ပြိုင်ပွဲဝင်များ၏ ထောက်ခံမှုများ(2)
Vol. 26 Ch. 254
အသစ်တက်လာသည့် ထိပ်တန်းရှာဖွေမှုအားလုံးသည်က ကုကျစ်စုန့်နှင့် သက်ဆိုင်နေခဲ့သည်။
ပထမဆုံးသတင်းနှစ်ခုတွင် ပြည်မနှင့် တောင်ပိုင်းပြည်နယ်ရဲဌာနတို့သည် လက်တလောရက်ပိုင်းတွင်း တရားခံများ ဖမ်းဆီးခဲ့ခြင်းတို့နှင့် ပတ်သတ်သည့် အချက်အလက်များအား တိကျပြတ်သားစွာ ရေးသားထားခဲ့သည်။
ရဲအရာရှိများ၏ နေ့မနား၊ ညမနား ကြိုးစားမှုတို့ကြောင့် လူကုန်ကူးခံရသော အမျိုးသမီးနှင့် ကလေးငယ်ပေါင်း ၃၀၀ကျော်အား မိသားစုနှင့် ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့ပြီးဖြစ်သည်။
ထိုလူများထဲတွင် နိုင်ငံခြားသား နစ်နာသူ ဆယ်ဦးကျော်ပါဝင်ခဲ့သည်။
ကျန်နေသည့် နစ်နာသူများအတွက်လည်း စုံစမ်းစစ်ဆေးခြင်းများအား အစီအစဉ်တကျ ပြုလုပ်နေပြီးဖြစ်ပေသည်။
ထိုစာများ၏ အဆုံးသတ်တွင် ရဲဌာနသည် ‘ဝိဉာဉ်ရေးရာ’ပရိုဂရမ်အဖွဲ့နှင့် ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အကောင့်များကို tag တွဲကာ လိုအပ်သည့် အချက်အလက်များ၊ ဗီဒီယိုမှတ်တမ်းများ ပံ့ပိုးပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားဆိုခဲ့သည်။
သို့သော် ထိုရှည်လျားလှသည့် ပို့စ်အပြီးတွင် တောင်ပိုင်းပြည်နယ်ရဲဌာနသည် နောက်ထပ် သီးခြားပို့စ်တစ်ခု ရေးသားကာ ကုကျစ်စုန့်တစ်ဦးတည်းကိုသာ tag တွဲခဲ့သည်။
တောင်ပိုင်းပြည်နယ်ရဲဌာနချုပ်:
[ကျွန်ုပ်တို့၏ ဌာနအား လူကုန်ကူးမှုကြီးကို ဖြေရှင်းနိုင်မည့် အရေးကြီးသက်သေများ ထောက်ပံ့ပေးခဲ့သည့် တာဝန်သိပြည်သူ @ ကုကျစ်စုန့်-gzs ကိုလည်း ကျေးဇူးအထူးတင်ပါသည်။ ဤနေရာမှတဆင့် ကျွန်ုပ်တို့၏ ဂုဏ်ယူမှုနှင့် ကျေးဇူးတင်စကားကို အလေးအနက်ထား ဖော်ပြလိုက်ပါသည်]
ထိုပို့စ်ကို တင်ပြီးသည်နှင့် တခြားသော တရားဝင်အကောင့်များကလည်း တစ်ချိန်တည်း မျှဝေခဲ့ကြသည်။
ပို့စ်ကို မြင်ပြီးသည်နှင့် ကုကျစ်စုန့် ခေတ်ကုန်ပြီဟု လှောင်ပြောင်နေခဲ့ကြသူများလည်း အရှက်များကွဲကာ မျက်နှာဖြတ်ရိုက်ခံလိုက်ကြရသည်။
သူတို့၏စကားအရ ဤပြစ်မှုကြီးနှင့်ပတ်သတ်သည့် အချက်အလက်များကို ရှာတွေ့ခဲ့သူသည် ကုကျစ်စုန့် လုံးဝမဖြစ်နိုင်ဟု ပြောဆိုခဲ့ကြသည်။
တရားဝင်အကောင့်များအောက်တွင် ထိုသို့ရေးသားခဲ့သောကြောင့် ပို၍ပင် အရှက်ရကြပြန်သည်။
သို့သော် ဤအရာသည် အဆုံးသတ်မဟုတ်သေးပေ။
တစ်ချိန်လုံးနှုတ်ဆိတ်နေခဲ့ကြသည့် “ဝိဥာဥ်ရေးရာ” ပြိုင်ပွဲဝင်များကလည်း မည်သည့်ကိုမျှ မစဉ်းစားတော့ဘဲ တရားဝင်အကောင့်မှ ပို့စ်များကို တစ်ခုပြီးတစ်ခု like ပေးခဲ့ကြသည်။
ဤအရာသည်လည်း သူတို့နည်းသူတို့ဟန်ဖြင့် ကျေးဇူးတင်စကားဆိုလိုက်သကဲ့သို့ပင်။
ဒေစီကတော့ ကုကျစ်စုန့်ကို အလွန် သဘောကျသောကြောင့် တိုက်ရိုက်ပို့စ်တစ်ခုပင် တင်ခဲ့သည်။
နော်ဝေးမှ စုန်းမလေးဒေစီ : [ စုန့်စုန့်က တကယ်ကို စွမ်းအားကြီးပြီး လေးစားဖို့ကောင်းတဲ့ ထူးခြားပညာရှင်တစ်ဦးပါ၊
ကျွန်မ ရှားနိုင်ငံကို ရောက်ပြီးကတည်းက တွေ့ခဲ့ရတဲ့ ထူးခြားပညာရှင်တွေထဲမှာ သူမက အံ့ဩစရာအကောင်းဆုံးနဲ့ စွမ်းအားအကြီးဆုံးလို့တောင် ပြောလို့ရပါတယ်
သူမဆီကနေလည်း အများကြီးသင်ယူခဲ့ရတယ်၊ သူမက အရမ်းလည်း တော်လွန်းပါတယ်]
မကြာသေးခင်ကမှ အင်တာနက်တစ်ခုလုံး၏ လှောင်ပြောင်ခြင်းခံနေခဲ့ရသည့် ကုကျစ်စုန့်မှာ ချက်ချင်းပင် အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်မည်ဟု မည်သူမှ တွေးမထားခဲ့ကြပေ။
ထို့အပြင် စွမ်းဆောင်နိုင်စွမ်းမှာလည်း ကြီးမားလွန်းလှသည်။
တစ်ဖက်တွင်တော့ ဒေါသများကို မြိုချကာ အင်မတန် ရင်ပူနေခဲ့ရသော ပိုးစာရွက်နှင့် အခြားသော ပရိတ်သတ်များသည်လည်း ဂုဏ်ယူမဆုံးဖြစ်လာခဲ့ကာ တစ်ယောက်နှင့်တစ်ယောက် နှစ်သစ်ကူးကို ကြိုသည့်အလား သတင်းများအကြောင်း ပြောဆိုနေခဲ့ကြပြီး သူတို့မျိုသိပ်ထားရသည့် ဒေါသများကိုပင် ရင်ဖွင့်နေခဲ့ကြသည်။
[အားး! စုန့်စုန့်က တကယ့်ကို ကျွမ်းကျင်ပညာရှင်ပါပဲ..
ငါ့ရဲ့ဘဝမှာ အိုင်ဒေါတစ်ယောက်က သူ့ရဲ့ anti ဖန်တွေကိုရော၊ သတင်းအမှားလွှင့်တဲ့သူတွေကိုရောကိုပါ တစ်ချက်မှ မလှုပ်လိုက်ဘဲနဲ့ ပါးစပ်ပိတ်သွားအောင် လုပ်နိုင်တဲ့အထိ စွမ်းအားကြီးတာကို ပထမဆုံးမြင်ဖူးတာပဲ.. မျက်ရည်တွေတောင် ကျတယ်!]
[တရားဝင်အကောင့်တွေက မသိရင် anti ဖန်တွေကို အချိန်ကိုက် နင်းချလိုက်သလိုပဲ၊ ပြိုင်ပွဲဝင်တွေ အကုန်လုံးလည်း ပြန်ပြီး တင်ထားကြတာဆိုတော့ ကုကျစ်စုန့် ဘယ်လိုလူမျိုး၊ ဘယ်လောက်စွမ်းအားရှိလဲဆိုတာရဲ့ သက်သေပဲမဟုတ်ဘူးလား? ဟမ်.. မျက်လုံးကိုဖွင့်ထားပြီး ကန်းချင်ယောင်ဆောင်နေတဲ့ သူတွေ ရှိသေးတာလား?
တောင်ပိုင်းပြည်နယ်နဲ့ လူကုန်ကူးမှုရဲ့ နစ်နာသူထောင်ပေါင်းများစွာ ပေါင်းပြီး ကုကျစ်စုန့်အတွက် လမ်းဖောက်ပေးနေကြတာများလား?]
[တကယ်ကို ကြည်နူးဖို့ကောင်းတာပဲ၊ ပြိုင်ပွဲဝင်တွေကြားက ဆက်ဆံရေးလည်း အရမ်းကောင်းကြတာပဲ၊ အားလုံးက စုန့်စုန့်ကို ထောက်ခံနေကြတယ်၊ တ ပရိသတ်တွေ စုန့်စုန့်ကို ဖျက်ဆီးတာ ရပ်လိုက်လို့ရမလား?]
[ကျန်းရှောင်နာကလည်း စာတင်ပြီး စုန့်စုန့်ကို ကျေးဇူးတင်သွားတယ! ‘ဝိဉာဉ်ရေးရာ’ပရိုဂရမ်အဖွဲ့ရေ၊ ပရိုဂရမ်ရဲ့ တည်းဖြတ်ထားတဲ့ ဗားရှင်းလေးကို မြန်မြန်လေး လွှင့်ပေးပါတော့!]
[ကုကျစ်စုန့်ကို ယုံကြည်လို့ရပါတယ်လို့ မပြောခဲ့ဘူးလား]
[‘ဝိဉာဉ်ရေးရာ’က လူတွေ ဘာလုပ်လိုက်တာလဲဆိုတာကို သိချင်နေတာ ငါတစ်ယောက်တည်းလား?
အစိုးရတရားဝင်အကောင့်က ဘာကို ပြောချင်တာလဲ? သူတို့က အခုဆို သဘာဝလွန်ပညာရှိတယ်ဆိုတာကို လက်ခံနေကြတာလား?]
နောက်ဆုံး ထိပ်တန်းရှာဖွေမှုမှာ ‘ရုန်ချန်ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲ’ဆိုသော အကောင့်ဖြင့်ဖြစ်သည်။
ရုန်ချန်လင်းဂရု: [@ကုကျစ်စုန့် -gzs ကျွန်တော်တို့ ဌာနကို ‘အထူးအဖွဲ့ဝင်’အဖြစ် ပါဝင်ခဲ့တဲ့အတွက် ကြိုဆိုပါတယ်..နောက်လည်း မစ်စ်ကုရဲ့ အကြံဉာဏ်ကောင်းတွေကို စောင့်မျှော်နေပါ့မယ်]
မှတ်ချက်ဧရိယာတွင်တော့ ‘ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲ’ဆိုသော နာမည်များနှင့် နယ်မြေမျိုးစုံမှ အကောင့်များ ဖြစ်ကြသည်။
နန်ရှန်ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲ : [မနာလိုလိုက်တာ.. ငါတို့လည်း မစ်စ်ကုကို ဒီဘက်နယ်မြေမှာ တာဝန်ကျစေချင်တာပေါ့]
ယွန်ချန် ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲ :[ နည်းပြကု၊ ကျွန်တော်တို့ ယွင်ချန်ကို မလာချင်ဘူးလား?]
ယခင်က ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲဆိုသည်ကို တစ်ခါမှ မကြားဖူးကြသည့် ပရိတ်သတ်များကတော့ နားမလည်နိုင်ကြပေ။
သို့သော် ထိုအကောင့်များအား ဝင်ကြည့်လိုက်ပြီးနောက် ‘အသိအမှတ်ပြုခံထားရသည့် တရားဝင်ရဲဌာန’တံဆိပ်များကို မြင်လိုက်ရပြီးနောက် အားလုံး ပါးစပ်အဟောင်းသားဖြစ်လာခဲ့ရသည်။
ချက်ချင်းလိုပင် အင်တာနက်တစ်ခုလုံး ပွက်လောရိုက်ကာ ပွဲဆူသွားကြသည်။
‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကို မကြည့်ကြသူများ၊ သဘာဝလွန်ပညာရပ်များကို အယုံအကြည်မရှိကြသူများက ဤ’ ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲ’ အကြောင်း မေးခွန်းထုတ်နေခဲ့ကြသည်။
[အားလုံးပဲ.. ဒီ ဝိဉာဉ်ဆိုင်ရာအထူးဌာနဆိုတာက တရားဝင်အသိအမှတ်ပြုခံထားရတဲ့ စစ်ဆေးရေးအဖွဲ့လား? ဒါဆို ကုကျစ်စုန့်ရဲ့ အဆင့်ကလည်း တော်တော်လေး မြင့်မှာပေါ့နော်? သူ့မှာ အစီအစဉ်တစ်ခုခုများ ရှိလားမသိဘူး?]
[ငါတော့ တစ်သက်နဲ့တစ်ကိုယ် ဒီလိုစိတ်ကူးယဉ်ဆန်တဲ့ အရာမျိုး လက်တွေ့ကမ္ဘာမှာ ဖြစ်လာလိမ့်မယ်လို့ တွေးတောင် မတွေးမိဘူး၊
ဒါဆိုရင် နိုင်ငံထဲက အစိုးရအဖွဲ့တွေက ငါတို့ကို ဝိဉာဉ်စွမ်းအင်တွေ ပြန်ပြီးပေါ်လာတော့မယ်လို့ ဘာလို့ တိုက်ရိုက်မပြောကြတာလဲ? ဒါမှမဟုတ် ငါတို့က အဆင့်မြင့်တဲ့ လူ့ယဉ်ကျေးမှုတစ်ခုခုကိုများ ရှာတွေ့လိုက်လို့လား?]
[ကောင်းပြီ၊ ဒီကမ္ဘာကြီးထဲမှာ ဝိဉာဉ်တွေ၊ စွမ်းအင်တွေ ရှိကြဦးမှာပဲပေါ့.. ငါတစ်ယောက်ပဲ muggle ထင်ပါတယ်]
[နေပါဦး ဘရားသားတို့.. သိပ္ပံပညာရပ်ရဲ့ အဆုံးသတ်ကို ရောက်လာတော့မှာလား? ပြီးတော့ ရှားနိုင်ငံရဲ့ သမိုင်းမှာ ဂန္တဝင်ရှစ်ပါးအကြောင်း မှတ်တမ်းတွေလည်း ရှိတယ်လေ..
အရင်မင်းခေတ်တွေမှာဆို နိုင်ငံ့ဆရာတွေလည်း ရှိပြီး သဘာဝလွန်ပညာတွေလည်း ရှိခဲ့တာပဲမလား]
[ငါတော့ ဘာပြောရမှန်းမသိသလို နည်းနည်းလည်း စိတ်လှုပ်ရှားမိတယ်.. ခေတ်သစ်တစ်ခု စတော့မှာကို မြင်တွေ့ရတော့မယ်ဆိုတဲ့ ခံစားချက်မျိုးပဲ]
[……]
နောက်ဆုံးတွင်တော့ ဤကိစ္စများနှင့် ပတ်သတ်၍ ရှင်းပြချင်မရှိခဲ့ပေ။ ‘ဝိဉာဉ်ဆိုင်ရာအထူးဌာန’၏ ဖြစ်တည်မှုကို လူထုထံသို့ ချပြခဲ့ရုံသာဖြစ်သည်။
သို့သော် မည်သို့ပင် ဖြစ်စေကာမူ၊ မငြင်းဆိုနိုင်သည့်အချက်တစ်ခုမှာ ကုကျစ်စုန့်သည်က အားလုံးကို ‘တစ်ချက်တည်းနှင့် အနိုင်ပိုင်းလိုက်နိုင်ခြင်း’ဖြစ်သကဲ့သို့ anti ဖန်များအား မျက်နှာတည့်တည့် ရိုက်ချလိုက်ခြင်းပင်ဖြစ်သည်။
သူမ၏ ထူးခြားသည့် ရာထူးကြောင့် ဘေးမှ ဖြတ်သွားဖြတ်လာပရိတ်သတ်များသည်လည်း anti ဖန်များနှင့် စကားများနေခဲ့ကြသည်။
မျက်နှာအရိုက်ခံထားရသောကြောင့် ဖူးယောင်နေသော်ငြား အညံ့မခံချင်သေးသည့် လေသံမာမာ anti fan များလည်း ရှိသေးပြီး သူတို့၏ စကားအရ ကုကျစ်စုန့်သည်သာ အမှန်တကယ်ပင် အပြစ်မလုပ်ခဲ့ပါလျှင်၊ မားကတ်တင်းမဆင်းခဲ့ပါလျှင် အဘယ်ကြောင့် သူမနှင့် ကုမ္ပဏီကြားတွင် အဆင်မပြေရပါသနည်း?
သို့သော် ထိုငြင်းခုန်ချက်မှာလည်း မုန်တိုင်းထန်သည့် ပင်လယ်ပြင်အတွင်းမှ ရွက်မဲ့လှေငယ်ကဲ့သို့ ကျွမ်းထိုးမောက်ခုံ ဖြစ်သွားရပြန်သည်။
ချန်အန်းကုမ္ပဏီမှ လင်းဟူဦးဆောင်သော အနုပညာရှင်အချို့က ကုကျစ်စုန့်၏ အောင်မြင်မှုကို အသုံးချကာ ကုမ္ပဏီတွင်းမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုက်ကြသည်။
သူတို့၏ အနာဂတ်ကို သူတို့၏လက်ထဲ ကိုယ်ပိုင်အဖြစ် ပြန်လည် လိုချင်ကြသည်။
ချင်ကျန်း၏ လက်အောက်မှ အနုပညာရှင်တစ်ဦးဖြစ်သည့်အလျောက် လင်းဟူသည်က ကုမ္ပဏီ၏ အမှောင်စရိုက်များ၊ လျှို့ဝှက်ချက်များအများစုကို သိရှိထားခဲ့သည်။
ယခင် ချင်ကျန်းကို ပုန်ကန်ခဲ့စဉ်က သူမအနေဖြင့် စာချုပ်အကြောင်းကို တွေးမိပြီးနောက် ချင်ကျန်းနှင့် သက်ဆိုင်သော အချက်အလက်များကိုသာ ချပြရန် တွေးမိခဲ့သည်။
သို့သော် လက်ရှိတွင်တာေ့ကုမ္ပဏီအတွင်း သူမ ခံစားခဲ့ရမှုများကို စဉ်းစားလိုက်ပြီးနောက် သက်သေများအားလုံးကို ချပြလိုက်သည်။
မှတ်တမ်းဗီဒီယိုထဲတွင် ချန်ကျင်းကိုယ်တိုင် ကုကျစ်စုန့်အား အရှက်ခွဲရန်၊ လူအများကြား လှောင်ပြောင်ခံရစေရန်အတွက် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကုမ္ပဏီကလည်း ထိုအကြောင်းကို သိထားပြီး လက်ခံခဲ့ခြင်းပင်။
နောက်ပိုင်းတွင်တော့ ကုကျစ်စုန့်ကြောင့် သူ ဒေါသထွက်သည့်အချိန်တိုင်း လင်းဟူအပေါ်သို့ ပုံချလေ့ရှိသောကြောင့် လင်းဟူ လျှို့ဝှက်မှတ်တမ်း ရိုက်ကူးထားခဲ့သည်။
‘ဒီကောင်မက ဘယ်ကနေများ သရဲဖမ်းတဲ့ စွမ်းအင်တွေဘာတွေ သွားသင်ထားတာလဲ? ကုမ္ပဏီကလည်း ချီးလိုပဲ.. ဒီကောင်မကိုတောင် ဖိမထားနိုင်ပဲ သူမဆီက အခွင့်အရေးယူချင်ကြသေးတယ်?
မင်းလည်း စောက်သုံးမကျတဲ့ စောက်ဖျင်းပဲ.. သူ့ဆီကနေ အခွင့်အလမ်းတွေအများကြီး လုပြီး မင်းကို ပေးထားတာတောင်မှ မအောင်မြင်နိုင်ဘူး….”
နောက်မှ စကားများသည်တော့ နားမခံသာနိုင်သည့် ဆဲဆိုမှုများသာလျှင် ဖြစ်ပေ၏။
ထိုအချိန်တွင် အမည်မသိသူတစ်ဦးကလည်း ကုကျစ်စုန့်နှင့် ကုမ္ပဏီအကြားမှ ‘အလောင်းအစား’စာချုပ်အား ဖြန့်ချလိုက်ပြီး အစောပိုင်းနှစ်များတွင် ကုကျစ်စုန့်ဖြတ်သန်းခဲ့ရသည်များကိုပါ ချပြခဲ့သည်။
ကုမ္ပဏီမှ ညွှန်ကြားချက်များထဲတွင် ကုကျစ်စုန့်အား ‘အကောင့်ပြောင်းရန်မေ့ပြီးနောက် အနုပညာအသိုင်းအဝိုင်းတွင်းမှ လူများ၏ သွားပုတ်လေလွင့်သတင်းများကို မျှဝေနေသည်’ ကဲ့သို့သော လုပ်ဆောင်ခိုင်းရန် ညွှန်ကြားချက်များပင် ပါဝင်နေခဲ့သည်။
ထိုကဲ့သို့ စွပ်စွဲချက်များသည်က စာမျက်နှာတစ်ရွက်၊ နှစ်ရွက်ပင် မကသောကြောင့် လူအများ အံ့ဩခဲ့ရပြန်သည်။
ထိုအချိန်မှသာလျှင် အင်တာနက်ပေါ်မှ ပရိတ်သတ်များသည်လည်း ယခင်က ကုကျစ်စုန့်မှာ ‘အကျင့်မကောင်း၊ နာမည်ကြီးချင်၊ ဦးနှောဏ်မရှိ’ အစရှိသော ခေါင်းစဉ်များကို ဇွတ်အတင်းတပ်ခံခဲ့ရပြီး သူမ၏ဘဝကိုယ်ပင် မထိန်းချုပ်နိုင်ကြောင်း သိလိုက်ကြရသည်။
အချိန်တော်တော်ကြာထိ အင်တာနက်တစ်ခုလုံးမှာ သူမ၏အတိတ်နှင့် ပတ်သတ်သည့် အချက်အလက်များကို ရှာဖွေနေခဲ့ကြသည်။
ထိုအချက်အလက်များကို မြင်ရပြီးနောက် ကုကျစ်စုန့်၏ ပရိတ်သတ်များမှာ ပို၍ပင် ဝမ်းနည်းသွားခဲ့ရသည်။