင်မြင်မှုက သာမန်ထက်ကို ကျော်သွားပြီး စာချုပ်ရဲ့ သတ်မှတ်ချက်ကို ကျော်သွားပါပြီ”

“ဒီတော့ အခုအချိန်မျိုးမှာဆိုရင် မစ်စ်ကုက ချန်အန်းနဲ့ ဆက်ပြီး စာချုပ် ချုပ်မယ်၊ မချုပ်ဘူးဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရသွားပါပြီ”

“ကျွန်တော် ရှာတွေ့တဲ့ အချက်အလက်အရ နှစ်ယောက်ကြားက စာချုပ်က တစ်လကျော်လောက်ပဲ သက်တမ်းကျန်တော့တာပါ၊ အခုထိလည်း မစ်စ်ကုက ချန်အန်းနဲ့ စာချုပ်အသစ်ချုပ်ဆိုထားခြင်းမရှိပါဘူး၊

အနုပညာနယ်ပယ်ထဲက ကုမ္ပဏီကြီးတွေကလည်း အခုအခွင့်အရေးကို အသုံးချပြီးတော့ သူနဲ့ စာချုပ်ချုပ်ဆိုချင်နေကြပါတယ်”

ယန်ချန် အစပိုင်းအကြောင်းအရာများကိုသာ သတိပြုလိုက်နိုင်သည်။

ကုကျစ်စုန့်သည်က ချန်အန်းအနုပညာကုမ္ပဏီတွင် ကောင်းမွန်စွာ ဆက်ဆံခံခဲ့ရမည် မဟုတ်ကြောင်းကို သိသာလှသည်။

ထို့ကြောင့် သူမသည်က ချန်အန်းနှင့် ဆက်၍ စာချုပ်ချုပ်လိုစိတ်မရှိပေ။

သူမ၏ လက်ရှိအောင်မြင်ကျော်ကြားမှုကြောင့် ချန်အန်းကုမ္ပဏီသည် မနာလို၊ မရှု့စိမ့်ဖြစ်နေကာ သူမမှ စာချုပ်အသစ် မချုပ်ဆိုသောကြောင့်လည်း မုန်းတီးဟန်ပေါ်သည်။

ထို့ကြောင့် ကုမ္ပဏီမှ မထွက်ခွာခင် သူမ၏ နာမည်ကျော်ကြားမှုတို့အား ဖျက်ဆီးရန် ကြိုးစားခြင်းသာဖြစ်သည်။

ယန်ချန် နှာခေါင်းရှုံ့လိုက်ပြီးနောက် အတွင်းရေးမှူး၏စကားကို ဆက်နားထောင်နေခဲ့သည်။

“အခုလက်ရှိကုမ္ပဏီရဲ့ ပါတနာတွေထဲကဆိုရင်တော့ ‘ရှန်ဖန်လုပ်ငန်းစု’ရဲ့ ဒုတိယသားက နာမည်ကြီး အနုပညာကုမ္ပဏီတစ်ခုကနေ ရှယ်ယာဝယ်ယူထားတဲ့ ရှယ်ယာရှင်တစ်ယောက်အဖြစ် ရှိနေပါတယ်”

ယန်ချန်၏ မျက်ခုံးများက အနည်းငယ်မြင့်တက်သွားပြီးနောက် အတွင်းရေးမှူးပို့ထားသည့် မက်ဆေ့ချ်များကို ကြည့်ရင်း အတွေးနယ်ချဲ့နေခဲ့သည်။

အကောင်းဆုံးနည်းလမ်းမှာ ကုကျစ်စုန့်ကို ဤကုမ္ပဏီအညံ့အဖျင်းမှ နှုတ်ထွက်စေကာ နေရာကောင်း၊ အရင်းအမြစ်ကောင်းတို့ရှိပြီး အနုပညာရှင်များကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည့် ကုမ္ပဏီတစ်ခုထံသို့ ရွှေ့ပြောင်းလိုက်ခြင်းသာဖြစ်သည်။

သို့သော် ထိုနည်းလမ်းသည်က ချန်အန်းအနုပညာကုမ္ပဏီအတွက် အပြစ်ပေါ့လွန်းလှသည်။

ထို့အပြင် ကုကျစ်စုန့်သည်က အင်မတန် မာနကြီးသူတစ်ဦးဖြစ်ပြီး အပြင်လူများ သူမ၏ အတွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်ကို သဘောကျလိမ့်မည်မဟုတ်ဟု ယန်ချန်တွေးမိလိုက်သည်။

သူမ၏ ပြဿနာများကို ယန်ချန် ကိုယ့်သဘောအတိုင်း ဖြေရှင်းလိုက်သည်ဟု သိလိုက်ရလျှင် သူမ စိတ်ဆိုးသွားမည်လော?

ယန်ချန်တစ်ယောက် အတွေးနယ်ကျွံနေရင်းဖြင့် ‘အနုပညာနယ်ပယ်တွင်းသို့ ဝင်ရောက်ကာ အနုပညာကုမ္ပဏီတစ်ခု တည်ထောင်ရန်’နှင့် ‘စီးပွားရေးနည်းလမ်းများကို အသုံးပြုကာ ချန်အန်းကုမ္ပဏီကို ဖျက်ဆီးရန်’တို့အား သေသေချာချာ စဉ်းစားနေခဲ့ပေပြီ။

ထိုအချိန်တွင် ရုတ်တရက် စပီကာထံမှ အတွင်းရေးမှူး၏ အံ့အားသင့်နေသော အသံထွက်ပေါ်လာခဲ့သည်။

“ဥက္ကဋ္ဌ၊ တကယ်လို့ ဥက္ကဋ္ဌသာ မစ်စ်ကုကျစ်စုန့်ရဲ့ အခုလက်တလော ပြဿနာကို ဖြေရှင်းဖို့ ကူညီပေးချင်တာဆိုရင်တော့… ကျွန်တော်ထင်တာတော့ မလိုလောက်တော့ပါဘူး”

ယန်ချန်၏ မျက်ခုံးများက အနည်းငယ်ပင့်တက်သွားပြီးနောက် လက်ရှိအသစ်တက်လာသော နောက်ဆုံးသတင်းကို ကြည့်လိုက်ကာ သဘောပေါက်သွားခဲ့သည်။

# တောင်ပိုင်းပြည်နယ်မှ အကြီးစားလူကုန်ကူးမှုပြဿနာကြီး၏ အဓိက တရားခံများအား ဖမ်းဆီးရမိ #

# ပြည်နယ်ရဲစခန်းမှ ‘ဝိဉာဉ်ရေးရာ’အဖွဲ့သားများနှင့် အထူးသဖြင့် ကုကျစ်စုန့်တို့အား ကျေးဇူးတင်စကားဆို #

# ကုကျစ်စုန့်၊ သဘာဝလွန်ပညာအဖွဲ့ #

All Chapters