ပြိုင်ပွဲဝင်များ၏ ထောက်ခံမှုများ(3)
Vol. 26 Ch. 255
[တကယ်တော့ ကုကျစ်စုန့်မှာ သရုပ်ဆောင်ရမဲ့ ကာရိုက်တာရှိပေမဲ့ ကုမ္ပဏီက သူမကို ကန်ထုတ်ခဲ့တာ၊ ဒီကိုလာရတာလည်း သဘာဝလွန်ပညာရှင်နေရာအတွက်မဟုတ်ဘဲ ကောက်ကျစ်ယုတ်မာတဲ့ အရူးတစ်ယောက်ဖြစ်ဖို့ ကြံစည်ခဲ့တာပဲ…
အခု စာချုပ်ကလည်း သက်တမ်းကုန်ပြီဆိုတော့ ကုကျစ်စုန့်ကလည်း သူတို့ ခြယ်လှယ်တာ မခံချင်တော့ဘူး၊ ဒါကြောင့်ပဲ သူမကို ထပ်ပြီး ဖျက်ဆီးဖို့ ကြိုးစားကြတာ
ဒီလူတွေ လူစိတ်ရော ရှိကြသေးရဲ့လား? ဒီကုမ္ပဏီကမှ တကယ့်မိစ္ဆာတွေ မဟုတ်ဘူးလား?!]
[ဘုရားဘုရားရေ၊ ဒီ schedule တွေကိုလည်း ကြည့်ပါဦး.. သူ့မှာ တော်တော်ကြာတဲ့ထိ တစ်နေ့ကို ငါးနာရီတောင် အိပ်ချိန်မရှိခဲ့ဘူး!
အရင်က ဖြစ်ခဲ့ဖူးတဲ့ သူမ အမြဲတမ်းနောက်ကျတယ်ဆိုတဲ့ အဖြစ်အပျက်တွေကလည်း အဲဒီအချိန်တုန်းက ဖြစ်ခဲ့တာပဲ.. ဒါဆို သူက တမင် မာန်ထောင်ပြီး နောက်ကျတာမဟုတ်ဘဲ ပင်ပန်းလွန်းလို့ မလာနိုင်ခဲ့တာလား… လုပ်စရာတွေ များလွန်းလို့ အလျင်မမှီခဲ့တာပဲ!]
[ဒါက အသက်ရှိတဲ့လူတစ်ယောက်နော်! ချန်အန်းကုမ္ပဏီရဲ့ ကြိုးဆွဲရာကဖို့ ထုတ်ထားတဲ့ အရုပ်မဟုတ်ဘူးကွ!]
[ဒီစာချုပ်က အစာငတ်နေတဲ့ မျှော့တစ်ကောင်ထက်တောင် ပိုပြီး သွေးစုတ်နေတာပဲ.. ကုကျစ်စုန့်က တစ်နှစ်ပတ်လုံး မနားမနေ အလုပ်လုပ်ရတယ်
ဒါပေမယ့် သူမရဲ့ တစ်နှစ်လုံးလစာက အများဆုံးမှ သိန်းဂဏန်းနည်းနည်းပဲ ရှိတယ်.. ဒါက စိတ်ဓာတ်ကျဖို့တောင် ကောင်းတာပဲ]
[ငါတော့ ဘာပြောရမှန်းတောင်မသိဘူး.. စုန့်စုန့်အတွက် ခံပြင်းလွန်းတယ် သူမက ဒီလောက်နှစ်တွေအများကြီး အခွင့်အရေးယူ ခံခဲ့ရပေမဲ့ တစ်ခွန်းလေးတောင် ထုတ်မညည်းခဲ့ရှာဘူး
သူမက ဒီနှစ်မှ အသက် ၂၂နှစ်ပဲ ပြည့်မဲ့ မိန်းကလေးငယ်လေးပဲ ရှိသေးတယ်ဆိုတာ မေ့များနေကြတာလား?]
[သူမသာ အထက်တန်းကျောင်းပြီးပြီးချင်း ချန်အန်းကုမ္ပဏီရဲ့ မမျှတတဲ့ စာချုပ် မချုပ်ခဲ့မိဘူးဆိုရင်၊ သူမမှာသာ ငွေကြေးအဆင်ပြေခဲ့ရင် .. သူမက အရင်က သူ့ကို ဆဲဆိုနေခဲ့တဲ့ လူတွေလိုမျိုး ကောလိပ်ကျောင်းသားဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေရမှာ]
[စုန့်စုန့်က သနားဖို့ကောင်းလိုက်တာ.. သူ့ကို လူတွေလွဲမှားပြီး စွပ်စွဲကြတုန်းကလည်း ငါတို့ သူမရဲ့ဘေးမှာ မရှိခဲ့ဘူး.. အခုလည်း သူမကို ဖိနှိပ်ထားတဲ့ ဒီခွေးလို ကုမ္ပဏီက စုန့်စုန့်ကို နင်းချေဖို့ကြိုးစားနေတာကို မြင်လိုက်ရသေးတယ်? ဒီခွေးကုမ္ပဏီကို ဖျက်ဆီးလိုက်ကြရအောင်!]
သူ၏ ဗီလာထဲတွင် ငြိမ်ငြိမ်ထိုင်မနေနိုင် ရှိနေသည့် ယန်ချန်တစ်ယောက် ကုကျစ်စုန့်ကို သနားညှာတာသော၊ ကုကျစ်စုန့်အတွက် စိတ်မကောင်းဖြစ်နေကြသော၊ သူမအစား မကျေမချမ်းဒေါသထွက်နေကြသော မှတ်ချက်များကို မြင်ရမှသာလျှင် သူ့ရင်ထဲမှ တင်းမာမှုများ ပြေလျော့သွားခဲ့ရသည်။
ယခုအဖြစ်အပျက်များက သူထင်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
ကုကျစ်စုန့်သည်က မည်သည့်အချိန်ကမျှ အားနည်းသည့် မိန်းမသားတစ်ယောက်မဟုတ်ခဲ့ပေ။ သူမသည်က အခြားသူများ၏ ကာကွယ်မှုကိုလည်း မလိုအပ်ပေ။
မြူခိုးများကို ဖယ်ရှားပြီး ဖုံးကွယ်ထားသည့် အမှောင်ထုကို ဖြိုခွင်းနိုင်သော တောက်ပသည့် အလင်းအား ဆောင်ကျဉ်းလာနိုင်သူတစ်ဦးသာ ဖြစ်သည်။
ယခုခေတ်တွင် မကောင်းသည့် လူတစ်ယောက်က အင်တာနက်ပေါ်တွင် ပေါ်လာသည်နှင့် သေချာပေါက် တိုက်ခိုက်ခံရစမြဲပင်။
‘ချန်အန်းအနုပညာကုမ္ပဏီ’၏ တရားဝင်ဘလော့မှာ ဒေါသထွက်နေသော ပရိတ်သတ်များ၊ မခံမရပ်နိုင်ဖြစ်နေကြသော ဖြတ်သွားဖြတ်လာကြည့်ရှုသူများထံမှ လမ်းဘေးမှ ကြွက်စုတ်တစ်ကောင်အလား ဆူပူဆဲဆိုခြင်းများ ခံလိုက်ရသည်။
မေးမြန်းရန်ပင် မလိုအပ်ပါချေ။ ထိုကုမ္ပဏီ၏ စတော့ဈေးနှုန်းများလည်း ထိုးကျသွားခဲ့သည်။
အနုပညာရှင်အများစုမှာလည်း ဤအခွင့်အရေးကို အသုံးချကာ စာချုပ်များကို ဖျက်သိမ်းခဲ့ကြသည်။
ယန်ချန် လက်တစ်ချက်ပင် လှုပ်စရာမလိုဘဲ ချန်အန်းကုမ္ပဏီက ပြိုလဲလုနီးနီးဖြစ်သွားခဲ့သည်။
သို့သော် ယန်ချန်၏ ရင်ထဲတွင် အနည်းငယ် ခံစားလိုက်ရသည်။
သူသည်ကား ကုကျစ်စုန့် အနုပညာပွဲဦးထွက် ပြိုင်ပွဲဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်စဉ်ကတည့်က သူမကို ချစ်မိသွားခဲ့ခြင်းပင်ဖြစ်သည်။
ဤသည်က ထူးဆန်းသည်ဟု ထင်ရသော်ငြား တီဗီမျက်နှာပြင်နောက်ကွယ်မှ မိန်းမလှလေး၏ မျက်နှာကို စတင်မြင်လိုက်ရပြီးကတည်းက သူ့နှလုံးသားက တုန်ယင်သွားခဲ့ရပြီး သူမ၏ အကြောင်းကို ပို,ပို၍ သိချင်ခဲ့မိသည်။
ထိုအချိန်က သူ အိပ်ပျော်သွားသည့်အချိန်များတွင် အရိပ်များနှင့် ပတ်သတ်သော ထူးခြားသည့် အိပ်မက်များကို မက်ခဲ့ရသည်။
ထိုအိပ်မက်များကြောင့်ပင် ယန်ချန် ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်မိသည်။
သူ သည်းမခံနိုင်တော့သည့် တစ်ရက်တွင်တော့ ထိုပြိုင်ပွဲအား သွားရောက်ကြည့်ရှုခဲ့မိသည်။
သို့သော်လည်း ဤအိုင်ဒေါလေးကို အပြင်ဘက်တွင် မြင်လိုက်ရချိန်တွင်တော့ သူ အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။
ယန်ချန် သူမ၏ မျက်လုံးများကို မြင်တွေ့ရချိန်တိုင်း သူ့၏ရင်ထဲတွင် တဒုတ်ဒုတ်ခုန်နေသည့် နှလုံးခုန်သံကို ခံစားမိနေရသော်ငြား သူ့ကို တုန်ရီစေသည်အထိ အရိုးထဲတွင် စွဲနစ်နေသော ခံစားချက်မှာတော့ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
သူ၏ စိတ်နှလုံးသားထဲမှ ခံစားနိုင်သည့် အရာမှာ သူ့မျက်စိရှေ့မှ အိုင်ဒေါလေးနှင့် သူ၏မှတ်ဥာဏ်ထဲမှ လူမှာ အနည်းငယ် ကွဲပြားနေသည့်အလားပင်။
နောက်ပိုင်းတွင်တော့ ယန်ချန်၏ ဘဝက ပုံမှန်ပြန်ဖြစ်သွားသော်ငြား ထိုအိုင်ဒေါလေးကိုတော့ အမြဲတစေစောင့်ကြည့်ကာ ကူညီပေးခဲ့သည်။
အင်တာနက်တစ်ခုလုံးက သူမအား လှောင်ပြောင်နေစဉ်၊ သူမ၏ သတင်းဆိုးပေါင်းများစွာ မြင်တွေ့ရပြီးချိန်မှာပင် သူ၏ ဝိဉာဉ်ထဲ၌ ခံစားခဲ့ရသော ချစ်မြတ်နိုးမှု ပျောက်ကွယ်သွားခဲ့သည်က ကြာမြင့်နေပြီဖြစ်သော်ငြား ထိုမိန်းကလေးကို သူမမုန်းနိုင်ခဲ့ပေ။
တစ်နေ့တွင်တော့ ထိုအိုင်ဒေါလေးက သဘာဝလွန်ပညာအစီအစဉ်တစ်ခုတွင် ပါဝင်လာခဲ့သည်။
ပြိုင်ပွဲထဲတွင် ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်လုံးများကို ဖွင့်ကာ ကင်မရာအား စိုက်ကြည့်လိုက်သည့်အချိန်တွင် သူ၏ တည်ငြိမ်နေသော နှလုံးသားက နောက်တစ်ကြိမ် ပြန်လည်အသက်ဝင်လာခဲ့ပြန်သည်။
ထိုအချိန်မှစ၍ သူ ကုကျစ်စုန့်အား ပြန်လည် စောင့်ကြည့်ခဲ့သည်။
သူမ ပါဝင်သည့် တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းတွင်လည်း အစမှ အဆုံးထိ သေသေချာချာစောင့်ကြည့်သည်။
ယန်ချန် သူ၏ ဖုန်းပေါ်မှ ပရိုဖိုင်ပုံလေးကို ငေးကြည့်မိကာ အချိန်အတော်ကြာအောင် တွေဝေနေခဲ့မိသည်။
နောက်ဆုံးတွင်တော့ ယန်ချန်တစ်ယောက် စိတ်ကို ဆုံးဖြတ်လိုက်ပြီးနောက် သတ္တိမွေးကာ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။
“မစ်စ်ကု၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”
သူ ပြန်လည် စဉ်းစားလိုက်ပြီးနောက် စာကို ဖျက်လိုက်၊ ပြင်လိုက်၊ ပြန်ရေးလိုက်နှင့် အချိန်ကုန်နေခဲ့သည်။
ကုကျစ်စုန့် ရေချိုးပြီးနောက် ဆံပင်များကို သုတ်ပြီးချိန်တွင် ဖုန်းကို ကောက်ကိုင်လိုက်သည်။
ဖုန်းမျက်နှာပြင်တွင် မက်ဆေ့ချ်လေးတစ်စောင် ပေါ်နေခဲ့သည် ။
“အွန်လိုင်းပေါ်က ပြောနေကြတဲ့စကားတွေကို စိတ်ထဲမှာ မထားပါနဲ့”
သူမ မျက်ခုံးတစ်ဖက်ကို ပင့်မ,လိုက်ပြီးနောက် စနစ်အား လှမ်းပြောလိုက်သည်။
“ဒီသွေးအေးပြီး မာနကြီးတယ်ဆိုတဲ့ CEO လေးက သူများအတွက်တော့ တွေးတောပေးတတ်သားပဲ”
စနစ်: “……”
အမှိုက်သာသာစနစ်လေး၏ ရင်ထဲမှ ထူးဆန်းနေသော ခံစားချက်တစ်ခုက အသစ်တဖန် ပေါ်လာပြန်သောကြောင့် ထောင့်တစ်နေရာတွင် ခွေခွေလေးကွေးကာ အတွေးကမ္ဘာတွင် နယ်ချဲ့နေခဲ့တော့သည်။
ယန်ချန်၏ဘက်တွင်တော့ မက်ဆေ့ချ်ကို ပို့လိုက်ပြီးနောက်တွင် စိတ်လှုပ်ရှားမှုများကြောင့် နှလုံးခုန်များပင် မြန်လာခဲ့သည်။
သူ မက်ဆေ့ချ်ကို အဆောတလျင်ပို့လိုက်မိသည့်အတွက် နောင်တရလာခဲ့သည်။
ထိုမက်ဆေ့ချ်ကြောင့် တစ်ဖက်လူမှ သူ့ကို ထူးဆန်းသည့်သူဟု ထင်သွားမည်ကိုလည်း စိုးရိမ်မိသည်။
သူ စိတ်ညစ်စရာအတွေးပေါင်းများစွာနှင့် မှိုင်တွေနေစဉ် ကုကျစ်စု့န်ထံမှ ပြန်စာတစ်စောင် ရောက်လာခဲ့သည်။
“ကျေးဇူးတင်ပါတယ် မစ်စတာယန်.. ကျွန်မ မနက်ဖြန်နဲ့ သဘက်ခါမှာ လုပ်စရာ ကိစ္စလေး နည်းနည်းရှိနေလို့.. ဒီတစ်ပတ်ထဲမှာတော့ ရှင့်ကို မကောင်းမှုစွမ်းအင်ကိစ္စ ကူပြီးဖြေရှင်းပေးနိုင်မယ်လို့ မထင်ဘူး
ကျွန်မပေးခဲ့တဲ့ အဆောင်လေးကိုတော့ လုံးဝချွတ်မပစ်ပါနဲ့.. တကယ်လို့ ထူးခြားပညာရှင်တစ်ယောက်ယောက်ကများ ရှင့်ဆီက ကျောက်စိမ်းလက်ချောင်းရိုးကို လာပြီး လုယူခဲ့မယ်ဆိုရင် အဲဒါက ရှင့်ကို ကာကွယ်ပေးပါလိမ့်မယ်”
ယန်ချန် သူ၏ ရင်ဘတ်ပေါ်မှ အဖြူရောင်အလင်းတန်း ခပ်ဖျော့ဖျော့လင်းနေသည့် ကျောက်စိမ်းလက်ချောင်းရိုးလေးကို ကိုင်ကြည့်လိုက်ရင်း မျက်နှာတွင် အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် တစ်ဖက်မှ ထပ်ပို့လိုက်သည့် မက်ဆေ့ချ်ကြောင့် သူ့အပြုံးများ ရပ်သွားခဲ့ရလေသည်။
ချက်ဘောက်စ်ထဲတွင် လင်းထိန်နေသော အရောင်စုံပုံများစွာ မြင်လိုက်ရပြီးနောက် ထိုပုံများတွင်လည်း ဂါထာမန္တာန်များ၊ ရုပ်ထုများ၊ ဆင်းတုတော်များ ပုံများဖြင့် ပြည့်နှက်နေခဲ့သည်။
ကုကျစ်စုန့်: “စကားမစပ် ရှင်က တကယ်ကို မကောင်းဆိုးဝါးစွမ်းအင်တွေကို ဆွဲဆောင်နိုင်တာမျိုးတွေ ရှိနေတယ်ဆိုရင်တော့ တရားမျှတတဲ့ နတ်ဘုရားတွေရဲ့ ဓာတ်ပုံနဲ့ သူတို့ကို နှင်တာက အထောက်အကူဖြစ်ပါလိမ့်မယ်
ကျွန်မ အခုပို့လိုက်တာတွေ အကုန်လုံးက တကယ်အလုပ်ဖြစ်တဲ့ ပုံတွေချည်းပါပဲ၊ မစ်စတာယန်သဘောကျတာကို ယူပြီး သုံးလို့ရပါတယ်”
သူမပို့လိုက်သည့် ပုံများမှာ : ရှန်ရှူနှင့် ယူလူ၊ ကျုန်းကွေ၊ မိုးကြိုးအရှင် ကျူးထျန် ယင်ယွမ် အစရှိသည်တို့ပင်။
ဖုန်းမျက်နှာပြင်ပေါ်မှ မက်ဆေ့ချ်နှင့် နတ်ဘုရားတို့၏ ပုံများကို ကြည့်လိုက်ရင်း ယန်ချန်တစ်ယောက် နေ့လည်မှ အရှက်ရစရာ အဖြစ်ကို ပြန်လည်သတိရလိုက်ပြီး နားရွက်များ နီမြန်းလာခဲ့သည်။
သို့သော်လည်း အသံတိတ်ပင် ကုကျစ်စုန့်ပို့ထားသည့် ပုံအားလုံးကို save လိုက်လေသည်။
ခေါင်းမှ ဆံပင်များကိုရေသုတ်နေသည့် ကုကျစ်စုန့်တစ်ယောက် ယန်ချန်၏ ပြန်စာကို မြင်လိုက်ရသည်။
“ကျေးဇူးတင်ပါတယ် မစ်စ်ကု”
ရှင်းမပြနိုင်သည့် အကြောင်းတစ်ခုခုကြောင့် သူမ၏ စိတ်ထဲတွင်တော့ ယန်ချန်၏ ပြန်စာတွင် အနည်းငယ် စိတ်ဆိုးနေသည့်အရိပ်အယောင်များ ပါဝင်နေသည်ဟု ခံစားမိနေခဲ့သည်။
သူမ ပြုံးလိုက်ပြီးနောက် ယန်ချန်ကို စာမပြန်တော့ချေ။
သူမ လက်ထောက်ဖြစ်သူ ရှောင်ကျိုးကို စာပြန်လိုက်ပြီးနောက် မျက်လုံးကြီးကောင်လေးမှ များပြားလှသည့် ကောမန့်များကို ကြည့်လိုက်မိသည်။
တချို့ကတော့ သူမကို တောင်းပန်နေပြီး တချို့ကတော့ သူမအတွက် စိတ်မကောင်းဖြစ်နေကြသည်
တချို့ကတော့ သူမ၏ သီးသန့်မက်ဆေ့ချ်တွင်ပါ စာများပို့၍ တောင်းပန်နေခဲ့ကြသည်။
ကုကျစ်စုန့်၏ မျက်လုံးမှ အပြုံးရိပ်များက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သော်ငြား ရင်ထဲတွင်တော့ ကြည်နူးကျေးဇူးတင်သည့် ခံစားချက်မှာ အနည်းငယ်သာလျှင် ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်နှစ်က အင်တာနက်တစ်ခုလုံး၏ ဆိုဆဲခြင်း၊ ရှုံ့ချခြင်းနှင့် မုန်းတီးခြင်းများကို ခါးစည်းခံခဲ့သူသည်က သူမ မဟုတ်ပါချေ။
သူမအနေဖြင့် ဝင်ရောက်ခံစားပေးရန် ခက်ခဲလွန်းလှသည်။
ယခင် ‘ကုကျစ်စုန့်’၏ ကိုယ်စား ဤလူများ၏ တောင်းပန်စကားများကိုလည်း အစားထိုး လက်ခံမပေးနိုင်ပေ။