နတ်ဘုရားမရေကန် ပွဲတော် (3)
Vol. 26 Ch. 258
လေဆိပ်နှင့် သူတို့သွားရောက်မည့်နေရာက အနည်းငယ်ဝေးကွာသည်။
ဂဲလီယိုချန်း နတ်သမီးရေကန်သို့ ရောက်ခါနီးအချိန်တွင်တော့ ကန်စပ်၌ စုဝေးနေသော ရာချီသည့် လူအုပ်ကြီးအား မြင်တွေ့လိုက်ရတော့သည်။
ထိုအနီးမှ မီးခိုးငွေ့များသည်လည်း လေပေါ်သို့ ပျံတက်ကာ ကန်တွင်းသို့ ပျံ့ကြဲသွားခဲ့လေသည်။
သူမက နေရာလွတ်တစ်နေရာတွင် ကားကိုရပ်တန့်လိုက်ကာ ချက်ချင်းပြေးဝင်သွားလိုက်သည်။
ထိုအချိန်တွင် ကမ်းစပ်မှ ဆူညံသံများ၊ ငြင်းခုန်သံများကိုလည်း ကုကျစ်စုန့်ကြားနေခဲ့ရလေသည်။
“မင်းတို့ ဘာတွေ လုပ်နေကြတာလဲ? မနေ့တုန်းက ဒီ’မြစ်ပွဲတော်’ကို လုံးဝ လုပ်ဆောင်ခွင့် မရှိဘူးလို့ ငါတို့ သေသေချာချာပြောခဲ့တယ်မဟုတ်ဘူးလား!
မင်းတို့က ကလန်ကဆန်လုပ်ကြတာလား? သူတို့ကို ဘာလို့လွှတ်မပေးသေးတာလဲ!”
ဒေါသထွက်နေသည့် နယ်မြေခံများအား ဖျန်ဖြေရန် ရောက်လာသည့် အထူးဌာနဝင်အဖွဲ့သားနှစ်ဦးမှာလည်း ထွားကျိုင်းသော လူများထံမှ တားမြစ်ခြင်းကိုခံထားရလေ၏။
ထိုလူများက သူတို့အား မုန်းတီးသည့် အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
ကုကျစ်စုန့် အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ရှင် ရဲခေါ်ထားသေးလား?”
“အခုပဲ ခေါ်လိုက်တယ်.. အမြန်ဆုံးလာရင် ဆယ်မိနစ်လောက်နေရင် ရောက်လာလိမ့်မယ်”
အခြားအဖွဲ့သားများက ရောက်လျှင်ရောက်ချင်း ရဲကိုမခေါ်ရသည့် အကြောင်းရင်းမှာ ဤရွာသားများက တရားဥပဒေအား ပုန်ကန်နေခဲ့ပြီး သူတို့၏ ဖျန်ဖြေစကားများကိုလည်း နားမထောင်ဘဲနေလိမ့်မည်ဟု မထင်ထားသောကြောင့်ပင် ဖြစ်ပေ၏။
ထိုအချိန်တွင် နီမြန်းသော မျက်လုံးများ၊ မုန်းတီးသည့် မျက်နှာများနှင့် သက်လတ်ပိုင်းအရွယ် စုံတွဲတစ်တွဲက လူအုပ်ထဲမှ ထွက်လာခဲ့သည်။
အမျိုးသားဖြစ်သူက အံကိုတင်းတင်းကြိတ်ကာ ဂဲလီယိုချန်းအား လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောဆိုလာခဲ့သည်။
“ငါ့သားက သေပြီ! သူ့ရဲ့အလောင်းကလည်း ကန်ထဲမှာ မြုပ်နေပြီး မြေမြှုပ်လို့တောင် မရဘူး.. မင်းတို့က ဘာလို့ မြစ်နတ်ဘုရားကို ပူဇော်ခွင့်မပြုရတာလဲ!?
မင်းတို့ရဲ့ တောက်ကျန့်တွေကလည်း ဘာမှ လုပ်မပေးနိုင်ဘူး.. ဒါနဲ့များ မင်းတို့တွေက ငါတို့က စောင့်ပြီးရင်းစောင့်ခိုင်းနေကြတယ်!!”
အမျိုးသမီးဖြစ်သူကလည်း ပေါင်ကို ထုကာ အော်ဟစ်နေခဲ့သည်။
“ငါ့ဘဝကြီးက ဆိုးလွန်းပါတယ်! သားလေးကလည်း ဘာကြောင့်မှန်းမသိ အသတ်ခံရပြီး အခုကျတော့ ကိုယ့်သားလေးရဲ့ အလောင်းကို ပြန်ဆယ်ပြီး မြှုပ်ဖို့တောင် အပြစ်လို့ပြောနေပြန်တယ်!?
သနားဖို့ကောင်းလိုက်တဲ့ ငါ့သားလေး၊ အမေတို့ကိုပါ ခေါ်သွားပါတော့လား!”
ပတ်ဝန်းကျင်မှ လူအုပ်ကြီးကလည်း တစ်ယောက်ပြီး တစ်ယောက် အပြစ်တင်ပြောဆိုနေခဲ့ကြသည်။
“နင့်ကိုနင်လည်း ကြည့်ပါဦး.. နင်က ငါတို့ရွာရဲ့ ဝတ်စုံကို ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ပဲလေ.. နင် ဘာလို့ အဲဒီလောက်တောင် ရက်စက်ရတာလဲ?”
“နတ်ဘုရားမ စွမ်းအားပြတယ်ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာ သိလား? ငါတို့တွေသာ သူမရဲ့ အမျက်ကို မဖြေပေးရင် လူတွေ အားလုံး ဒုက္ခရောက်ကုန်မှာကွ!”
“ဒါက ငါတို့လို ကန်စပ်မှာ နေတဲ့လူတွေရဲ့ ကိစ္စပါ.. မင်းတို့က ဘာကိစ္စ ငါတို့ကိစ္စတွေမှာ ဝင်ပါနေရတာလဲ!?”
ရန်ပွဲကို အခွင့်ကောင်းယူကာ ဂဲလီယိုချန်းအား တွန်းလှဲရန် ပြင်နေလိုက်သည့် လက်တစ်စုံကို မြင်လိုက်ရသောကြောင့် ကုကျစ်စုန့် သူမ၏လက်ကို ဆန့်၍ ဂဲလီယိုချန်းကို ပြန်ဆွဲလိုက်သည်။
သူမကို တွန်းလှဲရန် ပြင်နေသည့် လူမှာတော့ အရှိန်မထိန်းနိုင်ပဲ လဲကျသွားခဲ့ပြီးနောက် မြေကြီးပေါ်မှ ကျောက်တုံးနှင့် မျက်နှာကို မိတ်ဆက်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
“ငါ.. ငါ့နှာခေါင်း!!”
သူ၏ နှာခေါင်းကို ကိုင်ထားသည့် လက်ထဲမှ သွေးများ စီးကျလာခဲ့လေသည်။ သွေးမြင်ရပြီးနောက်တွင် သူ့ဘေးမှ လူများလည်း အံ့အားသင့်ကာ အနည်းငယ်ငြိမ်ကျသွားခဲ့သည်။
သူတို့က မြောင်မျိုးနွယ်သူ၏ ဘေးနားမှ ပိန်ပိန်သွယ်သွယ်နှင့် မိန်းမငယ်အား ကြည့်လိုက်ကြပြီး သူမ၏ အေးစက်တည်ငြိမ်သည့် မျက်ဝန်းနက်များကြောင့် အံ့ဩထိတ်လန့်သွားမုကြပြန်သည်။
ကုကျစ်စုန့်က အိတ်ထဲမှ အဖြူအနက် ဝေ့ချီစေ့အပိုင်းအစလေးများ အနည်းငယ်ထုတ်၍ မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။
ထိုဝေ့ချီအပိုင်းအစလေးများမှာ သဲထဲသို့ အသံမြည်ကာ ပစ်ဝင်သွားခဲ့ပြီး အနီးအနားမှ သဲများ ဖွာထွက်သွားစေခဲ့သည်။
ရွာသားများ၏ မျက်နှာအမူအယာလည်း ပြောင်းလဲသွားခဲ့ပြီး အနည်းငယ်လောက် နောက်ဆုတ်သွားခဲ့ကြလေသည်။
ဤလက်စွမ်းအားဖြင့်သာ ဝေ့ချီစေ့အပိုင်းအစများက သူတို့ကို ထိမှန်မည်ဆိုပါက သူတို့၏ကိုယ်ကို ဖောက်ထွက်သွားမည်မဟုတ်လျှင်ပင် အတွင်းပိုင်းဒဏ်ရာများကတော့ သေချာပေါက် ရရှိမည်ပင်။
သူမ ကန်အနီးသို့ လျှောက်သွားသည်ကို မြင်လိုက်ရချိန်တွင်တော့ တချို့ရွာသားများက သူမအား တားမြစ်ရန် လက်များ ဆန့်လိုက်ကြသော်ငြား ထိုမိန်းကလေး၏ အဝတ်အစွန်းအဖျားကိုပင် မထိနိုင်ကြပေ။
ထိုမိန်းမပျိုလေးက လူအုပ်တွင်းမှ ဖြတ်လျှောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။
ကုကျစ်စုန့် ကန်စပ်အနီးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် နက်ပြာရောင်ဝတ်စုံနှင့် ငွေလက်ကောက်၊ လက်စွပ်များ ဝတ်ဆင်ထားသည့် အဘွားအိုကို စိုက်ကြည့်လိုက်ပြီး သူမ၏ ဖီးနစ်ငှက်မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့လေသည်။
[Warning: တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု၊ တိရိစ္ဆာန်များသေဆုံးမှုမြင်ကွင်း၊ အညစ်အကြေးနှင့် လူသားယစ်ပူဇော်ခြင်းများ ပါဝင်လို့ ဒါကိုကို မဖတ်နိုင်တဲ့သူတွေက ရှောင်ရှားပေးကြနော်]
နတ်ဝင်သည်အိုကြီးမှာ ပါးရည်နားရည်များ တွန့်နေခဲ့ပြီး ခါးလည်း ကိုင်းနေပြီဖြစ်သည်။
သူမ၏ လက်ထဲတွင် သားမြီးယပ်ကဲ့သို့ မှော်လက်နက်တစ်ခုကိုင်ဆောင်ထားခဲ့ပြီး သူမ၏ နောက်တွင်လည်း သစ်သားပုံးကြီးနှစ်ပုံးနှင့် ထွန်းညှိထားသော အမွှေးတိုင်များ ရှိနေခဲ့သည်။
ကုကျစ်စုန့်၏ နေရာမှ မြင်တွေ့နေရသည်မှာ ထိုသစ်သားပုံးကြီးတစ်ပုံးစီတွင် လတ်တလောသတ်ဖြတ်ထားသည့် ကြက်၊ ဘဲ၊ ငန်းနှင့် ခွေးများ ဖြည့်ထားသည်။
ထိုအသေကောင်များမှ စီးကျနေသည့် သွေးများသည်လည်း စိုစွတ်နေဆဲဖြစ်ကာ အပေါ်ဆုံးတွင် တင်ထားသည့် အိမ်မွေးကြက်သေများမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကန်စပ်တွင် သွေးနှင့် အသားစိမ်းနံ့တို့ကြောင့် ရောက်ရှိလာသည့် ပိုးကောင်များ၊ ယင်ကောင်များမှာလည်း သစ်သားပုံးကြီးများအနီးတွင် ဝဲပျံနေကြသည်။
ထိုကြက်အသေကောင်များ၏ အပေါ်တွင် နွားတစ်ကောင်နှင့် သိုးတစ်ကောင်လည်း ရှိနေခဲ့သည်။
ထိုအကောင်ကြီးနှစ်ကောင်မှာတော့ အသက်ရှိနေဆဲပင်။ ထိုအကောင်များ၏ ခြေလေးဘက်အား ကြိုးများဖြင့် တင်းကြပ်စွာ တုပ်နှောင်ထားသောကြောင့် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိပေ။
တိရိစ္ဆာန်များသည်က သူတို့အောက်မှ တခြားသောတိရိစ္ဆာန်များ၏ ဆိုးဝါးစွာသေဆုံးခြင်းတို့ကြောင့် တုန်လှုပ်နေခဲ့ကြသည်။
မျက်ဝန်းအစုံမှာ ပြူးကျယ်နေခဲ့ပြီး ထိတ်လန့်သောကြောင့် အသံကုန်အော်ဟစ်နေခဲ့ကြသည်။
သူတို့၏ ရုန်းကန်မှုကြောင့် သစ်သားပုံးများမှာ လှုပ်ရမ်းနေခဲ့သော်လည်း ထိုသတ္တဝါများကတော့ ထွက်မပြေးနိုင်ခဲ့ပါချေ။ သူတို့ အလွန်အမင်း ကြောက်လန့်နေခဲ့သောကြောင့် ဖင်မှလည်း မစင်များ ဆက်တိုက်ပန်းထွက်နေခဲ့သည်။
နတ်ဝင်သည်အိုကြီးကလည်း ဖြူဆွတ်နေသည့် မျက်လုံးများဖြင့်ကုကျစ်စုန့်အား ကြည့်ကာ ပြောလာသည်။
“ကောင်မလေး၊ ငါတို့ယဇ်ပူဇော်ဖို့အတွက် မင်္ဂလာရှိတဲ့အချိန်ကို မနှောင့်ယှက်ပါနဲ့.. မဟုတ်ရင် မြစ်နတ်ဘုရားမက ငါတို့ကို အမျက်ထွက်လိမ့်မယ်”
ကုကျစ်စုန့်ကလည်း သူမကို သေသေချာချာစိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒါကို ဆက်လုပ်ဖို့ မလိုတော့ဘူး.. ရှေးအရင်ခေတ်တွေကတည်းက လူ့အသက်ကို ယဇ်ပူဇော်ဖို့ လိုတဲ့အရာတိုင်းက ဘယ်တော့မှ နတ်ဘုရားမဟုတ်ဘူး.. အများစုက မကောင်းဆိုးဝါးဝိဉာဉ်တွေ ဖြစ်နေတာပဲ”
အဖွားအို၏ မျက်နှာကတင်းမာသွားသည်။
“မင်း တော်တော်မိုက်မဲတဲ့ ကောင်မလေးပဲ! ‘မြစ်နတ်ဘုရားမ’ကိုများ မလေးမစားပြောရဲတယ်ပေါ့? မင်းက ကိုယ့်အသက်ကို တင် မကဘူး.. ဒီကမ်းခြေက လူတိုင်းရဲ့ အသက်ကိုပါ မင်းနဲ့ တစ်ပါတည်း ခေါ်သွားမလို့လား?”
သူမ၏ စကားဆုံးသည်နှင့် နောက်ဘက်မှ တစ်ယောက်တစ်ပေါက်အော်သံများ ကြားလိုက်ရသည်။
ကုကျစ်စုန့်ကတော့ အာရုံမထားပါချေ။ သူမက အေးဆေးစွာပင် ပြောလိုက်သည်။
“ရှင်က ဒီအလောင်းဘာလို့ ရေထဲကို မြုပ်သွားတာလဲဆိုတာတောင် မသိဘူး.. ရေထဲမှာ ရှိနေတဲ့ အရာက ဘာမှန်းလဲမသိဘူး
ဒါနဲ့များ ကိုယ့်ကိုကိုယ် နတ်ဝင်သည်လို့ ခေါ်ပြီး ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ပြောနေသေးတယ်.. ရှင် မရှက်ဘူးလား?”
အဖွားအို မျက်နှာပျက်သွားခဲ့သည်။
ကန်၏ အောက်ခြေတွင် မည်သည့်အရာရှိသည်ကို သူမ မသိပေ။ သို့သော် သူမ ငယ်စဉ်ကလေးဘဝတည်းက ထိုကန်၏ အောက်ခြေတွင် တစ်ခုခုရှိနေကြောင်း လူကြီးသူမများ၊ သူငယ်ချင်းများထံမှ ကြားဖူးခဲ့သည်။
ကန်ခြေတွင် တစ်ခုခုရှိနေသောကြောင့် သူမ ‘ယဇ်ပူဇော်’ကာ အရိုအသေပြုရမည်။
သူမ၏ ယူဆချက်မှာ မှားယွင်းမှုမရှိပေ။ ယမန်နေ့ကပင် ကန်ထဲသို့ နွားပေါက်နှင့် သိုးတစ်ကောင် ပစ်ချလိုက်ချိန်တွင် ကန်ထဲ၌ ပျောက်ဆုံးသွားသော အမျိုးသမီး၏ အလောင်းပြန်ပေါ်လာခဲ့သည်။
ကုကျစ်စုန့်သည်လည်း နတ်ဝင်သည်အိုကြီးက သူ့ကိုယ်သူ မှားယွင်းသည်ဟု မခံစားရဘဲ သူမ၏ ယုံကြည်ချက်သည် တထစ်ချ မှန်ကန်သည်ဟု ယုံကြည်နေကြောင်း သိလိုက်သောကြောင့် အနည်းငယ် ဆွံ့အသွားခဲ့သည်။
သူမ အေးစက်စွာ ပြောလိုက်သည်။
“ရှင့် ဘာသာရှင် ဒီကန်အောက်မှာ နတ်ဘုရားရှိတယ်၊ ယဇ်ကောင်တွေနဲ့ ပူဇော်လိုက်ရင် အရာအားလုံး တည်ငြိမ်စေတယ်ဆိုပြီး ဘယ်လောက်ပဲ ယုံကြည်နေပါစေ ကျွန်မ ဂရုမစိုက်ဘူး
ဒါပေမယ့် ရှင့်ရဲ့ အသိတရားမဲ့မှုအတွက်နဲ့ အပြစ်မဲ့တဲ့လူတွေရဲ့ အသက်ကို စတေးချင်ရင်တော့ ရပ်တန်းက ရပ်တာ အကောင်းဆုံးပဲ”
အစမရှိ၊အဆုံးမရှိ ပြောလိုက်သည့် စကားဖြစ်သော်ငြား နတ်ဝင်သည်အိုကြီးမှာ မျက်စိမျက်နှာပျက်သွားသည်။
“နင်…နင်က ဘာလုပ်ချင်လို့လဲ!?”
ကုကျစ်စုန့် သစ်သားပုံးကြီးနှစ်ခုအနီးသို့ လျှောက်သွားလိုက်သည်။
သူမ အနားသို့ရောက်လာလေလေ သွေးအနံ့ပြင်းပြင်းက နှာခေါင်းထဲသို့ ဝင်ရောက်လာလေဖြစ်ကာ ပျို့အန်ချင်စိတ်ပင် ပေါ်လာခဲ့လေသည်။
သူမ ခြေထောက်ကို မြှောက်ကာ ထိုပုံးကြီးနှစ်ပုံး၏ ဘေးနံရံအား ကန်ချလိုက်သည်။
မြေပေါ်သို့ လဲကျသည့် အသံထွက်လာပြီးနောက် တစ်မီတာကျော်မြင့်သည့် သစ်သားပုံးကြီးက မြေပေါ်သို့ လဲကျသွားခဲ့လေသည်။
အပေါ်ဆုံးမှ နွားပေါက်နဲ့ သိုးတို့မှာလည်း မြေပေါ်သို့ ပြုတ်ကျချိန်တွင် ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။
ထို့အပြင် ပုံးတွင်းမှ အသေကောင်များလည်း လျှံထွက်၍ မြေပေါ်သို့ ပြန့်ကျဲကုန်သည်။
ပုံးကြီးနှစ်ပုံးလုံးကို ကုကျစ်စုန့် ကန်ချလိုက်ပြီးနောက် ပုံး၏ အခြေတွင် ဖုံးကွယ်ထားသော အရာကို မြင်လိုက်ရသည့် ဂဲလီယိုချန်းတစ်ယောက် မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။
“အဲဒါ.. အဲဒါက!?”
သစ်သားပုံးများ၏ အပေါ်လွှာမှ အရာများ ဖယ်ရှားလိုက်ပြီးနောက် ထွက်လာသည့်အရာမှာ ကြိုးဖြင့် တုပ်ချည်ထားသည့် လူတစ်ယောက်ပင် ဖြစ်နေခဲ့သည်။